အလှူငွေသန်းငါးဆယ်က စလိုက်ကြတာပေါ့
Vol. 9 Ch. 128
"ဥက္ကဋ္ဌ.. အဲ့ဒါတွေက ကျွန်တော်စုဆောင်းထားတဲ့ ဂီတတူရိယာတွေတချို့ပါ။ ခင်ဗျားတို့တွေ စိတ်ဝင်စားလောက်တဲ့အရာတွေမဟုတ်ပါဘူး"
"ဖွင့်လိုက်"
ဥက္ကဋ္ဌကလည်း အကန်းမဟုတ်ပေ။ အထဲတွင် ဘာရှိနေနိုင်သလဲဆိုသည်ကို သူ ခန့်မှန်းမိပြီးသား ဖြစ်နိုင်လောက်သည်။ သူတို့ပတ်ပတ်လည်ရှိ အပူချိန်များမှာ ရုတ်ခြည်းကျဆင်းသွားသည့်အလားပင်။
"လုံခြုံရေး.. အဲ့ဒါကိုရိုက်ခွဲပစ်လိုက်"
"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌ"
လုံခြုံရေးက လက်ထဲတွင် ပစ္စည်းကိရိယာများကိုင်၍ ရောက်ချလာသည်။
ထိုအရာမှာ သစ်သားဗီရိုလေးတစ်ခုဖြစ်သောကြောင့် ပခုံးပြင်ကျယ်ကျယ်နှင့် လုံခြုံရေးအစောင့်က အချက်ရေအနည်းငယ်မျှ ရိုက်ဖွင့်ရုံဖြင့် ဗီရိုတံခါးပွင့်သွားပြီး ရုတ်ခြည်းဆိုသလို အရောင်အသွေးစုံလင်လှသော ပစ္စည်းအထပ်လိုက် ပြုတ်ကျလာခဲ့သည်။
ထိုအရာများမှာ အမျိုးသမီးအတွင်းခံများပင်တည်း။
"ယဲ့ရင်... မင်း ဒါတွေအကုန်လုံးကိုယူလာခဲ့တာလား"
ကျန်းမုန့်လောင်က ယဲ့ရင်ကို နည်းနည်းသာယူခဲ့ဖို့ ပြောခဲ့ခြင်းပင်။ ဘယ်လိုဖြစ်ပြီး ဗီရိုတစ်ခုလုံးအပြည့် ဖြစ်နေရပါသလဲ။
"မစ္စတာကျန်း.. လူကြီးမင်းပဲ နည်းနည်းလို့ပြောခဲ့တာမဟုတ်ဘူးလား။ ကျွန်တော် နည်းနည်းပဲယူခဲ့တာပါ"
"မင်းရဲ့နည်းနည်းဆိုတာက ငါပြောတဲ့နည်းနည်းနဲ့ တော်တော်ကွာခြားနေသလိုပဲ"
ကျန်းမုန့်လောင်လည်း ချက်ချင်းဆိုသလို မျက်ဆန်လည်ပြလိုက်သည်။
"ဆရာမတို့..ကျွန်တော် စိတ်တော့မကောင်းပါဘူး။ ဒါပေမဲ့ ဒီလိုနှာဘူးကျတဲ့လုပ်ရပ်မျိုးကို တရားမျှတမှုဖော်ဆောင်ရပါလိမ့်မယ်။ ခင်ဗျားတို့ ကျွန်တော့်ကိုအပြစ်မတင်ကြပါနဲ့ဗျ။ နောက်ပိုင်းကျရင် ကျွန်တော် သေချာပေါက်ပိုက်ဆံပိုလှူပေးပါ့မယ်"
ဤလုပ်ရပ်ကား သမာသမတ်ကျသောနည်းလမ်းတစ်ခုမဟုတ်ကြောင်း ကျန်းမုန့်လောင် ဝန်ခံပါသည်။ သို့သော် ပိုင်ရှန်းဝူ၏သရုပ်မှန်ကို ဖော်ထုတ်ရန်အတွက်ဆိုပါက သူ့အနေနှင့် အရှက်တရားကိုလည်း ထည့်မတွက်နိုင်တော့ပေ။
ဤအဖြစ်ကိုမြင်သော် ပိုင်ရှန်းဝူမှာ ကြက်သေသေသွားပြီး ဤပစ္စည်းများက သူ့ဗီရိုထဲတွင် မည်သို့နှယ်ရောက်နေသလဲဆိုသည်ကို နားမလည်နိုင်ဖြစ်နေ၏။
"တော်ပါပေတယ် ဆရာပိုင်ရေ.. ပိုင်ရှန်းဝူ ခင်ဗျားက ကျုပ်တို့ကောင်းကို လုံးဝအရှက်ခွဲလိုက်တာပဲ"
နောက်ဆုံးမှာတော့ ဥက္ကဋ္ဌလည်း ပေါက်ကွဲပါတော့သည်။ သူ့အနေနှင့် သူ့ကျောင်းထဲတွင် ယခုလိုကိုယ်ကျင့်တရားပျက်ယွင်းသူတစ်ယောက်ရှိနေလိမ့်မည်ဟု ထင်မထားပေ။ နောက်နောင်တွင် ဆရာများ၏ကိုယ်ရည်ကိုယ်သွေးကို ပိုမိုအာရုံစိုက်ဖို့ လိုအပ်ပေသည်။
"ဥက္ကဋ္ဌ အဲ့ဒါကျွန်တော်မဟုတ်ဘူး...တစ်ယောက်ယောက်က ကျွန်တော့်ကိုသက်သက်ချောက်တွန်းတာ။ သူပဲဖြစ်ရမယ်"
ပိုင်ရှန်းဝူသည် ကျန်းမုန့်လောင်ကို လက်ညှိုးထိုးပြ၍ ပြောလိုက်လေသည်။
"ဒါတွေအားလုံး သူ့လက်ချက်ပဲဖြစ်ရမယ်"
"ဆရာပိုင်..ခင်ဗျားဘာသာ မစင်ကိုကြိုက်သလိုစားနိုင်တယ်။ ဒါပေမဲ့ စကားကိုတော့ လက်လွတ်စပယ်မပြောနဲ့။ ကျွန်တော်နဲ့ခင်ဗျားကြားမှာ ဘာရန်ငြိုးမှမရှိဘူးလေ။ ကျွန်တော်က ခင်ဗျားကို ဘာလို့ချောက်တွန်းရမှာလဲ"
ကျန်းမုန့်လောင်၏ပုံစံမှာ အပြစ်ကင်းစင်ပုံပေါက်နေလေသည်။
"ပိုင်ရှန်းဝူ.. ဒီလိုအခြေအနေအထိရောက်နေတာတောင် လာငြင်းနေသေးတာလား"
"ဥက္ကဋ္ဌ.. ဒါတွေအကုန်လုံးက သူ့အစီအစဉ်တွေချည်းပါပဲ။ မနေ့တုန်းက ကျွန်တော် လုရီယောင်ကို တစ်ခုခုလုပ်ခဲ့မိ.."
ပိုင်ရှန်းဝူလည်း သူ့စကားသူ မြန်မြန်ရပ်ပစ်ပြီး ပါးစပ်ကို အုပ်ထားလိုက်မိသည်။ သူ့မှာ ထိတ်လန့်မှုကြောင့် တစ်နေ့က သူလုပ်ခဲ့မိသောကိစ္စကို ထုတ်ဖော်ပြောဆိုမိတော့မတတ်ဖြစ်သွားရသည်။
"မနေ့ကလား။ ခင်ဗျား ကျောင်းသူလုကို ဘာလုပ်ခဲ့တာလဲ။ ဟမ်"
"ဥက္ကဋ္ဌ.. ကျွန်တော် ဘာမှမလုပ်ခဲ့ပါဘူး။ သူက မနေ့တုန်းက ဘွဲ့နှင်းသခင်အခမ်းအနားပြင်ဆင်ရေးအတွက်ပဲ ဒီကိုလာခဲ့တာပါ။ ကျွန်တော်က မနေ့တုန်းက သူ့ကို အကြံလေးနည်းနည်းပေးလိုက်ရုံပဲရှိတာပါ။ သူ တစ်ခုခုကို အထင်လွဲသွားတာပဲဖြစ်ရမယ်"
"အထင်လွဲတာတဲ့လား"
ဥက္ကဋ္ဌက အေးတိအေးစက်ပြောလိုက်လေသည်။
"ကြည့်ရတာတော့ ခင်ဗျားက ကျုပ်ကို တကယ်သူငယ်နှပ်စားလို့ထင်နေတာပဲ"
"ဥက္ကဋ္ဌ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ဆရာပိုင်ရဲ့ဒီခိုးမှုကတော့ ငြင်းလို့မရပါဘူး။ ဒီတော့ ကျွန်တော်တို့ အခုချက်ချင်းရဲခေါ်သင့်တယ်နော်"
အတွင်းရေးမှူးက ကျန်းမုန့်လောင်၏ဒေါသနှင့် သံသယကို ငြှိမ်းသတ်ဖို့အတွက် ကျောင်းဘက်ကလည်း အရေးယူမှုတစ်ခုပြုလုပ်သင့်ကြောင်း သိနေသည့်အတွက် ပြောလိုက်သည်။
"ရဲကိုသွားခေါ်လိုက်"
ဥက္ကဋ္ဌက ထိုင်ချလိုက်သည်။
"ငါကိုယ်တိုင် ဒီနေရာမှာစောင့်နေမယ်"
"ဥက္ကဋ္ဌ ကျွန်တော်.."
"ကျုပ် အခုလောလောဆယ် ခင်ဗျားပြောတဲ့စကားကို မကြားချင်ဘူး။ နောက်မှ ရဲစခန်းမှာ ခင်ဗျား ဘယ်လိုဖြေရှင်းမလဲဆိုတာကိုသာ စဉ်းစားထားလိုက်"
...
မိနစ်သုံးဆယ်လောက် စောင့်ဆိုင်းပြီးနောက် အဆုံးမှာတော့ ရဲအရာရှိအများအပြား ရောက်လာသည်။
"ဘာလို့တအားကြာနေရတာလဲ"
ကျန်းမုန့်လောင်က စိတ်မရှည်စွာ ပြောလိုက်လေသည်။
"ကျုပ်တို့ကူစူးရဲ့လူအင်အားက အကန့်အသတ်ရှိတယ်လေ။ ရဲအင်အားက မနည်းပေမဲ့ ရဲကားကတော့ လုံလောက်မှုမရှိဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့ လူအင်အားဖြန့်ကြက်ဖို့ အခက်တွေ့နေတာ"
ဥက္ကဋ္ဌကလည်း ကျန်းမုန့်လောင်၏စိတ်အခြေအနေကို အနည်းငယ်ပြေပျောက်အောင် လုပ်ပေးလိုက်သည်။
"အရာရှိလျူ.. ခင်ဗျားတို့ ဒီကိုရောက်လာဖို့ ဘာလို့ဒီလောက်တောင်ကြာနေရတာလဲ"
ကျောင်းရှိလုံခြုံရေးက ဤအရာရှိများနှင့် မကြာခဏပတ်သက်ဆက်ဆံနေရသည်ဖြစ်ရာ သူတို့နှင့် အတော်အတန်ရင်းနှီးနေချေသည်။
"ခင်ဗျားလည်းသိသားပဲ။ ကျုပ်တို့စခန်းက နှစ်တိုင်း ရန်ပုံငွေအများကြီးမရလို့ နေ့စဉ်ထိန်းသိမ်းပြုပြုင်စရိတ်ကိုတောင် မလောက်နိုင်ဘူး။ ကူစူးမြို့ကလည်း တအားကျယ်တော့ အမြန်ပြေးလာဖို့ မလွယ်ဘူးလေ။ ရဲကားကလည်း လုံလုံလောက်လောက်မရှိဘူး"
"ဒါကြီးက လက်မခံနိုင်စရာပဲ"
ကျန်းမုန့်လောင်က မခံမရပ်ဖြစ်နေဟန်ဖြင့် ပြောလာလေသည်။
"နောက်နောင်မှာ အရေးပေါ်ကိစ္စများဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့က သေဖို့ထိုင်စောင့်နေရမှာလား"
"ဥက္ကဋ္ဌရှု ဒါက..."
"အိုး အရာရှိလျူ သူက ကျုပ်တို့ကျောင်းရဲ့ရင်းနှီးမြုပ်နှံသူ မစ္စတာကျန်းမုန့်လောင်တဲ့"
"သူက ကျန်းမုန့်လောင်လား"
လူငယ်အရာရှိလေးများက ချက်ချင်းဆိုသလို ခပ်မတ်မတ်ရပ်လိုက်မိကြသည်။
"မစ္စတာကျန်း.. ခင်ဗျားပြောတာမှန်ပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့လည်း ဘာအာဏာမှမရှိဘူးဗျ။ ဒီနေ့တောင်မှ ကျွန်တော်တို့ ဒီကိုလာဖို့အတွက် တခြားကားတွေကို ချောဆွဲလာရတာ"
"ခင်ဗျားမှာ ခင်ဗျားတို့ခေါင်းဆောင်ရဲ့ဖုန်းနံပါတ်တွေရှိလား"
"ဟုတ်ပါတယ် ခင်ဗျားက...."
"လှူမလို့..ကားတွေဝယ်လိုက်"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"ကျွန်တော့်ကောင်မလေးက ဒီမှာစာသင်ကြားနေရတာလေ။ တကယ်လို့များ လုံခြုံရေးက မကောင်းမွန်ဘူးဆိုရင် ကျွန်တော် ဘယ်လိုလုပ်ပြီးစိတ်ချနိုင်မှာလဲ"
"ဟုတ်ကဲ့။ ကျွန်တော်တို့ ချက်ချင်းဆက်သွယ်လိုက်ပါ့မယ်"
လူငယ်ရဲအရာရှိနှစ်ယောက်က ကျန်းမုန့်လောင်၏ငွေကြေးအင်အားသည် အဆုံးမရှိလေကြောင်း သိထားသည်။ သူ့ဘက်ကသာ လှူဒါန်းလိုသည်ဆိုပါက သူတို့ရဲတပ်ဖွဲ့လည်း အဆင့်များစွာ တိုးတက်မြင့်မားလာနိုင်ပေသည်။
"ဘာ? လှူမှာတဲ့လား"
ထိုသတင်းကိုကြားသော် ရဲအရာရှိနှစ်ယောက်၏ ခေါင်းဆောင်က ချက်ချင်းပင် စိတ်လှုပ်ရှားတက်ကြွသွား၏။
"မစ္စတာကျန်းကို ဖုန်းမြန်မြန်ပေးလိုက်လေ"
"မစ္စတာကျန်း.. အခုပြောနေတာ ခေါင်းဆောင်ကျူးပါ"
ရဲအရာရှိက သူ့ဖုန်းကို ကျန်းမုန့်လောင်ထံသို့ ဂရုတစိုက်ကမ်းပေးလိုက်သည်။
"မင်္ဂလာပါ မစ္စတာကျန်း ကျွန်တော်က ကျူးကွမ်ဝေ့ပါ"
"ခေါင်းဆောင်ကျူး မင်္ဂလာပါ ကျွန်တော်က ကျန်းမုန့်လောင်ပါ"
ကျန်းမုန့်လောင်ကလည်း ပြောလိုက်၏။
"ခင်ဗျား ကျွန်တော်တို့ဌာနကို ပိုက်ဆံလှူချင်တယ်လို့ ကျွန်တော်ကြားထားလို့ပါ"
"ဟုတ်ပါတယ်။ အလှူငွေသန်းငါးဆယ်နဲ့စလိုက်ကြတာပေါ့"
ကျန်းမုန့်လောင်က ပေါ့ပေါ့ပါးပါးပြောလိုက်လေသည်။
"အပိုဝန်ထမ်းတချို့ပါ ခန့်လိုက်။ ကျွန်တော်တို့ ကူစူးမြို့ရဲ့လုံခြုံရေးကို ပေါ့ဆလို့မရဘူး။ ဝန်ထမ်းအင်အား လုံလောက်နေမှဖြစ်မယ်။ ဟုတ်တယ်မလား"
"ဟုတ်တာပေါ့။ ဟုတ်တာပေါ့။ ဟုတ်တာပေါ့"
ထိုစကားကိုကြားသော် ကျူးကွမ်ဝေ၏ပါးစပ်ကား နှစ်ခြမ်းကွဲမတတ်ပင်။ သန်းငါးဆယ်နှင့်ဆိုလျှင် ဝန်ထမ်းအင်အားဖြည့်တင်းရုံသာမက သူတို့အတွက်ပါ ရဲကားများနှင့် ဆိုင်ကယ်များ ဝယ်ပေးနိုင်သည်။ ထိုသို့ဆိုပါက သူတို့၏တာဝန်ထမ်းဆောင်မှုကိုလည်း ပိုမိုထိရောက်စေနိုင်လေသည်။
"ဟုန်းရီ...ပိုက်ဆံလွှဲလိုက်"
"မစ္စတာကျန်း..လွှဲပြီးသွားပါပြီ"
ဟုန်းရီက ထိုသို့နှယ်ဆိုလာချေသည်။
"ခေါင်းဆောင်ကျူး.. ရောက်မရောက်စစ်လိုက်ပါဦးလား"
"ဒီလောက်တောင်မြန်တာလား"
ကျူးကွမ်ဝေ့ခမျာ အလှူငွေကို မြန်မြန်ဆန်ဆန်လွှဲပေးနိုင်သူဟူ၍ တစ်ခါမှမကြုံဖူးခဲ့ပေ။
"ခေါင်းဆောင်ကျူး.. ကျွန်တော်တို့ အခုလေးတင် သန်းငါးဆယ်ကို လက်ခံရရှိထားပါတယ်"
ကျူးကွမ်ဝေ့ ဘာမှမမေးရသေးခင်မှာပင် တစ်စုံတစ်ယောက်က သူ့ရုံးခန်းထဲသို့ ကပျာကယာပြေးဝင်လာပြီး တင်ပြချေသည်။
"မစ္စတာကျန်း ရောက်ပါတယ်ဗျ။ ကူစူးရဲတပ်ဖွဲ့ကို ထောက်ပံ့ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ဒါက လိုအပ်တယ်လေ။ ကျွန်တော့်ကောင်မလေးက ကူစူးမှာရှိတာဆိုတော့ ခင်ဗျားတို့အင်အားတောင့်တင်းလေလေ သူလည်း ပိုလုံခြုံလေလေပေါ့ ဟုတ်တယ်မလား"
"မင်းတို့တွေအကုန်လုံး.. မစ္စတာကျန်း ဘာပဲလိုချင်လိုချင် တတ်နိုင်သမျှပူးပေါင်းဆောင်ရွက်ပေးလိုက်။ နားလည်လား"
ကျူးကွမ်ဝေ့က ရဲအရာရှိနှစ်ယောက်ကို ညွှန်ကြားလိုက်သည်။
"ဒါကို ဒီနေ့အတွက် တာဝန်ထမ်းဆောင်မှုအဖြစ် သဘောထားလိုက်"
"ကျွန်တော်တို့နားလည်ပါပြီ"
ရဲအရာရှိနှစ်ယောက်ကလည်း ပြုံးပျော်နေကြလေသည်။ ယနေ့တာဝန်ထမ်းဆောင်နေစဉ်အတွင်း ထင်မှတ်မထားသော အကျိုးအမြတ်တစ်ခု ရလိုက်လိမ့်မည်ဟု ထင်မထားပေ။ အားလုံးက ကျန်းမုန့်လောင်၏ကျေးဇူးကြောင့်ပင်။
"မစ္စတာကျန်း.. ရဲခေါ်လိုက်တာက ခင်ဗျားမလား။ ဘာများဖြစ်လို့လဲ"
"ဒီလိုပါ။ ကူစူးတက္ကသိုလ်မှာ မသတီစရာကောင်းတဲ့ကိစ္စတစ်ခုဖြစ်ခဲ့တယ်"
ကျန်းမုန့်လောင်က အဖြစ်အပျက်များကို ပြန်ပြောပြလိုက်သည်။
"မယုံနိုင်စရာပဲ။ ကူစူးတက္ကသိုလ်မှာ ဒီလိုအယုတ်တမာမျိုးလည်း ရှိသေးတာပဲ"
"အမှန်ပဲ။ ဒါက တကယ်ကို ကျုပ်တို့ကူစူးတက္ကသိုလ်ရဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်"
"မစ္စတာကျန်း စိတ်ချပါ။ ကျွန်တော်တို့ ဒီကိစ္စကို အလေးအနက်ထားပြီး ဖြေရှင်းပေးပါ့မယ်"
"ခဏနေဦး"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"ဆရာပိုင်က ကျောင်းသူတွေကို ထိပါးနှောင့်ယှက်တဲ့လုပ်ရပ်တွေမှာလည်း ပါဝင်ပတ်သက်နေတယ်လို့ကြားတယ်။ ခင်ဗျားတို့ ဒါကိုလည်းစုံစမ်းစစ်ဆေးပေးဖို့ မျှော်လင့်ပါတယ်"
"မင်း ပေါက်ကရတွေပြောနေတာပဲ"
ပိုင်ရှန်းဝူက ရုတ်ခြည်းဒေါသထွက်သွားလေတော့သည်။ ဤကိစ္စများကိုသာ စုံစမ်းစစ်ဆေးပါက သူ့ဂုဏ်သတင်းသာ ထိခိုက်မည်မဟုတ်။ သူ့ဘဝလည်း ပျက်စီးသွားပေလိမ့်မည်။
"အဲ့ဒါက ခင်ဗျားဆုံးဖြတ်ရမဲ့ကိစ္စမဟုတ်ဘူး"
ကျန်းမုန့်လောင်က တစ်ချက်သရော်လျက် ပြောလိုက်လေသည်။
"စိတ်ချပါ မစ္စတာကျန်း။ ကျွန်တော်တို့ခေါင်းဆောင်က ကျွန်တော်တို့ကို ညွှန်ကြားထားပါတယ်။ ကျွန်တော်တို့ ခင်ဗျားရဲ့ကိစ္စတွေကို အလေးအနက်ထားပြီး ကိုင်တွယ်လိုက်ပါ့မယ်"
ရဲအရာရှိများက ဆိုလာလေသည်။
"သူနဲ့ပတ်သက်နေတဲ့ စာရွက်စာတမ်းတွေကို ဒေတာတွေကို စုံစမ်းစစ်ဆေးဖို့ ကျွန်တော်တို့ ခွင့်ပြုချက်တောင်းလိုက်ပါ့မယ်။ ခင်ဗျားစိတ်ကျေနပ်စေမဲ့ အဖြေတစ်ခု ကျွန်တော်တို့ပေးမှာပါ"
"ဒါဆို ခင်ဗျားတို့လက်ထဲပဲ အပ်လိုက်တော့မယ်နော်"
ကျန်းမုန့်လောင် ပြုံးလိုက်လေသည်။
"နောက်တစ်ခေါက်ကျမှ ခင်ဗျားတို့တွေ ရဲကားအဖြစ်သုံးဖို့ Bugattisကားနည်းနည်း လှူဦးမယ်"
"မစ္စတာကျန်း ဒါက ကျွန်တော်လုပ်သင့်လုပ်ထိုက်တဲ့အရာပါ"
ရဲအရာရှိနှစ်ယောက်ခမျာ ချက်ချင်းပင် ပြုံးပန်းဝေသွားရသည်။ Bugattisကားကို ရဲကားအဖြစ် သုံးရမည်တဲ့လား။ ၎င်းမှာ ဒူဘိုင်းတွင်သာ မြင်ဖူးသည့် အကျိုးခံစားခွင့်တစ်ခုဖြစ်၏။ အကယ်၍သာ ကျန်းမုန့်လောင် တကယ်လှူခဲ့ပါက သူတို့အတွက် နောက်ထပ်ဂုဏ်ယူစရာကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။
သူတို့အနေနှင့် ကျန်းမုန့်လောင်၏တောင်းဆိုချက်ကို အကောင်းဆုံးလုပ်ဆောင်ပေးမှဖြစ်မည်။ တရားဥပဒေဘောင်အတွင်းက ရှိနေသရွေ့ သူတို့ သေချာပေါက် အပြည့်အဝထောက်ပံံ့ပေးမည်ဖြစ်၏။
"သွားပြီ"
ထိုသန်းငါးဆယ်က ရဲအရာရှိများကို လုံးဝဖမ်းစားလိုက်ပြီဖြစ်ကြောင်း ပိုင်ရှန်းဝူသဘောပေါက်လိုက်သည်။
သူ့ဖိုင်များထဲတွင် ဝှက်ထားသော ဗီဒီယိုများကိုသာ စုံစမ်းစစ်ဆေးဖို့ ခွင့်ပြုမိန့်ကျလာပါက သူ့ပြစ်မှုကား လူတိုင်းမြင်သာလောက်သည့်အနေအထားအထိ ပြစ်မှုထင်ရှားသွားပေတော့မည်။
**********