တချို့ကိစ္စတွေကိုတော့ ပြောမှဖြစ်မယ်
Vol. 8 Ch. 120
"ထားလိုက်ပါတော့။ ထားလိုက်ပါတော့။ Appleကိုဝယ်လည်း ငါ့အတွက် ဘာအကျိုးအမြတ်မှမရှိဘူး။ ပြီးတော့ စီမံခန့်ခွဲဖို့အတွက်လည်း လူအင်အားနဲ့ အားစိုက်ထုတ်မှုတွေအများကြီးလိုဦးမှာ။ အဲ့ဒီလိုလုပ်စရာမလိုပါဘူး"
ကျန်းမုန့်လောင် ခေါင်းခါလိုက်သည်။ Cook၏ကုမ္ပဏီမှာ အဝယ်ခံရမည့်အရေးမှ သီသီလေးလွတ်မြောက်သွားလေကြောင်း မည်သူမှမသိကြပေ။
"အာ.. ဒီရက်ပိုင်း အမေရိကန်ဒေါ်လာဘီလီယံနည်းနည်းလောက်သုံးရင်း တအားအလုပ်များနေတာက တော်တော်ပင်ပန်းတာပဲ"
ကျန်းမုန့်လောင်လည်း ဆိုဖာပေါ်သို့ လှဲချလိုက်သည်။
ဤကာလအတွင်းတွင် သူသည် ဝေးပေါ်နှင့် ထန်ရွှင်းဂီတကို ဝယ်ယူခဲ့သည်။ သူ ပိုက်ဆံအများကြီးသုံးလိုက်သော်ငြား သူ့အဖေ၏စည်းမျဉ်းအရဆိုလျှင် ဝယ်ယူမှုများ၊ အလှူအတန်းများနှင့် လက်ဆောင်ပေးခြင်းတို့ကို သုံးစွဲမှုဟု ထည့်တွက်၍ မရနိုင်ပေ။
တကယ့်အစစ်အမှန်သုံးစွဲမှုမှာ မူပိုင်ခွင့်ဝယ်ယူမှုနှင့် အသင်းများနှင့်ဝန်ထမ်းများ ခန့်အပ်ရေးပင်။
ယခုအချိန်အထိ သူ သုံးစွဲခဲ့သည့် အကြီးမားဆုံးသုံးစွဲမှုမှာ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်အတွက် ပစ္စည်းကိရိယာဝယ်ယူခြင်းနှင့် လက်တွေ့စမ်းသပ်မှုပရောဂျက်များတွင် ရင်းနှီးမြှုပ်နှံခြင်းဖြစ်၏။
ကျန်းမုန့်လောင်အနေနှင့် ထိုနည်းလမ်းများကိုပင် ကျင့်သုံး၍ရပေသည်။ သိပ္ပံသုတေသနစမ်းသပ်မှုများတွင် ရင်းနှီးမြှုပ်နှံခြင်းမှာ ငွေကုန်လွယ်သောနည်းလမ်းတစ်ခုဖြစ်သော်လည်း သိပ္ပံသုတေသနတော်တော်များများက တက္ကသိုလ်များတွင် ဆောင်ရွက်ကြခြင်းပင်။ အခြားကျောင်းများတွင်သာ ရင်းနှီးမြှုပ်နှံလိုက်ပါက သူ့မိခင်ကျောင်းတော်ကြီးက အများထက်တစ်မူထူးခြားတော့မည်မဟုတ်။
ထိုသို့လုပ်ရန် မလိုအပ်ပေ။ အကြောင်းမှာ သူ့တက္ကသိုလ်ကို Ivy Leagueကျောင်းလို ဖြစ်လာရန်အတွက် ရည်မှန်းထားသောကြောင့်ပင်။
အခြားပရောဂျက်များကမူ အများစုမှာ နိုင်ငံတော်အဆင့်ပရောဂျက်များဖြစ်ပြီး နိုင်ငံတော်ကလည်း ငွေကြေးအင်အားမပြတ်လပ်ပေ။
လေယာဉ်များ၊ လေယာဉ်တင်သင်္ဘောများ၊ ဒုံးကျည်များတည်ဆောက်ခြင်းကား… ထားလိုက်ပါတော့။ ထားလိုက်ပါတော့။ သူသာ ထိုအရာများကို တည်ဆောက်ရဲပါက မနက်ဖြန်ကျလျှင် စစ်ကြောရေးသို့ ရောက်သွားပေလိမ့်မည်။
ကျန်းမုန့်လောင်အနေနှင့် စစ်ကြောရေးကို ကြောက်ရွံနေခြင်းမျိုး မဟုတ်သော်လည်း သူသည် ပြဿနာများကို မနှစ်သက်ပေ။
"ထားလိုက်ပါတော့။ အလျင်လိုစရာမရှိဘူး။ ဖြည်းဖြည်းလုပ်တာပေါ့"
ကျန်းမုန့်လောင် ထိုသို့တွေးလိုက်သည်။ သူ အမွေဆက်ခံထားသည်မှာ နှစ်လသာရှိသေးသည့်တိုင် တစ်ဝက်တိတိသုံးပြီးသွားလေပြီ။ ကျန်ဒေါ်လာဘီလီယံသုံးဆယ်ကလည်း တစ်နှစ်အတွင်း သေချာပေါက်သုံး၍ကုန်သွားပေလိမ့်မည်။ ထို့ပြင် ထူးရှယ်နတ်ဘုရားသင်တန်းကျောင်းကလည်း ဘယ်မှထွက်မပြေးချေ။
"ကောင်းပြီ။ မင်း ဒီည ဒီမှာနေချင်ရင်လည်း နေလို့ရတယ်။ မင်းသဘောပဲ။ ငါကတော့ ဂိမ်းသွားကစားလိုက်ဦးမယ်"
ကျန်းမုန့်လောင်က ဝမ်လင့်ကိုပြောလိုက်သည်။
"ဒါဆို ငါ ဒီမှာပဲ တစ်နပ်စာစားလိုက်ဦးမယ်နော်"
ဝမ်လင်ကလည်း ရယ်ကာမောကာဖြင့် ပြောလာလေသည်။
"ထူးဆန်းလိုက်တာ။ သူ ဘာလို့လိုင်းမတက်သေးတာလဲ"
ကျန်းမုန့်လောင်က ဂိမ်းကိုဖွင့်လိုက်လေရာ လုရီယောင်၏အဗာတာလေးက ယခုထိ မီးခိုရောင်ဖြစ်နေသေးကြောင်း တွေ့လိုက်ရသည်။ သူတို့ ယနေ့ည အတူဂိမ်းကစားကြဖို့ သဘောတူထားလေသည်။
လုရီယောင်၏အကျင့်အရဆိုလျှင် ကိစ္စတစ်ခုခုပေါ်လာပါက ကျန်းမုန့်လောင်ကို ကြိုတင်အသိပေးမည်ဖြစ်၏။ သူ(မ)သည် ရေချိုးခြင်း သို့မဟုတ် သန့်စင်ခန်းသွားခြင်းတို့လို ကိစ္စမျိုးကိုပင် အသိပေးတတ်သည်။ ဤသည်မှာ အနည်းငယ်မူမမှန်ပေ။
"တစ်ခုခုဖြစ်လို့များလား"
ကျန်းမုန့်လောင်၏စိတ်ထဲ မကောင်းသောအာရုံတစ်ခု ရုတ်ခြည်းဝင်လာသည်။
"ငါ အစောတုန်းကတည်းက သူ့အခန်းဖော်တွေရဲ့ဖုန်းနံပါတ်ကိုတောင်းထားသင့်တာ"
"မစ္စတာကျန်း"
ထိုအချိန်မှာပင် ဟုန်းရီ၏အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။
"ဘာဖြစ်တာလဲ"
ကျန်းမုန့်လောင်မေးလိုက်သည့်အသံမှာ လှိုက်လှဲမှုကင်းမဲ့နေသည်။ သူ့စိတ်အခြေအနေ သိပ်မကောင်းပေ။
"ကြည့်ရတာ မိန်းကလေးလု ပြဿနာတစ်ခုခုတက်နေပုံပဲ"
ဟုန်းရီက ပြောလိုက်လေသည်။
"ဘာ? ဘာဖြစ်တာလဲ"
ကျန်းမုန့်လောင်၏မျက်နှာကား ရုတ်ခြည်းပျက်ယွင်းသွားသည်။
"အခုရက်ပိုင်း မိန်းကလေးလုက ဘွဲ့ယူဖို့ပြင်ဆင်နေတာလေ။ သူ့ရဲ့အကြံပေးပုဂ္ဂိုလ်က ကိုယ်ကျင့်တရားမကောင်းတဲ့လူတစ်ယောက်ပဲ"
"မင်း ဒီကိစ္စကို ဘာလို့စောစောကမပြောတာလဲ"
ကျန်းမုန့်လောင်သည် တက္ကသိုလ်ပါမောက္ခတော်တော်များများ၏ ကိုယ်ကျင့်တရားဖောက်ပြားမှုအကြောင်း ဟိုးယခင်ကတည်းက ကြားသိထားပြီးဖြစ်၏။ ထိုဆရာများမှာ သူတို့၏ကျောင်းသူများကို အခမဲ့ဝန်ထမ်းများသဖွယ် မှတ်ယူကြပြီး အဆက်မပြတ်အခွင့်အရေးယူတတ်ကြသည်။ လက်တလောနှစ်များအတွင်း၌ ဖိအားဒဏ်ကို မခံနိုင်ရှာလေသော မဟာဘွဲ့ကျောင်းသားများနှင့် ပါရဂူဘွဲ့ကျောင်းသားအမြောက်အများလည်း ရှိကြသည်။
သို့သော် ဂီတတက္ကသိုလ်ပါမောက္ခတစ်ယောက်ကတော့ ထိုကဲ့သို့သောလူစားမျိုးဖြစ်နေလိမ့်မည်ဟု ကျန်းမုန့်လောင် ထင်မထားခဲ့ပေ။
"တကယ်တော့ မိန်းကလေးလုရဲ့အခန်းဖော်က ရှင့်ကိုပြောပြချင်ခဲ့ပါတယ်။ ဒါပေမဲ့ သူက ရှင်စိတ်ပူနေမှာစိုးလို့ ကျွန်မတို့ကိုပြောပြခွင့်မပေးခဲ့ဘူး။ အဲ့ဒါကြောင့် ကျွန်မတို့လည်း ပြောမပြရဲခဲ့တာ"
"သူ့အကြံပေးပုဂ္ဂိုလ်က ဘွဲ့ကိစ္စကိုအသုံးချပြီး မိန်းကလေးလုကိုခြိမ်းခြောက်နေတာ.."
"ငတုံးမလေးပဲ"
လုရီယောင်က သူများဘက်ကိုလည်း ဖြည့်တွေးပေးတတ်သူတစ်ယောက်ဖြစ်ကြောင်း ကျန်းမုန့်လောင် သိသည်။ သူ(မ)က ဘာပဲလုပ်လုပ် သူ(မ)ကိုယ်တိုင်ထက် သူတစ်ပါးကို အရင်တွေးပေးတတ်သူဖြစ်၏။
"မစ္စတာကျန်း.. ကျွန်မတို့ အဲ့ဒီလူကိုပျောက်ကွယ်သွားအောင် လုပ်လိုက်ကြမလား"
ဟုန်းရီမေးလာပုံမှာ အံ့ဩစရာကောင်းလွန်းသောကြောင့် ကျန်းမုန့်လောင်မှာ သူ့နားသူတောင် မယုံကြည်နိုင်ဖြစ်သွားရသည်။
"အဲ့ဒါက ဘာ..ဘာအဓိပ္ပာယ်လဲ"
ထိုကဲ့သို့သောစကားမျိုးကို ကျန်းမုန့်လောင်အနေနှင့် ဝတ္ထုများနှင့် တီဗီအစီအစဉ်များထဲမှာသာ ကြားခဲ့ဖူးသည်။ လူတစ်ယောက်ကို ပျောက်ကွယ်သွားအောင် လုပ်ဖို့ဆိုသည့်အဓိပ္ပာယ်ကို သူသိသည်။
"မိန်းကလေးလုရဲ့လုံခြုံရေးအတွက် တာဝန်ယူထားတဲ့လူက ဒီနားမှာတင် ရှိပါတယ်။ ရှင့်ဘက်ကသာ ခွင့်ပြုမယ်ဆိုရင် အဲ့ဒီဆန်ကုန်မြေလေးဆရာကို မိန်းကလေးလုအပါအဝင် ဘယ်သူမှတောင် မသိစေရဘဲ ဒီကမ္ဘာပေါ်က ပျောက်ကွယ်သွားအောင် လုပ်လိုက်လို့ရပါတယ်"
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ကျန်းမုန့်လောင်ခမျာ ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်းထသွားရသည်။
"ငါတို့ထဲမှာ လုပ်ကြံသတ်ဖြတ်ရေးသမားတွေများရှိနေတာလား"
"နေပါဦး။ ရီရီကို တစ်စုံတစ်ယောက်က ကာကွယ်စောင့်ရှောက်ပေးနေတာလို့ ပြောလိုက်တာလား"
အဓိကအချက်ကို ကျန်းမုန့်လောင် သတိထားမိလိုက်သည်။ သို့သော် သူ တစ်ခါမှ ထိုကဲ့သို့သောအမိန့်မျိုးကို မပေးခဲ့ဖူးချေ။ ဟုန်းရီကလည်း သူ့ကို တစ်ခါမှ ပြောမပြဖူးပေ။
"အခုချက်ချင်း ကူစူးကိုသွားမယ်"
ဘာတွေပဲဖြစ်ဖြစ် ကျန်းမုန့်လောင်ကတော့ Magicစီးတီးမှာ ဆက်မနေနိုင်တော့ပေ။ သူ ယခုချက်ချင်ပင် လုရီယောင်၏ဘေးသို့ အရောက်သွားလိုက်ချင်သည်။
"ငါတို့ ဒီကိစ္စကို နောက်မှ ဖြည်းဖြည်းချင်းပြောကြတာပေါ့"
"ဟုတ်ကဲ့ပါ မစ္စတာကျန်း.. ရှင့်ရဲ့ကိုယ်ပိုင်ဟယ်လီကော်ပတာက အချိန်မရွေးထွက်ခွာဖို့အသင့်ပါပဲ"
"အခုချက်ချင်းသွားမယ်"
ကျန်းမုန့်လောင်လည်း ကပျာကယာ ဂျာကင်တစ်ထည်ကောက်ဝတ်လိုက်ပြီး အခန်းထဲက လျှောက်ထွက်လာချိန်မှာ ခြိမ်းခြောက်လေဟန် ခံစားချက်တစ်မျိုးကို ပေးစွမ်းနေသည်။
"လောင်ကျန်း.. ဒီလောက်ညနက်ကြီးကျမှ မင်း ဘယ်ကိုသွားမလို့လဲ"
ဝမ်လင်က တာ့ဟုန်းပေါင်နို့လက်ဖက်ရည်တစ်ခွက်နှင့် ကြက်ခြေထောက်ကင်တစ်ချောင်းကို ကိုင်ထားရင်း အားရပါးရစားနေပေသည်။
"ငါ လူတစ်ယောက်ကိုသွားရိုက်မလို့"
"သောက်ကျိုးနည်း..ဘာဖြစ်တာလဲ"
ကျန်းမုန့်လောင် ဤမျှအထိဒေါသထွက်နေတာကို ဝမ်လင် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။ နောက်ထပ်မေးခွန်းများ ထပ်မမေးသင့်တော့ကြောင်း သူကောင်းကောင်းသိသည်။ ကျန်းမုန့်လောင် ပြဿနာတက်မှာကို သူစိတ်မပူပေ။ နောက်တစ်ရက်ကျလျှင် သူတို့အလောင်းများ ဟွမ်ဖူမြစ်ထဲတွင် မျောပါလာလေမလားဟု တွေးမိပြီး သူ့ကိုဒေါသထွက်အောင် လုပ်လိုက်သောလူအတွက်သာ စိတ်ပူမိသည်။
"ဒါဆို မင်း မြန်မြန်သွားပြီး မြန်မြန်ပြန်လာနော်"
ဝမ်လင်လည်း အင်အားတစ်ရပ် သက်ရောက်ခံလိုက်ရသည့်အလား ပြောလိုက်သည်။
ဗီလာ၏ထိပ်တွင် ဟယ်လီကော်ပတာတစ်စင်းရှိသည်။ ထိုဟယ်လီကော်ပတာမှာ သိပ်မကြီးမားသော်လည်း လူငါးယောက်ခြောက်ယောက်တော့ ဆန့်လေသည်။ နေရာအနည်းငယ်သာ ထပ်လိုချင်ပါက အနီးဆုံးလေဆိပ်သို့ သွားမှဖြစ်ပေလိမ့်မည်။ သို့သော် ကျန်းမုန့်လောင်ကတော့ ဆက်စောင့်ဆိုင်ရန်အတွက် စိတ်မရှည်တော့ဟန်ပင်။
လေယာဉ်ပန်ကာများ တဖျပ်ဖျပ်လည်လာပြီးနောက် ဟယ်လီကော်ပတာကလည်း ညကောင်းကင်ယံထဲသို့ ဝင်ရောက်ပျောက်ကွယ်ကာ ကူစူးမြို့ဆီသို့ ဦးတည်သွားလေတော့သည်။
"မစ္စတာကျန်း… ရှင် သိပ်လည်းစိတ်မပူပါနဲ့။ မိန်းကလေးလု အဆင်ပြေပါတယ်"
ဟုန်းရီက ပြောလိုက်လေသည်။
"မိန်းကလေးလုရဲ့လုံခြုံရေးသာ ခြိမ်းခြောက်ခံရတယ်ဆိုရင် ရှင့်ခွင့်ပြုချက်မပါရင်တောင် သူ့ကိုကာကွယ်ပေးဖို့က ကျွန်မတို့ရဲ့ဦးစားပေးတာဝန်တစ်ခုပါပဲ။ ကျန်တာတွေကတော့ ဒုတိယဦးစားပေးနေရာမှာပေါ့"
ထိုစကားကိုကြားသော် ကျန်းမုန့်လောင် အနည်းငယ်စိတ်သက်သာရာရသွားလေသည်။ အရေးကြီးဆုံးအချက်မှာ လုရီယောင် မထိခိုက်စေရန်ပင်။
"ဘော်ဒီဂတ်ကိစ္စကိုပြောပြပါဦး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ပြီးတော့ ကူစူးမြို့မှာဖြစ်တဲ့ကိစ္စကို မင်း ဘာလို့ ဒီလောက်မြန်မြန်ဆန်ဆန်ကြီး သိနေရတာလဲ။ သူ့နောက်ကို တစ်ယောက်ယောက်ကိုလိုက်ခိုင်းထားလို့လား"
"မစ္စတာကျန်း.. ရှင် နားလည်မှုလွဲနေပြီ။ ကျန်းမိသားစုရဲ့သတင်းကွန်ယက်က ကမ္ဘာအနှံ့ဖြန့်ကြက်ထားတာ။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတို့အပါအဝင်ပေါ့။ တစ်ခုမှ ကျွန်မတို့ရဲ့စောင့်ကြည့်မှုက မလွတ်ဘူး"
ဟုန်းရီက ရှင်းပြလာသည်။
"နိုင်ငံတစ်နိုင်ငံကသာ စစ်ရေးလုပ်ဆောင်မှုတစ်ခု ရှိလာပြီဆိုရင် သူတို့ အမိန့်ထုတ်ပြန်တဲ့အချိန်မှာတင် ရှင့်ရဲ့ထောက်လှမ်းရေးအဖွဲ့အစည်းက သတိထားမိမှာပဲ"
"အဲ့ဒီလောက်တောင် အစွမ်းထက်တာလား"
ကျန်းမုန့်လောင်လည်း အံ့အားသင့်သွားရသည်။
"ဒါက FBIထက်တောင် သာနေတာမဟုတ်ဘူးလား"
"မစ္စတာကျန်း… ရှင်က ရှင့်အာဏာကို လျှော့တွက်ထားတာပဲ"
ဟုန်းရီက ဤသို့နှယ်ဆိုလေသည်။
"ရှင်သာ ဒီနေ့ အမေရိကန်သမ္မတဝတ်ထားတဲ့ အောက်ခံဘောင်းဘီအရောင်ကို သိချင်တယ်ဆိုရင်တောင် ပြဿနာမရှိဘူး။ ဒါမှမဟုတ် သူ တစ်နပ်ကို ထမင်းဘယ်နှစေ့စားလဲဆိုတာလည်း သိလို့ရတယ်။ ရှင်သာသိချင်ရင် အတိကျဆုံးသတင်းကို ချက်ချင်းတောင်ရနိုင်ပါတယ်"
"အဲ့ဒါကြီးက တအားချဲ့ကားလွန်းရာမကျဘူးလား"
သမ္မတဝတ်သည့် အတွင်းခံအရောင်ကို စုံစမ်းဖို့ဆိုသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း လူတစ်ယောက်စားလိုက်သော ထမင်းစေ့ပမာဏကို သိရန်အတွက်မူ ဘယ်သူကများ ရေတွက်ပေးနိုင်မှာမို့လို့လဲ။
"မစ္စတာကျန်း..ကမ္ဘာပေါ်မှာ ထူးခြားတဲ့လူတချို့ရှိတယ်ဆိုတာကို ရှင်ယုံလား"
"ဟားဟားဟား… မင်းက ကာမန်ရိုက်ဒါတို့ အယ်လ်ထရာမန်းတို့၊ ဘီလူးတို့၊ Thorတို့ သံမဏိလူသားတို့ကိုပြောနေတာလား"
ကျန်းမုန့်လောင် ရယ်မိသည်။
"ငါစိတ်အခြေအနေမကောင်းဘူးဆိုတာကိုသိလို့ ပေါ့ပေါ့ပါးပါးဖြစ်သွားအောင် ဟာသတွေလာပြောပေးနေတာလား"
"မစ္စတာကျန်း.. ရှင် လက်မခံနိုင်မှာစိုးလို့ ကျွန်မတို့ပြောမပြထားတဲ့ အရာတွေရှိတယ်။ အခု မိန်းကလေးလုရဲ့အခြေအနေကြောင့် ရှင် သေချာပေါက်သိသင့်တဲ့ကိစ္စတချို့ရှိတယ်"
"ဘာလဲ။ ငါ့မိသားစုမှာ နှစ်ငါးထောင်သက်တမ်းရှိတဲ့စည်းစိမ်တွေရှိတယ်ဆိုတာအပြင် တခြားလျှို့ဝှက်ချက်တွေပါ ရှိသေးတာလား"
ဟုန်းရီ၏လေသံမှာ စနောက်နေခြင်းမဟုတ်ကြောင်း ကျန်းမုန့်လောင် ခံစားလိုက်မိသည်။
"ယဲ့ရင်..ထွက်လာခဲ့"
"ဟင်..ယဲ့ရင်လား။ မင်း ဘယ်သူ့ကိုခေါ်နေတာလဲ"
ကျန်းမုန့်လောင်၏မျက်နှာထက်တွင် အမေးသင်္ကေတများနှင့် ပြည့်နှက်နေလေသည်။ သူနှင့် ဟုန်းရီအပြင် ဤဟယ်လီကော်ပတာထဲတွင် လေယာဉ်မှူးတစ်ယောက်သာရှိသည်။ သို့သော် ထိုလေယာဉ်မှူး၏နာမည်ကလည်း မာယွဲ့ဖြစ်ကြောင်း သူမှတ်မိသည်။
ထိုအချိန်မှာပင် ကျန်းမုန့်လောင်လည်း သူ့ဆံပင်များထောင်ထသွားသည်ကို ခံစားလိုက်ရသည်။ အစက ဘယ်သူမှမရှိခဲ့သော သူ့အနောက်ရှိ ထိုင်ခုံတွင် ယခုမူ အသက်နှစ်ဆယ်နှောင်းပိုင်းအရွယ်ရှိဟန်တူသည့် လူတစ်ယောက်က သရဲတစ်ကောင်အလားပေါ်လာပြီး ထိုင်နေပေသည်။ ထို့နောက် ကြက်သီးထဖွယ်ကောင်းသော အသံတစ်သံက သူ့နားထဲ ပဲ့တင်ထပ်သွားသည်။
"ယဲ့ရင် မစ္စတာကျန်းကိုနှုတ်ဆက်ပါတယ်"
.....