ခွန်လွန်တောင်၏အံ့သြဖွယ်အပြုအမူ
Vol. 17 Ch. 230
အခန်း (၂၃၀) ခွန်လွန်တောင်၏အံ့သြဖွယ်အပြုအမူ
လုန်မန်၏ စကားလုံးများက ကလေးငယ်ကို အံ့အားသင့်သွားစေသည်။
ထို့အတူ ကျန်းလန်သည်လည်း အံ့အားသင့်သွားရ၏။ သူနှင့် လုန်ယွိကို "လိုက်ဖက်ညီသည်" ဟု မည်သူမှ မပြောခဲ့ဖူးပေ။
ခွန်လွန်တောင်မှ တပည့်အများစုက သူ့ကို ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် မတူမတန်ဟု ပြောဆိုဝေဖန်လေ့ရှိကြသည်။
ကျောက်စိမ်းရေကန်နတ်ဘုရားမ ကိုယ်တိုင်ပင် သူ့ကို အထင်အမြင်သေးနေသည့်အလား သူတို့က ဝေဖန်ခဲ့ကြဖူးလေသည်။
ယခု အဋ္ဌမမင်းသား ပြောဆိုသည့်စကားများကို ကျန်းလန်ဘဝတွင် ပထမဆုံး ကြားဖူးခြင် ဖြစ်၏။
ကလေးငယ်က အနည်းငယ် ဇဝေဇဝါဖြစ်သွားဟန်ဖြင့်…
"အဲဒီလိုကြီးကတော့ နည်းနည်းမကြမ်းလွန်းဘူးလား"
လုန်မန်၏စကားကိုနားထောင်ပြီး သူ့စိတ်ထဲတွင် ဆိုးရွားသည့် ခံစားချက်ကိုပင် ခံစားလိုက်ရသည်။
ထို့နောက် သူက ကျန်းလန်ကို လှမ်းကြည့်လိုက်၏။
ကျန်းလန်က…
"ဟေ့… ကျုပ်ကို လာမကြည့်နဲ့လေ…"
ကလေးငယ်က သူ့ကို သေချာပေါက် မေးခွန်းထုတ်တော့မည်ကို ရိပ်မိလိုက်သဖြင့် ကျန်းလန်က ကြိုကာလိုက်သည်။ သို့သော် ကလေးငယ်ကတော့ ထင်ထားသည့်အတိုင်းပင် ကျန်းလန်ကို မေးမြန်းတော့၏။
"အစ်ကိုကြီးက အဲဒီလိုမျိုး လိုက်ဖက်ညီတဲ့ မိန်းကလေးတစ်ယောက်နဲ့ စေ့စပ်ထားတာလား"
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကျန်းလန်က တိုးလျသည့် လေသံဖြင့်…
"အင်း… သူက ကျုပ်ကို မမုန်းပါဘူး"
ရှောင်ယွိက သူ့ကို မုန်းတီးခြင်း မရှိပေ။
ထို့ကြောင့် သူတို့၏ အနာဂတ်က ဖြစ်နိုင်ခြေ များစွာ ရှိနေခဲ့သည်။
ရှောင်ယွိက သူ့အပေါ်ကောင်းမွန်သည့်အတွက် သူက ရှောင်ယွိကို တမင်သက်သက် အနိုင်ယူချိုးနှိမ်ရန် မလိုအပ်ပေ။
ရှောင်ယွိက တကယ်တမ်း သူ့ကို အထင်သေးမုန်းတီးသူဖြစ်နေလျှင်တောင်မှ သူ့ဘက်က လက်လွှတ်လိုက်ဖို့ လွယ်ကူသေးသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်ကို တမင်တကာ နှေးကွေးထားပြီး လက်ထပ်ပွဲကို အချိန်ဆွဲထားနိုင်သည်။
ထို့နောက် ခွန်လွန်တောင်တွင် ပြိုင်ဘက်ကင်းဖြစ်လာသည့်တစ်နေ့တွင် စေ့စပ်ပွဲကို ဖျက်သိမ်းကာ ကိုယ့်လမ်းကိုယ် ပျော်ပျော်ကြီး လျှောက်လှမ်းနိုင်မည် ဖြစ်သည်။
သို့သော် ယခုတော့ ရှောင်ယွိက သူ့အပေါ် ကောင်းလွန်းနေလေရာ သူ့အနေဖြင့် သူမကို လက်လွတ်စပယ် မစွန့်ပစ်ရက်နိုင်သလို စေ့စပ်ပွဲကို ဖျက်သိမ်းရန်လည်း မဖြစ်နိုင်တော့ပေ။
သူက ဘဝတွင် တာဝန်ပျက်ကွက်သူတစ်ယောက် ဘယ်သောအခါမှ မဖြစ်ချင်ခဲ့ပေ။
ဆရာဖြစ်သူအပေါ်ပဲဖြစ်ဖြစ် ၊ ရှောင်ယွိအပေါ်ပဲ ဖြစ်ဖြစ် သူ တာဝန်ကျေနိုင်အောင် ကြိုးစားရမည် ဖြစ်သည်။
ကလေးငယ်က အတွေးနက်နေ၏။
လုန်မန်က…
"ကောင်လေး… မင်း မပြတ်သားဘူးဆိုရင်တော့ နောက်ကျကျန်ခဲ့လိမ့်မယ်နော…"
ထို့နောက် လုန်မန်က အလေးအနက်ဖြင့် ဆက်ပြောပြန်၏။
"မင်း ဇာမဏီမျိုးနွယ်တစ်ယောက်ကို သဘောကျတယ်ဆိုရင် တန်ခိုးစွမ်းအားလည်း မြင့်မားနေမှ ဖြစ်လိမ့်မယ် ၊ သူတို့က အရမ်းမာနကြီးကြတာကွ ၊ ဝူထုန်တောင်ကို မင်းခြေထောက်နဲ့ ဖိနှိပ်ထားနိုင်မှ အဲဒီကောင်မလေးက မင်းရှေ့ဝပ်တွားလာမှာ"
လုန်မန်က ခဏနားလိုက်ပြီးနောက်…
"ဒါပမေဲ့ကွာ… မင်း ဝူထုန်တောင်ကို စိန်ခေါ်မယ်ဆိုရင်တော့ ပြေးပေါက်လည်းရှာထားဖို့လိုတယ် ၊ ဘာလို့လဲဆိုတော့ မတော်တဆများ ရှုံးနိမ့်သွားခဲ့မယ်ဆိုရင် လွတ်အောင်ပြေးမှ ဖြစ်မှာလေ ၊ ဟုတ်တယ်မလား ၊ မဟုတ်လို့ကတော့ မင်း အဲဒီမှာ အသက်ပျောက်ဖို့ ပြင်ထားပေတော့"
ကလေးငယ်က လက်မခံနိုင်ဟန်ဖြင့် ခေါင်းခါယမ်းလိုက်သည်။
"ဒီလိုလုပ်မယ်ဆိုရင် ဟုန်ယာကို ဖိအားပေးသလို ဖြစ်သွားမှာပေါ့"
လုန်မန်က တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့်…
"အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူး… ကိုယ့်လူ ၊ ဘာပဲ ဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ရတဲ့အတွက် မင်း ပျော်ရွှင်မှုကိုတော့ ခံစားရမှာပဲလေကွာ…"
လုန်မန်က ကလေးငယ်ကို ဆက်ပြီး တိုက်တွန်းလိုက်၏။
"ကောင်လေး… ကျုပ်စကားနားထောင် ၊ သေချာပေါက် အလုပ်ဖြစ်မှာ…"
ကလေးငယ်က ကျန်းလန်ကို လှည့်ကြည့်လိုက်ပြီး…
"အစ်ကိုကြီးနဲ့ စေ့စပ်ထားတဲ့သူက နဂါးမျိုးနွယ် မဟုတ်လား"
ကျန်းလန်က…
"အင်းလေ…"
ကလေးငယ်က ကျန်းလန်ကို တအံ့တသြဖြင့်ကြည့်ရင်း…
"ဒါဖြင့် အစ်ကိုကြီးကလည်း နဂါးမျိုးနွယ်တွေကို အဲဒီလိုမျိုး အနိုင်ယူခဲ့တာလား"
ထို့နောက် သူက လုန်မန်ကို လှမ်းကြည့်လိုက်ပြန်၏။ လုန်မန်က နဂါးမျိုးနွယ်တစ်ယောက် မဟုတ်ပါလား။
လုန်မန်: "..............."
ဤကောင်စုတ်လေးသည် တကယ်ပင် အမြင်ကပ်စရာ ကောင်းလှသည်။
ကလေးငယ်မေးသည့်စကားကို ပြန်လည်မချေပနိုင်သဖြင့် လုန်မန် ငြိမ်နေလိုက်သည်။ သူက တကယ်ပဲ ကျန်းလန်ကို ရှုံးနိမ့်ခဲ့ရသည် မဟုတ်ပါလား။
ကျန်းလန်ကလည်း ထိုမေးခွန်းကို မည်သို့ဖြေရမှန်းမသိပေ။
လက်ရှိတွင် သူနှင့် နဂါးမျိုးနွယ်များက ရန်သူများ မဟုတ်သေးပေ။ နဂါးမျိုးနွယ်များကလည်း သူ့ကို အသက်အန္တရယ်ခြိမ်းခြောက်ကာ အလစ်ဖမ်းလုပ်ကြံခြင်းမျိုး မပြုလုပ်သေးပေ။
သို့သော် လိုအပ်ပါက နဂါးမျိုးနွယ်များကို ခြေထောက်အောက် ဖိနှိပ်ထားသည့်အလုပ်မျိုးကို ပြုလုပ်ရမည်သာ ဖြစ်၏။ ထိုသို့ပြုလုပ်နိုင်ရန်အတွက် ပြိုင်ဘက်ကင်းတစ်ယောက်ဖြစ်လာသည်အထိ အချိန်ယူရမည်ကတော့ အမှန်ပင် ဖြစ်သည်။
ခဏမျှ စဉ်းစားပြီးနောက် ကျန်းလန်က ပြောလိုက်သည်။
"ကိုယ့်ကိုယ်ကိုယ် တန်ခိုးစွမ်းအားမြင့်မားအောင် ကျင့်ကြံထားတာကတော့ မှားတယ်မရှိပါဘူးကွာ…"
အခြေအနေတစ်ခုခုကြောင့်ပဲ ဖြစ်ဖြစ် ၊ လက်ရှိ ပျက်သုဉ်းတစ်စပြင်လောကကြီး၏ ခေတ်ရေစီးကြောင်းအရပဲ ဖြစ်ဖြစ် တန်ခိုးစွမ်းအားမြင့်မားနေမှသာ ဘေးအန္တရယ်များကြားတွင် အသက်ရှင်သန်နိုင်မည် ဖြစ်သည်။
ကလေးငယ် နားလည်သွားဟန်ရှိ၏။
"ဒါဖြင့် ကျွန်တော် တန်ခိုးစွမ်းအား မြင့်မားလာအောင် ကြိုးစားမယ်..."
သို့ သော် ပြဿနာတစ်ခုရှိနေသည်ကို ချက်ချင်းနားလည်လိုက်သည်။
"ဘယ်လိုအဆင့်ရောက်ရင် တန်ခိုးစွမ်းအားမြင့်မားတယ်လို့ သတ်မှတ်ရမလဲ..."
ကျန်းလန်က...
"မင်းအဘိုးကို နိုင်ရင် ရပြီကွာ..."
သေရည်ဆိုင်ရှင်အဘိုးအို၏ ကျင့်ကြံခြင်းအဆင့် မည်မျှရှိကြောင်း ကျန်းလန် မသိရှိပေ။
သူ့ဆရာပဲဖြစ်ဖြစ် ၊ သေရည်ဆိုင်ရှင်အဘိုးအိုပဲ ဖြစ်ဖြစ် သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို ကျန်းလန် ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။
ကလေးငယ် ချက်ချင်းပင် ဉာဏ်အလင်းပွင့်သွားသည်။
သူက ကျန်းလန်ကို အနိုင်ရလျှင် လောကတွင် သူလုပ်ချင်ရာလုပ်နိုင်ပြီဟု ထင်မှတ်ခဲ့သည်။ သို့သော် ထိုသို့မဟုတ်ပေ။
တကယ်တမ်းတွင် အဘိုဖြစ်သူနီးနီး တန်ခိုးစွမ်းအားမြင့်မားမှသာ ဟုန်ယာ၏ နှလုံးသားကို သိမ်းပိုက်နိုင်ပြီး ဇာမဏီမျိုးနွယ်များကိုလည်း ခြိမ်းခြောက်နိုင်မည် ဖြစ်သည်။
သို့ဆိုလျှင် အချိန်တန်သည့်အခါ သူလည်းအရွယ်ရောက်လာပြီး ဟုန်ယာနှင့် လက်ထပ်နိုင်မည် ဖြစ်သည်။
သူ့အတွက် ရည်မှန်းချက် (၂)ခု ထားရှိရပေမည်။
ကလေးငယ်က အလေးအနက် ခေါင်းညိတ်လိုက်ရင်း...
"ကျွန်တော် နားလည်ပါပြီ..."
လုန်မန်က သေရည်ဆိုင်ရှင်အဘိုးအို မည်မျှ တန်ခိုးစွမ်းအားမြင့်မားသည်ကို သိရှိခြင်း မရှိပေ။ သို့သော် ယောက်ဖဖြစ်သူက ထိုသို့သောစကားပြောလျှင်တော့ ဆိုင်ရှင်သည်လည်း ထူးခြားသူ ဖြစ်ရမည်ဟု ခန့်မှန်းလိုက်၏။
သို့သော် ထိုအကြောင်းများကို သူလည်း နားမလည်လေရာ လျှောက်မစဉ်းစားတော့ဘဲ တစ်ခုခုသောက်ရန် ဆုံးဖြတ်လိုက်သည်။
"ကောင်လေး... သေရည်အစား လက်ဖက်ရည်ကြမ်း သောက်မယ်ကွာ…"
"ဟုတ်... ကျွန်တော် အကြမ်းပန်းကန်တွေသွားယူလိုက်ဦးမယ်"
ကလေးငယ်က အကြမ်းပန်းကန်ယူရန် ပြေးထွက်သွား၏။ စောစောက သူက အကြမ်းပန်းကန်ကို ကျန်းလန်တစ်ယောက်တည်းအတွက်သာ ယူလာခြင်းဖြစ်ရာ လုန်မန်အတွက် မပါရှိပေ။
ကျန်းလန်ကတော့ ထို (၂) ယောက်ကို အရေးမစိုက်ပေ။ သူ့အလုပ်သူ ဆက်လုပ်ရမည် ဖြစ်သည်။
ထို့နောက် ကျန်းလန်က မျက်လုံးများကို ဖြည်းဖြည်းချင်းမှေးမှိတ်လိုက်ပြီး နာမ်ဝိညာဉ်သေရည်ဆိုင်ကို စတင်လေ့လာလိုက်သည်။
သူက ဒြပ်ထုဖြင့်ဆောက်လုပ်ထားသည့် ရုပ်ပိုင်းဆိုင်ရာသေရည်ဆိုင်နှင့် နာမ်ဝိညာဉ်သေရည်ဆိုင် (၂)ခု ကြားသို့ ရောက်နေခဲ့သည်။
သူ၏ ကိုယ်ပိုင်နားလည်မှုများကို အသုံးပြုပြီး ထပ်ခါထပ်ခါ လေ့လာနေခဲ့သည့်တိုင် နာမ်ဝိညာဉ်သေရည်ဆိုင်က တစ်ချက်လေးပင် တုန်လှုပ်သွားခြင်း မရှိခဲ့ပေ။
အချို့အရာများက သူနားလည်ထားသည်များနှင့်ဆင်တူသော်လည်း အချို့အရာများကတော့ မတူညီဘဲ ကွဲပြားလျှက် ရှိသည်။
ထပ်ခါထပ်ခါ လေ့လာပြီးနောက် သူ့နားလည်မှုများ မည်သည့်နေရာတွင် လွဲချော်နေသည်ကို ကျန်းလန် နားလည်သွားသည်။
အချိန်အနည်းငယ်ကြာသည့်အခါ သူ့စိတ်တံခါးကို တွန်းဖွင့်ပြီး သူ့စိတ်အာရုံထဲသို့ဝင်ရောက်ရန် တစ်စုံတစ်ယောက်က ကြိုးစားနေကြောင်း ကျန်းလန် သတိပြုလိုက်မိသည်။
အခြားသူများမဟုတ်ပေ။ ကောင်တာမှ ကလေးငယ်နှင့် ကလေးမလေးတို့သာ ဖြစ်ကြ၏။
ကျန်းလန် သူတို့ကို လျစ်လျူရှုထားလိုက်သည်။
သူတို့ (၂)ယောက် လက်လျှော့သွားသည့်အချိန်မှာပင် ကျန်းလန်လည်း နာမ်ဝိညာဉ်သေရည်ဆိုင်ကို လေ့လာနေခြင်းကို ရပ်တန့်လိုက်ပြီး စိတ်စွမ်းအားကျင့်ကြံရင်း ဆိုင်ရှင်အဘိုးအို ပြန်ရောက်လာချိန်ကို စောင့်နေလိုက်သည်။
လုန်ရဲ့ပြောသွားသည့်စကားများကတော့ သူ့ကို သတိပေးသလို ဖြစ်သွားခဲ့သည်။
ပျက်သုဉ်းတစ်စပြင်လောကကြီးရှိ အင်အားကြီးအုပ်စုများက တိုက်ပွဲဆင်နွှဲရန် တာဆူနေကြသော်လည်း တကယ်တမ်းတွင် တိုက်ပွဲဆင်နွှဲရန်အတွက် တိကျလုံလောက်သည့် အကြောင်းပြချက်များ မရှိကြပေ။
နတ်လူသားမျိုးနွယ်များကတော့ တိုက်ပွဲဆင်နွှဲရန် အကြောင်းပြချက် ခိုင်လုံသည်ဆိုသော်လည်း မည်သူမှ အကြောင်းအရာအသေးစိတ်ကို အတိအကျ မသိရှိရပေ။
ခွန်လွန်တောင်က မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ဘဲ ငြိမ်သက်နေသည်မှာလည်း အမှန်ပင် ဖြစ်၏။ သို့မဟုတ် သူတို့ကဲ့သို့ တပည့်အငယ်များမသိအောင် ကြိုတင်စီစဉ်မှုများကို လျှို့ဝှက်ပြုလုပ်ထားခဲ့လေသလား။
အစောပိုင်းနှစ်များက ခွန်လွန်တောင်တွင် သူလျှိုအရေအတွက်မျာ ပုံမှန်မဟုတ်စွာ များပြားနေခဲ့သည်။ သို့သော် ဒုတိယတောင်ထွတ်မှဦးဆောင်ကာ သူလျှိုများကို ရှင်းလင်းပစ်ခဲ့ကြသည်။
အခြေအနေများအားလုံးက ရှုတ်ထွေးသည်မှန်သော်လည်း ကျန်းလန် လုံး၀ နားမလည်နိုင်သည့် ကိစ္စတစ်ခု ရှိနေခဲ့သည်။
ထိုကိစ္စမှာ ရွှေပြဒါးအမြုတေအဆင့် သူလျှိုတစ်ယောက်ကို တောင်သခင် (၂)ပါးကိုယ်တိုင် လာရောက်သုတ်သင်သွားခြင်းပင် ဖြစ်၏။
ဤသို့သော အရှုတ်အထွေးများသည် လုန်ရဲ့ပြောသလိုပင် စဉ်းစားရခက်လှသည်။
ကျန်းလန် ထိုအကြောင်းများကို မစဉ်းစားတော့ဘဲ စိတ်စွမ်းအားကိုသာ ကျင့်ကြံနေလိုက်သည်။ သူ၏ စိတ်အစဉ်က တည်ငြိမ်သည့်ကန်ရေပြင်နှယ် ချက်ချင်းပင် တည်ငြိမ်သွားသည်။
သူ့စိတ်အာရုံအတွင်းသို့ သေရည်ဆိုင်ရှင်အဘိုးအို ဝင်ရောက်လာမှသာ ကျန်းလန် သတိပြန်ဝင်လာတော့သည်။
သူ မျက်လုံးဖွင့်ကြည့်သည့်အခါ အဋ္ဌမမင်းသားကို မတွေ့ရတော့ပေ။ ပြန်သွားနှင့်ပြီထင်၏။
ဆိုင်ရှင်အဘိုးအိုထံမှ အကောင်းစားသေရည်ဝယ်ယူပြီးနောက် ကျန်းလန်လည်း ပြန်လာခဲ့လေသည်။
ကလေးငယ်ကို နှုတ်ဆက်ရန် ရှာဖွေသော်လည်း ဆိုင်ထဲတွင် မတွေ့ရတော့ပေ။ မဟုတ်ပါက ထိုကောင်လေးက သူ့ကို မြေပဲထုပ် လက်ဆောင်ပေးဦးမည် ဖြစ်၏။
ကျန်းလန်က ထုံးစံအတိုင်းပင် နဝမတောင်ထွတ်သို့ လမ်းလျှောက်ပြန်လာခဲ့သည်။
လမ်းတစ်လျှောက် ခွန်လွန်တောင်မှတပည့်အချို့နှင့် တွေ့ဆုံခဲ့သော်လည်း သူတို့က ကျန်းလန်ကို အရေးမစိုက်ကြသလို ကျန်းလန်ကလည်း သူတို့ကို အရေးမစိုက်ပေ။
သို့သော် သူတို့ပြောသည့်စကားအချို့ကတော့ ကျန်းလန်နားထဲ ဝင်ရောက်လာ၏။
တပည့်တစ်ယောက်က…
"ဒါဖြင့် မင်း ဒဏ်ရာရသွားတာပေါ့"
အခြားတပည့်တစ်ယောက်က…
"အေးဆို… ရေခဲပုဇဉ်းရင်ကွဲတောအုပ်ထဲက ပုဇဉ်းရင်ကွဲတွေက ဘယ်လိုဖြစ်လို့ အဲဒီလောက် ရန်လိုကြမ်းတမ်းနေကြတာလဲမသိဘူး ၊ ကြောက်စရာတောင်ကောင်းတယ် ၊ ကျုပ်ကို ဒဏ်ရာရအောင် တိုက်ခိုက်တာသာ ကြည့်တော့"
"ဟိုတလောကပဲ အဲဒီတောအုပ်ထဲမှာ မိုးကောင်းကင်ဝံပုလွေတွေနဲ့ တိုက်ပွဲဖြစ်သေးတယ်မဟုတ်လား ၊ သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေ ကျန်နေလို့ ရေခဲပုဇဉ်းရင်ကွဲတွေ အဲဒီလို ဖြစ်နေတာ နေမှာပေါ့"
"အဲဒီလိုဖြစ်ဖို့ပဲ မျှော်လင့်ပါတယ် ၊ ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုတွေဆီကနေ သတင်းကြားထားတယ်ကွ ၊ ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ တိုက်ပွဲဖြစ်ဖို့ အခြေအနေတွေ တင်းမာနေတယ်ကြားတယ် ၊ ကြည့်ရတာ အနှေးနဲ့အမြန် အန္တရယ်တစ်ခုခုတော့ ဖြစ်တော့မယ်ထင်တယ်"
"ကျုပ်ဆို ခွန်လွန်တောင်ရောက်တာ မကြာသေးဘူး ၊ အဲဒါ ကံကောင်းတယ်လို့ ပြောရမယ် ၊ ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ တစ်ယောက်တည်းသာဆိုလို့ကတော့ ကျုပ်လို အားနည်းတဲ့သူမျိုးတွေဆိုရင် အန္တရယ်တွေကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး"
"အမှန်ပဲ… ဘာပဲဖြစ်ဖြစ် ရေခဲပုဇဉ်းရင်ကွဲတွေ ထူးခြားနေတာကိုတော့ လူကြီးတွေကို ပြန်ပြီးတင်ပြရမယ်ကွ…"
ကျန်းလန်က ထိုစကားများကို ထူးပြီး အာရုံစိုက်မနေခဲ့ပေ။ ဖြတ်သွားဖြတ်လာ ကြားလိုက်ရခြင်းသာ ဖြစ်သည်။
သူက ခြေလှမ်းများကို ခပ်သွက်သွက်လျှောက်သွားလိုက်ရာ ထိုသူများပြောနေသည့်စကားများက အဝေးတွင် တဖြည်းဖြည်း ပျောက်ကွယ်ကျန်ရစ်ခဲ့လေတော့၏။
***
ကျောက်စိမ်းရေကန်…
မက်မွန်သီးပင်အောက်တွင် လုန်ယွိ တိတ်ဆိတ်ငြိမ်သက်စွာထိုင်ရင်း မြေပြင်ထက်ကြွေကျလာသည့် မက်မွန်ပွင့်လေးများကို ငေးကြည့်နေလေသည်။
ဤမက်မွန်ပင်က ကျန်းလန် သူမကို ကူညီစိုပ်ပျိုးပေးထားသည့် သစ်ပင်လေး ဖြစ်သည်။ သို့သော် ဤသစ်ပင်ကို ရှင်သန်အောင် ပြုလုပ်ပေးရာတွင် သူမသည်လည်း ကူညီပေးခဲ့သည်ပင်။
သူမက ဤမက်မွန်သီးပင်လေး၏အမြစ်ထဲတွင်ခွေနေသည့် တီကောင်ကို နဂါးဟိန်းသံပြုလုပ်ပြီး ဖယ်ရှားပေးခဲ့လေသည်။ သို့ပေသိ သစ်ပင်လေး ရှင်သန်လာစေရန် အဓိကပြုစုပျိုးထောင်ပေးသူကတော့ ကျန်းလန်သာလျှင် ဖြစ်၏။
ထိုနေ့ကို သူမ အမြဲတမ်းအမှတ်ရနေခဲ့သည်။ ဤသစ်ပင်လေးသည်လည်း သူနှင့်ကျန်းလန်အတွက် အမှတ်တရတစ်ခု ဖြစ်လာခဲ့သည်။
သူမက မက်မွန်ပွင့်ကြွေများထံမှ အကြည့်လွှဲလိုက်ပြီး ကျောက်စိမ်းရေကန်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
"ဂိုဏ်းတူညီမလေးကလည်း မလာသေးဘူးလား မသိဘူး"
ယနေ့ သူမ တတိယတောင်ထွတ်သို့ သွားခဲ့သော်လည်း လင်စီးယာနှင့် မတွေ့ခဲ့ရပေ။ ထို့ကြောင့် လင်စီးယာကို အချိန်အားလျှင် ကျောက်စိမ်းရေကန်သို့ လာရောက်ပါရန် မှာကြားခဲ့ရသည်။
ထို့ကြောင့် သူမက လင်စီးယာ ရောက်လာမည်ကို စောင့်မျှော်နေခြင်း ဖြစ်သည်။
သူမက လင်စီးယာပြောသည့်အတိုင်း ကျန်းလန်ရှေ့တွင် ကျောကိုဆန့်ကာ ခါးကော့ပြခဲ့သော်လည်း ကျန်းလန်က မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့ပေ။
လင်စီးယာပြောသလို သူမကို သဘောကျသွားမည်ဆိုသည်ကတော့ ဝေလာဝေး ဖြစ်၏။
သူမ ဘာမှားယွင်းနေသည်ကို လင်စီးယာကို မေးမြန်းရမည် ဖြစ်သည်။
သူမ အပြုအမူကပဲ တစ်စုံတစ်ခု မှားယွင်းသွားခဲ့သည်လား ၊ သို့တည်းမဟုတ် ကျန်းလန်ကပင် ထူးခြားသူတစ်ယောက် ဖြစ်နေခဲ့ခြင်းလေလား သူမ အဖြေရှာရမည် ဖြစ်တော့၏။