သွေးမိုးမျှော်စင်
Vol. 3 Ch. 39
~နင်ချီ၏ မျက်လုံးများ တုန်ခါသွားသည်။
ငါးနှစ်အကြာက သူသည် အချိန်ခရီးသွားလာခဲ့ပြီး ချက်ချင်းပင် အန္တရာယ်ရှိသော အခြေအနေတစ်ခုနှင့် ရင်ဆိုင်ခဲ့ရ၏။ အကယ်၍သာ သူ၏အပြည့်အဝနားလည်နိုင်စွမ်းကို မနိုးထနိုင်ခဲ့ပါက တာအိုဆရာလုံရှန်း မရောက်လာမီမှာပင် သူ နောက်တစ်ကြိမ် သေဆုံးသွားနိုင်ခဲ့သည်။
ထိုစဉ်က သူသည် အချို့အရာများကို ခံစားသိရှိနိုင်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ ပြီးပြည့်စုံလုံလောက်မှု မရှိခဲ့ဘဲ ဇာတ်လမ်းအစုံအလင်ကို သူ မသိခဲ့ပါချေ။
"မင်းက တောနက်ထဲကနေ ငါ ကောက်ရခဲ့တဲ့ မိဘမဲ့ တစ်ယောက် မဟုတ်ဘူး။ မင်း ရဲ့ မိဘတွေက နှင်းဆီးပန်းစံအိမ်က နင်ယဲ့နဲ့ ကျန်းရွှယ်မေ့တို့ပဲ။ သူတို့ကို လူဆိုးတွေက ဒုက္ခပေးခဲ့ကြပြီး ဆရာက မင်းကို မီးပင်လယ်ထဲကနေ ကယ်တင်ခဲ့တာ ပေါ့"
တာအိုဆရာလုံရှန်းက ဖြည်းညင်းစွာ ပြန်ပြောပြခဲ့သည်။
ထိုစဉ်က သူသည် နင်ချီကို ပြန်ခေါ်လာခဲ့ပြီး ထိုကလေးသည် တောနက်ထဲတွင် တွေ့ရှိခဲ့သော မိဘမဲ့တစ်ဦးဖြစ်ကြောင်း ဖွင့်ဟခဲ့၏။
နင်ချီ၏ မျက်နှာအမူအရာသည် လေးနက်နေသော်လည်း အလွန်အမင်း တုန်လှုပ်ခြောက်ခြားခြင်း မရှိသည်ကို မြင်သောအခါ သူ၏ စွဲကျန်နေသော သံသယတစ်ခုမှာ နောက်ဆုံးတွင် ဖြေရှင်းပြီး ဖြစ်သွားလေ၏။
"ဂျို... မင်းက တကယ်ကို မွေးရာပါ ဉာဏ်ပညာနဲ့ ပါလာတာပဲ။"
သူက လေးလံစွာ သက်ပြင်းချလိုက်ပါတော့သည်။
‘အဲ့ဒီတုန်းက မီးလောင်ပြင်ကို ငါရောက်သွားတဲ့အချိန်မှာ ကလေးရဲ့ငိုသံက ငါ့ကိုဆွဲဆောင်ဖို့ တမင်လုပ်ခဲ့တာများလားလို့ သူတွေးမိခဲ့ဖူးတယ်။’
ယခုတော့ ထိုသို့ဖြစ်ပုံရပါ၏။ သူ၏တပည့်သည် အမှန်ပင် မွေးရာပါဉာဏ်ပညာရှိပြီး အကောင်းအဆိုးကို ခွဲခြားသိမြင်နိုင်ခဲ့သည်။ သူ၏ ရှင်သန်လိုစိတ်ကပင် သူ့ကို ကယ်တင်မည့်သူကို စောင့်ဆိုင်းစေခဲ့ခြင်း ဖြစ်သည်။
နင်ချီက တိတ်တဆိတ် သဘောတူလိုက်သည်။
သူသည် တာအိုဆရာလုံရှန်းကို ပြည့်ပြည့်ဝဝ ယုံကြည်လေသည်။
"ဆရာ... တပည့် သိချင်တာက အဲ့ဒီတုန်းက တပည့်မိဘတွေကို သတ်ခဲ့တဲ့သူတွေက အတိအကျ ဘယ်သူတွေလဲဆိုတာပါပဲ။"
သူသိသည်မှာ 'သခင်ကြီးဖုန်း' တစ်ဦးအကြောင်းသာ ဖြစ်သည်။ သို့သော် ထိုသူမှာ အတိအကျ မည်သူဖြစ်ကြောင်းကိုလည်းကောင်း၊ နှင်းဆီးပန်းစံအိမ် ပျက်စီးရခြင်း၏ အကြောင်းရင်းများကိုလည်းကောင်း သူ မသိခဲ့ပေ။
တာအိုဆရာလုံရှန်းသည် အတိတ်ကို ပြန်လည်အမှတ်ရနေခဲ့သည်။
"လွန်ခဲ့တဲ့ ငါးနှစ်က မင်းမိဘတွေဆီကနေ မင်းမွေးနေ့ကို ဂုဏ်ပြုဖို့နဲ့ အရေးကြီးကိစ္စတွေ ဆွေးနွေးဖို့ ဖိတ်ကြားချက်တစ်ခု ငါရခဲ့တယ်။ မမျှော်လင့်ဘဲ ငါရောက်သွားတဲ့အခါ နှင်းဆီးပန်းစံအိမ်မှာ သက်ရှိတစ်ယောက်မှ မရှိတော့ဘဲ တရားခံတွေကလည်း ထွက်ပြေးသွားတာ ကြာပြီ။ ကံကောင်းတာက မင်းရဲ့ မူလချီက များပြားခဲ့လို့ မင်းကို ဒီလောက်အချိန်အကြာကြီး ကာကွယ်ပေးထားနိုင်ခဲ့တာကွယ့်"
"ဒီနှစ်တွေအတွင်းမှာ ဆရာက တိတ်တဆိတ် စုံစမ်းစစ်ဆေးနေခဲ့ပြီး နောက်ဆုံးတော့ တိုးတက်မှုအချို့ ရခဲ့တယ်။"
"တရားခံတွေက မကြာသေးခင်နှစ်တွေအတွင်း နာမည်ကြီးလာတဲ့ သွေးမိုးမျှော်စင်နဲ့ ဆက်စပ်နိုင်တယ်။ ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုက ဆက်လုပ်နေတုန်းပဲ။ တခြားသူတွေ ပါဝင်ခဲ့သလား၊ နှင်းဆီးပန်းစံအိမ် ဘာကြောင့် ပျက်စီးခဲ့ရသလဲဆိုတာကို ငါ အခုထိ မသိသေးဘူး။ မင်းအဖေပြောခဲ့တဲ့ အရေးကြီးကိစ္စနဲ့ ဆက်စပ်နေနိုင်တယ်လို့ပဲ ဆရာ မှန်းဆနိုင်တယ်။"
သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ပါဝင်နေခဲ့သည်။
နင်ချီ၏ မျက်လုံးများလည်း အနည်းငယ် ကျဉ်းမြောင်းသွား၏။
သူသည် တောင်အောက်သို့ လေ့ကျင့်ရန် ဆင်းသွားခဲ့သော စီနီယာအစ်ကိုအစ်မများထံမှ သွေးမိုးမျှော်စင်အကြောင်း ကြားဖူးခဲ့သည်။ ၎င်းသည် အလွန်အစွမ်းထက်သော လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ လေ၊ မိုး၊ မိုးကြိုးနှင့် လျှပ်စီးဟု အမည်ရသော ထိပ်တန်း
လူသတ်သမား လေးဦး ရှိလေသည်။ သူတို့အားလုံးသည် ချီစွမ်းအင်နယ်ပယ်တွင် ရှိကြပြီး၊ ထိုလေးဦးသည် တစ်ခါက ပူးပေါင်း၍ ကောင်းကင်ဘုံ လူသား နယ်ပယ် ကျွမ်းကျင်သူကြီး တစ်ယောက်ဆီမှ မထိခိုက်ဘဲ လွတ်မြောက်ခဲ့သည်ဟု ကောလာဟလ ထွက်ပေါ်ခဲ့ရာ ပြိုင်ဘက်ကင်းသော ကျော်ကြားမှုကို ရရှိခဲ့သည်။
‘လေ၊ မိုး၊ မိုးကြိုး၊ လျှပ်စီးတဲ့လား။ သခင်ကြီးဖုန်းဆိုတော့...။’
နင်ချီက သူ၏စိတ်ထဲတွင် တွေးတောနေခဲ့သည်။
နင်ချီ တိတ်ဆိတ်နေသည်ကိုမြင်သော တာအိုဆရာလုံရှန်းက သူ၏ခေါင်းကိုပုတ်ကာ နှစ်သိမ့်လိုက်သည်။
"ချီအာ... ဒီနေ့ ငါမင်းကို ဒီအကြောင်းတွေ ပြောပြရတဲ့အကြောင်းရင်းက မင်းမှာ သိခွင့်ရှိလို့ပဲ။ ဒါပေမဲ့ မင်း မုန်းတီးမှုက မင်းကို မျက်စိကွယ်စေပြီး စွဲလမ်းမှုကို မမွေးမြူမိဖို့ကိုတော့ သတိထားရမယ်။ မင်းရဲ့ပါရမီနဲ့ဆိုရင် ငါ့လက်အောက်မှာ အနှစ်နှစ်ဆယ်လောက် ကြိုးစားပမ်းစား လေ့ကျင့်လိုက်တာနဲ့ အနာဂတ်မှာ လက်စားချေဖို့က လွယ်လွယ်လေးပါ။"
"စိတ်ချပါ... အချိန်တန်ရင် ဆရာ မင်းကို ကူညီမှာပါ။"
သူ၏ဂရုစိုက်မှုနှင့် ကာကွယ်လိုသောစိတ်မှာ ထင်ရှားပေါ်လွင်နေခဲ့သည်။
တကယ်တော့...
တာအိုဆရာလုံရှန်းသည် အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့သည်။ သူသည် နင်ချီ အရွယ်ရောက်ပြီးနောက်မှ ဤအကြောင်းကို ဖြည်းညင်းစွာ ပြောပြရန် မူလက ဆုံးဖြတ်ထားခဲ့သည်သာ။
သို့သော် နင်ချီ၏အပြုအမူသည် ပို၍ထူးခြားလာပြီး၊ သူပြသခဲ့သော ဉာဏ်ရည်ဉာဏ်သွေးသည် သာမန်လူများထက် အဆများစွာ သာလွန်လာသောအခါ၊ နင်ချီ အတွင်းစွမ်းအားနယ်ပယ်သို့ ရောက်သည့်အခါ အမှန်တရားကို ပြောပြရန် ပန်းတိုင်တစ်ခု သတ်မှတ်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် နင်ချီသည် မွေးရာပါ နားလည်နိုင်စွမ်းရှိပြီး၊ ကလေးဘဝကတည်းက အချို့အရာများကို သိမြင်ပြီးဖြစ်နိုင်သည်ဟု သူ သံသယရှိသောကြောင့် ဖြစ်သည်။ အမှန်တရားကို ဖုံးကွယ်ထားမည့်အစား ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်းက ပိုကောင်းမည်ဟု ထင်ရ၏။
သို့မှသာ နင်ချီ စိတ်ထဲတွင် မြိုသိပ်ထားခြင်းမှ ကာကွယ်နိုင်ပြီး၊ နင်ချီ စွဲလမ်းမှုဖြစ်ပေါ်ကာ နှလုံးသား မိစ္ဆာ ဖြစ်ပေါ်လာမည်ကို သူ စိုးရိမ်ခဲ့သည်။
သိုင်းလမ်းစဉ်ပေါ်တွင် နှလုံးသား မိစ္ဆာကို မဖယ်ရှားနိုင်ပါက ပျက်စီးခြင်း တစ်ဝက်နီးပါး ဖြစ်ပေါ်စေတတ်သည်။
နင်ချီက ရိုသေစွာ အရိုအသေပြုလိုက်၏။
"ဆရာ... တပည့် နားလည်ပါတယ်။"
"မျိုးရိုးပြုတ်သတ်ဖြတ်ခံရတဲ့ သွေးကြွေးကိုတော့ တပည့် မမေ့ပါဘူး။ ဒါပေမဲ့ တပည့်တ
စိတ်လိုက်မာန်ပါ မလုပ်ပါဘူး။ အနာဂတ်မှာ လုံလောက်တဲ့
စွမ်းရည်ရှိလာတဲ့အခါ အဲ့ဒီတရားခံတွေကို သေချာပေါက် သုတ်သင်ရှင်းလင်းမှာပါ။"
နင်ချီက စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း ဆိုလိုက်၏။
သူ၏အပြည့်အဝနားလည်နိုင်စွမ်းနှင့်
အတူ အလျင်လိုစရာ အကြောင်းမရှိပေ။
ယခု ပစ်မှတ်ကို သိရှိသွားပြီ ဖြစ်၍ သူ ပို၍ပင် စိုးရိမ်စိတ်နည်းသွားခဲ့ပါသည်။
"သွေးမိုးမျှော်စင်..."
သူသည် ဤအမည်ကို သူ၏စိတ်ထဲတွင် ဖြည်းညင်းစွာ မြည်တမ်းနေမိသည်။
တာအိုဆရာလုံရှန်းက နှစ်သိမ့်စွာ သူ၏မုတ်ဆိတ်ကို သပ်လိုက်၏။
"ဒါဆိုရင်တော့ ကောင်းတာပေါ့။ အခု မင်း အတွင်းစွမ်းအားနယ်ပယ်ကို ရောက်သွားပြီဆိုတော့ အနာဂတ်မှာ ဘာပဲလိုအပ်လိုအပ် ငါ့ဆီကိုသာ လာခဲ့။ အခုလောလောဆယ်တော့ အတွင်းစွမ်းအားနယ်ပယ်မှာ ကျင့်ကြံတဲ့အကြောင်းကို မင်းကို ငါပြောပြမယ်..."
နင်ချီက တာအိုဆရာလုံရှန်း၏ မျက်နှာချင်းဆိုင်တွင် တင်ပျဉ်ခွေထိုင်ရင်း ပြုံးနေခဲ့သည်။
‘အင်း... သေသေချာချာ နားထောင်နေသလို ပြုမူရတာပေါ့။’
တာအိုဆရာလုံရှန်းက အချိန်ကြာမြင့်စွာ စကားပြောခဲ့ပြီး၊ နင်ချီက ရံဖန်ရံခါ ကွဲပြားသော ထိုးထွင်းဉာဏ်များကို ထုတ်ဖော်ပြောကြားရာ တာအိုဆရာလုံရှန်းကို စကားမပြောနိုင်အောင်ပင် ဖြစ်စေခဲ့သည်။
သူသည် အံ့ဩခြင်းနှင့် နှစ်သိမ့်ခြင်း နှစ်မျိုးလုံးကို ခံစားလိုက်ရ၏။ နင်ချီ့ကို သင်ကြားပေးနိုင်သည့်အရာများ နည်းသည်ထက်နည်းလာသည်ကို သူ တွေ့ရှိခဲ့ရ၏၊ သူ လုပ်ပေးနိုင်သည့် တစ်ခုတည်းသောအရာမှာ သူ့အတွက် ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန်သာ ဖြစ်နိုင်ပေသည်။
အချိန်အတော်ကြာပြီးနောက်…
လက်များကို နောက်ပစ်ထားကာ လူကြီးလေးတစ်ယောက်၏ ဟန်ပန်ဖြင့် ဟန်ပါပါ ထွက်ခွာသွားသော နင်ချီကို ကြည့်ရင်း…
တာအိုဆရာလုံရှန်းက သဘောတကျ သူ၏ မုတ်ဆိတ်ကို သပ်လိုက်သည်။
‘ဒီလိုတပည့်မျိုး ရထားမှတော့ ဘာများ ထပ်အလိုရှိစရာ လိုသေးလို့လဲ။’
...
ယခုအခါ နင်ချီသည် 'တာအိုရှာဖွေခြင်း ကျောင်းတော်' ၌ မျက်လုံးများမှိတ်ကာ ထိုင်နေခဲ့သည်။
တာအိုဆရာလုံရှန်းနှင့် စကားစမြည်ပြောဆိုခဲ့ခြင်းသည် သူ့အတွက် အလွန်အကျိုးရှိခဲ့၏။
ထိုစဉ်က တရားခံများသည် သွေးမိုးမျှော်စင်ဖြစ်ကြောင်း သိရှိပြီးနောက် သူ အလျင်မလိုတော့ဘဲ၊ ယခင်ကလို ယောင်ဝါးဝါး မှန်းဆချက်တစ်ခုသာ ရှိသည်နှင့်မတူဘဲ ပို၍ပင် စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။ အနည်းဆုံးတော့ ယခု ပစ်မှတ်တစ်ခု ရှိနေပြီ ဖြစ်သည်။
‘ကောင်းကင်ဘုံ လူသား နယ်ပယ်ကို ရောက်ဖို့မပြောနဲ့ဦး။ ငါ မူလအမြုတေနယ်ပယ်ကို ရောက်သွားတာနဲ့ သွေးမိုးမျှော်စင်ကို လွယ်လွယ်ကူကူ ဖျက်ဆီးပစ်နိုင်လောက်တယ် ထင်တယ်။’
နင်ချီသည် ယခင်က ဘယ်သောအခါမှ အစွမ်းကုန် မထုတ်သုံးခဲ့ဖူးသော်လည်း၊ တူညီသောအဆင့်အတွင်း သူ၏တိုက်ခိုက်ရေးစွမ်းအားမှာ အလွန်အမင်း ချဲ့ကားပြောရလောက်အောင် ကောင်းပြီး၊ သူ၏အဆင့်ထက်ကျော်လွန်၍ တိုက်ခိုက်ခြင်းမှာလည်း မခက်ခဲပေ။ တစ်နေ့ သူ ချီစွမ်းအင်နယ်ပယ်သို့ ရောက်သည့်အခါ ကောင်းကင်ဘုံ လူသား နယ်ပယ်မှ တစ်စုံတစ်ယောက်ကို စိန်ခေါ်နိုင်သည့် အခွင့်အရေးကောင်းတစ်ခု ရှိနေသည်။
ဤအကြောင်းကို အကြာကြီး မတွေးတောတော့ဘဲ…
နင်ချီသည် သူ၏အတွင်းစိတ်ကို စတင်လေ့လာလိုက်သည်။
"အတွင်းအားနဲ့ ခန္ဓာကိုယ်က အပြည့်အဝ ဆက်သွယ်မှု တည်ဆောက်ပြီးသွားပြီ။ ဆရာ့ရဲ့ ကျင့်ကြံခြင်းအတွေ့အကြုံအရဆိုရင် ခန္ဓာကိုယ်ရဲ့ ကနဦးပြောင်းလဲမှုက အချိန်အကြာကြီး ယူမှာမဟုတ်ဘဲ နှစ်ကုန်ပိုင်းအတွက် အချိန်မီမှာပဲ။"
သူ တုံ့ဆိုင်းမနေခဲ့ပါ။
နင်ချီ စတင်စားသုံးတော့သည်။
ဆန်းပြားသားရဲအသား၊ အရွက်သုံးရွက်ပါ လင်ဇီးမှို၊ နှစ်တစ်ရာသက်တမ်းရှိ ဂျင်ဆင်း၊ ချီသွေးအသီး… ။
အာဟာရပြည့်ဝသော ပျင့်ကြံခြင်း အရင်းအမြစ်များစွာကို နင်ချီ စားသုံးခဲ့သည်။
သူသည် ပုံမှန်အရှိန်ဖြင့် စားခဲ့ပြီး မမြန်လွန်းပေ။ မကြာမီမှာပင် ပြင်ဆင်ထားသော ပစ္စည်းအားလုံးကို စားသုံးပြီးသွားခဲ့၏။
သူ၏အစာအိမ်ထဲတွင် အနည်းငယ် ပြည့်တင်းမှုကို ခံစားလိုက်ရသည်။
မျောက်ဖြူကို သူ၏အစောင့်အဖြစ် ဆောင်ရွက်ရန် ကြာမြင့်စွာကတည်းက နင်ချီ ညွှန်ကြားထားခဲ့ပြီး ဖြစ်သည်။
အစစ်အမှန်သိုင်းဂိုဏ်းအတွင်း၌လည်း အလွန်လုံခြုံလေသည်။
တံခါးကို သော့ခတ်ပြီးနောက် နင်ချီသည် ဖြည်းညင်းစွာ လှဲလျောင်းလိုက်သည်။
သူ၏ အသက်စွမ်းအားသည် သာမန်မျက်စိဖြင့် မြင်နိုင်သောအရှိန်ဖြင့် သိသိသာသာ မှေးမှိန်သွား၏။ သူ၏မျက်နှာသည် ဖြူဖျော့သွားပြီး ပြာနှမ်းသွားသည်။ သူ၏တစ်ချိန်က တောက်ပသော အသားအရေသည်လည်း မွဲခြောက်ခြောက် ဖြစ်သွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် နင်ချီသည် တဖြည်းဖြည်းနှင့် အလောင်းတစ်လောင်းနှင့် တူလာခဲ့သည်။
သူ၏ရုပ်ခန္ဓာ၏ ပထမဆုံး 'သေဆုံးခြင်း' ကို စတင်လိုက်လေပြီ။
ရုပ်ခန္ဓာသည် ညှိုးနွမ်းခြင်းမှ ပြန်လည်မွေးဖွားခြင်းကို ရရှိပြီး အဆုံးစွန်သော ပြောင်းလဲမှုကို ရရှိပေလိမ့်မည်။
ဤသည်မှာ စွန့်စားရသောအလုပ်ဖြစ်သော်လည်း နင်ချီ့တွင် သူ၏လမ်းခရီးကို ကာကွယ်ရန် 'မဟာအိပ်မက် သေခြင်း ကိုးပါးအားကျမ်း' ရှိနေခဲ့သည်။
ဤအခိုက်အတန့်တွင်…
သူစားသုံးခဲ့သော အာဟာရပြည့်ဝသော အရင်းအမြစ် အမျိုးမျိုးသည် အစွမ်းပြစပြုလာပြီး သူ၏ရုပ်ခန္ဓာအတွင်း နက်ရှိုင်းသောနေရာတွင် မှော်ဆန်သောနည်းလမ်းဖြင့် ပြောင်းလဲနေခဲ့သည်။
နင်ချီ၏ခန္ဓာကိုယ်အတွင်း၌ အံ့ဩဖွယ်ကောင်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေခဲ့၏။
အိမ်အပြင်ဘက်တွင်…
မျောက်ဖြူသည် တစ်စုံတစ်ခုကို ခံစားမိလိုက်
၏။သူ၏ မျက်လုံးသူငယ်အိမ်များမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ အထဲဝင်၍ စစ်ဆေးလိုသော စိတ်ကို ချုပ်တည်းထားလိုက်ရ၏။
နင်ချီက သူ တံခါးပိတ်ကျင့်ကြံမည် ဖြစ်၍ မျောက်ဖြူကို သူ့အား စောင့်ကြပ်ပေးရန် ညွှန်ကြားခဲ့သည်။
မျောက်ဖြူသည် ထိုနေရာမှ မထွက်ခွာဘဲ နင်ချီ နိုးထလာသည်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်၏။
အချိန်သည် ဖြည်းညင်းစွာ ကုန်ဆုံးသွားသည်။
နှစ်ကုန်ပိုင်း နီးကပ်လာသည်နှင့်အမျှ အစစ်အမှန်သိုင်းတောင်ပေါ်ရှိ ပွဲလမ်းသဘင်အငွေ့အသက်သည် ပိုမိုပြင်းထန်လာခဲ့၏။ အထူးသဖြင့် လော့ဝမ်ထျန်းက အစစ်အမှန်သိုင်းဂိုဏ်း နှစ်ကုန်ပြိုင်ပွဲကို အဆိုပြုပြီးနောက် တပည့်များကို ယှဉ်ပြိုင်ရန် စိတ်အားထက်သန်စေခဲ့သည်။
ဆန့်ကျင်ဘက်အားဖြင့် 'တာအိုရှာဖွေခြင်း ကျောင်းတော်' မှာတော့ အနည်းငယ် ခြောက်သွေ့နေပုံရသည်။
မျောက်ဖြူသည် နေ့စဉ် အိမ်အပြင်ဘက်မှ မည်သည့်အသံမဆို ကြားရရန် နားစွင့်နေခဲ့သည်။
သို့သော် အတွင်း၌ သက်ရှိထင်ရှားရှိသည့် လက္ခဏာမရှိဘဲ ဗလာနတ္ထိဖြစ်နေသကဲ့သို့ပင်။ ထိုအဖြစ်က သူ့ကို အလွန်အမင်း စိုးရိမ်ပူပန်စေသော်လည်း ဆရာကို မနာခံရာ ကျမည်ကိုလည်း ကြောက်ရွံ့နေခဲ့သည်။
ကံကောင်းစွာပင်…
ဤစိုးရိမ်ပူပန်မှုသည် ကြာရှည်မခံခဲ့ပါ။
ခုနစ်ရက်ကြာပြီးနောက်…
အိမ်အတွင်း၌ ရင်းနှီးသော အရှိန်အဝါ တစ်ခု ပြန်လည်ပေါ်ပေါက်လာခဲ့သောကြောင့်
တည်း။
မျောက်ဖြူမှာတော့ အတိုင်းမသိ ပျော်ရွှင်သွားရှာတော့သည်။