မက်မောစွာ အိပ်မက်မက်ခြင်း၊ နတ်ဘုရားဓားသခင် တောင်မှဆင်းခြင်း
Vol. 3 Ch. 33
~နင်ချီ၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွားသည်။
"နတ်ဘုရားဓားဂိုဏ်းရဲ့ လျှို့ဝှက်ကျင့်စဉ်လား။"
ဝတုတ်လေးက ကြက်ကလေး အစာကောက်သလို ခေါင်းကို အဆက်မပြတ် ညိတ်ပြ၏။
"ဒါပေါ့ဗျာ။"
"နင်ချီ... ကျွန်တော် ပြောပြမယ်။ ကျွန်တော့်မှာ ဝါသနာသုံးခုရှိတယ်။"
"ဘာတွေလဲ။"
"ကျွန်တော်က ဓားကျင့်တာကို အကြိုက်ဆုံးပဲ။ ပြီးရင် စားတာ၊ တတိယက အိပ်တာ။ စားတာနဲ့ အိပ်တာကလေ... ကျွန်တော်ကျင့်နေတဲ့ လျှို့ဝှက်ကျင့်စဉ်ကြောင့် ဖြစ်နေတာ။"
ကျွမ်းချန်၏ မျက်နှာအမူအရာသည် ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေလေသည်။
နင်ချီမှာတော့ အတော်လေးကို စိတ်ဝင်စားသွားတော့၏။
ထမင်းစားနေစဉ်က ဝတုတ်လေး အငမ်းမရ စားနေသည်ကို သူ မြင်ခဲ့သည်။ သို့သော် သူက ဒါကို ဝတုတ်လေး၏ မွေးရာပါအပြုအမူဟုသာ ထင်ခဲ့၏။ ယခုတော့ အခြေအနေက ကွဲပြားနေပုံရသည်။
"ဒီလျှို့ဝှက်ကျင့်စဉ်ကို ‘မက်မောစွာ အိပ်မက်မက်ခြင်း’ လို့ခေါ်တယ်။"
"လောကကို မျိုချသူ တာအိုထျယ်လိုပဲ အရာအားလုံးရဲ့ အနှစ်သာရကို စုပ်ယူတယ်။ ပြီးတော့ အိပ်စက်ခြင်းနဲ့ အိပ်မက်တွေထဲမှာ ကိုယ်ပိုင်အသုံးပြုဖို့ ပြောင်းလဲပစ်တယ်..."
[တာအိုထျယ် (Taotie - 饕餮) ဆိုတာ တရုတ်ရှေးဟောင်း ဒဏ္ဍာရီတွေထဲက လောဘကြီးပြီး အစားအသောက် အလွန်အမင်း မက်မောတဲ့ သားရဲတစ်ကောင် ဖြစ်ပါတယ်။ သူ့ရဲ့ အဓိက ပုံစံက မျက်လုံးပြူးပြူး၊ ပါးစပ်အဟောင်းသားနဲ့ ခန္ဓာကိုယ်မပါဘဲ ခေါင်းတစ်ခုတည်းပုံစံမျိုးနဲ့ တွေ့ရတတ်တယ်။ သူဟာ ကမ္ဘာလောကမှာရှိတဲ့ အရာအားလုံးကို အငမ်းမရ ဝါးမျိုစားသုံးတတ်ပြီး ဘယ်တော့မှ ဗိုက်မပြည့်၊ အားမရနိုင်ဘူးလို့ ဆိုကြပါတယ်။
* ကောင်းကင်နဲ့ မြေကြီးကို ဝါးမျိုခြင်း: ဒါက စကားအပိုပြောတာမျိုး ဖြစ်ပေမဲ့၊ သူ့ရဲ့ စွမ်းအားက သာမန်အရာတွေကို စားသုံးတာထက် အများကြီး ပိုမြင့်မားတယ်ဆိုတာကို ပြပါတယ်။ သူဟာ သက်ရှိတွေရဲ့ သက်စောင့်စွမ်းအင်၊ သဘာဝလောကရဲ့ ချီစွမ်းအင်၊ ပြိုင်ဘက်တွေရဲ့ ကျင့်ကြံစွမ်းအင်၊ ဒါမှမဟုတ် တန်ခိုးပြင်းတဲ့ ဆေးပင်တွေနဲ့ လက်နက်တွေရဲ့ အနှစ်သာရကိုတောင်မှ တိုက်ရိုက်စုပ်ယူ ဝါးမျိုနိုင်ပါတယ်။
*တခြားသူတွေက မစားမသောက်ဘဲ တရားထိုင် ကျင့်ကြံနေရတဲ့အချိန်မှာ၊ တာအိုထျယ်ကတော့ အိပ်နေရင်းနဲ့တောင် သူ့ခန္ဓာကိုယ်က အလိုအလျောက် ပတ်ဝန်းကျင်က စွမ်းအင်တွေကို စုပ်ယူပြီး ကျင့်ကြံနေပါတယ်။]
ကျွမ်းချန်၏ နုနယ်သောအသံက စတင်ထွက်ပေါ်လာသည်။
စာကြောင်းတစ်ကြောင်းချင်းစီကို ဖြည်းညင်းစွာ ပြောပြနေရင်း နင်ချီ၏ မျက်လုံးများသည် တစ်မိနစ်ပြီးတစ်မိနစ် ပို၍ အံ့ဩမှုများဖြင့် ပြည့်နှက်လာတော့၏။
‘ဒီ ‘မက်မောစွာ အိပ်မက်မက်ခြင်း’ လျှို့ဝှက်ကျင့်စဉ်က မရိုးရှင်းပါလား။’
ကျွမ်းချန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် နင်ချီသည် ၎င်း၏ နက်နဲမှုနှင့် တီထွင်ဖန်တီးနိုင်စွမ်းကို အသစ်အဆန်းဖြစ်ကာ လန်းဆန်းသွားသည်ဟု ခံစားလိုက်ရ၏။
ဒါက ခန္ဓာကျင့်စဉ်နှင့် အားဆင့်ခြင်းသိုင်း
စွမ်းရည်တို့နှင့် သီးခြားဖြစ်သော နည်းစနစ်တစ်ခု ဖြစ်သော်လည်း ထိုကျင့်ကြံခြင်း နည်းစနစ်များကို အထောက်အကူပြုပြီး အားဖြည့်ပေးနိုင်လေသည်။
ထို့ကြောင့် ကျင့်ကြံခြင်း၏ တိုးတက်မှုကို အရှိန်မြှင့်တင်ပေးနိုင်၏။
အစားအစာ အမြောက်အမြား သို့မဟုတ် အခြားတန်ဖိုးကြီး ရတနာများကို စားသုံးခြင်းဖြင့်
၎င်းတို့၏ အနှစ်သာရကို ထုတ်ယူနိုင်ပြီး အိပ်စက်နေစဉ်အတွင်း ထူးခြားသော အခြေအနေ တစ်ခု၌ ၎င်းတို့ကို ချေဖျက်နိုင်သည်။
ဤနည်းစနစ်ကို ဖန်တီးခဲ့သူသည် အတော်လေး ပါရမီရှိကြောင်းကိုတော့ ငြင်းဆိုဖွယ်မရှိပါချေ။
"နင်ချီ... ဒီ ‘မက်မောစွာ အိပ်မက်မက်ခြင်း’ က တကယ်ကို အစွမ်းထက်တာဗျ။ ကျွန်တော် ပြောပြမယ်။ ကျွန်တော် အကြောသန့်စင်ခြင်း နယ်ပယ်ကို ဒီလောက် မြန်မြန်ရောက်နိုင်တာက တစ်စိတ်တစ်ပိုင်းအားဖြင့် ဒီလျှို့ဝှက်ကျင့်စဉ်ကြောင့်ပဲ။"
"ကျွန်တော့်ဆရာက ပြောတယ်။ ဒီလျှို့ဝှက်ကျင့်စဉ်သာ အဆင့်မြင့်မြင့်ကို ရောက်သွားရင် သံတုံးတွေ၊ ကျောက်သလင်းခဲတွေလို ရတနာတွေကိုတောင် စားသုံးနိုင်ပြီး ခန္ဓာကိုယ်နဲ့ အတွင်းအားမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်တယ်တဲ့။ အရမ်းကို အစွမ်းထက်တာ။ ဒါပေမဲ့ ကံဆိုးတာက ကျွန်တော်က အစားအစာပဲ စားနိုင်သေးတာ။"
"ကျွန်တော့်ကို မလည်ဘူးလို့တော့ မထင်နဲ့နော်။ နတ်ဘုရားဓားဂိုဏ်းမှာ ဒီလျှို့ဝှက်ကျင့်စဉ်ကို ကျွမ်းကျင်တာ ကျွန်တော်တစ်ယောက်ပဲ ရှိတယ်။ ကျွန်တော့်ဆရာတောင် မသင်ရသေးဘူး။"
ဝတုတ်လေးက သူ၏ရင်ဘတ်ကို ဂုဏ်ယူစွာ ကော့လိုက်သော်လည်း ထို့နောက် အနည်းငယ် အပြစ်ရှိသလို ခံစားသွားရပုံပေါ်သည်။
"ဒါပေမဲ့ နင်ချီ စိတ်မပူပါနဲ့။ ခင်ဗျားက ဒီလောက်တော်တာပဲ။ သေချာပေါက် သင်ယူနိုင်မှာပါ။"
နင်ချီ တိတ်ဆိတ်နေသည်ကို မြင်တော့ ဝတုတ်လေး စိုးရိမ်လာသည်။
"နင်ချီ... ကျွန်တော် ခင်ဗျားကို လျှို့ဝှက်ကျင့်စဉ် ပြောပြပြီးပြီနော်။ ခင်ဗျားအနေနဲ့ ကျွန်တော့်ကို ဓားသိုင်းပညာ မသင်ပေးတော့ဘူးလို့တော့ မလုပ်ဘူးမလား။"
သူသည် နင်ချီကို တမင်တကာ လိမ်လည်လှည့်ဖြားရန် ကြိုးစားနေခြင်း မဟုတ်ပေ။ သူက ‘မက်မောစွာ အိပ်မက်မက်ခြင်း’ ၏ ခက်ခဲမှုကို မေ့လျော့သွားခြင်းသာ ဖြစ်၏။ စကားပြောနေရင်းမှ ရုတ်တရက် သတိရလာပြီး နင်ချီက
မသင်ယူနိုင်ဘဲ သူ့ကို ဓားသိုင်းပညာ မသင်ပေးတော့မည်ကို ကြောက်ရွံ့သွားခြင်း ဖြစ်သည်။
နင်ချီက သတိပြန်ဝင်လာပြီး ပြုံးလိုက်သည်။
‘ဒီဝတုတ်လေးကတော့ နည်းနည်းတော့ ကလည်ကျသားပဲ...။ ဒါပေမဲ့ အများကြီးတော့လည်း မဟုတ်ပါဘူး။’
လူအများစုအတွက်တော့ ဤလျှို့ဝှက်ကျင့်စဉ်ကို ကျွမ်းကျင်ရန် အလွန်ခက်ခဲပြီး အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံ လိုအပ်နိုင်ပေသည်။
သို့သော် နင်ချီအတွက်တော့...။
လွယ်ပါသည်။
သူသည် ၎င်း၏ အနှစ်သာရကို အပြည့်အဝ ထုတ်ယူနိုင်ပြီး သူ့အတွက် သင့်တော်သော နည်းစနစ်တစ်ခုကို ပြည့်စုံအောင် ဖန်တီးနိုင်သည်။
သူ့အတွက် အရေးကြီးသော အရာများမှာ အယူအဆနှင့် ဉာဏ်အလင်းပင် ဖြစ်၏။
သို့ရာတွင် အသင့်ပြင်ဆင်ပြီးသော လမ်းကြောင်းတစ်ခုရှိခြင်းကလည်း အချိန်များစွာကို သက်သာစေပါသည်။
မမျှော်လင့်ဘဲ ကျွမ်းချန်က သူ့အတွက် ဤသို့သော အံ့အားသင့်စရာကို ယူဆောင်လာခဲ့သည်။
အတွေးအခေါ်များနှင့် ဉာဏ်အလင်းများသည် သူ၏စိတ်ထဲတွင် အဆက်မပြတ် ပေါ်ထွက်နေခဲ့၏။
သို့သော်လည်း နင်ချီသည် သူ့ကို အနိုင်ကျင့်ခြင်း သို့မဟုတ် အခွင့်အရေးယူခြင်းမျိုးကို သဘာဝအတိုင်းပင် ပြုလုပ်မည်မဟုတ်ပါ။
"စိတ်ချပါ...။ ငါ မင်းကို သင်ပေးမယ်လို့ ပြောထားရင် သင်ပေးမှာပါ။"
ကျွမ်းချန်က ထပ်ခါထပ်ခါ ခေါင်းညိတ်ရင်း မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ထင်ဟပ်လာသည်။
"ဒါဆို ကျွန်တော် ခင်ဗျားကို နောက်ထပ် အခေါက်အနည်းငယ်လောက် ထပ်ပြောပြမယ်။ ဒါမှ ခင်ဗျား မမေ့တော့မှာ။"
"မလိုပါဘူး။ ငါ အကုန်လုံး မှတ်မိသွားပြီ။"
ကျွမ်းချန်က ချက်ချင်းပင် သူ့ခေါင်းသူ ကုတ်လိုက်သည်။
"နင်ချီ... ခင်ဗျားက တော်တော်တော်တာပဲ။ ကျွန်တော် ဒီလျှို့ဝှက်ကျင့်စဉ်ကို စသင်တုန်းက မှတ်မိဖို့ အချိန်အကြာကြီး ယူခဲ့ရတာ။ ရှင်ကတော့ ဒီလောက်မြန်မြန်ကြီး ရသွားတယ်။"
သို့သော် သူ ထပ်ပြီးတော့ မစဉ်းစားတော့ပေ။
သူက နင်ချီ ဘယ်လောက်ပဲမြန်မြန် လျှို့ဝှက်ကျင့်စဉ်ကို အခုချက်ချင်း ကျွမ်းကျင်သွားမည်မဟုတ်ဟု ယုံကြည်သည်။
နင်ချီက အနည်းငယ်ပြုံးလိုက်ပြီး နောက်ထပ်ရှင်းပြခြင်းမျိုး မပြုတော့ပေ။
"မင်း သေသေချာချာရပ်ပြီး ဓားသိုင်းကို ငါကြည့်ဖို့ ကျင့်ပြစမ်း။"
လျှို့ဝှက်သိုင်းကွက်ကို ရရှိပြီးဖြစ်၍ သူ့ကို ကောင်းစွာသင်ကြားပေးရန်မှာ တာဝန်ဖြစ်၏။ နင်ချီသည် ဖြစ်ကတတ်ဆန်း လုပ်မည့်သူ မဟုတ်ပါ။
သူ၏ မျက်နှာအမူအရာက တည်ငြိမ်နေသော်လည်း အမိန့်အာဏာ၏ အရိပ်အယောင်တစ်ခု ပါဝင်နေသည်။
မူလက အနည်းငယ် ကစားချင်စိတ်ရှိနေသော ကျွမ်းချန်မှာ ထိတ်လန့်သွားပြီး သူ၏မျက်နှာတွင် ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခု အလိုလို ပေါ်လာခဲ့သည်။ နင်ချီထံမှ သူ့ဆရာသမား၏ အရိပ်ကို မြင်လိုက်ရသလိုပင်။
နတ်ဘုရားဓားဂိုဏ်းတွင် နတ်ဘုရားဓားသခင်
အဘိုးကြီးက သိုင်းပညာသင်ကြားပေးသည့်အခါတွင်သာ သူသည် အနည်းငယ် ကြောက်ရွံ့မှုကို ခံစားရလေ့ရှိသည်။
"ဟုတ်ကဲ့။"
ဝတုတ်လေးက ရိုသေစွာ တုံ့ပြန်လိုက်ပြီး အသက်ကို ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူ၏ကျောပေါ်မှ သစ်သားဓားကို ဖြည်းညင်းစွာ ထုတ်ယူလိုက်သည်။
သူ၏မျက်လုံးများသည် ရုတ်တရက် စူးရှသွား၏။
"ဟိုက်ယား" ဟူသော အော်သံလေးနှင့်အတူ ကျွမ်းချန်၏ ဝတုတ်ခန္ဓာကိုယ်လေးသည် ပေါ့ပါးသွက်လက်သွားသည်။ သူ ဓားကိုဝှေ့ယမ်းကာ ခုတ်ပိုင်းလိုက်၏။ နက်နဲလှသော ဓားသိုင်းပညာရပ်တစ်ခုက အားစိုက်ထုတ်စရာမလိုဘဲ ပေါ်ထွက်လာသည်။
ကျွမ်းချန်သည် ဘာကိုမှ ချန်မထားဘဲ ခွန်အား အစွမ်းကုန် ထုတ်သုံးလိုက်လေသည်။
'တာအိုရှာဖွေခြင်း ကျောင်းတော်' အတွင်း၌ ဓားရိပ်များ ဝေ့ဝဲနေသည်။ ကြွေကျနေသော သစ်ရွက်များကို လှဲကျင်းသွားသည်။ ရံဖန်ရံခါ ဓားအလင်းတန်းတစ်ခု လက်ခနဲပေါ်လာပြီးနောက် သစ်ရွက်တစ်ရွက်ကို နှစ်ခြမ်းတိတိ ခွဲခြမ်းသွား၏။ ဓားသိုင်းပညာအပေါ် သူ၏ခိုင်မာသော ထိန်းချုပ်မှုကို ပြသနေသည်။
ဤအဆင့်ကို ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ခန့် လေ့ကျင့်ထားသော ဓားသမားများစွာပင်
မရောက်ရှိနိုင်ပေ။
ကျွမ်းချန်၏ ဓားချက်သည် တစ်ခါတစ်ရံ ကြွေကျနေသော သစ်ရွက်ကဲ့သို့ ပေါ့ပါးစွာ ဝေ့ဝဲနေပြီး တစ်ခါတစ်ရံတွင် တောင်တစ်လုံးကဲ့သို့ ဖိနှိပ်ဖိစီးသည်။ ပေါ့ပါးခြင်းနှင့် လေးလံခြင်းကို စိတ်ကြိုက်ထိန်းချုပ်နိုင်၏။ နောက်ဆုံးတွင် ဓားသံကိုသာ ကြားရပြီး လူကိုမမြင်ရတော့။ လူက တကယ်ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ လက်ရာမြောက်လှသော ဓားသိုင်းပညာက လူ၏တည်ရှိမှုကို လျစ်လျူရှုသွားစေခြင်းသာ ဖြစ်လေသည်။
...‘လူနှင့်ဓား တစ်ထပ်တည်းကျခြင်း’ နယ်ပယ်က ပိုပြီးတော့ သန့်စင်လာပါလား။ ကျွမ်းချန်က ရက်အနည်းငယ်အတွင်းမှာပဲ အနည်းငယ် တိုးတက်လာခဲ့တယ်။ မူလဓားအရိုးမှာ ဘယ်လိုလျှို့ဝှက်ချက်တွေများ ရှိနေပါလိမ့်။...
နင်ချီ၏ မျက်လုံးများတွင် စူးစမ်းလိုစိတ်များ အရောင်လက်သွားသည်။ သူပင်လျှင် ဒီဝတုတ်လေးကို ပိုင်းခြားလေ့လာကြည့်ရန် စဉ်းစားမိသွား၏။ အကယ်၍ သူသာ မူလဓားအရိုး၏ လျှို့ဝှက်ချက်များကို အနီးကပ်လေ့လာနိုင်ခဲ့လျှင် မယုံနိုင်စရာ ဉာဏ်အလင်းများကို ရရှိနိုင်ပေမည်။
ဒါပေါ့... ဒါက အတွေးသက်သက်ပါပဲ။
သူက အဲ့ဒီလိုလူစားမျိုးမှ မဟုတ်တာ။
သူမသိလိုက်သည်မှာ ကျွမ်းချန်က ရပ်တန့်သွားခဲ့ပြီဖြစ်သည်။ သူက နင်ချီ၏ စူးစိုက်ကြည့်နေသော အကြည့်ကိုမြင်ပြီး တစ်ကိုယ်လုံး အေးစက်သွားကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဆိုလိုက်သည်။
"နင်ချီ... ခုနက ကျွန်တော့်ဓားသိုင်းမှာ တစ်ခုခုများ မှားနေလို့လား။"
နင်ချီက သတိပြန်ဝင်လာပြီး ပြုံးလိုက်သည်။
"ဟင့်အင်း ၊ တော်တော်လေး အထင်ကြီးစရာကောင်းပါတယ်။"
သူ၏စူးရှသော အမြင်ဖြင့် ကြည့်လျှင် ဝတုတ်လေးသည် စိုးမိုးကြီးစိုးသော လမ်းစဉ်ကို လိုက်နေကြောင်း မြင်ရမခက်ပေ။
စိုးမိုးကြီးစိုးသော ဓားစိတ်ဆန္ဒသည် အမှန်ပင် အစွမ်းထက်သော ဓားစိတ်ဆန္ဒ အမျိုးအစားတစ်ခု ဖြစ်သည်။
ဝတုတ်လေးက သူ၏ဓားသိုင်းပညာကို အဘယ့်ကြောင့် သင်ယူချင်နေသည်ကို နင်ချီ အကြမ်းဖျင်းနားလည်သွား၏။
အကြောင်းမှာ နင်ချီသည် ဓားစိတ်ဆန္ဒ
တစ်မျိုးထက်မက ကျွမ်းကျင်သောကြောင့် ဖြစ်သည်။ ထိုနေ့က သာမန် တိုက်ကွက် တစ်ခုသည် အမှန်တကယ်တွင် ဓားစိတ်ဆန္ဒများစွာ ပေါင်းစပ်ထားခြင်း ဖြစ်လေသည်။