ရုပ်သံလွှင့်ဌာနBရဲ့ဇာတ်လမ်းမှာ မင်းမပါဘူးဆိုရင် ငါမကြည့်တော့ဘူး
Vol. 8 Ch. 119
"မာဟွားကို ပိုက်ဆံနဲ့ပစ်ပေါက်ရဲတဲ့ တစ်ယောက်တည်းသောသူကတော့ မင်းပဲ။ ကျန်းမုန့်လောင်ရေ"
ဖုန်းခေါ်ဆိုမှုတစ်ခုလုံးကို နားထောင်ပြီးနောက် ဝမ်လင်၏လေးစားမှုများမှာ ဒီရေအလား အဆက်မပြတ်စီးဆင်းနေချေသည်။
"စိတ်မပူပါနဲ့။ နောက်တစ်ခါ ဒီလိုဖုန်းမျိုးဝင်လာရင် ငါ့အစား ပြောရေးဆိုခွင့်ရှိသူတစ်ယောက်အဖြစ် မင်း ပြောလိုက်လို့ရတယ်"
ကျန်းမုန့်လောင်ကလည်း ရက်ရက်ရောရောပြောလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ်ကွာ"
ဝမ်လင်က မျက်ဆန်လည်လိုက်သည်။ ထိုကဲ့သို့ရဲတင်းလွန်းသည့်အပြုအမူမျိုးကို သူ မလုပ်နိုင်ပေ။
"အာ..အဓိကဇာတ်လိုက်ကြီးရောက်လာပြီ"
ကျန်းမုန့်လောင်က သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ ယခုတစ်ခေါက် ဖုန်းခေါ်ဆိုသူမှာ တင်းယွီရှီပင်ဖြစ်ရမည်။
"ကျန်းမုန့်လောင်"
တင်းယွီရှီက ကျန်းမုန့်လောင်၏ဖုန်းနံပါတ်ကို ချက်ချင်းရသွားခဲ့သည်။
"မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ"
"ငါက ဘာလုပ်ဖို့ကြိုးစားနေလို့လဲ"
ကျန်းမုန့်လောင်ကလည်း ခွန်းတုံ့ပြန်လိုက်သည်။
"မကျေနပ်ဘူးလား။ မကျေနပ်ရင်လည်း မင်းဘာသာသွားဝယ်လိုက်လေ။ မင်းမှာ ပိုက်ဆံမရှိဘူးဆိုရင်လည်း ပါးစပ်ပိတ်နေလိုက်"
"ကျန်းမုန့်လောင်.. မင်းမှာပိုက်ဆံရှိတယ်ဆိုတာနဲ့ပဲ ဟုတ်လှပြီလို့ထင်မနေနဲ့။ ဂီတပလက်ဖောင်းတစ်ခုကို စီမံဖို့ဆိုတာ မူပိုင်ခွင့်တွေရှိရုံနဲ့တင် မရဘူးကွ"
တင်းယွီရှီက စကားပြောရင်း အံတင်းတင်းကြိတ်လိုက်သည်။
မူပိုင်ခွင့်အကြောင်း ပြောကြကြေးဆိုလျှင် သူ့အနေနှင့် ကျန်းမုန့်လောင်လို မူပိုင်ခွင့်အများကြီးမတတ်နိုင်ပေ။ ထန်ရွှင်းပင်လျှင် မူပိုင်ခွင့်အများကြီးဝယ်ယူရန်အတွက် ထိုမျှများပြားသောပမာဏကို မထုတ်နိုင်ပေ။
သို့သော် သူတို့လို ဂီတပလက်ဖောင်းများအတွက်မူ သီချင်း၏အသံအရည်အသွေးကလည်း အလွန်အရေးကြီးသည်။ သူတို့ဝမ်ယိဂီတမှ ထုတ်လုပ်သော ဂီတအင်ဂျင်မှာ လက်ရှိတွင် နိုင်ငံထဲ၌ အကောင်းဆုံးဖြစ်ပြီး အခြားappများ လိုက်မယှဉ်နိုင်သော ဂီတသံစဉ်ကိုထုတ်လုပ်ပေးသည်။
ထို့ကြောင့်လည်း ဝမ်ယိဂီတတွင် မူပိုင်ခွင့်အမြောက်အများမရှိသည့်တိုင် နိုင်ငံ့ဈေးကွက်ထဲမှာ ဒုတိယနေရာကို ကိုင်စွဲထားနိုင်ခြင်းဖြစ်၏။
ထို့ပြင် အွန်လိုင်းပေါ်တွင် အကောင်းအဆိုးဝေဖန်မှုများ ဒွန်တွဲနေသော "Net Suppressing Cloud"လည်း ရှိသေးသည်။ ၎င်းမှာ တစ်နေရာတည်းတွင် ဆက်စပ်အကြောင်းအရာများကိုပါ ရှာဖွေနိုင်သောကြောင့် သူတို့၏ပရိသတ်အင်အား တောင့်တင်းနေရခြင်း၏ နောက်ထပ်အကြောင်းအရင်းတစ်ခုလည်းဖြစ်သည်။
"ကျန်းမုန့်လောင်.. မင်းတို့အဖွဲ့သေးသေးလေးက နောက်ထပ်ငါးနှစ်လောက် သုတေသနလုပ်မယ်ဆိုရင်တောင် ငါတို့ဝမ်ယိဂီတရဲ့ဂီတအင်ဂျင်ကို ယှဉ်နိုင်မှာမဟုတ်ဘူး"
"အိုး..မင်းက ဒီအကြောင်းကိုပြောနေတာလား"
ကျန်းမုန့်လောင်က ရယ်လိုက်ချေသည်။
"ငါတို့ဂီတတောအုပ်လေးရဲ့အင်ဂျင်ကို 'Sacred Sound 3.0'လို့ခေါ်တယ်။ မင်းက ဂီတလောကထဲမှာ ကျင်လည်နေတဲ့လူဆိုတော့ အဲ့ဒီအကြောင်းလည်း နည်းနည်းပါးပါးသိမှာပါ"
"'Sacred Sound 3.0'လား။ မဖြစ်နိုင်တာ။ အဲ့ဒီအင်ဂျင်က နိုင်ငံခြားမှာ အကောင်းဆုံးလေ။ ပြီးတော့ ကမ္ဘာ့အကြီးဆုံးဂီတကုမ္ပဏီတစ်ခုက တစ်ဦးတည်းမူပိုင်အဖြစ် ဝယ်ယူထားတာ။ မင်းက ဘယ်လိုလုပ်ဝယ်နိုင်မှာတဲ့လဲ"
ကျန်းမုန့်လောင်၏စကားက လုံးဝအဓိပ္ပာယ်မရှိဟု တင်းယွီရှီခံစားမိသည်။
နားကြပ်နှင့် ဓာတ်စက်ကလွဲလျှင် ဂီတappတစ်ခုက အသံအရည်အသွေးသက်ရောက်မှုများကို အသုံးပြုကြောင်း ဂီတလောကထဲရှိ မည်သူမဆို သိထားကြသည်။ ကမ္ဘာတစ်ဝှမ်းကျော်ကြားသော ဂီတအင်ဂျင်များစွာ ရှိသော်လည်း 'Sacred Sound'ကတော့ နံပါတ်တစ်အဖြစ် ကမ္ဘာတစ်ဝှမ်းက သတ်မှတ်ထားကြသည်။
ဤသည်မှာ လွန်ခဲ့သည့်နှစ်အနည်းငယ်တုန်းက ကျောင်းသားတစ်ယောက် တည်ဆောက်ထားသော ဂီတအင်ဂျင်တစ်ခုဖြစ်သည်။ ၎င်းမှာ ထွက်ထွက်ချင်းမှာပင် လူအမြောက်အများကို ဆွဲဆောင်နိုင်ခဲ့သည်။ အကြီးမားဆုံးဂီတအုပ်စုကြီးတစ်ခုဖြစ်သည့် နာဟွားက ထိုကျောင်းသားအဖွဲ့ကို အလုံးစုံဝယ်ယူသိမ်းပိုက်ပစ်ခဲ့ပြီး နှစ်ကာလများကြာမြင့်လာသည်နှင့် အမျိုးမျိုးသောတိုးတက်မှုများ လုပ်ဆောင်ပြီးနောက် သူ့အသုံးဝင်မှုမှာ ပို၍ကောင်းမွန်လာပြီး လုပ်ဆောင်ချက်များကလည်း ပို၍ပင်ထူးခြားလာသည်။
ဟွာရှား၏တိုးတက်ဖွံ့ဖြိုးရေးအသင်းများကပင် 'Sacred Sound'ဟာ လက်ရှိတွင် ကမ္ဘာ့အကောင်းဆုံးဂီတအင်ဂျင်တစ်ခုဖြစ်ကြောင်း ဝန်ခံထားသည်။
အဆိုပါအဖွဲ့မှာ လုံခြုံရေးသဘောတူစာချုပ်တွင် လက်မှတ်ထိုးထားပြီး နာဟွားအုပ်စုနှင့် ယှဉ်ပြိုင်မှုမပြုရန်ပင် သဘောတူညီချက်များ လက်မှတ်ရေးထိုးထားကာ ဤပင်မနည်းပညာကို လုံးဝမဖော်ထုတ်ရန်အတွက်လည်း တင်းတင်းကျပ်ကျပ်တားမြစ်ထားကြောင်း သိရသည်။
"အိုး.. မင်းက အဲ့ဒီအဖွဲ့ကိုပြောတာလား"
ကျန်းမုန့်လောင် ပြုံးလိုက်ချေသည်။
"ငါ "Sacred Sound"စီမံခန့်ခွဲရေးအသင်းကို ဝယ်ပြီးသွားပြီ။ သိပ်တော့ဈေးမကြီးပါဘူး။ အမေရိကန်ဒေါ်လာဘီလီယံနည်းနည်းလောက်ပါပဲ"
"ဈေးမကြီးဘူးတဲ့လား။ ငါ..."
တင်းယွီရှီခမျာ ခွက်တစ်လုံးကို ရိုက်ခွဲပစ်ချင်သလို ခံစားလိုက်ရသည်။
"ဒါပေမဲ့ သူတို့ရဲ့မယှဉ်ပြိုင်ရေးစာချုပ်ကို ချိုးဖောက်တဲ့အတွက် ပေးရမဲ့လျော်ကြေးကတော့ တော်တော်များတယ်။ အဲ့ဒီလိုအသင်းကို နောက်တစ်ခေါက်ထပ်ဝယ်လိုက်လို့ရနိုင်တဲ့ပမာဏမျိုးပဲ"
ကျန်းမုန့်လောင်၏လေသံထဲတွင် နောင်တရလေဟန်အရိပ်အယောင်တို့ စွန်းထင်းနေချေသည်။
တင်းယွီရှီ အော်ဆဲပစ်ချင်သွားရသည်။ မင်းရူးနေလား။ မူပိုင်ခွင့်တွေဝယ်ဖို့အတွက် ပိုက်ဆံအများကြီးသုံးပစ်ခဲ့တယ်။ အခုလည်း အဖွဲ့တစ်ဖွဲ့ကို ဝယ်ပြန်ပြီ။ မင်း ဝမ်ယိဂီတကို ဖြုတ်ချနိုင်ခဲ့ရင်တောင် ဘာအကျိုးရှိမှာမို့လို့လဲ။
"နေပါဦး။ နာဟွားအုပ်စုက အဲ့ဒီအဖွဲ့ကို ဘာလို့ရောင်းချင်သွားရတာလဲ"
တင်းယွီရှီသည် အရေးကြီးကိစ္စတစ်ရပ်ကို ရုတ်တရက်တွေးလိုက်မိသည်။ ထိုဂီတအင်ဂျင်မှာ သူတို့၏အခရာဖြစ်သည်။ ထိုအဖွဲ့ကိုရောင်းထုတ်လိုက်ခြင်းမှာ လက်မောင်းတစ်ဖက်ဆုံးရှုံးလိုက်ရသလိုပင်။
"ရှင်းရှင်းလေးပါ။ သူတို့ရဲ့ရှယ်ယာတွေက လူနည်းစုရဲ့လက်ထဲမှာပဲ ကိုင်ထားတာမဟုတ်ဘူးလေ။ သူတို့ကိုဝယ်ရတာက တော်တော်လွယ်တဲ့ကိစ္စတစ်ခုပဲ။ အဝယ်ခံရမလား၊ အဲ့ဒီအဖွဲ့ကိုရောင်းမလားဆိုတဲ့ ရွေးချယ်မှုမျိုးကို လုပ်ခိုင်းလိုက်ရင် ဦးနှောက်ရှိတဲ့ဘယ်သူမဆို ဒုတိယတစ်ခုကိုပဲရွေးမှာပေါ့။ မဟုတ်ဘူးလား"
"အမလေး"
တင်းယွီရှီခမျာ ရူးသွပ်သွားတော့မတတ်ပင်။ နာဟွားအုပ်စုမှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးမီဒီယာကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ဈေးကွက်တန်ဖိုးအမေရိကန်ဒေါ်လာ၂၀၀ဘီလီယံရှိသည့်တိုင် ကျန်းမုန့်လောင်ကတော့ သူတို့ကိုဝယ်ယူရခြင်းမှာ လွယ်ကူသည်ဟု ဆိုနေချေသည်။ ဒါက ဘယ်လိုရူးနှမ်းမှုမျိုးလဲ။
"ကဲပါ လူငယ်လေးရာ. တအားလည်းစိတ်တိုမနေပါနဲ့"
ကျန်းမုန့်လောင်က ရယ်မောလိုက်လေသည်။
"ကျန်းမုန့်လောင်.. မင်း သီချင်းတွေဖန်တီးချင်ရင်တောင် မင်းရဲ့နာမည်အောက်မှာ ဂီတပညာရှင်တွေအများကြီးရှိလား။ အရည်အချင်းရှိတဲ့လူသစ်လေးတွေကို ရှာဖွေဖို့အတွက် မင်းမှာ အဖွဲ့တစ်ဖွဲ့ရှိလား။ အဲ့ဒီလိုအခြေခံအရာတွေအကုန် မင်းမှာရှိလား"
"ငါ့မှာရှိမရှိတော့ မသေချာပေမဲ့ ထန်ရွှင်းမှာတော့ရှိတာသေချာတယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"အဲ့ဒါက ဘာသဘောလဲ"
တင်းယွီရှီ၏စိတ်ထဲတွင် မကောင်းသောခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
"ဘာမှမဟုတ်ပါဘူး"
ကျန်းမုန့်လောင်ကလည်း ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။
"မာဟွားက အခုလေးတင် ငါ့ကိုဖုန်းခေါ်တယ်။ ထန်ရွှင်းဂီတကို ၁၈ရာခိုင်နှုန်းလျှော့ဈေးနဲ့ ရောင်းမယ်လို့ ကမ်းလှမ်းလာတာ။ မင်းသိတဲ့အတိုင်း မာဟွားက အလိုက်သင့်ပြောင်းလဲနိုင်တဲ့လူစားမျိုးလေ။ သူ အခုလေးတင် ငါ့ကိုဖုန်းဆက်ပြီး သူ့ကို လွတ်လမ်းတစ်ခုပေးဖို့ တောင်းဆိုသွားတယ်"
"မင်း ထန်ရွှင်းဂီတကို ဘာလုပ်လိုက်တာလဲ"
"ငါ သူတို့ကို အကုန်ဝယ်ပစ်လိုက်တာပေါ့။ မနက်ဖြန်ကစပြီး ထန်ရွှင်းဂီတတစ်ခုလုံးက ငါ့အပိုင်ဖြစ်သွားပြီ"
"မင်းရူးနေလား"
ဤတစ်ခေါက်တွင်မူ တင်းယွီရှီမှာ ဆက်ထိန်းမထားနိုင်တော့ပေ။
"စိတ်ပိုင်းဆိုင်ရာနစ်နာကြေးငါးဆယ်ဘီလီယံအတွက်နဲ့ မင်းက မူပိုင်ခွင့်တွေဝယ်ဖို့ သန်းတစ်ရာသုံးလိုက်တယ်။ ဟုတ်ပြီ။ ထားဦး။ ဒါပေမဲ့ ထန်ရွှင်းဂီတကိုဝယ်ဖို့အတွက် အမေရိကန်ဒေါ်လာ၂၈ဘီလီယံကိုပါ ထပ်သုံးလိုက်သေးတယ်။ မင်း..."
"မင်းမှားနေပြီ။ အမေရိကန်ဒေါ်လာ၂၈ဘီလီယံမဟုတ်ဘူး။ သူတို့ကိုဝယ်ဖို့ ငါ အမေရိကန်ဒေါ်လာသုံးဆယ်ဘီလီယံသုံးလိုက်တာ"
ကျန်းမုန့်လောင်က ရယ်သည်။
"သံသယမဖြစ်လေနဲ့။ ငါ့မှာ တခြားပလက်ဖောင်းတွေနဲ့ ဘာရန်ငြိုးမှမရှိဘူး။ ငါ့ရဲ့ပစ်မှတ်က မင်းရဲ့ဝမ်ယိဂီတပဲ။ ပြီးတော့လည်း ငါ တဲ့တိုးပဲပြောမယ်။ ငါ့မျက်လုံးထဲမှာတော့ မင်းက အမှိုက်တစ်စပဲ။ ငါ့ကိုမကျေနပ်ဘူးဆိုရင် လာရိုက်လှည့်လေ"
"မင်း..မင်း.."
"ငါက မင်းကို Ivy Leagueကျောင်းဆင်းလာတဲ့ တင်းဆန်ရှီရဲ့သားလို့ထင်ထားခဲ့တာ။ ငါ့ကိုဖုန်းခေါ်ပြီး ဩဇာအာဏာပြလိမ့်မယ်လို့ထင်တာ။ တကယ်တမ်းတော့ မင်းက ကျောရိုးမဲ့ခွေးတစ်ကောင်ဖြစ်နေတာကိုး။ ငါ မင်းလိုအရှက်မရှိတဲ့လူမျိုးကို လုံးဝမမြင်ဖူးဘူး"
"မင်း..မင်း..အား..."
"ဟမ်..အရေးပေါ်ကားသံကြားတယ်"
ကျန်းမုန့်လောင်က ဖုန်းချလိုက်သည်။
"ဒီနေ့ခေတ်လူငယ်တွေက ဖိအားဒဏ်ကို မခံနိုင်ရှာဘူးပဲ"
"ဝမ်ရှီတုတောင်မှ ဒီလိုဆဲဆိုမှုမျိုးကို ခံနိုင်မှာမဟုတ်ဘူး"
ကျန်းမုန့်လောင် ဤမျှအထိ လျှာဆိပ်ပြင်းလိမ့်မည်ဟု ဝမ်လင် ထင်မထားပေ။
"အခုကစပြီး ရုပ်သံလွှင့်ဌာနBရဲ့ဇာတ်လမ်းမှာ မင်းမပါဘူးဆိုရင် ငါမကြည့်တော့ဘူး"
"ပေါက်ကရတွေတော်လိုက်တော့။ appက ဘယ်လိုအခြေအနေရှိလဲ"
"စိတ်မပူပါနဲ့။ ဒီညကျရင် အသက်ဝင်လာလိမ့်မယ်"
"လာ.. အကင်သွားစားရအောင်။ ငါဝယ်ကျွေးမယ်"
...
ဂီတတောအုပ်လေးသည် ဝမ်လင် နှစ်နှစ်တာမျှတည်ဆောက်ထားသည့် ဂီတပလက်ဖောင်းတစ်ခုဖြစ်သည်။ အရွယ်အစားသိပ်မကြီးမားသောကြောင့် indieအဆိုရှင်များနှင့် အင်တာနက်အဆိုတော်တချို့၏ မူပိုင်ခွင့်များကိုသာ ပိုင်ဆိုင်ထားသည်။
နှစ်နှစ်ကြာပြီးနောက် သူတို့မှာ ရင်းနှီးမြှုပ်နှံထားသော အရင်းငွေကိုပင် ပြန်မရသေးပေ။ ထို့ပြင် appကိုဒေါင်းလုတ်လုပ်သည့်နှုန်းကလည်း သနားစရာကောင်းလောက်အောင် နိမ့်လွန်းလှသည်။ ဝမ်လင်ခမျာ ဤလုပ်ငန်းအခွဲကို ဖျက်သိမ်းရလုနီးနီးပင်။
သို့သော် ကျန်းမုန့်လောင်၏ပူးပေါင်းမှုက ထိုappကို ပြာပုံထဲက ပြန်လည်ရှင်သန်ထမြောက်လာစေခဲ့သည်။
ထိုညမှာပင် ဂီတတောအုပ်လေး၏ ပရောဂျက်အသင်းက အချိန်ပိုဆင်းခဲ့ကြရသည်။ ကျန်းမုန့်လောင်၏ ပါဝင်ပတ်သက်မှုဖြင့်သာဆိုလျှင် ရန်ပုံငွေအကြီးကြီးလာတော့မည်ဖြစ်ကြောင်း သူတို့ အတပ်သိလေသည်။ အချိန်ပိုမဆင်းနိုင်စရာဘာရှိလဲ၊
ယခုလောလောဆယ်တွင် ကုမ္ပဏီ၌ လူအများကြီးမရှိပေ။ သို့သော် စီးပွားရေးအခြေအနေတိုးတက်သွားလျှင် သူတို့က ကုမ္ပဏီ၏စီနီယာအဖွဲ့ဝင်များ ဖြစ်လာပေတော့မည်။
စီးပွားရေးအခြေအနေက တိုးတက်လာလေမလား။ ဂီတပလက်ဖောင်းတစ်ခုအနေနှင့် မူပိုင်ခွင့်များသာ ရှိထားပါက အသုံးပြုသူများကလည်း ပိုက်ဆံပေးလာကြမည်ဖြစ်၏။
သုံးရက်အတွင်းမှာပင် ဂီတတောအုပ်လေးappတစ်ခုလုံးက လုံးဝပြောင်းလဲသွားလေတော့သည်။ ထိုသုံးရက်အတွင်းတွင် ကျန်းမုန့်လောင်ကလည်း သီချင်းမူပိုင်ခွင့်အမြောက်အများကို ဝယ်ယူလိုက်နိုင်သည်။ အကုန်လုံးမှာ တစ်ဦးတည်းမူပိုင်လိုင်စင်များပင်တည်း။
တတိယမြောက်ညတွင်မူ သီချင်းများအားလုံးကို စာရင်းပြုစုလိုက်ပြီး ဂီတတောအုပ်လေးappကိုလည်း တရားဝင်သုံးခွင့်ပြုလိုက်ပြီး ကျန်းမုန့်လောင်ကလည်း ဤသတင်းကို သူ့ဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေးလိုက်သည်။
ရက်အနည်းငယ်ကြာအောင် ပြင်ဆင်ပြီးနောက်မှာ ဝါသနာရှင်များက စိတ်အားထက်သန်နေကြပြီး ထိုသတင်းလည်းထွက်လာရော Androidနှင့် Apple appစျေးကွက်များက တစ်ဝက်ခန့်ရပ်တန့်သွားရသည်။ များပြားလှသော ဒေါင်းလုတ်လုပ်သည့်နှုန်းထားကြောင့် သူတို့ဆာဗာများမှာ မနည်းထိန်းထားရလေသည်။
"ဒါက အဆင်မပြေဘူးပဲ"
ဒေါင်းလုတ်အစီရင်ခံစာကို ကြည့်နေသည့် ကျန်းမုန့်လောင်က ခေါင်းတခါခါလုပ်လိုက်သည်။
"ငါ Appleကိုပါ ဝယ်လိုက်ရမလား"
.........