← Chapters

ကိုယ့်ကုမ္ပဏီကနေကိုယ် ဝန်ထမ်းလာလုတာ ငါ့ကိုဘာလို့လာဖမ်းမှာတဲ့လဲ

Vol. 9 Ch. 129

ကိုယ့်ကုမ္ပဏီကနေကိုယ် ဝန်ထမ်းလာလုတာ ငါ့ကိုဘာလို့လာဖမ်းမှာတဲ့လဲ

Vol. 9 Ch. 129

"အာ..ရှက်စရာပဲ"

ပိုင်ရှန်းဝူကို ဆွဲခေါ်သွားကြပြီဖြစ်သော်ငြား ဥက္ကဋ္ဌရှု၏မျက်နှာကတော့ ဖြူဖပ်ဖြူရော်ဖြစ်နေလေသည်။ ယခုလိုဖြစ်ရပ်မျိုး ဖြစ်သွားသည့်အတွက် ဥက္ကဋ္ဌတစ်ယောက်ဖြစ်သည့် သူ့အနေနှင့် တာဝန်ရှိသည်ဟု ခံစားရသည်။

"မစ္စတာကျန်း..မင်းကို ဒီလိုမြင်ကွင်းမျိုးမြင်စေခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်"

ဥက္ကဋ္ဌရှုခမျာ တစ်ခဏတာအတွင်း အသက်အများကြီးရင့်သွားသလို ခံစားရသည်။

"ဥက္ကဋ္ဌ..အဲ့ဒါက ခင်ဗျားရဲ့အပြစ်မဟုတ်ပါဘူး။ ခင်ဗျားဘက်က တောင်းပန်စရာမလိုပါဘူး"

"အလှူငွေကိစ္စအတွက်ကတော့ ကျုပ်မှာ ပြစရာမျက်နှာတောင်မရှိတော့ပါဘူး"

သူ အလွန်နှမြောမိသော်ငြား သူတို့ကျောင်းအနေနှင့် ယနေ့ခံစားခဲ့ရသော အရှက်ကွဲမှုမှာ အလွန်ပြင်းထန်လှသည်။

"ဟုန်းရီ.. ကူစူးတက္ကသိုလ်ရဲ့အကောင့်ထဲကို ဆယ်ဘီလီယံလွှဲပေးလိုက်ပါ"

ကျန်းမုန့်လောင်က ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့ပါ မစ္စတာကျန်း"

"မစ္စတာကျန်း မင်း ဘာလုပ်..."

"ဥက္ကဋ္ဌရှု.. ဒီဆန်ကုန်မြေလေးကို ရှင်းထုတ်ဖို့လိုတယ်ဆိုပေမဲ့ ကျောင်းကလည်း တိုးတက်ဖို့လိုသေးတယ်မဟုတ်လား။ ကြွက်ချေးတွေကို ရှင်းထုတ်ပြီးရင် အိုးထဲက ပစ္စည်းတွေကိုလည်း လဲရမှာပေါ့။ ဒီကျောင်းဝင်းအသစ်နဲ့ပဲ စလိုက်ကြရအောင်"

ကျန်းမုန့်လောင်၏စကားများကို ကြားသောအခါ ဥက္ကဋ္ဌရှုလည်း ချက်ချင်းဆိုသလို မျက်ရည်အဝိုင်းသားဖြစ်သွားရသည်။

"မစ္စတာကျန်း ဆရာဆရာမတွေနဲ့ ကျောင်းသားတွေကိုယ်စား ကျုပ်ကပဲ မင်းရဲ့ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်"

...

"ဒီကိစ္စကြီးတစ်ခုလုံးက နင့်လက်ချက်လား"

ပိုင်ရှန်းဝူက သံတိုင်များ၏ အနောက်တွင် ရှိနေပြီး ကျန်အမှုများကို စုံစမ်းစစ်ဆေးနိုင်ရန်မှာ အနှေးနှင့်အမြန်သာ လိုတော့သည်။ ကျန်းမုန့်လောင်နှင့် လုရီယောင်တို့လည်း ကျောင်းမှ ထွက်ခွာလာခဲ့ကြလေပြီ။

"ငါ့လက်ချက်လားဆိုတာက ဘာသဘောလဲ။ ငါက အဲ့ဒီလောက်တောင်ယုတ်ညံ့တယ်လို့ ထင်နေတာလား"

ကျန်းမုန့်လောင်က ခါးသီးစွာပြုံးလျက် ပြောလိုက်လေသည်။

"ပိုင်ရှန်းဝူက အစကတည်းက အမှိုက်ကောင်လေ။ သူက ဒီလိုကိစ္စမျိုးကိုကျူးလွန်တာ အံ့ဩဖို့ကောင်းနေလို့လား"

"အမှန်ပဲ"

လုရီယောင်က အတော်ကြာသည်အထိ ထိုအကြောင်းကို တွေးနေမိသည်။ ကျန်းမုန့်လောင်က ချမ်းသာသည်ဆိုသော်ငြား အရာရာကို စွမ်းဆောင်နိုင်မည်တဲ့လား။ သူ(မ)လည်း ရုတ်ခြည်းဆိုသလို ထပ်မတွေးချင်တော့ပေ။

"ငါနဲ့ ကျန်းနန်မြို့ကိုလိုက်ခဲ့လေ"

ကျန်းမုန့်လောင်က လုရီယောင်၏လက်ကို ဆုပ်ကိုင်လိုက်သည်။

"ဒီနေရာမှာသာဆိုရင် မင်းကိုကောင်းကောင်းဂရုမစိုက်နိုင်မှာစိုးတယ်"

"ဟေး ငါက ကလေးမဟုတ်တော့ဘူးနော်"

လုရီယောင်ကလည်း ကန့်ကွက်လိုက်သည်။

"နှစ်ဝက်အတွင်းမှာတင် ငါ ဘွဲ့ရတော့မှာလေ။ နင်က ဒါတောင်မစောင့်နိုင်တော့ဘူးလား"

"ဟုတ်တယ် မစောင့်နိုင်တော့ဘူး"

ကျန်းမုန့်လောင်သည် ရုတ်ခြည်းဆိုသလို ညစ်ကျယ်ကျယ်ပြုံးလိုက်လေ၏။

"တံတားပေါ်က အဲ့ဒီဆရာက အခုလေးတင်..."

"အား..အဲ့ဒီအကြောင်း ထပ်မပြောနဲ့တော့။ ကျန်းမုန့်လောင် နင်ပြောင်းလဲသွားပြီပဲ"

"ငါက ဘယ်လိုပြောင်းလဲသွားလို့လဲ။ ငါ အရင်ကနဲ့မတူတော့ပါဘူးလို့လည်း မပြောမိပါဘူးနော် ဟားဟားဟား"

...

ကူစူးမြို့တွင် ရက်အနည်းငယ်မျှကြာအောင် နေထိုင်ပြီးနောက် လုရီယောင်လည်း ဆရာအသစ်တစ်ယောက်နှင့် ပြောင်းပစ်လိုက်သည်။ ထို့နောက် ပြင်ဆင်မှုအားလုံးကို တစ်ဖန်စတင်ပါတော့သည်။ ကျန်းမုန့်လောင်ကလည်း သူတစ်ယောက်တည်း ကျန်းနန်မြို့သို့ပြန်သွားမည်ဖြစ်သောကြောင့် လုရီယောင်ကို သေချာစောင့်ရှောက်ထားဖို့ ဟုန်းရီကို မှာထားခဲ့သည်။

အစောပိုင်းနှစ်ရက်ခန့်က ဝမ်လင်ကလည်း မူပိုင်ခွင့်ပြဿနာများအားလုံးကို ဖြေရှင်းထားပြီး ကျန်းနန်မြို့သို့ ပြန်လာခဲ့လိုက်သည်။ သုံးရက်အတွင်းမှာပ်င ဂီတတောအုပ်လေးကို ဒေါင်းလုတ်ဆွဲမှုပမာဏမှာ သန်းငါးဆယ်ကျော်သွားခဲ့ပြီး အသုံးပြုသူအရေအတွက်ကလည်း သန်းသုံးရာကျော်သွားခဲ့သည်။

သတိပြုရမည့်အချက်မှာ ဝမ်ယိဂီတပင်လျှင် နှစ်ပေါင်းများစွာ လည်ပတ်လာခဲ့သော်လည်း အသုံးပြုသူပေါင်းသန်းရှစ်ရာကျော်(ထပ်တလဲလဲဝင်ရောက်စာရင်းသွင်းခြင်းအပါအဝင်)သာရှိခဲ့သည်။

ထို့ပြင် appဈေးကွက်များမှ တင်ပြချက်အရဆိုလျှင် ရက်အနည်းငယ်အတွင်းမှာပင် ဝမ်ယိဂီတကို uninstallလုပ်သည့်နှုန်းက အံ့ဩဖွယ်ကောင်းလောက်အောင် ၁၂ရာခိုင်နှုန်းအထိ ရှိခဲ့လေသည်။

သီချင်းများပေါ်ရှိ ကောမန့်များကြောင့် uninstallလုပ်လိုသည့်ဆန္ဒများက အဓိကအကြောင်းအရင်းဖြစ်သော်ငြား ဂီတတောအုပ်လေး၏ အသုံးပြုသူအရေအတွက် တိုးပွားလာသည်နှင့်အမျှ သီချင်းများပေါ်ရှိ မှတ်ချက်များလည်း မြင့်တက်လာသည်။ သို့ဖြစ်လေရာ ဝမ်ယိဂီတကို အစားထိုးပစ်နိုင်ဖို့ အချိန်သိပ်မလိုတော့ပေ။

အရေးအကြီးဆုံးအချက်မှာ လွန်ခဲ့သည့်သုံးရက်အတွင်း၌ ဝမ်ယိဂီတ၏ အသုံးပြုသူငွေချေနှုန်းသည် ယခင်ကာလ၏ သုံးရာခိုင်နှုန်းမျှသာ ရှိခဲ့သည်။

အခမဲ့မူပိုင်ခွင့်ရှိနေသည့်အပြင် အကောင်းဆုံးသော အသံအရည်အသွေးနှင့်ပါ နားဆင်နိုင်သည့်အတွက် ရူးနေမှသာ အခမဲ့နားထောင်နိုင်သည့်သီချင်းများကို ပိုက်ဆံပေး၍နားထောင်ကြပေလိမ့်မည်။

ထို့ပြင် ပရိသတ်တချို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ဂီတတောအုပ်လေးက မုန့်ဖိုးပေးသည့်လုပ်ဆောင်ချက်ကိုပါ ဖြည့်စွက်ခဲ့သည်။ app marketအတွက် တစ်စိတ်တစ်ဒေသကို ဖြတ်ထားသည်ကလွဲလျှင် ဂီတတောအုပ်လေးဘက်က တစ်ပြားတစ်ချပ်မှ ယူမထားပါဘဲ ဂီတပညာရှင်များကိုပါ ရသမျှအကုန်ပေးအပ်ခဲ့သည်။

ထိုကဲ့သို့သော လုပ်ဆောင်ချက်များကြောင့် နိုင်ငံတစ်ဝှမ်းရှိ ဂီတပညာရှင်များ၏အားပေးမှုကို တစ်ခဲနက်ရရှိလိုက်သည်။ ဂီတပညာရှင်အသေးစားလေးများမှာ အသက်မွေးဝမ်းကြောင်းအတွက် လုပ်ကိုင်နေခြင်းဖြစ်လေရာ ဂီတတောအုပ်လေး၏ လုပ်ဆောင်ချက်များက သူတို့အတွက်တော့ ဘုရားပေးသော လက်ဆောင်တစ်ခုအလားပင်။

ထို့ကြောင့် ဂီတပညာရှင်အမြောက်အများကလည်း ဂီတတောအုပ်လေးနှင့် စာချုပ်ချုပ်ဖို့အတွက် ဆုံးဖြတ်ချက်ခဲ့ကြလေရာ သူတို့၏ပင်တိုင်ဂီတပညာရှင်အရေအတွက်မှာ မိုးထိတိုင် ထိုးတက်သွားခဲ့လေသည်။

ဝမ်ယိဂီတက တင်းယွီရှီ၊ တင်းမိသားစုနှင့် ဆွေမျိုးတချို့က အလုံးစုံထိန်းချုပ်ထားခြင်းဖြစ်သောကြောင့် စတော့ရှယ်ယာဈေးနှုန်းတွင် ပြောင်းလဲမှုမရှိသော်ငြား အမြင်ရှိသူများကတော့ ဈေးကွက်ထဲမှ သူတို့ပိတ်သိမ်းရတော့မည်မှာ အနှေးနှင့်အမြန်ပင်ဖြစ်ကြောင်း သိကြလေသည်။

လွန်ခဲ့သည့်ရက်ပိုင်းခန့်က ထန်ရွှင်းဂီတတစ်ခုလုံးကို ကျန်းမုန့်လောင်အား ရောင်းချလိုက်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ခဲ့လေရာ ဤခန့်မှန်းချက်များကို ပိုမိုခိုင်မာသွားစေခဲ့သည်။

ဂီတတောအုပ်လေး အောင်မြင်နေသည့် ပထမဆုံးအပတ်မှာပင် ကျန်းမုန့်လောင်က ဝမ်ယိဂီတ၏ဌာနချုပ်ဆီသို့ ရောက်ရှိလာသည်။

"တင်းယွီရှီကို သွားခေါ်ပေးပါ"

"ကျန်းမုန့်လောင်ရောက်နေပြီ"

"သူက ဒီမှာဘာလာလုပ်တာလဲ။ သူကများ မျက်နှာလာပြရဲတယ်ပေါ့။ ငါတို့ကို သူဘာလုပ်ထားလဲဆိုတာ ကြည့်လိုက်စမ်းပါဦး"

"အသံကို တိုးတိုးပြောစမ်းပါ။ နင်ပြောတာ ဘယ်သူမှမကြားစေနဲ့။ ငါကြားတာတော့ ငါတို့ဘော့စ်တင်းက သူ့ကို စော်ကားမိထားလို့ သူကလည်း ဒီလောက်အခြေအနေတွေအထိဖြစ်အောင် လုပ်လိုက်တာတဲ့"

"ဟုတ်တယ်။ ငါတို့ကိုဖြုတ်ချဖို့အတွက် မူပိုင်ခွင့်အတွက်နဲ့တင် ဘီလီယံဆယ်ချီပြီး သုံးခဲ့တာ။ သူ့အဖေရဲ့သေဆုံးမှုတို့ဘာတို့အတွက် လက်စားချေနေသလိုမျိုးပဲ"

"နင်ကတော့ ကျန်းမုန့်လောင်ကို အထင်သေးနေပြီ။ သူ့အတွက် ဆယ်ဘီလီယံဆိုတာက များလို့လား။ အများဆုံးရှိလှ ဘော့စ်တင်းက တအားရုပ်ဆိုးလွန်းလို့ သူ့အမြင်အာရုံကို ညစ်ညမ်းစေလို့ဖြစ်မှာပေါ့"

"ဟားဟားဟား နင်ကတော့ တကယ်ပြောရဲဆိုရဲတာပဲ။ အလုပ်ဖြုတ်ခံရမှာ မကြောက်ဘူးလား"

"ဘာကြောက်နေစရာရှိလဲ။ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်မဖြုတ်ခံရလည်း မကြာခင် ကုမ္ပဏီက ဒေဝါလီခံရတော့မှာပဲကို။ ဟေး သူ ဒီကိုဘာလို့ရောက်လာတယ်လို့ထင်လဲ"

"ငါတို့ကုမ္ပဏီကိုဝယ်ဖို့အတွက်များလား"

"အဲ့ဒါဆိုရင်တော့ ကောင်းမှာပဲ။ လက်ရှိအခြေအနေတွေအရဆိုရင် ငါတို့လည်း နှစ်လအတွင်း လစာတွေရမှာမဟုတ်ဘူး။ အဲ့ဒီတော့ ငါတို့လည်း နောက်အလုပ်ရှာလိုက်တာ ပိုအဆင်ပြေမယ်"

ကျန်းမုန့်လောင်က ကုမ္ပဏီကိုရောက်လာသည့်အတွက် လူတိုင်းကလည်း အမြင်အမျိုးမျိုးဖြင့် စတင်ပြောဆိုနေကြလေတော့သည်။ မည်သို့ပင်ဖြစ်စေ သူသည် ဝမ်ယိဂီတကို ဤအခြေအနေသို့ ဆိုက်ရောက်အောင် လုပ်ခဲ့သူပင်။

"မစ္စတာကျန်း..ကျွန်တော်တို့သူဌေးတင်းက ခင်ဗျားနဲ့မတွေ့ချင်ဘူးလို့ ပြောပါတယ်"

ဧည့်ကြိုဝန်ထမ်းက ဖုန်းချလိုက်ရင်း ဆိုလာလေသည်။

"အိုး သူ့ကိုအသာထားလိုက်ပါ။ သူ ကျွန်တော့်ကို တွေ့ချင်ချင် မတွေ့ချင်ချင် ဘာမှထူးမသွားပါဘူး"

ကျန်းမုန့်လောင်က သူ့အနောက်မှလိုက်လာသော လူနှစ်ယောက်ကို အချက်ပြလိုက်သည်။

"ပစ္စည်းတွေ ထုတ်လာခဲ့လိုက်"

"ဟုတ်ကဲ့ မစ္စတာကျန်း"

ဂီတတောအုပ်လေး၏ ယူနီဖောင်းကို ဝတ်ဆင်ထားသော လူငယ်လေးနှစ်ယောက်က ကုမ္ပဏီဧည့်ကြိုဌာနမှာ ဆိုင်းဘုတ်တစ်ခုကို ဆွဲဖြန့်ချလိုက်သည်။

"ဂီတတောအုပ်လေးက လူသစ်စုဆောင်းနေတာလား"

"ဝမ်ယိဂီတအတွက် အထူးသီးသန့်လူသစ်စုဆောင်းရေးတဲ့လား။ သောက်ကျိုးနည်း.. ဒါက နှလုံးသားတည့်တည့်ကို ဓားနဲ့ထိုးလိုက်တာပဲ။ ဒီစစ်ဆင်ရေးကတော့ တကယ့်ကိုထက်မြက်တာပဲဟေ့။ ပြိုင်ဖက်ကုမ္ပဏီမှာ တိုက်ရိုက်ကြီးအလုပ်လာခေါ်နေတာမျိုး ဒါ ပထမဆုံးမြင်ဖူးတာပဲ"

"ဒါက ဝန်ထမ်းလာလုတယ်လို့ပြောလို့ရလို့လား။ တိုက်ရိုက်ကြီးဝန်ထမ်းခန့်အပ်နေတာကြီးကို"

"မူလလစာကိုမှ ၂၀ရာခိုင်နှုန်းတိုးပေးမှာလား။ သူတို့က လစာတိုးပေးနေတာပဲ"

"သေစမ်း.. သူက မစ္စတာကျန်းဖြစ်နေတာ မဆန်းတော့ပါဘူး။ ငါတော့ အလင်းအလျင်နဲ့ အလုပ်ထွက်တော့မယ်ဟေ့"

"မစ္စတာကျန်း.. ခင်ဗျား တကယ်ပဲ ဝန်ထမ်းသစ်ခန့်အပ်ဖို့အတွက် ရောက်လာတာလား"

ဝန်ထမ်းတစ်ယောက်က သိလိုစိတ်ပြင်းပြစွာဖြင့် မေးလိုက်လေသည်။

"ဒါပေါ့။ ဒီမှာ ထင်ထင်ရှားရှားရေးထားတယ်လေ"

"ဘာလိုအပ်ချက်များရှိလဲဟင်"

"မင်းတို့တွေက ဝမ်ယိဂီတကိုတောင် ဝင်နိုင်ခဲ့မှတော့ အရည်အချင်းရှိလို့ပေါ့။ မင်းတို့အနေနဲ့ အခုချက်ချင်းအလုပ်ထွက်ဖို့ပဲလိုတာ။ ပြီးရင် မနက်ဖြန်ကစပြီး ငါနဲ့အတူ အလုပ်တွဲလုပ်လို့ရပြီ"

"သောက်ကျိုးနည်း"

"သေစမ်း"

"အလုပ်ထွက်စာ မြန်မြန်ရေးကြလေ။ မင်းတို့က အလုပ်ထုတ်ခံရမှာကို စောင့်နေတာလား"

"မင်း... မင်းတို့ဘာလုပ်နေကြတာလဲ"

ဝမ်ယိဂီတရှိ လုပ်သက်ရင့်ဝန်ထမ်းတော်တော်များများမှာ ချက်ချင်းဆိုသလို ထိတ်လန့်သွားကြလေသည်။ သူတို့အတွက်တော့ ဝမ်ယိဂီတဆိုသည်မှာ သူတို့၏သားသမီးအရင်းအချာပမာ အရေးပါလှသည်။ ဤကုမ္ပဏီ ပြိုလဲတော့မည်ဆိုလျှင်ပင် သူတို့ကတော့ အဆုံးအထိထောက်ပံ့ပေးနေဦးမည်သာ။

"ဒါရိုက်တာ.. ကုမ္ပဏီကဖြင့် ပြိုလဲခါနီးနေပြီ။ ကျွန်တော်တို့ကို အပြစ်မတင်ပါနဲ့။ ကျွန်တော်တို့မှာလည်း ပြုစုစောင့်ရှောက်ရမဲ့ လူကြီးတွေနဲ ကျွေးမွေးစောင့်ရှောက်ရမဲ့ ကလေးတွေရော ဆပ်ရမဲ့အကြွေးတွေရော ရှိသေးတယ်။ ဒီအခွင့်အရေးကို လက်လွှတ်ခံလို့မဖြစ်ဘူးဗျ"

"ဟုတ်တယ် ဒါရိုက်တာ.. ခင်ဗျားရော ကျွန်တော်တို့နဲ့လိုက်ခဲ့ပါ့လား"

"သစ္စာဖောက်တွေ.. မင်းတို့တွေ ထွက်သွားပြီးတာနဲ့ ပြန်လာဖို့စိတ်မကူးကြနဲ့"

"ဒါရိုက်တာ စိတ်တော့မရှိပါနဲ့။ ဒါပေမဲ့ ကျွန်တော်တို့ ပြန်လာချင်ရင်တောင် ကုမ္ပဏီက ရှိဦးမှာတဲ့လား"

"ဒါရိုက်တာ ဒီမှာ ဘောပင်နဲ့စာရွက်.. အတူရေးလိုက်ရအောင်"

"လုံခြုံရေးက ဘယ်မှာလဲ။ ရဲခေါ်လိုက်စမ်း။ ဒါက နှောင့်ယှက်မှုပဲ။ ဒါက မတရားစီးပွားပြိုင်မှုပဲ"

ဝမ်ယိဂီတ၏ဒါရိုက်တာက အော်ဟစ်လိုက်လေသည်။

"ရဲခေါ်မှာတဲ့လား"

ကျန်းမုန့်လောင်က ရယ်မောလိုက်မိသည်။

"ခေါ်လိုက်လေ။ ရဲတွေရောက်လာရင်တောင် ငါ့ကိုဖမ်းမှာမဟုတ်ဘူး။ ငါက ကိုယ့်ကုမ္ပဏီကနေကိုယ် ဝန်ထမ်းလာခန့်တာလေ။ သူတို့က ငါ့ကို ဘာလို့လာဖမ်းမှာလဲ"

"ဘာ..မဖြစ်နိုင်တာ။ ကျုပ်တို့အလုပ်အမှုဆောင်တွေကိုင်ထားတဲ့ ရှယ်ယာတချို့ကလွဲရင် ကျန်တာတွေက မစ္စတာတင်းနဲ့သူ့ဆွေမျိုးတွေကိုင်ထားတာချည်းပဲ"

"အမှန်ပဲ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"မနေ့ညတုန်းက တင်းရှင်းပေါ်က မစ္စတာတင်းရဲ့ အဒေါ်ခုနစ်ယောက်နဲ့ ဦးလေးရှစ်ယောက်တို့ကို ကိုယ်စားပြုပြီး သူတို့ရဲ့ရှယ်ယာကိုဝယ်ပေးဖို့ ကျုပ်ဆီမှာ လာတောင်းပန်ခဲ့တယ်။ စုစုပေါင်းရှယ်ယာ၅၇ရာခိုင်နှုန်းရှိတယ်။ အမေရိကန်ဒေါ်လာလေးဆယ်ဘီလီယံလောက်ရှိမယ်ထင်တယ်။ ကျုပ်က အဲ့ဒီရှယ်ယာတွေကို ဆယ်ဘီလီယံနဲ့တင် ရလိုက်တာ"

"ဘာ.. ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဒါရိုက်တာခမျာ လုံးဝအကြောင်သားဖြစ်သွားရသည်။

"ရှယ်ယာ၅၇ရာခိုင်နှုန်းလား။ ဒါဆိုရင် မစ္စတာကျန်းက ငါတို့ကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်သွားပြီပေါ့"

"သောက်ကျိုးနည်းဟေ့.. ဘယ်သူကများ ကိုယ့်ကုမ္ပဏီကနေ ဝန်ထမ်းပြန်လုမှာတဲ့လဲ"

"သူ့ကုမ္ပဏီကနေ ဝန်ထမ်းပြန်လုတာတဲ့လား။ ဒါက ဘယ်လိုအကွက်မျိုးလဲဟ"

"ငါ အခုနားလည်ပြီ။ သူက သူဌေးတင်းကို ဒေါသထွက်အောင်လုပ်ဖို့ ရောက်လာတာပဲ"

"ဘာကိုသူဌေးတင်းလဲ။ အခု သူဌေးကျန်းဖြစ်သွားပြီလေ"

"ဟားဟား.. ငါကတော့ မစ္စတာကျန်းကို ဉာဏ်အများဆုံးလို့ ဝမ်းပန်းတသာသတ်မှတ်ချင်တယ်ဟေ့"

***********

All Chapters