← Chapters

ဒီနေရာကို ခြေထောက်အနှိပ်ခန်းအဖြစ် ပြောင်းပစ်လိုက်

Vol. 9 Ch. 130

ဒီနေရာကို ခြေထောက်အနှိပ်ခန်းအဖြစ် ပြောင်းပစ်လိုက်

Vol. 9 Ch. 130

"သေစမ်း..ဒါက ဝန်ထမ်းလာလုတာလည်း မဟုတ်သလို လူသစ်စုဆောင်းတာလည်းမဟုတ်ဘူး။ ဒါကြီးက တိုက်ရိုက်ကို လစာတိုးပေးနေတာဟေ့"

အဆုံးမှာတော့ တစ်စုံတစ်ယောက်က သဘောပေါက်သွားလေသည်။

"ဒါပေမဲ့ နေပါဦး။ သူက အခု ကုမ္ပဏီကိုပိုင်သွားပြီလေ။ အဲ့ဒါကို ဘာလို့ဒီလိုအကွက်မျိုးရွှေ့နေရသေးတာလဲ"

တစ်စုံတစ်ယောက်က ကျယ်လောင်စွာ ရေရွတ်လာသည်။

ဝမ်ယိဂီတမှာ ဆက်လက်တောင့်ခံနိုင်တော့မည်မဟုတ်ကြောင်း ရှင်းနေချေသည်။ ဂီတတောအုပ်လေးထံမှ အဝယ်ခံရမည့် အရေးကိုလည်း ရှောင်လွှဲ၍မရနိုင်ပေ။ သို့ဖြစ်လေရာ ကျန်းမုန့်လောင်က ဤနေရာတွင် ဝန်ထမ်းသစ်စုဆောင်းရေးကို ဘာကြောင့်များကျင်းပနေရလေသလဲ။

ထန်ရွှင်းဂီတလိုမျိုး ကုမ္ပဏီတစ်ခုလုံးကို လက်လွှဲယူလိုက်ပြီး အဖွဲ့အစည်းကြီးတစ်ခုလုံးကို ဆက်ထိန်းသိမ်းထားလိုက်ပါလျှင် အချိန်ရော လူအင်အားပါ ခြွေတာနိုင်မည်မဟုတ်လေလား။

"ငါနားလည်ပြီ"

တစ်စုံတစ်ယောက်က ရုတ်ခြည်းသဘောပေါက်လိုက်၏။

"သူက မစ္စတာတင်းကို လမ်းဆုံးရောက်အောင် တွန်းပို့နေတာ"

"ကိုယ့်လူ အဲ့ဒါကဘာသဘောလဲ"

"စဉ်းစားကြည့်လိုက်လေ။ သူသာ ဝမ်ယိဂီတတစ်ခုလုံးကို လက်လွှဲယူလိုက်ရင် ငါတို့ကုမ္ပဏီက ဂီတတောအုပ်လေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သွားမှာမလား"

"ဟုတ်တယ်လေ"

လူအုပ်ကြီးကလည်း အုပ်စုလိုက်ပြန်ဖြေလာသည်။

"အဲ့ဒါ ဘာဖြစ်လို့လဲ"

"အဲ့ဒါက ပြဿနာတော်တော်ကြီးတာပေါ့"

ထိုလူက သုံးသပ်ပြလေသည်။ "စဉ်းစားကြည့်လိုက်လေ။ ဒီကုမ္ပဏီနာမည်အောက်မှာပဲ ဝယ်ယူလိုက်မယ်ဆိုရင် မစ္စတာတင်းနဲ့ သူ့အဖွဲ့သားတွေကလည်း ဂီတတောအုပ်လေးမှာ ရှယ်ယာတချို့ကိုင်ထားသလိုဖြစ်သွားမှာမဟုတ်ဘူးလား။ မစ္စတာတင်းက မစ္စတာကျန်းနဲ့ ရန်ငြိုးရှိထားဖူးတာ အသိသာချည်းပဲလေ။ သူက မစ္စတာတင်း သူ့လုပ်ငန်းကနေ ငွေရနေတာကို အသာထိုက်ကြည့်နေပါ့မလား"

"ဒါဆို မင်းပြောချင်တာကဘာလဲ"

"သူက ငါတို့တွေအကုန်လုံးကို ဝန်ထမ်းသစ်လာစုဆောင်းနေတာ။ အားလုံးက သူ့ဘက်ကိုရောက်သွားပြီဆိုတာနဲ့ ကုမ္ပဏီရဲ့တည်ဆောက်ပုံကိုလည်း တကယ်တမ်းမှာ သူမလိုအပ်တော့ဘူးလေ။ ဒါပေမဲ့ ဒါက ဝမ်ယိဂီတကနေ သူ့ကို လုံးဝဖယ်ထုတ်ပစ်လိုက်သလို ဖြစ်သွားမှာပဲ။ ငါတို့တွေအကုန်လုံး မရှိတော့ဘူးဆိုရင် ဒါကြီးကလည်း ဒီအတိုင်း အခွံသက်သက်ပဲရှိတဲ့ ကုမ္ပဏီတစ်ခုဖြစ်သွားပြီ"

"အဲ့ဒါက သူ့အတွက် ဘာအကျိုးရှိမှာတဲ့လဲ"

တစ်စုံတစ်ယောက်က ပဟေဋ္ဌိဖြစ်သွားလေသည်။

"မစ္စတာကျန်းက ရှယ်ယာ၅၇ရာခိုင်နှုန်းကို ဝယ်ဖို့အတွက်နဲ့ အမေရိကန်ဒေါ်လာတစ်ဘီလီယံကို သုံးခဲ့တာ။ အခွံလွတ်ကြီးပဲရှိတဲ့ ကုမ္ပဏီအတွက် သူက ဘာလို့ ဒီလောက်အများကြီးအကုန်ခံမှာတဲ့လဲ"

"မစ္စတာကျန်းက အမေရိကန်ဒေါ်လာတစ်ဘီလီယံလောက်ကို မက်မောမယ်များထင်နေတာလား"

"မင်း.. မင်းကတော့ ချက်ကောင်းထိတယ်ဟေ့"

"သူ့အတွက်တော့ အမေရိကန်ဒေါ်လာတစ်ဘီလီယံဆိုတာ ဆယ်ဒေါ်လာလောက်ပဲရှိတာ"

ထိုသို့တွေးကြည့်လိုက်သောအခါ လူတိုင်းလည်း ရုတ်တရက်နားလည်သွားကြသည်။

"ကုမ္ပဏီက အခွံလွတ်ကြီးပဲရှိတော့ရင် မစ္စတာတင်းကိုင်ထားတဲ့ရှယ်ယာတွေက ဘာအသုံးဝင်တော့မှာလဲ။ လူမရှိတော့ရင် ဘာလုပ်ငန်းလုပ်နိုင်မှာတဲ့လဲ"

"တကယ်ကိုကြမ်းလိုက်တာ။ ဒီအကွက်ကတော့ တကယ်မိုက်တယ်ဟေ့"

"သေစမ်း။ မင်း ပွစိပွစိလုပ်နေတာကို ရပ်လိုက်တော့။ နှုတ်ထွက်စာတွေရေးပြီးကုန်ကြပြီ။ သူသာ လူသစ်ခေါ်တာ လူပြည့်သွားပြီဆိုရင် ငါတို့က ဒီအတိုင်းထိုင်ကြည့်နေရတော့မှာလား"

"ဟုတ်တယ်။ ဟုတ်တယ်။ ဘောပင်ကဘယ်မှာလဲ။ ငါ့ဘောပင်ကို ဘယ်သူကယူသွားတာတုန်း"

"မင်းက ဘာလို့ဘောပင်လိုရတာလဲ။ ဒီအတိုင်းလက်ခံပစ်လိုက်စမ်းပါ"

တစ်စုံတစ်ယောက်က နှုတ်ထွက်စာကိုင်၍ တင်းယွီရှီ၏ရုံးခန်းဆီသို့ ဦးတည်သွားလိုက်သည်။

နှုတ်ထွက်စာထဲတွင်မူ စာလုံးအမည်းဖြင့် ရေးသားထားသည့်စာကား "ခင်ဗျားပေးတဲ့ တစ်ပဲခြောက်ပြားလေးနဲ့ ကျုပ်က ဘယ်လိုလုပ်ပြီးအလုပ်ကောင်းကောင်းလုပ်နိုင်မှာလဲ"ဟူ၍ ရေးထားသည်။

"မဆိုးဘူးပဲ။ လူတိုင်းက အရိပ်အကဲခတ်တာ မြန်ကြသားပဲ။ တစ်ယောက်ချင်းစီတိုင်းက တော်တော်အရည်အချင်းရှိကြတယ်"

ဝမ်ယိဂီတ၏အဆောက်အဦးထဲတွင် ဝရုန်းသုန်းကားဖြစ်နေသည်ကို မြင်သောအခါ ကျန်းမုန့်လောင်လည်း ကျေနပ်အားရနေသော အမူအရာကို ထုတ်ဖော်ပြသလိုက်သည်။

...

"ဒေါက် ဒေါက် ဒေါက်"

"ဝင်ခဲ့ပါ"

တင်းယွီရှီက သူ့ရုံးခန်းထဲမှနေ၍ အားနည်းဖျော့တော့စွာ ပြောလာလေသည်။

ဤသုံးရက်အတွင်း သူ အကြီးအကျယ်စိတ်ဖိစီးနေခဲ့ရသည်။ မိသားစုရှယ်ယာရှင်များ၊ သူ့အဒေါ်များနှင့် ဦးလေးများက ယခုလိုအခြေအနေမျိုး ဘာကြောင့်ဖြစ်ရသလဲဆိုသည်ကို ဖြေရှင်းချက်တောင်းနေခဲ့ကြသည်။ သူနှင့် သူ့သားကများ ကျန်းမုန့်လောင်ကို စော်ကားမိထားသလားဟု သိချင်နေကြသည်။

တင်းယွီရှီခမျာ ဤတစ်ပတ်အတွင်းမှာ တစ်ညလေးတောင် ကောင်းကောင်းမအိပ်ရသေးပေ။

သူတို့၏လုပ်ငန်းကို ပြန်အဖတ်ဆည်ဖို့အတွက် သူတို့နှင့် စာချုပ်ချုပ်ဆိုဖူးသော အနုပညာရှင်များနှင့် စာချုပ်ပြန်လည်ချုပ်ဆိုနိုင်ရေးအတွက် ကြိုးစားခဲ့သော်ငြား "မရောင်းပါဘူး"ဟူသော ပြတ်ပြတ်သားသားအဖြေကိုသာ ပြန်ရခဲ့သည်။

ကျန်းမုန့်လောင်၏အခကြေးငွေက သူတို့ထက် အဆပေါင်းများစွာ ပိုများပြားပြီး သီချင်းမှရသော အမြတ်ငွေများကိုလည်း အနုပညာရှင်များထံသို့ အများဆုံးပေးအပ်ထားလေသည်။ သီချင်းဖြန့်ချီသူဘက်က ဝေစုအနည်းငယ်သာယူ၍ သူကိုယ်တိုင်ကတော့ ဘာမှမယူထားပေ။

ဖီလာအားဖြင့် ဝမ်ယိဂီတကတော့ သူတို့ကို ခေါင်းပုံဖြတ်အမြတ်စားခဲ့သည့်အပြင် သူတို့ဆုကြေးငွေများထဲကလည်း ဖြတ်လုထားခဲ့သည်ဖြစ်ရာ ယှဉ်ပင် မယှဉ်နိုင်ပေ။

တင်းဆန်ရှီ ဝင်ရောက်ဖြေရှင်းလျှင်ပင် ဘာသက်ရောက်မှုမှမရှိနိုင်ချေ။

"မစ္စတာတင်း ကျွန်တော်ပါ"

လုပ်သက်ငါးနှစ်သက်တမ်းရှိ ဝန်ထမ်းတစ်ယောက်က ရုံးခန်းထဲသို့ လျှောက်လာလေသည်။

"အိုး... မန်နေဂျာလီ ခင်ဗျားကိုး။ အခုနောက်ပိုင်း ခင်ဗျား တော်တော်ကြိုးစားထားရတာ။ ကုမ္ပဏီဘက်က ဒီအခက်အခဲကို ကျော်လွှားနိုင်တဲ့အထိပဲ စောင့်ပေး..."

"ကျွန်တော် အလုပ်ကြိုးစားခဲ့တာကို သိတာတောင် လက်ဖက်ရည်လေးတစ်ခွက် ခပ်မြန်မြန်မဖျော်ပေးဘူးပေါ့"

"ခင်ဗျား ဘာပြောလိုက်တယ်"

တင်းယွီရှီခမျာ ရုတ်ခြည်းအံ့သြမှင်တက်သွားရသည်။

မန်နေဂျာလီသည် ကုမ္ပဏီရှိ လုပ်ငန်းမန်နေဂျာများထဲတွင် အထူးချွန်ဆုံးမန်နေဂျာတစ်ယောက်ဖြစ်ပြီး အလုပ်အကြိုးစားဆုံးလည်း ဖြစ်၏။ သို့သော် သူဌေးအကြိုက်ဆုံးဝန်ထမ်းပုံစံမျိုးမှာ သူ့လိုလူစားမျိုးပင်။ အနည်းငယ်မျှချီးကျူးပေးလိုက်ရုံဖြင့် ပျော်သွားတတ်ကြပြီး စိတ်နေစိတ်ထားကလည်း နှိမ့်ချတတ်သေးသည်။

မန်နေဂျာလီက ယခုလိုပုံစံမျိုးနှင့် သူ့ကို ဆက်ဆံလာသည့်အဖြစ်ကို တင်းယွီရှီ ယခုမှ ပထမဆုံးအကြိမ်အဖြစ် ကြုံဖူးခြင်းပင်။

"မန်နေဂျာလီ.. ခင်ဗျား အရမ်းပင်ပန်းနေတာလား"

တင်းယွီရှီခမျာ သူနားကြားမှားလိုက်သည်ဟုပင် ထင်နေရှာသည်။ ဒါက လုံ့လဝီရိယရှိပြီး အလျှော့ပေးတတ်တဲ့ မန်နေဂျာလီရော ဟုတ်ရဲ့လား"

"နေ့တိုင်း 'အလုပ်ကြိုးစားသားပဲ အလုပ်ကြိုးစားသားပဲ'နဲ့ တတွတ်တွတ်ပြောနေတာ။ ကျုပ်က ခင်ဗျားတို့ကုမ္ပဏီအတွက် ဘယ်လောက်တောင် လုပ်ငန်းတိုးချဲ့ပေးရမှာလဲ။ ဒီနှစ်နှစ်အတွင်း ကျုပ် လစာတစ်ခါတောင်မတိုးခဲ့ဖူးဘူး။ ခင်ဗျားက ကျုပ်ကို အဲ့ဒီစကားလေးတစ်ခွန်းနဲ့ လာနှစ်သိမ့်နေတယ်ပေါ့လေ"

မန်နေဂျာလီခမျာ လွန်ခဲ့သည့်နှစ်များကတည်းက မျိုသိပ်လာခဲ့ရသော ဒေါသများကို ဖွင့်ထုတ်ပစ်လိုက်ဟန်တူသည်။

"လီချင်း..မင်းရူးသွားပြီလား။ မင်းကများ ငါ့ကို ဒီလိုပုံစံမျိုးနဲ့ လာပြောရဲတယ်ပေါ့"

"ကျုပ်က ခင်ဗျားကို မပြောနိုင်စရာဘာရှိလဲ။ ခင်ဗျားကို အကြွေးတင်ထားလို့လား"

"မင်း ဆေးစားမှားလာတာလား"

တင်းယွီရှီလည်း စားပွဲကို ရိုက်ချလိုက်သည်။

"မင်း မနက်ဖြန်ကျရင် လာစရာမလိုတော့ဘူး"

"ခင်ဗျားကများ ကျုပ်ကို ထွက်သွားခိုင်းနေတယ်ပေါ့။ ကျုပ်ကဖြင့် သောက်ဂရုတောင်မစိုက်ဘူး"

မန်နေဂျာလီက သူ့နှုတ်ထွက်စာဖြင့် စားပွဲပေါ်ကို ရိုက်ချလိုက်သည်။

"ခင်ဗျားကိုတော့ တာ့တာပဲ"

"ရှယ်ပဲ"

မန်နေဂျာလီက အထက်သို့မော့၍ အော်ဟစ်လိုက်ပြီး တင်းယွီရှီ၏ရုံးခန်းထဲမှ ခပ်မိန့်မိန့်ကြီးထွက်လာလိုက်သည်။

"အဲ့ဒီကောင် ဒီနေ့ရူးသွားတာများလား"

တင်းယွီရှီ၏မျက်နှာထက်တွင် စိတ်ရှုပ်ထွေးမှုတို့က အထင်းသား။

"ဝှစ်"

စက္ကူလေယာဉ်တစ်ခုက တင်းယွီရှီ၏ရုံးခန်းထဲသို့ ရုတ်တရက်ပျံလာပြီး သူ့မျက်စိရှေ့တည့်တည့်ကို ကျလာချေသည်။

"ဘယ်သူလဲကွ။ ဒီနေရာက ဒီလိုလုပ်ရမဲ့နေရာမျိုးလား"

တင်းယွီရှီက ထိုစက္ကူလေယာဉ်ကို ကောက်လိုက်၏။

"နောက်ထပ်နှုတ်ထွက်စာတစ်စောင်လား"

"ဘာတွေဖြစ်နေတာလဲ"

တင်းယွီရှီလည်း တစ်စုံတစ်ခုမူမမှန်ကြောင်း ရုတ်ခြည်းခံစားလိုက်မိသည်။

ဝမ်ယိဂီတမှာ ကုမ္ပဏီကြီးတစ်ခုဟု ယူဆ၍ရနိုင်ပေသည်။ လုပ်ငန်းတာဝန် ကြီးမားသော်ငြား လစာကောင်းပြီး ဝန်ထမ်းအဝင်အထွက်လည်း မသိသာလှပေ။ ယနေ့မှ အားလုံးက ဘာကြောင့်များ ရုတ်တရက်အလုပ်ထွက်နေကြသလဲ။

သူ ဦးနှောက်ခြောက်နေတုန်းမှာပင် ကုမ္ပဏီခေါင်းဆောင်တချို့က ရုံးခန်းထဲသို့ဝင်လာပြီး နှုတ်ထွက်စာများ ပေးသွားကြသည်။

"ဘာတွေဖြစ်ကုန်တာလဲဟ"

တင်းယွီရှီခမျာ ဆက်မထိန်းထားနိုင်တော့ပေ။

"မစ္စတာတင်း.. ကျွန်တော်တို့ အလုပ်ဆက်မလုပ်ချင်တော့လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကုမ္ပဏီက အခု တကယ်အသက်မဆက်နိုင်တော့ဘူးလေ။ မစ္စတာကျန်းမုန့်လောင်ကလည်း ကုမ္ပဏီထဲမှာ လစာ၂၀ရာခိုင်နှုန်းတိုးပေးမယ်ဆိုပြီး လူသစ်စုဆောင်းနေတာဆိုတော့ အရမ်းဆွဲဆောင်မှုရှိလွန်းတယ်လေ"

"မစ္စတာတင်း.. ကျွန်တော်တို့ဝန်ထမ်း၉၀ရာခိုင်နှုန်းလောက် နှုတ်ထွက်စာတင်ထားပြီးကြပါပြီ။ မစ္စတာကျန်းကလည်း အောက်ထပ်မှာ အလုပ်ဝင်ဖို့လိုအပ်တဲ့လုပ်ထုံးလုပ်နည်းတွေကို စီမံပေးနေတယ်။ ကျွန်တော်တို့ အခုချက်ချင်းအလုပ်ထွက်သရွေ့ သူ့ကုမ္ပဏီမှာ ချက်ချင်းအလုပ်ဝင်လို့ရတယ်တဲ့"

"ဘာ? သူက ငါ့ဝန်ထမ်းတွေကို ဖြတ်လုဖို့ ရောက်နေတာလား"

တင်းယွီရှီက ပြောလိုက်၏။

"သူ ဒီမှာဘာလာလုပ်နေတာလဲဆိုတာ ငါမြင်ရမှဖြစ်မယ်"

တင်းယွီရှီလည်း မြေညီထပ်ရှိ ဧည့်ကြိုဌာနဆီကို အမြန်ဆင်းလာလိုက်သည်။

ထိုဝန်ထမ်းများပြောသွားသည့်အတိုင်း ကျန်းမုန့်လောင်က ထိုနေရာတွင် လူသစ်ခန့်အပ်ရေးလုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်နေချေသည်။ သူ့ဝန်ထမ်းဟောင်းများကလည်း ထိုနေရာတွင် တန်းစီနေပေသည်။

"လုံခြုံရေးဘယ်မှာလဲ။ လုံခြုံရေး..သူ့ကို အခုချက်ချင်းဆွဲထုတ်လိုက်စမ်း။ သူထွက်မသွားဘူးဆိုရင် ရဲကိုဖုန်းဆက်လိုက်"

တင်းယွီရှီက အော်ဟစ်ပစ်လိုက်လေသည်။

"ဘာတွေအော်နေတာလဲ။ ကုမ္ပဏီထဲမှာ မအော်ရဘူး။ စည်းမျဉ်းတွေကိုတောင် နားမလည်ဘူးလား"

ကျန်းမုန့်လောင်က ဘေးဘက်တွင် နို့လက်ဖက်ရည်သောက်ရင်း ပြောလိုက်ချေသည်။

"ဒါက ငါ့ကုမ္ပဏီပဲ။ ကျေးဇူးပြုပြီးထွက်သွားပေးပါ။ အဲ့လိုမှမဟုတ်ရင် ရဲကိုဖုန်းဆက်ရလိမ့်မယ်"

"ဆောရီးပဲ။ ဒါပေမဲ့ အခု ကုမ္ပဏီက ငါ့အပိုင်ဖြစ်သွားပြီ"

ကျန်းမုန့်လောင်က ရှယ်ယာရှင်သဘောတူစာချုပ်အထပ်လိုက်ကြီးကို ဆွဲထုတ်လိုက်သည်။

"မင်းရဲ့အဒေါ်တွေဦးလေးတွေအားလုံးက သူတို့ရှယ်ယာတွေကို ဈေးနည်းနည်းလေးနဲ့ ငါ့ဆီလာရောင်းသွားပြီ။ အခု ငါက ဝမ်ယိဂီတရဲ့ဥက္ကဋ္ဌပဲ"

"မင်း..."

တင်းယွီရှီအနေနှင့် ရှယ်ယာရှင်သဘောတူညီမှု၏ စစ်မှန်မှုကို သံသယမဝင်ချေ။ သူ့ဆွေမျိုးများကလည်း ဤကိစ္စနှင့်ပတ်သက်ပြီး သူ့ကို ဖုန်းထဲကတစ်ဆင့် အသိပေးထားပြီးဖြစ်၏။ သို့သော် သူတို့ တကယ်ပဲ အကုန်ရောင်းပစ်လိုက်လိမ့်မည်ဟု သူ ထင်မထားပေ။ ထို့ပြင် ရောင်းလိုက်သည်မှာလည်း ဈေးပေါပေါဖြင့်ပင်။ ထို့ပြင် ရောင်းထုတ်လိုက်သည်မှာလည်း ကျန်းမုန့်လောင်ကိုတဲ့။

"ကျန်းမုန့်လောင်.. မင်း ဘာလိုချင်လို့လဲ"

"ဘာရယ်မဟုတ်ပါဘူး။ လုပ်ငန်းအမျိုးအစားပြောင်းဖို့ စဉ်းစားနေရုံပါပဲ"

ကျန်းမုန့်လောင်က ခွန်းတုံ့ပြန်လိုက်သည်။

"စကားမစပ် မင်းမှာ ဒီကုမ္ပဏီရဲ့ရှယ်ယာနည်းနည်းရှိနေသေးတာပဲ။ ရှယ်ယာရှင်သဘောတူညီမှုအရဆိုရင် ရှယ်ယာရှင်သုံးပုံနှစ်ပုံလောက်ရှိရင် ရှယ်ယာရှင်အစည်းအဝေးလုပ်ဖို့ လုံလောက်ပြီတဲ့။ ဒီတော့ အခုချက်ချင်း အရေးပေါ်အစည်းအဝေးလုပ်လိုက်ကြရအောင်။ ဝမ်ယိဂီတကို သီချင်းနောက်ခံအနှိပ်ခန်းအဖြစ်ပြောင်းလဲဖို့ သဘောတူတဲ့လူတွေ လက်မြှောက်ပေးပါ"

***********

All Chapters