← Chapters

ငါ မင်းတို့ကျောင်းကို ပိုက်ဆံလှူဖို့စီစဉ်နေတာ

Vol. 9 Ch. 124

ငါ မင်းတို့ကျောင်းကို ပိုက်ဆံလှူဖို့စီစဉ်နေတာ

Vol. 9 Ch. 124

"နင် ဒီကိုဘယ်လိုလုပ်ပြီး မြန်မြန်ရောက်လာတာလဲ"

နှစ်ယောက်သားက လက်ချင်းတွဲလျက် ကူစူးမြို့ထဲရှိ လမ်းမများထက်တွင် လျှောက်သွားနေကြသည်။

"သေချာပေါက်လာရမှာပေါ့။ ယောက်ျားဆိုတာ မြန်သင့်တဲ့အချိန် မြန်ရမယ်လေ။ အဲ့လိုမှမဟုတ်ရင် ငါ့ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်က ဘာအတွက်လဲ"

ကျန်းမုန့်လောင်က ချဲ့ကား၍ ပြောလာလေသည်။

"သွားစမ်းပါ လူယုတ်မာ..ထပ်မပြောစမ်းပါနဲ့တော့"

လုရီယောင်က သူ့ကိုစိုက်ကြည့်လိုက်၏။

"ဒီမှာဘာတွေဖြစ်နေလဲဆိုတာ ဘယ်လိုလုပ်သိတာလဲ။ ချန်ချန်နဲ့တခြားလူတွေ နင့်ကိုပြောပြတာလား"

"အဲ့ဒါက စိတ်ချင်းဆက်နေတာလေ"

ကျန်းမုန့်လောင် အရွှန်းဖောက်လိုက်သည်။

"မင်း အန္တရာယ်တစ်ခုခုဖြစ်တာနဲ့ ငါတန်းသိမှာပဲ။ အဲ့လိုမှမဟုတ်ရင် ငါ ဒီကို ဒီလောက်မြန်မြန်ကြီး ဘယ်လိုလုပ်ရောက်လာမယ်လို့ထင်လဲ။ ဒီလိုကိစ္စမျိုးဖြစ်တာတောင် မင်း ငါ့ကို ဘာလို့ပြောမပြရတာလဲ"

"ငါ နင့်ကို စိတ်မပူစေချင်လို့မဟုတ်ဘူးလား"

"မင်းမပြောပြတာနဲ့ပဲ ငါစိတ်မပူရတော့ဘူးပေါ့"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။ "မင်းသာ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ နောက်ထပ်လုရီယောင်တစ်ယောက်ကို ငါ ဘယ်လိုသွားရှာရမှာလဲ"

"လုရီယောင်နောက်တစ်ယောက်တော့ ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ အင်တာနက်ဆယ်လီတွေအများကြီးနဲ့ ဥရောပတော်ဝင်မိသားစုတွေနဲ့ မင်းမျိုးမင်းနွယ်တွေတော့ အများကြီးရှိတယ်မလား"

လုရီယောင်က အပြုံးလေးတစ်ပွင့်ဆင်မြန်းရင်း ပြောလာလေသည်။

"သူတို့တွေက ဘယ်လိုလုပ်ပြီး မင်းနဲ့ယှဉ်နိုင်မှာလဲ"

ကျန်းမုန့်လောင်၏အသံက ရုတ်ခြည်းအေးစက်သွားသည်။

"အဲ့ဒီလူပိုင်ရှန်းဝူကိုတော့ ငါ လွယ်လွယ်လေးအလွတ်ပေးလိုက်မှာမဟုတ်ဘူး"

"စိတ်လိုက်မာန်ပါမလုပ်ပါနဲ့"

လုရီယောင်က ကျန်းမုန့်လောင်၏စိတ်နေသဘောထားကို ကောင်းကောင်းနားလည်သည်။ တင်းယွီရှီက သူ မြင်တောင်မမြင်ဖူးသည့် မိန်းကလေးတစ်ယောက်ကို နှောင့်ယှက်စော်ကားခဲ့ရုံမျှဖြင့်ပင် ကျန်းမုန့်လောင်က ဝမ်ယိဂီတကို လမ်းဆုံးအောင် တွန်းပို့ခဲ့သည်။ ယခုမူ သူ(မ)ကိုယ်တိုင် ထိခိုက်ခဲ့ရခြင်းပင်။

ကျန်းမုန့်လောင်တစ်ယောက် သွေးပူနေတုန်းမှာ စိတ်လိုက်မာန်ပါဖြင့် မလုပ်သင့်တာတစ်ခုခု လုပ်လိုက်မည်ကို သူ(မ) ကြောက်ရွံ့မိသည်။

"စိတ်မပူပါနဲ့။ ငါက နိုင်ငံသားကောင်းပီသတဲ့လူတစ်ယောက်ပါ။ နိုင်ငံသားကောင်းပီသတဲ့လူက ပြဿနာတွေကိုလည်း တရားဝင်နည်းလမ်းတွေနဲ့ပဲ ဖြေရှင်းတာပါ။ ငါ အကြမ်းဖက်တာမျိုး လုံးဝမလုပ်ပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ဒါဆို နင် ဘာလုပ်ဖို့စီစဉ်ထားလဲ"

လုရီယောင်သည် ပိုင်ရှန်းဝူနှင့်ပတ်သက်သည့် အညှီအဟောက်ကိစ္စများကို ကြားသိထားပြီးဖြစ်ကာ သူ့ကြောင့် နာကျင်ခံစားခဲ့ရပြီး ထုတ်ဖော်ပြောဆိုရန် မဝံ့ရဲသည့် မိန်းကလေးများကိုလည်း သိသည်။ ဤမကောင်းဆိုးဝါးကိုသာ ဖော်ထုတ်နိုင်ပါက လူတော်တော်များများအတွက် စိတ်သက်သာရာရစေလိမ့်မည်သာ။

"ဟက်ဟက်"

ကျန်းမုန့်လောင်က စတင်ရယ်မောပါလေတော့သည်။

"ငါ့မှာလည်း ငါ့နည်းငါ့ဟန်ရှိပါတယ်"

"လုပ်စမ်းပါ။ နင်ဘာလုပ်မယ်ဆိုတာ ငါ့ကိုပြောပြ"

ကျန်းမုန့်လောင်၏ အမူအရာကိုမြင်သောအခါ လုရီယောင်လည်း တစ်စုံတစ်ယောက်တော့ ကံဆိုးတော့မည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ထို့ပြင် မြင်ကောင်းရှုကောင်းမည့် အရာတော့မဖြစ်နိုင်ပေ။ ရုပ်ပိုင်းဆိုင်ရာအရမဟုတ်ပေ။ စိတ်ပိုင်းဆိုင်ရာအရပင်။

"ငါ့ကိုနမ်းမှ ပြောပြမယ်"

"သွားစမ်းပါ"

"မင်း ငါ့ကိုရိုက်ရဲတယ်ပေါ့"

"ငါက ဘာလို့မရိုက်ရဲရမှာလဲ။ ဒီနေ့ ငါတို့ ဒီအိမ်ထောင်စုထဲမှာ အရင်ဆုံးအဆင့်အတန်းသတ်မှတ်ဖို့လိုတယ်"

"မိန်းကလေး… မင်းက မီးနဲ့လာကစားနေတာပဲ"

...

လုရီယောင်ခမျာ သူ(မ)၏အခန်းဖော်များထံမှ အဆောင်ခန်းထဲက တစ်ဖန်ကန်ထုတ်ခံလိုက်ရပြီး ကျန်းမုန့်လောင်၏အိမ်တွင် ညအိပ်ရဖို့ဖြစ်လာသည်။ သူတို့၏ဆက်ဆံရေးက စတင်ခါစရှိသေးရုံမို့ သူတို့အနေနှင့် မသင့်တော်သောအရာများကို အလျင်စလိုမပြုလုပ်ကြသေးပေ။ သို့တိုင် သူတို့အတူရှိနေရုံမျှဖြင့် ကျန်းမုန့်လောင်ကို အကြွင်းမဲ့ပျော်ရွှင်နေစေသည်။

"ဒီမနက်စာက တအားမခမ်းနားလွန်းဘူးလား"

လုရီယောင်က နိုင်ငံတော်အဆင့် ဧည့်ခံစားသောက်ပွဲကြီးနှင့်ပင် နှိုင်းယှဉ်နိုင်သော စားပွဲသောက်ပွဲကြီးကို ကြည့်လိုက်သည်။

"နင်က မနက်တိုင်း ဒီလိုစားတာလား"

"မဟုတ်တာ။ မဟုတ်တာ။ ဒီနေ့ အရေးတကြီးလုပ်စရာလေးရှိလို့ အားအင်ပြည့်ဖြိုးနေဖို့လိုတယ်လေ"

သူက စားနေရင်းဖြင့် ပြောလိုက်သည်။

"ဘာကိစ္စလဲ"

"မင်းတို့ကျောင်းအုပ်နဲ့တွေ့ဖို့ပေါ့"

ကျန်းမုန့်လောင်က ပလုတ်ပလောင်းဖြင့် ပြောလိုက်လေသည်။

"အဲ့ဒီပိုင်ရှန်းဝူဆိုတဲ့လူကို တစ်နည်းနည်းနဲ့အရေးယူရမယ်"

"ကျောင်းအုပ်လား။ နင် ငါတို့ကျောင်းအုပ်နဲ့ တွေ့ဖို့ချိန်းထားတာလား"

"မချိန်းရသေးဘူး"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ဒါဆို နင် သူနဲ့တွေ့လို့ရမှာမဟုတ်ဘူး"

လုရီယောင်က ဆိုလာလေသည်။

"ငါတို့ကျောင်းအုပ်က အရမ်းအလုပ်များတာ။ ပိုက်ဆံရှိတိုင်းလည်း သူနဲ့တွေ့လို့မရဘူး။ မကြာသေးခင်ကပဲ ကျောင်းနယ်မြေအသစ်စီမံကိန်းတစ်ခုရှိလို့ ကူစူးမြို့ခေါင်းဆောင်တွေနဲ့ အစည်းအဝေးလုပ်မှာလို့ ငါကြားထားတယ်"

"ပိုက်ဆံနဲ့ဖြေရှင်းလို့မရဘူးလို့ထင်ရင် အဲ့ဒါ ကမ်းလှမ်းတဲ့ပိုက်ဆံက နည်းနေသေးလို့ပဲ"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ဟုန်းရီ..ဒီကိုခဏလာဦး"

"မစ္စတာကျန်း.. ကျွန်မ ဘာများလုပ်ပေးရမလဲ"

"ကူစူးတက္ကသိုလ်ဥက္ကဋ္ဌကို ဖုန်းဆက်လိုက်။ ငါ သူတို့ကျောင်းအတွက် အလှူငွေထည့်ချင်လို့လို့ပြောလိုက်"

ကျန်းမုန့်လောင်က ပိုက်ဆံဆယ်ဒေါ်လာကိစ္စပြောနေသည့်အလား ပြောလိုက်လေသည်။

"ဒီပိုက်ဆံကို ဘယ်နေရာတွေမှာ အသုံးပြုမလဲဆိုတာနဲ့ပတ်သက်ပြီး သူနဲ့ဆွေးနွေးချင်လို့ သူ ဒီနေ့အားမအားမေးကြည့်လိုက်"

"မစ္စတာကျန်း.. ရှင် ဘယ်လောက်လှူဖို့စဉ်းစားထားလဲ"

"အခုလောလောဆယ်တော့ တစ်ဆယ်ဘီလီယံနဲ့စလိုက်ကြတာပေါ့"

"ကောင်းပါပြီ။ ကျွန်မ သူ့ကို အခုချက်ချင်းဆက်သွယ်လိုက်ပါ့မယ်"

"ဒါ..ဒါက နင်ပြောတဲ့ဖြေရှင်းနည်းလား"

ညှို့အားပြင်းသော လုရီယောင်၏မျက်ဝန်းလေးများက ပြူးကျယ်သွားချေသည်။

ကူစူးတက္ကသိုလ်တစ်ခုလုံးအတွက်ဆိုလျှင် သိပ္ပံသုတေသနများကို ဖယ်ထုတ်လိုက်ပါက သူတို့ နှစ်စဉ်ရရှိနေသော နိုင်ငံတော်ရန်ပုံငွေမှာ ယွမ်ဆယ်ဘီလီယံနှင့်ပင် အလှမ်းဝေးလှသည်။ သက်ဆိုင်ရာအာဏာပိုင်များနှင့် တွေ့ရရုံသာမက ယမမင်းနှင့်တွေ့ရမည်ဆိုလျှင်ပင် သူတို့တက္ကသိုလ်ဥက္ကဋ္ဌက အခေါင်းထဲကပင် အပြေးရောက်ချလာပေလိမ့်မည်။

"ဟုတ်တယ်လေ။ တခြားဘာနည်းလမ်းများရှိမှာလဲ"

ကျန်းမုန့်လောင်က ပြုံးပြုံးလေးပြောလိုက်သည်။

သိပ်မကြာခင်တွင် ဟုန်းရီက ဖုန်းပြော၍ ပြီးစီးသွား၏။

"မစ္စတာကျန်း.. ကူစူးတက္ကသိုလ်ရဲ့ ဥက္ကဋ္ဌရှုက ဒီနေ့တစ်နေကုန်အားပါတယ်တဲ့။ ရှင် အဲ့ဒီကိုရောက်တာနဲ့ သူ့ရုံးခန်းထဲမှာ အဆင်သင့်စောင့်နေပါလိမ့်မယ်"

"ကောင်းပြီ။ ငါနားလည်ပြီ။ ကားစီစဉ်ထားလိုက်။ ငါတို့ ကိုးနာရီကျရင် သွားကြမယ်"

"နားလည်ပါပြီ"

"တွေ့လား။ အကုန်အဆင်ပြေသွားတာပဲမလား"

ကျန်းမုန့်လောင်က လုရီယောင်ကို ကျီစယ်လိုဟန်အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်၏။

...

ကူစူးတက္ကသိုလ်ဥက္ကဋ္ဌရုံးခန်းတွင် ရှုဝမ်ရှန်းက အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားပြီး တောက်ပြောင်သားနားစွာဖြင့် ရှေ့လျှောက်လိုက်အနောက်လျှောက်လိုက် လုပ်နေပုံမှာ တစ်စုံတစ်ယောက်ရောက်အလာကို မျှော်လင့်တကြီးစောင့်စားနေဟန်တူသည်။

"ဥက္ကဋ္ဌ.. ဒီနေ့ ဗျူရိုခေါင်းဆောင်တွေနဲ့ တွေ့ရမှာမဟုတ်ဘူးလား။ ရုတ်တရက်ကြီး ဘာလို့ အချိန်ပြောင်းခိုင်းရတာလဲ။ သူတို့နဲ့တွေ့ဖို့ စီစဉ်ရခက်တယ်ဆိုတာသိရဲ့သားနဲ့"

ဥက္ကဋ္ဌရှု၏လက်ထောက်က သူ့အတွက် ယနေ့ချိန်းဆိုမှုများကို ပယ်ဖျက်ရင်း ပြောလာလေသည်။

" ငါတို့ဆီကို ဒီနေ့ အရေးကြီးဧည့်သည်တစ်ယောက် လာစရာရှိတယ်"

"မြို့တော်ဗျူရိုခေါင်းဆောင်ထက်တောင် ပိုအရေးကြီးတာလား"

"ရင်းနှီးမြှုပ်နှံသူတစ်ယောက်လေ"

ဥက္ကဋ္ဌရှုက ဆိုလာလေသည်။

"ငါတို့ရဲ့ကျောင်းဝင်းအသစ်စီမံကိန်းက အတည်ပြုမိန့်ရထားပြီဆိုပေမဲ့ ရန်ပုံငွေကိစ္စက တစ်ချိန်လုံးပြဿနာတက်နေတာ။ အခုလေးတင် ငါ့ဆီကို စွန့်ဦးလုပ်ငန်းရှင်တစ်ယောက်က ဖုန်းဆက်ပြီး သူတို့ဘက်က ကူစူးတက္ကသိုလ်ကို အလှူငွေထည့်ချင်တဲ့အကြောင်း ပြောလာတယ်"

"ဥက္ကဋ္ဌ.. အဲ့ဒါက သန်းဂဏန်းနည်းနည်းလောက်နဲ့ ပြီးမဲ့ကိစ္စမျိုးမဟုတ်ဘူးနော်"

"ဒီလုပ်ငန်းရှင်က ဆယ်ဘီလီယံတောင် လှူချင်တာတဲ့"

"ဗျာ.. ဆယ်ဘီလီယံလား"

ထိုပမာဏကိုကြားသောအခါ လက်ထောက်လေးခမျာ တည်တည်ငြိမ်ငြိမ်မနေနိုင်တော့ပေ။

"ဥက္ကဋ္ဌ.. ဒါက နောက်စရာမဟုတ်ဘူးနော်။ ဘယ်လိုစွန့်ဦးလုပ်ငန်းရှင်မျိုးက ကျောင်းတစ်ကျောင်းကို ဆယ်ဘီလီယံလှူနိုင်မှာတဲ့လဲ။ ကျွန်တော်တို့ကျောင်းသားဟောင်းတစ်ယောက်လား"

"မဟုတ်ဘူး"

ဥက္ကဋ္ဌက ခေါင်းခါယမ်းပြသည်။

"ဒီလူက ငါတို့ကျောင်းက မဟုတ်ဘူး"

"ဒါဆို ကျွန်တော်တို့ကျောင်းကို ဘာလို့လှူချင်ရတာတဲ့လဲ"

"ငါလည်းမသိဘူး။ ဒါပေမဲ့ မင်း သူ့နာမည်ကိုတော့ ကြားဖူးမှာပါ"

"ဘယ်သူလဲ"

"ကျန်းမုန့်လောင်"

"အခုရက်ပိုင်း သတင်းတွေထဲမှာ မကြာခဏပါနေတဲ့လူငယ်လေးလား"

"သူပဲ"

"ဥက္ကဋ္ဌ.. အကြောင်းအရင်းကို ကျွန်တော်သိမယ်ထင်တယ်"

အတွင်းရေးမှူးက အပြုံးလေးဖြင့် ပြောလာလေသည်။

"အိုး..ပြောစမ်းပါဦး"

"ဥက္ကဋ္ဌ.. သူက ကျွန်တော်တို့ကျောင်းမှာ တော်တော်နာမည်ကြီးတာ။ ဟိုတစ်နေ့တုန်းက ကျွန်တော်တို့ကျောင်းမှာရှိတဲ့ ကျောင်းသူတစ်ယောက်ကို ရှာပေးနိုင်တဲ့လူကို ယွမ်တစ်သိန်းဆုချမယ်လို့ ပြောခဲ့တာလေ။ အဲ့ဒီနေ့တုန်းက ဆရာတွေအပါအဝင် ဒီကျောင်းကလူတွေအယောက်တစ်ထောင်လောက် ပါဝင်ခဲ့ကြတာ"

"မင်းလည်း ပါလိုက်တယ်မလား"

ဥက္ကဋ္ဌက ရယ်ကာမောကာဖြင့် မေးလိုက်ချေသည်။

"ဟီးဟီး..လိုအပ်ချက်အရလုပ်ခဲ့ရတာပါ"

အတွင်းရေးမှူကလည်း ခပ်ရှက်ရှက်ရယ်လိုက်မိသည်။

"ပြီးတော့ မနေ့ညကလည်း ကျွန်တော်တို့ကျောင်းမှာ ဒရုန်းအစင်းတစ်ထောင်လောက် ပျံနေတာ။ ကြည့်ရသလောက်တော့ တစ်ယောက်ယောက်က အဆောင်က မိန်းကလေးကို ချစ်ရေးဆိုနေပုံရတယ်။ ပြီးတော့ ကျန်းမုန့်လောင်လို့ခေါ်တဲ့ လူငယ်လေးတစ်ယောက်က ကျွန်တော်တို့ကျောင်းသူတစ်ယောက်နဲ့အတူ ကျောင်းဝင်းထဲကနေ ထွက်သွားတာကို ကျောင်းသားတွေက ဓာတ်ပုံရိုက်ထားမိကြတယ်တဲ့"

"တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ"

ဥက္ကဋ္ဌရှုက စိတ်ဝင်တစားဖြစ်နေချေသည်။

"ဒါဆို ငါတို့ကျောင်းကို သူလှူတာက ဒီမိန်းကလေးနဲ့ပတ်သက်နေမယ်ထင်တယ်"

"ဖြစ်နိုင်လောက်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ဒီကိစ္စကို ထပ်ဆွေးနွေးသင့်တယ်လို့မထင်ဘူးလား"

"ဘာကိုဆွေးနွေးမှာလဲ"

ဥက္ကဋ္ဌရှုက ရုတ်ခြည်းစိုးရိမ်ကြောင့်ကြသွားသည်။

"လူငယ်လေးက ချစ်ကြိုက်နေရုံလေးပဲလေ။ ငါတို့က ဘာလို့သွားစွက်ဖက်နေမှာလဲ။ ပြီးတော့ ပွင့်လင်းမြင်သာတဲ့ခေတ်ကြီးကိုပဲ ရောက်နေပြီ။ တက္ကသိုလ်ကျောင်းသားတွေလည်း ဒီလိုအသက်အရွယ်ရောက်လာပြီ။ မြန်မြန်လုပ်.. ဧည့်သည်ကိုကြိုဖို့ပြင်တော့။ ငါတို့ ဒီနေ့ ဒီအလှူငွေကိုသေချာပေါက်ရရမယ်"

"ကျောင်းသားတွေက ‌ကျောင်းစာကိုပဲ ဦးစားပေးသင့်တယ်လို့ ဘယ်သူပြောခဲ့တာပါလိမ့်"

အတွင်းရေးမှူးက သူတစ်ကိုယ်စာကြားရုံလောက်လေး တီးတိုးရေရွတ်လိုက်သည်။

"ဒီပိုက်ဆံကိုမြင်တာနဲ့ ကိုယ်ပြောခဲ့တဲ့စကားကိုတောင် ကိုယ်မေ့သွားပြီပေါ့"

"မင်း ဘာတွေပွစိပွစိပြောနေတာလဲ"

"ဘာမှမဟုတ်ပါဘူး။ ဘာမှမဟုတ်ပါဘူး…"

************

All Chapters