မက်မောစွာ အိပ်မက်မက်ခြင်း၊ နတ်ဘုရားဓားသခင် တောင်မှဆင်းခြင်း
Vol. 3 Ch. 35
~ဝတုတ်လေး၏ ပါရမီနှင့်သာဆိုလျှင် ကြားတွင် မတော်တဆမှုများ မရှိခဲ့ပါက သူသည် အနည်းဆုံးတော့ ကောင်းကင်ဘုံ လူသားနယ်ပယ်သို့ ရောက်ရှိမည်ဖြစ်ပြီး ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်ပေလိမ့်မည်။ အနာဂတ်တွင် သူ့ကို တွေ့ဆုံရန် အခွင့်အရေးများစွာ ရှိဦးမည်ဖြစ်ရာ ယခုအချိန်တွင် အရေးတကြီး တွေးတောနေစရာ မလိုတော့ပါ။
သူ၏အကြည့်သည် လက်ထဲမှ သိုးရေချပ် ပေလိပ်ထံသို့ ပြန်လည်ရောက်ရှိသွား၏။
"ရေခဲပိုးမျှင်အားကျမ်း... ပိုးအိမ်ဖွဲ့ဖောက်ထွက်ခြင်းနဲ့ ပြန်လည်မွေးဖွားခြင်း ကိုးကြိမ်... ဒါဆိုရင် အားဆင့်ခြင်း ကိုးဆင့်ပေါ့။ အရည်အသွေးပြောင်းလဲမှု တစ်ခုချင်းစီက သေချာပေါက် အလွန်ပြည့်စုံပေမဲ့ ပိုးအိမ်ဖွဲ့ဖောက်ထွက်ခြင်းနဲ့ ပြန်လည်မွေးဖွားခြင်းကို ရောက်ဖို့ဆိုတာက ပြောသလောက် မလွယ်ဘူး။ တစ်ကြိမ်စီတိုင်းမှာ ဒုက္ခအခက်အခဲတွေကို ခံနိုင်ရည်ရှိဖို့ လိုတယ်။ ဖြစ်နိုင်ရင်တော့ တခြားနည်းလမ်းတစ်ခုကို စဉ်းစားကြည့်သင့်တယ်..."
နင်ချီ၏ စိတ်ထဲတွင် ဝိညာဉ်အလင်းတန်းများ ဖျပ်ခနဲ ဖျပ်ခနဲ ဖြတ်ပြေးသွားကြသည်။
ထိုအချိန်မှာပင် အစစ်အမှန်သိုင်းတောင်၏ အပြင်ဘက်၌...
နတ်ဘုရားဓားသခင်အဘိုးကြီးနှင့် တာအိုဆရာလုံရှန်းတို့သည်လည်း နှုတ်ဆက်နေကြလေသည်။
"ဒီတစ်ကြိမ်တော့ မင်းအပေါ် ငါအကြွေးတင်သွားပြီ။"
နတ်ဘုရားဓားသခင်အဘိုးကြီးက ရှားရှားပါးပါး ဆိုလိုက်၏။
သူတို့နှစ်ဦးသည် ကောင်းကင်ဘုံ လူသား နယ်ပယ်၏ လျှို့ဝှက်ချက်များကို အတူတကွ စူးစမ်းရှာဖွေခဲ့ကြသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင်မူ တာအိုဆရာလုံရှန်းကသာ အဓိကမျှဝေပေးခဲ့ပြီး နတ်ဘုရားဓားသခင်အဘိုးကြီးက ရံဖန်ရံခါ ကွဲပြားသော ထိုးထွင်းဉာဏ်အချို့ကိုသာ ကမ်းလှမ်းနိုင်ခဲ့သည်။
ဤအရာများဖြင့် နတ်ဘုရားဓားသခင်
အဘိုးကြီးသည် ကောင်းကင်ဘုံ
လူသား နယ်ပယ်သို့ ချက်ချင်း အဆင့်ချိုးဖြတ်နိုင်မည်ဟု အာမမခံနိုင်သော်လည်း အနည်းဆုံးတော့ မျှော်လင့်ချက် အချို့ ရရှိခဲ့ပြီး ရှေ့ဆက်ရမည့် လမ်းကို မြင်တွေ့သွားခဲ့သည်။
တာအိုဆရာလုံရှန်းက အားရပါးရ ရယ်မောလိုက်၏။
"ဟဲဟဲ..နတ်ဘုရားဓား အစ်ကိုကြီးဆီက ဒီလိုစကားမျိုး ကြားရတာ ရှားသားပဲ။"
ထိုအခါ နတ်ဘုရားဓားသခင်အဘိုးကြီးက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် တစ်ဖက်သို့ လှည့်သွားပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။
"လုံရှန်း... ငါ မင်းကို အကြွေးတင်လို့ အလျှော့ပေးမယ်လို့တော့ မထင်နဲ့။ နောက်ဆယ်နှစ် ချိန်းဆိုထားတာကို ပေါ့ပေါ့ဆဆ မလုပ်နဲ့ဦး။ မဟုတ်ရင် ငါ့တပည့်တွေ မင်းကို တံမြက်စည်းနဲ့ လှဲသွားမှာ စိုးရိမ်နေရမယ်နော်…"
တာအိုဆရာလုံရှန်းကမူ ပြုံးရုံသာ ပြုံးနေခဲ့သည်။
ဤသို့ပြောပြီးနောက် နတ်ဘုရားဓားသခင်
အဘိုးကြီးသည်လည်း အသံကျယ်စွာ ရယ်မောလိုက်တော့သည်။
"ငါ သွားပြီ။ ဆယ်နှစ်ကြာမှ ပြန်တွေ့ကြတာပေါ့။"
နတ်ဘုရားဓားဂိုဏ်းမှ အဖွဲ့ဝင်များသည်လည်း တာအိုဆရာ လုံရှန်းကို ဓားဖြင့် အရိုအသေပြုလိုက်ကြပြီးနောက် ဓားလို ထက်ရှသော ခြေလှမ်းများဖြင့် လျင်မြန်စွာ ထွက်ခွာသွားကြလေ၏။
ခရီးလမ်းတစ်လျှောက်တွင်…
ဝတုတ်လေးသည် စိတ်မပါလက်မပါ ဖြစ်နေပြီး စကားပြောချင်သော်လည်း ချုပ်တည်းထားရသည်မှာ အကြိမ်ကြိမ်ပင်။
သူ၏ အငယ်ဆုံး တပည့်လေး ဤသို့ ဖြစ်နေသည်ကို မြင်သောအခါ နတ်ဘုရားဓားသခင် အဘိုးကြီး၏ စိတ်ထဲတွင် အလိုအလျောက် နာကျင်မှုကို ခံစားရသည်။ သူက ကျွမ်းချန်ကို ရှေ့သို့ ဆွဲခေါ်လိုက်ပြီး အခြား တပည့်များ မမြင်နိုင်သည့်
နေရာ ရောက်မှ ကြင်နာစွာ မေးလိုက်၏။
"ချန်အာ.. မင်း ဆရာ့ကို ပြောစရာ တစ်ခုခု ရှိနေလို့လား။"
ကျွမ်းချန်က သတိကြီးစွာဖြင့် ဆိုလိုက်သည်။
"ကျွန်တော် ပြောပြရင် ဆရာက ကျွန်တော့်ကို မရိုက်ဘူးလို့ ကတိပေးမှာလား။"
နတ်ဘုရားဓားသခင်အဘိုးကြီး၏ ရင်ထဲတွင် အေးခနဲဖြစ်သွား၏။ သူ အသက်ကို ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ပြုံးကာ ဆိုလိုက်သည်။
"ပြောသာပြောပါ။"
"ကျွန်တော်... ကျွန်တော် နင်ချီ့ကို ‘မက်မောစွာ အိပ်မက်မက်ခြင်း’ သိုင်းကွက်ကို သင်ပေးလိုက်တယ်။"
ဝတုတ်လေးက သူ၏သတ္တိကို မွေးကာ ဆိုလိုက်သည်။
နတ်ဘုရားဓားသခင်အဘိုးကြီးသည် နေရာမှာပင် မှင်သက်မိကာ ကြက်သေသေသွားတော့၏။
သူ၏တပည့်ငယ်လေးသည် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း အစစ်အမှန်သိုင်းဂိုဏ်းမှ ထိုပါရမီရှင်နှင့် ဆော့ကစားနေခဲ့သည်ကို သူ သိသည်။
သို့သော် သူ၏မလည်ဝယ်ရှာသော တပည့်လေးက ပြိုင်ဘက်ကင်းလျှို့ဝှက်သိုင်းကွက်ကို လက်လွှဲပေးလိုက်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။ သို့ရာတွင် သူသည် ဒေါသမထွက်ဘဲ စိတ်ထဲတွင် ခံစားချက်များ ရောထွေးနေခဲ့သည်။
‘လုံရှန်းက ငါ့ကို ကောင်းကင်ဘုံ လူသားရဲ့ လျှို့ဝှက်ချက်တွေ မျှဝေပေးခဲ့တယ်။ ချန်ကတော့ နင်ချီ့ကို ‘မက်မောစွာ အိပ်မက်မက်ခြင်း’ သိုင်းကွက်ကို မျှဝေပေးခဲ့တယ်။ ဒါကများ ရေစက်လို့ ခေါ်လေမလား။’
သူသည် အခြေအနေကို အနည်းငယ် အံ့ဩဖွယ်ကောင်းသည်ဟု တွေ့ရှိလိုက်သည်။
သူ၏ဆရာသမား အချိန်အတော်ကြာ တိတ်ဆိတ်နေသည်ကို သတိပြုမိသောအခါ ကျွမ်းချန်က ဆရာ ဒေါသထွက်နေသည်ဟု စိုးရိမ်ကာ ကပျာကယာ ဆိုလိုက်သည်။
"ဆရာသမား... စိတ်မဆိုးပါနဲ့။ နင်ချီက ကျွန်တော့်ရဲ့ လျှို့ဝှက်သိုင်းကွက်ကို အလကားယူသွားတာ မဟုတ်ပါဘူး။ သူက ကျွန်တော့်ကို ဓားသိုင်းကွက်တစ်ကွက် သင်ပေးခဲ့တယ်။"
နတ်ဘုရားဓားသခင်အဘိုးကြီး၏ စိတ်ဓာတ်သည် ချက်ချင်းပင် ပြန်လည်တက်ကြွလာခဲ့သည်။
ခဏအကြာတွင်…
ကျွမ်းချန် ဓားကိုဝှေ့ယမ်းနေသည်ကို ကြည့်ရင်း သူသည် ရုပ်တုတစ်ခုပမာ ဖြစ်သွားပြီး သူ၏အတွင်းစိတ်ထဲတွင် ခံစားချက်များ လှိုင်းတံပိုးကဲ့သို့ ထိုးတက်လာခဲ့သည်။
‘ရက်အနည်းငယ်အတွင်းမှာပဲ ချန်အာက ဓားစိတ်ဆန္ဒကို စပြီး မြင်တွေ့နေပြီတဲ့လား။’
ထိုတစ်ခဏအတွင်းမှာပင်…
အစစ်အမှန်သိုင်းဂိုဏ်း၏ ကိုးယောက်မြောက် အမွေဆက်ခံသူသည် သူထင်ထားသည်ထက် အဆပေါင်းများစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းသူ ဖြစ်နိုင်ကြောင်း သူ သိရှိနားလည်သွားခဲ့သည်။
"လုံရှန်း... မင်း တကယ်ကို ထူးခြားတဲ့ တပည့်တစ်ယောက် လက်ခံထားနိုင်ခဲ့ပါလား။"
သူက တမ်းတမ်းတတ သက်ပြင်းချလိုက်ပြီး အနည်းငယ် မနာလိုဖြစ်မိသော်လည်း သူ၏ မိတ်ဆွေဟောင်းအတွက် ပျော်ရွှင်မိပြန်သည်။
မကြာမီတွင် သူသည် ကျွမ်းချန်၏ ဦးခေါင်းထိပ်ကို လေးနက်စွာ ပုတ်လိုက်ပြီး တင်းမာစွာ ဆိုလိုက်သည်။
"ချန်အာ... အခုချိန်ကစပြီး ဒီဓားသိုင်းပညာကို နင်ချီ သင်ပေးခဲ့တာလို့ တခြားသူတွေကို မပြောရဘူး။ တစ်ယောက်ယောက်က မေးလာရင် ငါ သင်ပေးခဲ့တာလို့ ပြော... နားလည်လား။"
ကျွမ်းချန်သည် သူ၏ဆရာသမားကို ဤမျှလေးနက်တည်ကြည်နေသည်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
သို့သော် သူက ရိုသေစွာ တုံ့ပြန်လိုက်သည်။
"ဟုတ်ကဲ့။ နားလည်ပါပြီ ဆရာ။"
နတ်ဘုရားဓားသခင်အဘိုးကြီးက ကျေနပ်စွာ ပြုံးလိုက်သည်။
‘တခြားသူတွေရဲ့တပည့်တွေ ဘယ်လောက်ပဲ သိုင်းလောကကို ခြောက်လှန့်နိုင်စွမ်းရှိရှိ၊ ကိုယ့်ရဲ့ မလည်မဝယ် တပည့်လေးကတော့ အကောင်းဆုံးပါပဲ။’
...
အချိန်သည် တိတ်ဆိတ်စွာ ကုန်ဆုံးသွားသည်။
နတ်ဘုရားဓားဂိုဏ်း ထွက်ခွာသွားသည်မှာ တစ်လခန့်ရှိပြီဖြစ်ပြီး အစစ်အမှန်သိုင်းဂိုဏ်းသည်လည်း တည်ငြိမ်အေးချမ်းမှုသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ထိုအချိန်တွင် နင်ချီ၏ ကိုယ်ပိုင်အားဆင့်ခြင်းသိုင်းစွမ်းရည် ဖန်တီးမှုသည် အရေးကြီးသော အခြေအနေတစ်ခုသို့ ရောက်ရှိနေခဲ့လေပြီ။