ကျွန်တော်စုဆောင်းထားတဲ့ရတနာတွေ
Vol. 9 Ch. 127
ထိုအခိုက်ဝယ် ဥက္ကဋ္ဌ၏နံဘေးတွင် လုရီယောင်ရှိနေသည်ကို ပိုင်ရှန်းဝူ သတိထားမိသွားပြီး သူ့အပြစ်ကို သူပြန်အမှတ်ရသွားသဖြင့် စိုးရိမ်တကြီးဖြင့် ကျီးကြည့်ကြောင်ကြည့်ဖြစ်နေလေတော့သည်။
ကျန်းမုန့်လောင်အတွက်မူ သူသည် ကူစူးတက္ကသိုလ်၌ နာမည်ကြီးကျော်ကြားနေပါသော်ငြား သတင်းအချက်အလက်များကို အလွန်လျင်မြန်စွာပိတ်ဆို့ထားသည်အပြင် ဆရာအများစုကလည်း ထိုကိစ္စကို ဂရုတစိုက်မရှိကြပေ။ ထို့ကြောင့် ပိုင်ရှန်းဝူက သူ့သတင်းကိုသာ ကြားဖူးထားပေသည်။
ယခု ကျန်းမုန့်လောင်ကိုမြင်သောအခါ သူလည်း အနည်းငယ်ရင်းနှီးသလို ခံစားရရုံသာဖြစ်လိုက်သည်။ ထို့ပြင် သူသည် အနုပညာလောက သို့မဟုတ် ဂီတလောကထဲက မဟုတ်ပါဘဲ အင်တာနက်ဆယ်လီများထဲတွင် အကျုံးဝင်နေချေသည်။
"သူက ဥက္ကဋ္ဌနဲ့အတူ ဘာလို့ပါလာတာလဲ"
ပိုင်ရှန်းဝူလည်း စိတ်ထဲထင့်ခနဲဖြစ်သွားရသော်ငြား တစ်ဖန်ဆင်ခြင်ကြည့်သော် သူ့အနေနှင့် ဘာသဲလွန်စမှမချန်ထားခဲ့ကြောင်း ယုံကြည်ထားသည်။
ထို့ပြင် ထိုနေ့တုန်းကလည်း နားလည်ရခက်လောက်အောင် သူ သတိလစ်မေ့မြောသွားခဲ့သည်ကို သူ့ကျောင်းသားများက ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထိုကျောင်းသားများက သူ၏အပြစ်ကင်းစင်မှုကို သက်သေပြပေးနိုင်သည်ဖြစ်ရာ သူ့အနေနှင့် လုရီယောင်ကို မကြောက်ပါချေ။
သို့သော် သူ့ရုံးခန်းထဲရှိ ဖော်ပြ၍မစွမ်းသာသောအသံများကမူ...
ဥက္ကဋ္ဌသည် အသက်လည်းကြီးရင့်နေပြီဖြစ်သောကြောင့် ထိုကဲ့သို့သောကိစ္စမျိုးကို စိတ်မဝင်စားတော့သော်လည်း သူဟာ ကလေးမဟုတ်တော့ပေ။ ထိုအသံများကို ကြားလိုက်ရသည့်အချိန်မှာပင် ထိုအရာကဘာမှန်း သူ မှတ်မိလိုက်သည်။
"ဘေးဖယ်"
သူက ပိုင်ရှန်းဝူကို ဘေးသို့ တွန်းထုတ်လိုက်ပြီး ရုံးခန်းထဲသို့ ဝင်ချသွားသည်။
ပိုင်ရှန်းဝူ၏ရုံးခန်းထဲရှိ ကွန်ပျူတာတွင် ကလေးများအတွက် မသင့်တော်သော မဖွယ်မရာဓာတ်ပုံအတွဲလိုက်ကို ပြသနေပြီး တစ်ရှူးအချို့ကလည်း ကြမ်းပြင်ပေါ်မှာ ပြန့်ကြဲနေသေးသည်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ပိုင်ရှန်းဝူခမျာ ကြက်သေသေသွားရသည်။ အစောပိုင်းတုန်းက သူ့ကွန်ပျူတာဖြင့် ဂီတသင်္ကေတများကို ရှာဖွေနေခဲ့ခြင်းပင်။ ထိုစဉ်တုန်းက ထိုတစ်ရှူးများ ဤနေရာတွင် ရှိမနေခဲ့ကြောင်း သူ ကျိန်ပြောရဲသည်။
"တစ်ယောက်ယောက်က ကျုပ်ကိုထောင်ချောက်ဆင်လိုက်တာ"
ပိုင်ရှန်းဝူမှာ ဒေါသအလိပ်လိုက်ထွက်လာပါသော်ငြား သူ နေရာကထွက်သွားပြီး မိနစ်ဝက်အတွင်းမှာပင် သူ့အခန်းထဲမှာလည်း မည်သူမှမရှိပါဘဲ ယခုလိုကိစ္စမျိုးက ဘယ်လိုဖြစ်သွားရလေသလဲ။
"မစ္စတာကျန်း..ကျွန်တော် လူကြီးမင်းခိုင်းထားတာတွေအကုန်စီစဉ်ပြီးပါပြီ"
ကျန်းမုန့်လောင်တစ်ယောက်တည်းသာလျှင် သူ့နားထဲသို့ တီးတိုးကပ်ပြောနေသော ယဲ့ရင်၏အသံကို ကြားနိုင်လေသည်။
"အထင်ကြီးဖို့ကောင်းလိုက်တာ"
ယဲ့ရင်၏လုပ်ဆောင်နိုင်စွမ်းကို ကျန်းမုန့်လောင် စိတ်ထဲမတိတ်တိတ်ချီးကျူးမိသည်။
"ခင်ဗျားပြောတဲ့အနုပညာဆိုတာ ဒါလား"
ဥက္ကဋ္ဌက ကွန်ပျုတာမျက်နှာပြင်ကို လက်ညှိုးထိုးပြ၍ ပြောလိုက်လေသည်။
"အခုချက်ချင်းပိတ်လိုက်။ ကျုပ်တို့မှာ ကျောင်းသူတွေရော ဆရာမတွေရော ပါလာတယ်လေ။ ခင်ဗျား ဘာလုပ်နေတယ်လို့ထင်နေတာလဲ"
ပိုင်ရှန်းဝူလည်း သူ့ကွန်ပျူတာမျက်နှာပြင်ကို ကပျာကယာပိတ်လိုက်ရသည်။
"ဥက္ကဋ္ဌ.. ကျွန်တော်ရှင်းပြတာ နားထောင်ပါဦး။ အဲ့လိုမဟုတ်ပါဘူး။ ဒါ တစ်ယောက်ယောက်က ကျွန်တော့်ကိုထောင်ချောက်ဆင်တာလို့ ကျွန်တော်သံသယဖြစ်မိတယ်"
"ခင်ဗျားကို ထောင်ချောက်ဆင်တာလား။ ကျုပ်ကို ကန်းနေတယ်များမှတ်နေလား"
ဥက္ကဋ္ဌကတော့ ဒေါသူပုန်ထနေချေပြီ။
"ပြောစမ်းပါဦး။ ဒါကို ခင်ဗျားကြည့်နေတာမဟုတ်ရင် ဘယ်သူကများ ဒီလောက်အချိန်တိုလေးအတွင်းမှာ ခင်ဗျားရဲ့ကွန်ပျူတာကို ဖွင့်ကြည့်ပြီး ကျုပ်တို့မျက်စိရှေ့မှာတင် ပျောက်သွားနိုင်မှာတဲ့လဲ"
"ဥက္ကဋ္ဌ.. တကယ်အဲ့လိုမဟုတ်ပါဘူးဗျာ..."
"ဥက္ကဋ္ဌ ခင်ဗျားတို့ကျောင်းက ဆရာတွေက တော်တော်စိတ်ပျက်ဖို့ကောင်းတာပဲ"
ကျန်းမုန့်လောင်က ခေါင်းတခါခါဖြင့် သက်ပြင်းချလိုက်သည်။
"ပိုက်ဆံတွေကို အခုထိမလွှဲရသေးလို့ တော်သေးတာပေါ့။ အဲ့လိုမှမဟုတ်ရင် ကျွန်တော့်ပိုက်ဆံတွေက ဘယ်လိုကျောင်းမျိုးကိုရောက်သွားသလဲဆိုတာ သိမှာမဟုတ်ဘူး"
"ဟုန်းရီ.. ငါတို့အခုပြန်သင့်ပြီထင်တယ်။ ကြည့်ရတာ ငါတို့ စောစောတုန်းက ဆွေးနွေးခဲ့တဲ့ကိစ္စက လုပ်ကြံဖန်တီးထားတာဟုတ်ပုံမရဘူး"
"ဥက္ကဋ္ဌ သူကဘယ်သူလဲ"
ပိုင်ရှန်းဝူလည်း အသက်နှစ်ဆယ်သာရှိသေးသော်ငြား မောက်မောက်မာမာဖြင့် စကားပြောနေပါသော လူငယ်လေးတစ်ယောက်ကိုရည်ရွယ်၍ ဒေါသတကြီးမေးလိုက်လေ၏။
"ဒါက ကျုပ်တို့ကျောင်းဝင်းအသစ်ရဲ့ ရင်းနှီးမြှုပ်နှံသူ မစ္စတာကျန်းမုန့်လောင်တဲ့။ သူက ဒီနေ့ ဒီကိုစုံစမ်းစစ်ဆေးဖို့ရောက်လာတာ။ အဲ့ဒါတွေအားလုံး ခင်ဗျားကြောင့်ပဲ။ လူယုတ်မာကောင်.. ခင်ဗျားက ကျုပ်တို့ကျောင်းကို ပျက်စီးအောင်လုပ်ပစ်လိုက်တာ"
"ဒီတော့ သူကကျန်းမုန့်လောင်ပေါ့"
ပိုင်ရှန်းဝူလည်း အဆုံးမှာတော့ သူ့စိတ်အာရုံထဲရှိ ပုံရိပ်တစ်ခုကို ဤလူငယ်လေးနှင့် ဆက်စပ်မိသွားလေသည်။
"မစ္စတာပိုင်.. ခင်ဗျားက ဆရာတွေကြားမှာ တကယ့်စံပြပုဂ္ဂိုလ်တစ်ယောက်ပဲ။ ဒီနေ့တော့ တကယ်မျက်စိပွင့်နားပွင့်ဖြစ်သွားတာပဲ"
ကျန်းမုန့်လောင်က လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် လက်ခုပ်ထတီးလေတော့သည်။
"ရီရီ.. ဒီလိုကျောင်းမျိုးမှာ ဆက်နေစရာအကြောင်းမရှိတော့ဘူး။ ရက်ပိုင်းအတွင်းမှာ ငါ မင်းအတွက် ထိပ်တန်းဂီတတက္ကသိုလ်က ကမ္ဘာ့အဆင့်မီဆရာနှစ်ယောက်ကို ဖိတ်ကြားပေးမယ်။ တစ်ယောက်က အရင်က ပါဗာရိုတီရဲ့မိတ်ဆွေရဲ့ကျောင်းသားတစ်ယောက်တဲ့။ နာမည်က ဝူရှန်း။ ငါကြားတာတော့ ဒီကမ္ဘာပေါ်မှာ သူ့ထက် အသံပိုမြင့်တဲ့လူရယ်လို့မရှိဘူးဆိုပဲ။ မင်း ဒီတက္ကသိုလ်မှာ ဆက်တက်စရာမလိုတော့ဘူး။ သူတို့ဆီကနေသာ သင်လိုက်တော့"
"သူက ဒီကလေးမအတွက်နဲ့ ဒီကိုလာခဲ့တာပဲ"
ပိုင်ရှန်းဝူကလည်း အရူးမဟုတ်ပေ။ ကျန်းမုန့်လောင်နှင့် လုရီယောင်တို့ကြားက သာမန်ထက်ပိုသောဆက်ဆံရေးကို မြင်သောအခါ အရာအားလုံးကို ချက်ချင်းနားလည်လိုက်သည်။
ဘာကိုအလှူငွေလဲ။ အကုန်လုံးက အယောင်ဆောင်ထားတာတွေချည်းပဲ။ သူက လုရီယောင်အတွက် တစ်စုံတစ်ယောက်ကို လက်စားချေဖို့ရောက်လာတာ။
"ငါတို့ကျောင်းမှာ သူလာရှာတဲ့ကောင်မလေးက လုရီယောင်များလား"
ပိုင်ရှန်းဝူခမျာ ရုတ်ခြည်းဆိုသလို ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်းထသွားရသည်။ သူတို့ဆက်ဆံရေးအကြောင်းကိုသာ သူကြိုသိခဲ့ပါက ဦးနှောက်အမြှေးရောင်ရောဂါဖြစ်နေခဲ့လျှင်ပင် သူ လုရီယောင်ကို သွားထိပါးရဲမည်မဟုတ်။
"သူ့မှာ သက်သေမရှိလောက်ပါဘူး"
ပိုင်ရှန်းဝူလည်း အနည်းငယ်စိတ်သက်သာရာရသွားလေသည်။ ယနေ့အဖြစ်အပျက်မှာ သူ့ကိုယ်ရေးကိုယ်တာဘဝတွင် မလျော်ကန်မှုတစ်ခုရှိကြောင်းကိုသာ သက်သေပြနိုင်ပေလိမ့်မည်။ အခြေခံအားဖြင့် ဘာအမှားမှမဟုတ်ပေ။ ကျောင်းဘက်ကလည်း သူ့ကို စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှုတစ်ခုကိုသာ ပေးနိုင်ပေလိမ့်မည်။ ကျောင်း၏ဂုဏ်သတင်းကို ထည့်သွင်းစဉ်းစားကြည့်မည်ဆိုပါက သူတို့တွေလည်း ပြဿနာကိုအကျယ်ချဲ့ကြလိမ့်မည်မဟုတ်။
သူ့အလုပ်ကို ဆက်ထိန်းထားနိုင်သရွေ့တော့ တခြားဘာမှပြဿနာမရှိပေ။ ပါမောက္ခတစ်ယောက်ဖြစ်သည့်အတွက် ထိုဆုလာဘ်များနှင့် ဂုဏ်ပုဒ်များမရှိတော့သည့်တိုင် သူ့တစ်နှစ်ဝင်ငွေကတော့ ရှိနေသေးသည်သာ။ သို့ဖြစ်လေရာ သက်ရောက်မှုက သူအပေါ် သိပ်မသိသာလှချေ။
"မစ္စတာကျန်း.. ခဏနေပါဦး"
ဥက္ကဋ္ဌက ချက်ချင်းဆိုသလို စိုးရိမ်သောကရောက်သွားလေသည်။ သူက ပိုင်ရှန်းဝူကို စိန်းစိန်းဝါးဝါးစိုက်ကြည့်ရင်း...
"ဒီဆရာပိုင်က လိင်စိတ်ယိုယွင်းမှုနည်းနည်းပဲရှိရုံလေးပါ။ သူက သူ့မိန်းမနဲ့ကွဲနေတာလည်း နှစ်တော်တော်ကြာပြီဆိုတော့ လိုအင်ဆန္ဒတချို့တော့ရှိတာပုံမှန်ပါပဲ။ နည်းနည်းလောက်အထိန်းအကွပ်မဲ့သွားရုံပါပဲ။ ကျုပ် သူနဲ့စကားပြောကြည့်လိုက်ပါ့မယ်။ အဲ့ဒါဆိုရင် ရပါပြီ"
"ဥက္ကဋ္ဌရှု.. ခိုးမှုကိုရော ဘယ်လိုလုပ်မှာလဲ။ ခင်ဗျားတို့ကျောင်းမှာ ပြဿနာတော့ အတော်များပုံပဲ။ ကျွန်တော် ဒါကို ပြန်စဉ်းစားဖို့လိုအပ်တယ်ဗျ"
"ခိုးမှုလား။ ဘာခိုးမှုလဲ"
ပိုင်ရှန်းဝူက အလိုလိုမေးလိုက်လေသည်။
"မနေ့ညတုန်းက ကျွန်မတို့ဆရာမတွေ အတွင်းခံတော်တော်များများပျောက်သွားကြတယ်။ ဒါကတော့ ဆရာပိုင်နဲ့မဆိုင်ပါဘူးနော်"
အမျိုးသမီးတစ်ယောက်က သူ့ကို စူးစူးရဲရဲစိုက်ကြည့်လာ၏။
လိင်စိတ်မလျော်ကန်မှုရှိသော ဆရာတစ်ယောက်အနေနှင့် သူတို့၏စိတ်ထဲတွင် သူ့ကို နာမည်ဆိုးတပ်ထားနှင့်ပြီးဖြစ်လေရာ ပိုင်ရှန်းဝူသည် အလိုလိုနေရင်း သံသယရှိသူစာရင်းထဲသို့ ဝင်သွားရသည်။
ဆရာတစ်ယောက်ဖြစ်ပြီး ယခုလိုဝါသနာမျိုးရှိနေသူတစ်ယောက်အဖို့ ယခုလိုလုပ်ရပ်မျိုးလည်း တကယ်လုပ်နိုင်လောက်သည်။
"အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ပိုင်ရှန်းဝူလည်း ချက်ချင်းငြင်းချက်ထုတ်လာလေသည်။
"ဌာနထဲ အမျိုးကောင်းသား အမျိုးကောင်းသမီးများခင်ဗျာ... ဒါက ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ကိစ္စတစ်ခုပါ။ ကျွန်တော်က ဒီလိုကိစ္စမျိုးကို ဘာလို့ကျူးလွန်ရမှာလဲ။ အဲ့ဒါကြီးက လုံးဝမဖြစ်နိုင်တာကြီးကို။ ကျွန်တော့်ဂုဏ်သိက္ခာနဲ့ရင်းရဲပါတယ်"
"ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ ခင်ဗျားက ဆရာသာ့ချောင်းရဲ့လူကြီးရုပ်ရှင်တွေကြည့်ရင်း သိက္ခာအကြောင်းပြောရဲသေးတယ်ပေါ့"
ကျန်းမုန့်လောင်က ကြမ်းကြမ်းတမ်းသရော်လိုက်ချေသည်။
"နင်က တော်တော်သိနေပုံပဲနော်"
လုရီယောင်က ကျန်းမုန့်လောင်၏ခါးကို တိတ်တဆိတ်ဆွဲလိမ်လိုက်သည်။
"နင်လည်း ဒါတွေကို မကြာခဏကြည့်တဲ့ပုံပဲ"
"ဟားဟားဟား..ငါက အနုပညာကိုအသိအမှတ်ပြုတာပါ။ အနုပညာကို အသိအမှတ်ပြုတာပါ"
ကျန်းမုန့်လောင်က တိုးတိုးလေးပြောလိုက်သည်။
"နေပါဦး.. ဒါကဘာလဲ"
ဆရာမတစ်ယောက်က ရုတ်တရက်မတ်တတ်ထရပ်လိုက်သည်။ သူ(မ)က သော့ခတ်ထားသော သစ်သားဗီရိုလေးဆီကို လျှောက်သွားလိုက်သည်။ သို့သော် အဖြူရောင်ဇာပန်းထည်ဖဲကြိုးလေးက စပ်ကြောင်းကြားထဲမှ အစထွက်နေချေသည်။
"အိုး.. ဒါတွေက ကျုပ်စုဆောင်းထားတဲ့ပစ္စည်းတွေပါ"
ပိုင်ရှန်းဝူက သာမန်ကာလျှံကာလှမ်းကြည့်လာသည်။ ထိုဗီရိုထဲတွင် သူ အနှစ်နှစ်အလလတုန်းက စုဆောင်းထားခဲ့သော နာမည်ကြီးဂီတပညာရှင်များ အသုံးပြုခဲ့ပြီး သူ အလွန်တန်ဖိုးထားရပါသော ဂီတတူရိယာများကို သိမ်းဆည်းထားခြင်းပင်။
"ရှင် စုဆောင်းထားတာတွေလား"
ထိုဆရာမက အတွင်းခံဇာပန်းထည်နှင့် အလွန်ဆင်တူလှသော ထိုဖဲကြိုးကို ဆွဲလိုက်သည်။
"ဆရာပိုင်.. ရှင်က ဒီလိုပစ္စည်းမျိုးတွေကို စုဆောင်းရတာလည်း ဝါသနာပါတာပဲလား"
"ဟားဟား.. ကျွန်တော်က အနုပညာဌာနကလေ။ ဒီလိုပစ္စည်းတွေစုဆောင်းတယ်ဆိုတာ သဘာဝကျပါတယ်"
ပိုင်ရှန်းဝူက အနားသို့လျှောက်လာလိုက်သည်။
"ခင်ဗျား ကျုပ်ပြောတာမယုံရင် ကျုပ်ဖွင့်ပြမယ်လေ။ ခင်ဗျား အံ့သြသွားမှာသေချာတယ်"
ပိုင်ရှန်းဝူက ဗီရိုနားသို့ ချဉ်းကပ်သွားလိုက်သည်။ ထိုအချိန်ဝယ် ဆရာမ၏လက်ထဲမှ ဇာပန်းထည်ဖဲကြိုးကို သတိထားမိလိုက်သည်။
"ဒါကဘာလဲ"
သူ့ဗီရိုထဲတွင် စုဆောင်းထားသောပစ္စည်းများမှာ ဂီတတူရိယာများဖြစ်ပြီး ယခုလိုပစ္စည်းများမဟုတ်ကြောင်း ပိုင်ရှန်းဝူ သေချာသိသည်။
"ဆရာပိုင်.. သွားဖွင့်လိုက်လေ။ ဘာလို့တွေဝေနေတာလဲ။ ခင်ဗျားစုဆောင်းထားတဲ့ပစ္စည်းတွေ ကျွန်တော်တို့ကိုပြစမ်းပါဦး။ ကျွန်တော် အမြင်ကျယ်ချင်လို့ပါ။ ခင်ဗျားမှာ ဘာရတနာများရှိတာပါလိမ့်"
************