အတွင်းစွမ်းအားသို့ သွားရာလမ်း၊ လျှို့ဝှက်နည်းစနစ်များ ဖလှယ်ခြင်း
Vol. 3 Ch. 32
~ဒါကတော့ ရုပ်ခန္ဓာစွမ်းအား၏ အနှစ်သာရပင် ဖြစ်ပါ၏။
‘အတွင်းအားတွေ ပေါ်ထွက်လာတဲ့ ဖြစ်စဉ်က နှစ်လလောက် ကြာလိမ့်မယ်။ ဒါက ခန္ဓာကိုယ်ကနေ ထွက်လာတဲ့ ‘အသီး’ ပဲ။ အဲ့ဒီအသီးက
အပြည့်အဝ ရင့်မှည့်သွားမှ အတွင်းစွမ်းအားနယ်ပယ်ကို တကယ် အဆင့်ချိုးဖြတ်တာလို့ သတ်မှတ်လို့ရမယ်။ အခုလောလောဆယ်တော့ ငါ့အခြေအနေက အတွင်းစွမ်းအားနယ်ပယ်တစ်ပိုင်းခြေလှမ်း အဆင့်လောက်ပဲ ရှိသေးတာပေါ့လေ။’
သူက ခပ်ယဲ့ယဲ့ ရယ်မောလိုက်သည်။
တကယ်တော့ သိုင်းပညာရှင်တွေ၏အဆိုအရ ဒီကြားအဆင့်ကိုလည်း အတွင်းစွမ်းအားနယ်ပယ်လို့ သတ်မှတ်နိုင်ပါ၏။ သို့ပေမဲ့ အတွင်းအားက အပြည့်အဝ မဖြစ်တည်သေးပေ။ သူ၏ ဖျက်ဆီးနိုင်စွမ်းက အတွင်းစွမ်းအားနယ်ပယ် အစစ်လောက် မပြင်းထန်သည့်အပြင်၊ အရေးအကြီးဆုံးအချက်မှာ အတွင်းအား အပြည့်အဝ မဖြစ်တည်သေးဘဲ ခန္ဓာကိုယ်ကို အားမဖြည့်နိုင်သေးတာကြောင့် သက်တမ်းက ပြောင်းလဲသွားခြင်း မရှိသေးချေ။
ယေဘုယျအားဖြင့်တော့ ဒီလိုကြားအဆင့်မှာ ရှိနေသော သူတွေက အပြင်မှာ သိပ်ပြီး သွားလာလေ့မရှိကြပါ။
‘ဒါပေမဲ့ ငါ့အတွက်ကတော့ ဒီအစအနလေး တစ်ခုကတောင် အတွင်းအားရဲ့ အနှစ်သာရကို နားလည်ဖို့ လုံလောက်နေပါပြီ။’
‘အတွင်းအားဆိုတာ ရုပ်ဝတ္ထုတစ်ခု မဟုတ်ဘူး။ ဒါက ကိုယ့်ရဲ့ ‘စိတ်ဝိညာဉ်’ ကနေ ဖြစ်ပေါ်လာတဲ့ အံ့ဖွယ်စွမ်းအားတစ်ခုပဲ။ ဒါပေမဲ့ တော်တော်လေးကို အမြင်အာရုံထဲမှာပဲ ရှိနေသေးတယ်။ တစ်နည်းပြောရရင် စိတ်ကနေ အကြံပြုဖန်တီးလိုက်တဲ့ စွမ်းအားတစ်ခုနဲ့ တူတယ်။ ဒါကြောင့် အတွင်းအားက ကိုယ့်ကိုယ်ကိုယ်ပဲ အားဖြည့်ပေးနိုင်ပြီး ခန္ဓာကိုယ်အပြင်ကို ထွက်မသွားနိုင်ဘူး။ တကယ်တော့ အတွင်းစွမ်းအားနယ်ပယ်ကနေ ချီစွမ်းအင်နယ်ပယ်ကို ကူးပြောင်းတဲ့ ဖြစ်စဉ်ဆိုတာက အမြင်အာရုံထဲက အရာတစ်ခုကို အစစ်အမှန်ဖြစ်အောင် ပြောင်းလဲလိုက်တာပါပဲ။’
နင်ချီ၏စိတ်ထဲတွင် ဉာဏ်အလင်းများ ဖျပ်ခနဲ ဖျပ်ခနဲ ဝင်ရောက်လာတော့သည်။
သူ သိုင်းကျမ်းတိုက်ထဲမှာ ဖတ်ရှုခဲ့ဖူးသည့် အတွင်းအားသိုင်းပညာရပ်များသည် သူ့စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။
အရင်ကတော့ သီအိုရီသက်သက်သာ ဖြစ်ခဲ့သော်လည်း၊ ယခု သူကိုယ်တိုင် အတွင်းအားကို ပိုင်ဆိုင်လိုက်ရသည့်အခါ အစစ်အမှန်ကို ထိတွေ့ရခြင်းက သဘာဝအတိုင်းပင် ခံစားမှု ကွဲပြားသွားလေသည်။
"အတွင်းစွမ်းအားနယ်ပယ်ကို အဆင့်ကိုးဆင့် ခွဲခြားထားတယ်။ ဒါက အားဆင့်ခြင်း ကိုးဆင့်ပဲ။"
"အားတစ်ဆင့်စီ ဆင့်လိုက်တိုင်းမှာ အတွင်းအားက ပိုပြီးတော့ ခိုင်မာလာတယ်။"
"ခန္ဓာကိုယ်ကနေ အတွင်းအား စတင်မွေးဖွားလာတဲ့ ဖြစ်စဉ်က တကယ်တော့ ပထမအဆင့်ပဲ။ ဒါက အတွင်းစွမ်းအားနယ်ပယ်ရဲ့ နိဒါန်းလို့ သတ်မှတ်တယ်။"
"သုံးဆင့်ပြီးသွားရင်တော့ အောင်မြင်မှုအသေးစား ရပြီလို့ သတ်မှတ်တယ်။"
"ခြောက်ဆင့်ဆိုရင် အောင်မြင်မှုအကြီးစား။"
"ကိုးဆင့်ကတော့ ပြည့်စုံခြင်းပဲ။"
"အဲ့ဒီနောက်မှာတော့ အမြင်အာရုံထဲက အရာကို အစစ်အမှန်အဖြစ် စုစည်းပြီး ချီစွမ်းအင်နယ်ပယ်ကို ဖွဲ့တည်ဖို့ ကြိုးစားလို့ရပြီ။"
သူ့ခန္ဓာကိုယ်အတွင်းမှ အံ့ဖွယ်စွမ်းအားကို နားလည်သဘောပေါက်သွားသည့်အခါ
နင်ချီသည် ရှေ့ဆက်ရမည့်လမ်းကို အပြည့်အဝ သဘောပေါက်သွားတော့သည်။ အတွင်းစွမ်းအားနယ်ပယ်မှ ချီစွမ်းအင်နယ်ပယ်အထိ သူ့အတွက် လျှို့ဝှက်ချက်ဟူ၍ မရှိတော့ပါချေ။
သူ မတ်တပ်ထရပ်လိုက်ပြီး ‘အသင်္ချေဖြစ်ရပ်ဆန်းကြယ် မူလဇာစ်မြစ်ခန္ဓာကျင့်စဉ်’ကို ဖြည်းညင်းစွာ ကျင့်ကြံလိုက်သည်။
အသစ်ပေါ်ထွက်လာသော အတွင်းအား အစအနလေးသည် ချက်ချင်းပင် ပို၍ တက်ကြွလာတော့၏။
"အတွင်းအားဆိုတာ ခန္ဓာကိုယ်ကနေ မြစ်ဖျားခံလာပြီး ခန္ဓာကျင့်စဉ်နဲ့ တစ်သားတည်း ဖြစ်တယ်။"
"အတွင်းအားကို ကျင့်ကြံတဲ့နည်းလမ်းကို အားဆင့်ခြင်းသိုင်းစွမ်းရည်လို့ ခေါ်တယ်။"
"ဥပမာ အရင်ကရခဲ့တဲ့ ရေခဲပိုးမျှင်အားကျမ်းက အားဆင့်ခြင်းသိုင်းစွမ်းရည်ထဲက သာလွန်ကောင်းမွန်တဲ့ နည်းစနစ်တစ်ခုပဲ။ ငါတို့ အစစ်အမှန်သိုင်းဂိုဏ်းမှာဆိုရင် သာလွန်တဲ့ နည်းစနစ် လေးခုရှိတယ်။ သုံးခုက အစစ်အမှန်သိုင်းကိုးမျိုးခန္ဓာကျင့်စဉ်နဲ့ သက်ဆိုင်တယ်။ ကောင်းကင်တုန်ဟည်းအား၊ မြေကြီးတုန်ဟည်းအားနဲ့ ပင်လယ်ဖုံးလွှမ်းအားတို့ပဲ။"
‘အရင်တုန်းက ငါသာ ပိအန်းခန္ဓာကျင့်စဉ်ကို ကျင့်ခဲ့မယ်ဆိုရင် အခု မြေကြီး
တုန်ဟည်းအားကို ကျင့်ရမှာပဲ။ ဒီလိုနဲ့ တစ်ဆင့်ချင်းစီ ဆက်စပ်ပြီး ကိုးခုကနေ သုံးခု၊ သုံးခုကနေ တစ်ခုအဖြစ် ပေါင်းစည်းသွားမှပဲ အရင်က နတ်ဘုရားကိုးပါး က သိုင်းသူတော်စင်ကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲကြီးကို ပြန်ဖန်တီးနိုင်မှာ။’
‘ကောင်းကင်တုန်ဟည်းအား၊ မြေကြီး
တုန်ဟည်းအားနဲ့ ပင်လယ်ဖုံးလွှမ်းအားတို့ အထက်မှာ အစစ်အမှန်သိုင်းအားကျမ်း ရှိသေးတယ်။ အဲ့ဒါကိုတော့ ဆရာက သင်မပေးခဲ့ဘူး။’
‘ဒါပေမဲ့ ဒါက ငါ့အတွက်တော့ မခက်ခဲပါဘူး။’
နင်ချီသည် စိတ်ထဲတွင် အတွေးများဖြင့် ပြည့်နှက်ကာ အသက်ကို ပြင်းပြင်းတစ်ချက် ရှိုက်လိုက်သည်။
သူ အချိန်အတော်ကြာ စဉ်းစားခဲ့ပြီး ဖြစ်သည်။
သိုင်းကျမ်းတိုက်ထဲတွင် ကုန်ဆုံးခဲ့သော နေ့ရက်များသည် အလဟဿ မဖြစ်ခဲ့ဘဲ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ စတင် ပြုလုပ်ပြီးသား ဖြစ်၏။ ယခု အတွင်းအား ပေါ်ထွက်လာပြီး အနှစ်သာရကို နားလည်သွားသည့်အခါ အရာအားလုံးသည် သူ့နေရာနှင့်သူ အံဝင်ခွင်ကျ ဖြစ်သွားတော့သည်။
တစ်ခဏအတွင်းမှာပင်…
ကောင်းကင်တုန်ဟည်းအားကျမ်း သုံးခု၏ ရှုပ်ထွေးနက်နဲမှုများသည် သူ၏စိတ်ထဲတွင် အဆက်မပြတ် ပေါ်ထွက်လာ၏။
တူညီမှုများကို ဖယ်ရှားပြီး အနှစ်သာရများကို ပေါင်းစပ်လိုက်သည်။
ဘယ်လောက် ကြာသွားသည် မသိ…
အားဆင့်ခြင်းသိုင်းစွမ်းရည် အသစ်တစ်ခု တိတ်တဆိတ် ဖွဲ့စည်းဖြစ်ပေါ်လာခဲ့သည်။
၎င်းမှာ နင်ချီ ပြန်ဖော်ထုတ်ထားသော အစစ်အမှန်သိုင်းအားကျမ်းပင် ဖြစ်၏။
အရင်က အစစ်အမှန်သိုင်းကိုးမျိုးခန္ဓာကျင့်စဉ်မှ အစစ်အမှန်သိုင်းခန္ဓာကျင့်စဉ်ကို ဖန်တီးရာတွင် နင်ချီ ဆယ်ရက် အချိန်ယူခဲ့ရသည်။
သို့သော် ယခုမူ ကောင်းကင်တုန်ဟည်းအား၊ မြေကြီးတုန်ဟည်းအားနှင့် ပင်လယ်ဖုံးလွှမ်းအားတို့မှ အစစ်အမှန်သိုင်းအားကျမ်းကို ဖန်တီးရာတွင် နှစ်နာရီမျှသာ အချိန်ကုန်ခဲ့သည်။
အကြောင်းမှာ လမ်းကြောင်းက တူညီနေသဖြင့် အချိန်များစွာ သက်သာသွားသောကြောင့် ဖြစ်၏။
ထို့အပြင် သီအိုရီပိုင်းဆိုင်ရာ ပြင်ဆင်မှုများကလည်း ကြိုတင်စတင်ပြီးသား ဖြစ်သည်။
ဤအစစ်အမှန်သိုင်းအားကျမ်းသည် မူရင်းနှင့် တစ်ထပ်တည်းတူချင်မှ တူမည်ဖြစ်သော်လည်း ကွာခြားချက်ကတော့ ကြီးမားမည်မဟုတ်ပေ။
သို့သော် နင်ချီက ကျေနပ်ခြင်းမရှိသေးပါ။
‘လက်ရှိ ငါချထားတဲ့ အခြေခံအုတ်မြစ်က အမြင့်မြတ်ဆုံး ခန္ဓာကျင့်စဉ်ဖြစ်တဲ့ ‘အသင်္ချေဖြစ်ရပ်ဆန်းကြယ် မူလဇာစ်မြစ်ခန္ဓာကျင့်စဉ်’ ပဲ။ ဒါကြောင့် အစစ်အမှန်သိုင်းအားကျမ်းကို ကျင့်လို့
မဖြစ်ဘူး။ ဆရာ အရင်က ပြောခဲ့သလိုပဲ အစစ်အမှန်သိုင်းခန္ဓာကျင့်စဉ်က အစစ်အမှန်သိုင်းအားကျမ်းနဲ့ ကိုက်ညီတယ်။ ဒါကြောင့် ငါ့ရဲ့ ‘အသင်္ချေဖြစ်ရပ်ဆန်းကြယ် မူလဇာစ်မြစ်ခန္ဓာကျင့်စဉ်’ နဲ့ ကိုက်ညီမယ့် အားဆင့်ခြင်းသိုင်းစွမ်းရည်ကို ကိုယ့်ဘာသာကိုယ် ဖန်တီးရလိမ့်မယ်။’
တစ်နည်းအားဖြင့်ဆိုသော် ဒါက ကိုယ့်နည်းစနစ်ကိုယ်ဖန်တီးရခြင်း၏ အားနည်းချက်တစ်ခုလည်း ဖြစ်သည်…။ လမ်းကို ကိုယ့်ဘာသာကိုယ်ပဲ ခင်းရတော့သည်။
အဆင့်ကို နှိမ့်ချပြီး အစစ်အမှန်သိုင်းအားကျမ်းကို ကျင့်ကြံရမည်ဆိုလျှင် နင်ချီအတွက် ခက်ခဲသည်ဟု ခံစားရပြီး သူတည်ဆောက်ခဲ့သော အမြင့်မြတ်ဆုံး အခြေခံအုတ်မြစ်ကိုလည်း ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။
ထို့အပြင် သူ၏ တိုးတက်မှုကိုလည်း နှေးကွေးစေလိမ့်မည်။
‘အတွင်းစွမ်းအားနယ်ပယ်က သိုင်းပညာရှင်တွေက သက်တမ်း အနှစ်နှစ်ရာ ရှိတယ်။ အဆင့်ကိုးဆင့်ကို အနှစ်နှစ်ဆယ်အတွင်း ရောက်တာကို အရမ်းပါရမီပါတဲ့သူလို့ သတ်မှတ်ကြပေမဲ့ ငါ့အတွက်တော့ အနှစ်နှစ်ဆယ်က ကြာလွန်းပါတယ်ကွာ။’
‘လက်ရှိမှာ အတွင်းအား အပြည့်အဝဖြစ်တည်ဖို့ နှစ်လလိုသေးတယ်။ ဒီအချိန်က ‘အသင်္ချေဖြစ်ရပ်ဆန်းကြယ် မူလဇာစ်မြစ်ခန္ဓာကျင့်စဉ်’ နဲ့ ကိုက်ညီတဲ့ အမြင့်မြတ်ဆုံး အားဆင့်ခြင်းသိုင်းစွမ်းရည်တစ်ခု ဖန်တီးဖို့ လုံးဝ လုံလောက်တယ်။ ဒီလောက်တောင် ကြာချင်မှ ကြာမှာ။’
နင်ချီ၏ မျက်လုံးများတွင် ယုံကြည်မှုများ အပြည့်ပင်။
‘အသင်္ချေဖြစ်ရပ်ဆန်းကြယ် မူလဇာစ်မြစ်ခန္ဓာကျင့်စဉ်’၊ အစစ်အမှန်သိုင်းအားကျမ်းနှင့် အခြားသော အားဆင့်ခြင်းသိုင်းစွမ်းရည်များကို ဖန်တီးခဲ့သည့် အတွေ့အကြုံများက ကိုးကားရန်ရှိနေသည့်အပြင် ယခုအခါတွင် အရင်ကထက် ထိုးထွင်းဉာဏ်ပိုရှိလာသဖြင့် သူ အပြည့်အဝ ယုံကြည်မှုရှိနေသည်။
သူ အသက်ကို ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။
နင်ချီ၏ မျက်လုံးများ အနည်းငယ်လှုပ်ရှားသွားပြီး သူ ဆိုလိုက်သည်။
"ထျန်းချန်... ဧည့်သည် တစ်ယောက် ရောက်နေတယ်။"
ဘေးတွင် မျောက်ဘုရင်ခန္ဓာကျင့်စဉ်ကို လေ့ကျင့်နေသော မျောက်ဖြူသည် ချက်ချင်းရပ်တန့်သွား၏။ သူက လက်ဖက်ရည်ကြမ်း နှပ်ရန် အထဲသို့ဝင်သွားသော်လည်း လက်ဖက်ရည်အိုးကို ကိုင်ကာ ပြန်ထွက်လာသည့်အခါတွင်တော့ အတော်လေး ပျာယာခတ်သွားသည်။
အဝေးတစ်နေရာမှာ…
လူပုတုတု ဝတုတ်တုတ်လေးတစ်ယောက်က ခိုးကြောင်ခိုးဝှက်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရင်း ချဉ်းကပ်လာနေ၏။
မျောက်ဖြူက လက်ဖက်ရည်အိုးကို ချလိုက်ပြီး ဒေါသတကြီးဖြင့် ပြေးထွက်သွားတော့သည်။ ယခုအခါ သိုင်းပညာလေ့ကျင့်မှုတွင် အခြေခံအောင်မြင်မှု ရရှိထားပြီဖြစ်ရာ သိုင်းကွက်များ အသုံးမပြုသရွေ့ အခြားသူများက သူ့ကို သွေးမျိုးဆက် အားကောင်းသူဟုသာ မြင်ကြပေလိမ့်မည်။
မျောက်ဖြူက လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ ကျွမ်းချန် လန့်သွား၏။
"ယွမ်ထျန်းရှန်း... မင်း... မင်း ငါ့ကို သတိထားမိသွားတာလားဟ။"
[Orginal novel မှာ ပြင်ဆင်ထား၍ ယွမ်ထျန်းရှန်းဟု ပြောင်းလဲ သုံးသွားပါမည်။]
သို့သော် မျောက်ဖြူက မထီမဲ့မြင်ပြုံးလိုက်ပြီး ကျွမ်းချန်၏ တင်ပါးကို တည့်တည့် ကန်ကျောက်လိုက်တော့သည်။ လွန်ခဲ့သည့် နှစ်ရက်က ဝတုတ်လေး သူ့ကို အိမ်မွေးတိရစ္ဆာန်ဟု ပြောခဲ့သည်ကို သတိရနေသည့်အပြင် ယခု ခိုးကြောင်ခိုးဝှက် ရောက်လာခြင်းက အဟောင်းနှင့်အသစ်
မကျေနပ်ချက်များကို ပေါင်းထည့်လိုက်သလို ဖြစ်သွားသည်။
ကျွမ်းချန်က အသည်းအသန် ရှောင်တိမ်း၏။
သို့သော် သူ မလွတ်မြောက်နိုင်ခဲ့။
ကန်ချက်က အပြည့်အဝ ထိသွားသည်။
ကျွမ်းချန်က ဒေါသတကြီး ပြန်လည်ခုခံသည်။ သို့သော် မျောက်ဖြူကို မဖိနှိပ်နိုင်ဘဲ လူနှင့်မျောက်တို့မှာ အံ့ဩစရာကောင်းလောက်အောင် အင်အားတူညီနေသည်ကို တွေ့လိုက်ရသောအခါ အလွန်အံ့အားသင့်သွားတော့၏။
"ယွမ်ထျန်းရှန်း... မင်း တော်တော် အားကောင်းတာပဲ။" ဟု သူက အာမေဍိတ်ပြုလိုက်သည်။
နင်ချီက အဝေးမှနေ၍ ကြည့်ရင်း အသာအယာ ခေါင်းညိတ်လိုက်သည်။
မျောက်ဖြူက အမှန်ပင် ထူးခြားလှ၏။ ဒီလောက်အချိန်တိုလေးအတွင်း လေ့ကျင့်ရုံနှင့် ကျွမ်းချန်နှင့် အင်အားတူ ယှဉ်ပြိုင်နိုင်ခဲ့သည်။ မျောက်ဖြူက သိုင်းပညာမသုံးသော်လည်း
ကျွမ်းချန်ကလည်း ဓားမထုတ်ခဲ့ပေ။
‘ဘုန်း’ ဟူသော အသံကျယ်နှင့်အတူ…
ကျွမ်းချန်၏ တင်ပါးကို တစ်ချက်ထပ်ကန်လိုက်ပြန်သည်။
ကျွမ်းချန် ဒေါသတကြီးဖြင့် ကြိမ်းဝါးလိုက်သည်။
"ယွမ်ထျန်းရှန်း... မင်း ဒီလိုဆက်လုပ်နေရင် ငါ သည်းမခံတော့ဘူးနော်။"
ကျွမ်းချန် ဓားဆွဲထုတ်မည်အပြုတွင် နင်ချီက နောက်ဆုံးတွင် ပါးစပ်ဟလိုက်သည်။
"ထျန်းချန်... သူ့ကို ဒီဘက်ကို လွှတ်လိုက်ပါ။"
မျောက်ဖြူသည် ချက်ချင်းပင် ရိုသေစွာ ရပ်တန့်လိုက်လေ၏။ ကျွမ်းချန်ကို ရယ်စရာ မျက်နှာ လုပ်ပြပြီး ခြံဝင်းထဲသို့ ပြန်ဝင်သွားသည်။
ကျွမ်းချန်ကလည်း ရယ်မောလိုက်ပြီး မျက်လုံးများ တောက်ပစွာဖြင့် ပြေးလာခဲ့သည်။
"နင်ချီ… ဆရာလေး… နောက်ဆုံးတော့ တွေ့ပြီဗျို့။"
နတ်ဘုရားဓားဂိုဏ်းမှ လူများသည် အစစ်အမှန်သိုင်းဂိုဏ်းတွင် ရှိနေသေးသော်လည်း နင်ချီက တိတ်ဆိတ်မှုကို လိုလားသောကြောင့် တမင်ရှောင်နေခဲ့သည်။ သို့သော် ကျွမ်းချန်က သူ့ကို ရှာတွေ့သွားခဲ့လေပြီ။
နင်ချီက ကြိမ်ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း တည်ငြိမ်စွာ ဆိုလိုက်သည်။
"ငါ့ကို ဆရာလေးလို့ မခေါ်နဲ့...။ သတိထား... နတ်ဘုရားဓားသခင်အဘိုးကြီး မင်းကို ဂိုဏ်းက ထုတ်ပစ်လိုက်ဦးမယ်။"
ထိုအခါ ကျွမ်းချန်က ကမန်းကတန်း ခေါင်းခါယမ်းလိုက်၏။
"မဟုတ်တာ... ကျွန်တော့်ဆရာက အရင်ကတည်းက ပြောထားတယ်။ ကျွန်တော် သဘောကျတဲ့ ဘယ်သူ့ဆီမှာမဆို တပည့်ခံချင်ရင် ခံလို့ ရတယ်တဲ့။"
"နင်ချီ... ဆရာလေး... တပည့်ရဲ့ အရိုအသေကို လက်ခံပေးပါ။"
"ငါက တပည့်လက်မခံဘူး...။ အခါတစ်ရာ ဦးချလည်း အလကားပဲ။"
"ဒါဆိုရင် အဲ့ဒီနေ့က ဓားသိုင်းပညာကို သင်ပေးပါလား... ဟင်။"
"မင်းရဲ့ ပါရမီနဲ့ဆို ဓားစိတ်ဆန္ဒကို နားလည်ဖို့က အချိန်တစ်ခုပဲ လိုတော့တာ။ ငါ့သင်ကြားမှု မလိုအပ်ပါဘူး။"
"မဟုတ်ဘူး... မတူဘူး။"
"ခင်ဗျားရဲ့ဓားက ကျွန်တော် မြင်ဖူးသမျှထဲမှာ ဘယ်ဓားနဲ့မှ မတူဘူး။"
ဝတုတ်လေး၏ မျက်လုံးများထဲမှ ခိုင်မာသော အရိပ်အယောင်ကို မြင်လိုက်ရသောအခါ နင်ချီ အနည်းငယ် အံ့အားသင့်သွားသည်။
သူ အသုံးပြုခဲ့သည်မှာ ‘အသင်္ချေဖြစ်ရပ်ဆန်းကြယ်လက်သီးကွက်’ ဖြစ်၏။
ထိုဓားကွက်တွင် ဓားစိတ်ဆန္ဒသာမက အခြားအရာများပါ ရောယှက်နေသည်။ နတ်ဘုရားဓားသခင် အဘိုးကြီးပင် မမြင်နိုင်ခဲ့သည်ကို ဒီဝတုတ်လေးက မြင်သွားသည်တဲ့လား။
ဒီမူလဓားအရိုးကတော့ တကယ်ကို ထူးခြားတာပဲ။
"ဘယ်လို မတူတာလဲ။"
နင်ချီ စိတ်ဝင်စားသွား၏။
"အရမ်းမိုက်တယ်...။ သေလောက်အောင်ကို မိုက်တာ။"
ကျွမ်းချန်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။
"ကျွန်တော့်ဆရာရဲ့ ဓားတောင် ခင်ဗျား ဓားလောက် မမိုက်ဘူး။"
သူက နင်ချီ၏ ဓားသည် အံ့ဩဖွယ်ကောင်းကြောင်းကို စိတ်ထဲမှ ခံစားမိနေသော်လည်း ၎င်း၏ ကြီးကျယ်မှုကို ဘယ်လို ဖော်ပြရမည်ကို မပြောတတ်ခဲ့ပေ။
နင်ချီ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။
‘အမြင်တော့ ရှိသားပဲ...။ ဒါပေမယ့်
အဲ့လောက်ကြီးတော့လည်း မဟုတ်သေးပါဘူး။’
မည်သို့ပင် ဖြစ်စေ သူ၏ ဓားသိုင်းပညာကို တစ်စုံတစ်ယောက်က တန်ဖိုးထားခြင်းသည် အတော်လေး ကျေနပ်စရာကောင်းပါသည်။
နင်ချီက ပြုံးရင်း ဝတုတ်လေးကို ကြည့်လိုက်၏။
"ငါက တပည့် လက်မခံဘူး။ ဖြစ်ကတတ်ဆန်းလည်း မသင်ပေးဘူး။"
ဝတုတ်လေးသည် ဉာဏ်အလင်းရသွားဟန်ဖြင့် ရုတ်တရက် အတွေး တစ်ခု ရသွား၏။ သူက ပရိယာယ် ကြွယ်ဝစွာ ရှေ့သို့ တိုးကပ်လာပြီး ဆိုလိုက်သည်။
"နင်ချီ...ကျွန်တော် ခင်ဗျားကို ပြိုင်ဘက်ကင်း လျှို့ဝှက်ကျင့်စဉ် တစ်ခု ပြောပြမယ်ဆိုရင်ရော ဘယ်လိုလဲ... အဲ့ဒီနေ့က ဓားသိုင်းပညာကို အလဲအထပ်အနေနဲ့ သင်ပေးမှာလား။”