အတွင်းစွမ်းအားသို့ သွား... ရာလမ်း၊ လျှို့ဝှက် နည်းစနစ်များ ဖလှယ်ခြင်း
Vol. 3 Ch. 31
~ဝတုတ်လေး ကျွမ်းချန်တစ်ယောက် ဓားသိုင်းပညာအပေါ် ဘယ်လောက်ထိ ရူးသွပ်သလဲဆိုတာကိုတော့ ဘယ်သူမှ အငြင်းပွားစရာ မရှိ။
နင်ချီ၏ ဓားချက်ကို မြင်တွေ့လိုက်ရပြီးနောက်မှာတော့ သူ့ဆရာအရင်းကိုတောင် မေ့သွားပြီး
နင်ချီ့ဆီမှာ တပည့်ခံဖို့အထိ စဉ်းစားနေလေ၏။
ထိုအခိုက်အတန့်မှာတော့ နတ်ဘုရားဓားသခင်
အဘိုးကြီးခမျာ မူးခနဲဖြစ်သွားပြီး နေရာမှာတင် လဲကျမသွားအောင် မနည်းထိန်းလိုက်ရသည်။
‘သေစမ်း… တခြားတပည့်သာဆိုရင်တော့ ဂိုဏ်းကနေ ချက်ချင်းထုတ်ပစ်ပြီးနေပြီ။’
သို့ပေမဲ့ ဒီကျွမ်းချန်လို တန်ဖိုးရှိလှသည့် ရတနာလေးကိုတော့ သူ စိတ်ဆိုးဒေါသထွက်နေပေမဲ့လည်း ဘယ်လိုမှ အပြစ်ပေးဖို့ စိတ်မပိုင်းဖြတ်နိုင်ခဲ့ပါချေ။
တိုက်ခိုက်ရေးအသွင် မပြောင်းထားချိန်များတွင် ဝတုတ်လေးသည် အနည်းငယ် မလည်မဝယ်နိုင်ပုံ ပေါက်နေတတ်ရာ ဤသို့သော လုပ်ရပ်မျိုးကို
လုပ်မိသည်မှာ နားလည်ပေးနိုင်စရာပင်။
နင်ချီအတွက်တော့ အခြေအနေက ရယ်ရခက် ၊
ငိုရခက် ဖြစ်နေလေ၏။ ဝတုတ်လေးကို
နည်းနည်းလောက် လက်စွမ်းပြလိုက်ရုံနှင့် တပည့် တစ်ယောက် အလကားရတော့မည်ဟု သူ လုံးဝ မထင်ထားခဲ့။
သို့သော်လည်း လက်ခံလို့ကတော့ မဖြစ်… နတ်ဘုရားဓားသခင်အဘိုးကြီး သွေးတက်ပြီး သူ့ကို ရှင်းသွားလိမ့်မည်မှာ သေချာနေသည်။
ကံကောင်းစွာပင် တုန်းဟဲက အကင်းပါးသူတစ်ယောက် ဖြစ်၏။ သူ၏ဆရာသမား မျက်နှာသည် အိုးမည်းသုတ်ထားသကဲ့သို့ ညိုမှောင်နေသည်ကို မြင်လိုက်သည်နှင့် ချက်ချင်းပင် ရှေ့သို့ ပြေးထွက်လာကာ ကျွမ်းချန်ကို ကောက်ပွေ့ချီပြီး ခေါ်သွားတော့သည်။
ဝတုတ်လေးမှာတော့ နင်ချီ့ကို တမ်းတမ်းတတ မျက်လုံးလေးများဖြင့်သာ လှည့်ကြည့်နိုင်ခဲ့လေ၏။
နတ်ဘုရားဓားဂိုဏ်းမှ လူအားလုံးလည်း ထိုအခါမှပဲ သက်ပြင်းကို ဟင်းခနဲ ချနိုင်ကြတော့သည်။
ထိုအခိုက် တာအိုဆရာလုံရှန်းက ညင်သာစွာ ချောင်းတစ်ချက်ဟန့်လိုက်ပြီးနောက် စကားစလိုက်၏။
"နတ်ဘုရားဓားအစ်ကိုကြီး ... ဒီနေ့အတွက် ဒီမှာပဲ အဆုံးသတ်လိုက်ကြရင် ကောင်းမလား။"
နတ်ဘုရားဓားသခင်အဘိုးကြီးမှာတော့ နောင်တတွေ တပွေ့တပိုက်ကြီး ရနေလေပြီ။ ဒီလိုဖြစ်မည်မှန်းသာ သိခဲ့လျှင် နောက်ဆုံးပွဲကို ဘယ်လိုမှ ခေါင်းမာပြီး ထည့်ပြိုင်ဖြစ်မည်မဟုတ်။ အခုတော့ ဆုကြေးရော၊ လူပါ ဆုံးရှုံးခဲ့ရပြီ မဟုတ်ပါလား။
သူ၏ မလည်ရှာသော တပည့်လေးကိုတောင် တခြားသူဆီ လက်လွှဲပေးလိုက်ရတော့မလို ဖြစ်သွားခဲ့သေး၏။
သူ့ရှေ့မှ နဂါးဇီးကွက်ဓားကို ကြည့်ရင်း ရင်ထဲမှာ စူးခနဲ နာကျင်မှုကို ခံစားလိုက်ရသည်။
သို့သော်လည်း တစ်ခါပြောပြီးသားစကားသည် မြေပေါ်သို့ သွန်ချလိုက်သော ရေပမာပင်။ သူ ပြန်ရုပ်သိမ်းမည် မဟုတ်တော့ချေ။ လက်ကို ဝှေ့ယမ်းလိုက်ရာ နဂါးဇီးကွက်ဓားသည် တာအိုဆရာလုံရှန်း၏ ဘေးသို့ ‘ဖျပ်’ခနဲ ကျရောက်သွားလေသည်။
"ဟွန်း… လုံရှန်း… ဒီနေ့တော့ မင်းနိုင်သွားတယ်။ နောက်ဆယ်နှစ်ကြာရင် တို့နှစ်ယောက် ပြန်တွေ့ကြတာပေါ့ကွာ။"
နတ်ဘုရားဓားသခင် အဘိုးကြီး စိတ်ထဲမှာတော့ ဒီဝတုတ်လေးကို သေချာလေ့ကျင့်ပေးပြီး နောက်တစ်ခါ ဒီလို ပေါ့လျော့ခွင့်ပေးတော့မည် မဟုတ်ဟု ကြုံးဝါးနေ၏။
တခြားသူတွေတောင် ဓားစိတ်ဆန္ဒကို နားလည်နေကြပြီ၊ ဝတုတ်လေးကတော့ ခုထိ လူနှင့်ဓားတစ်ထပ်တည်းကျခြင်း အဆင့်မှာပဲ ရှိနေသေးသည်က လက်ခံနိုင်စရာ မရှိပေ။
ဆယ်နှစ်တာ အချိန်ပေးပြီး လေ့ကျင့်ပေးလိုက်လျှင် ထိုအချိန်၌ နင်ချီနှင့် သေချာပေါက် ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု နတ်ဘုရားဓားသခင်
အဘိုးကြီးက ခံစားနေမိသည်။
‘မူလဓားအရိုးပိုင်ရှင်ဆိုတာ ဓားသူတော်စင်ရဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တာပဲ။ အရင်တုန်းက ဒီဝက်ပုတ်လေးက ပြိုင်ဘက်မရှိလို့သာ စိတ်ကြီးဝင်နေခဲ့တာ။’
နင်ချီ၏ ခန္ဓာကိုယ် သန့်စင်ခြင်း တိုးတက်မှုသည် သူ့တပည့်ထက် သာလွန်မနေကြောင်း၊ ဖြစ်နိုင်လျှင် အနည်းငယ်ပင် နိမ့်ကျနိုင်သည်ကို သူ ရှင်းလင်းစွာ မြင်တွေ့ခဲ့သည်။
တာအိုဆရာလုံရှန်းက ခါးသက်စွာ ရယ်မောလိုက်၏။
"နတ်ဘုရားဓားအစ်ကိုကြီးရယ်... ဘာလို့
ဒီလောက်တောင် ခေါင်းမာရတာလဲ။"
သို့သော်လည်း နောက်ဆုံးတွင်တော့ သူသည် နဂါးဇီးကွက်ဓားကို သိမ်းဆည်းလိုက်ပါ၏။ နတ်ဘုရားဓားတောင်က ကမ်းလှမ်းခဲ့သည်ဖြစ်ရာ နဂါးဇီးကွက်ဓားကို သိမ်းထားရန် အကြောင်းပြချက်က ပိုခိုင်လုံသွားသည်။
နတ်ဘုရားဓားသခင်အဘိုးကြီးက မတ်တပ်ထရပ်လိုက်၏။
"ဒီနေ့ သိုင်းပြိုင်ပွဲက ငါ့ရဲ့ အသုံးမကျတဲ့ တပည့်တွေကို လောကမှာ ကိုယ့်ထက် သာတဲ့သူတွေ အများကြီးရှိတယ်၊ ကောင်းကင်ဘုံအထက်မှာ သာလွန်တဲ့ ကောင်းကင်ဘုံတွေ ရှိနေသေးတယ်ဆိုတာကို သင်ခန်းစာပေးလိုက်နိုင်ခဲ့တယ်။ အဲ၊ သိပ်ပြီးတော့ အထင်မကြီးနဲ့ဦး လုံရှန်း၊ ဆယ်နှစ်ကြာတဲ့အခါ ဘယ်သူနိုင်မလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်သေးဘူး။"
ညိုမှောင်သော မျက်နှာထားဖြင့် နတ်ဘုရားဓားသခင် အဘိုးကြီးသည် အသက်ကို ပြင်းပြင်းတစ်ချက်ရှိုက်ကာ တပည့်များနှင့်အတူ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
ကျွမ်းချန်ကြောင့် သူ၏ နောက်ဆုံး ကျန်နေသေးသော သိက္ခာလေးပါ အမှုန့်ကြိတ်ခံလိုက်ရပြီဟု သူ ခံစားလိုက်ရတော့၏။
ထိုအခိုက်အတန့်၌ တာအိုဆရာလုံရှန်းက သူ့ကို တားမြစ်လိုက်လေသည်။
"နတ်ဘုရားဓားအစ်ကိုကြီး... ခဏနေပါဦး။"
နတ်ဘုရားဓားသခင်အဘိုးကြီး စကားပြောမည်အပြုတွင် တာအိုဆရာလုံရှန်း၏ အသံကို ကြားလိုက်ရ၏။
"နတ်ဘုရားဓားအစ်ကိုကြီးး၊ ခင်ဗျားနဲ့ ကျွန်တော် ဆယ်နှစ်တောင် မတွေ့ဖြစ်ခဲ့ကြဘူး မဟုတ်လား။ ဘာလို့ ဒီလောက် ဆန္ဒစောနေရတာလဲ။
မကြာသေးခင်က ကျွန်တော် ကောင်းကင်ဘုံလူသား ဖြစ်ခြင်းရဲ့ လျှို့ဝှက်ချက်တချို့ကို ရခဲ့ပြီး ထိုးထွင်းဉာဏ်အနည်းငယ်လည်း ရထားတယ်။ ဒီမှာ အတူတူ ဆွေးနွေးသုံးသပ်ကြည့်ကြရင် မကောင်းဘူးလား။ ဒါက ကျွန်တော်တို့ တပည့်တွေကိုလည်း အချင်းချင်း အတွေ့အကြုံဖလှယ်ခွင့်ပေးရာ ရောက်တာပေါ့။ အရင်က
မကျေနပ်ချက်တွေကလည်း ခဏတာ စိတ်လိုက်မာန်ပါ ဖြစ်ခဲ့တာပဲ မဟုတ်လားဗျာ။"
တာအိုဆရာ လုံရှန်း၏ စကားလုံးများက လေးနက်ပြီး သူ၏ အမူအရာကလည်း ရိုးသားလှသည်။
နတ်ဘုရားဓားသခင်အဘိုးကြီးသည် နေရာမှာပင် ငြိမ်သက်သွားပြီး တာအိုဆရာလုံရှန်းကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်နေမိသည်။
ကောင်းကင်ဘုံ လူသားအဆင့်သို့ တက်လှမ်းခြင်းဆိုင်ရာ ထိုးထွင်းဉာဏ်များကို မျှဝေမည်ဆိုသောကြောင့် ဘယ်လိုတုံ့ပြန်ရမည်ကို သူ မဝေခွဲနိုင်တော့ပေ။
"လုံရှန်း... မင်း..."
တာအိုဆရာလုံရှန်းက အားရပါးရ ရယ်မောလိုက်သည်။
"အတူတူ သုံးသပ်ဆွေးနွေးကြရင် အောင်မြင်နိုင်ခြေ ပိုများတာပေါ့ဗျာ။ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ကိစ္စပဲ မဟုတ်လား။"
ရုတ်တရက် နတ်ဘုရားဓားသခင်အဘိုးကြီး၏ စိတ်ထဲတွင် ယုံကြည်မှုတစ်ခု ပေါ်ပေါက်လာ၏။ သူ ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာစကားတစ်ခွန်းမှ ထွက်မလာခဲ့ချေ။
တာအိုဆရာလုံရှန်းက သူ၏လက်ညှိုးကို ညွှန်လိုက်ရာ နဂါးဇီးကွက်ဓားသည်
နင်ချီ၏ ရှေ့မှောက်သို့ ကျရောက်သွားလေသည်။ သူ၏ တပည့်ငယ်လေးကို အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် လုံရှန်းက
လော့ဝမ်ထျန်းအား မှာကြားလိုက်သည်။
"ဝမ်ထျန်း၊ နတ်ဘုရားဓားဂိုဏ်းက ဧည့်သည်တွေကို သေချာနေရာချထားပေးလိုက်ပါ။ နောက်ရက်တွေမှာ အချင်းချင်း အတွေ့အကြုံ ဖလှယ်ကြ၊ ဒါပေမဲ့ အချင်းချင်း သဟဇာတမဖြစ်တာမျိုးတော့ မဖြစ်စေနဲ့။"
နတ်ဘုရားဓားသခင်အဘိုးကြီးကလည်း လေးနက်စွာ ကြေညာလိုက်သည်။
"တုန်းဟဲ၊ မင်းတို့ အစစ်အမှန်သိုင်းတောင်ပေါ်မှာ တည်းပါ။"
ဂိုဏ်းနှစ်ခုလုံးမှ တပည့်များက ရိုသေစွာ တုံ့ပြန်လိုက်ကြ၏။
"ဆရာတို့ရဲ့ အမိန့်အတိုင်း နာခံပါ့မယ်။"
ထို့နောက်တွင်တော့…
တာအိုဆရာ လုံရှန်းနှင့် နတ်ဘုရားဓားသခင်
အဘိုးကြီးတို့ ထွက်ခွာသွားလေ၏။
နင်ချီမှာ အခြေအနေကို အနည်းငယ် ခန့်မှန်းနိုင်သော်လည်း မဆိုစလောက်လေး အံ့အားသင့်သွားသည်။ သူ ခေါင်းကို ခါယမ်းလိုက်ရင်း ထိုအရာများသည် သူ စူးစမ်းနိုင်သေးသည့် နယ်ပယ် မဟုတ်သေးကြောင်း သဘောပေါက်လိုက်သည်။
ဆယ်နှစ်တာ သဘောတူညီချက်သည် မည်သူမှ မမျှော်လင့်ထားသည့် ပုံစံဖြင့် အဆုံးသတ်သွားခဲ့သည်။ နင်ချီက မူလက ချီစွမ်းအင် နယ်ပယ်မှ ထိပ်တန်းပညာရှင်
နှစ်ဦး၏ တိုက်ပွဲကြီးကို မြင်တွေ့ရမည်ဟု ထင်ထားခဲ့သော်လည်း နောက်ဆုံးတွင် တပည့်များကြားမှ သိုင်းပြိုင်ပွဲ တစ်ခုဖြင့်သာ အဆုံးသတ်သွားခဲ့လေ၏။
မည်သို့ပင်ဖြစ်စေ သူကတော့ အရှုံးမရှိခဲ့ပါ။
သူ့အရပ်နီးပါး ရှည်လျားသော နဂါးဇီးကွက်ဓားကို ဆွဲထုတ်ရင်း နင်ချီက စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်သည်။
ဤထိပ်တန်းဓားသည် သံကို ရွှံ့စေးကဲ့သို့ ခုတ်ဖြတ်နိုင်ပြီး ရွှေနှင့် ကျောက်စိမ်းကိုပင် ခွဲခြမ်းနိုင်ရုံသာမက အတွင်းအားနှင့် ချီစွမ်းအင်ကိုပါ တိုးမြှင့်ပေးနိုင်သည်။ သူသည် မကြာမီ အတွင်းစွမ်းအားနယ်ပယ်သို့ တက်လှမ်းတော့မည် ဖြစ်ရာ၊ ဤဓားကို အသုံးမပြုလျှင်ပင် သင့်တော်သော ဓားတစ်လက်ကို အသစ် ပြန်သွန်းလုပ်ရန် အခွင့်အရေးရှာနိုင်သည်။ သို့မဟုတ် အနည်းဆုံးတော့ ထိုသို့သော လက်နက်များ၏ အံ့ဖွယ်ရာကို လေ့လာနိုင်ပေမည်။
နင်ချီက နဂါးဇီးကွက်ဓားကို မျောက်ဖြူထံသို့ ပစ်ပေးလိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။
နောက်ဆက်တွဲဖြစ်ရပ်များကို သူ စိတ်မဝင်စားတော့။
အမျိုးမျိုးသော အကြည့်များသည် နင်ချီနှင့် သူ့နောက်မှ လိုက်ပါသွားသော မျောက်ဖြူထံသို့ အံ့ဩခြင်းများဖြင့်
ပြည့်နှက်လျက် စုပြုံ ကျရောက်လာ၏။
ဤပုဂ္ဂိုလ်လေးသည် အစစ်အမှန် ပြိုင်ဘက်ကင်းသော ပါရမီရှင် တစ်ဦးဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။
သူတို့ မသိလိုက်သည်မှာ နင်ချီ ပြသခဲ့သော စွမ်းရည်သည် သူ၏ အစစ်အမှန် ကြောက်မက်ဖွယ် ကောင်းသော အစွမ်းအစ၏ တစ်ရာခိုင်နှုန်းပင် မရှိသေးခြင်းပင်တည်း။
...
'တာအိုရှာဖွေခြင်း ကျောင်းတော်' အတွင်း၌။
နင်ချီသည် ကြိမ်ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း သိုင်းကျမ်းများကို ဖတ်ရှုနေလေ၏။
သူ၏ ခန္ဓာကိုယ်သည် ပြောင်းလဲနေကြောင်း သူ ခံစားနေရသည်။
သိမ်မွေ့သော်လည်း နက်နဲလှသော ထိုခံစားချက်သည် သူ့ကို စွဲမက်ဖွယ် ကောင်းအောင် ညှို့ယူဖမ်းစားထားပြီး အစွမ်းထက်သော စွမ်းအားမျှင်တန်းများသည် ပေါ်ထွက်လာကာ ဒန်တျန် ရှိရာသို့ စုစည်းသွားကြသည်။
‘ဒါ… အတွင်းအား ဆိုတာလား။’
နင်ချီ၏ မျက်လုံးများက တောက်ပစွာ အရောင်လက်သွား၏။
လျှို့ဝှက် ဆန်းကြယ်သော စွမ်းအင်သည် သူ့ကိုယ်အတွင်း၌ စီးဆင်းနေသည်။
၎င်းမှာ အလွန် သေးငယ်သော ပမာဏမျှသာ ဖြစ်သော်လည်း သူ၏ ရုပ်ခန္ဓာကို မူလစွမ်းအားထက် အဆများစွာ ကြောက်မက်ဖွယ်ကောင်းသော အင်အားဖြင့် ပေါက်ကွဲထွက်စေနိုင်သည့် အစွမ်းထက် စွမ်းအင် ဖြစ်ကြောင်း နင်ချီ ခံစားမိနိုင်၏။ သို့သော် ထိုသေးငယ်သော ပမာဏဖြင့်မူ လက်ချောင်း တစ်ချောင်းကိုသာ အားဖြည့်ပေးနိုင်လိမ့်မည်။