← Chapters

ခင်ဗျား ကျွန်တော့်ကိုဘာမေးလိုက်တာလဲ

Vol. 9 Ch. 132

ခင်ဗျား ကျွန်တော့်ကိုဘာမေးလိုက်တာလဲ

Vol. 9 Ch. 132

"ကောင်းပြီလေ။ ငါ မင်းကိုပေးမယ်"

တင်းဆန်ရှီက အံတင်းတင်းကြိတ်လျက် ပြောလိုက်လေသည်။ ကျန်းမုန့်လောင်၏လုပ်ရပ်မှာ ဝမ်ယိဂီတတစ်ခုတည်းကို အန္တရာယ်ရှိစေရုံသာမက ဝမ်ယိအုပ်စုတစ်ခုလုံးကိုပါ ဖြုတ်ချနိုင်ခြေရှိသည်။

ဝမ်ယိဆိုသည်မှာ သူ တစ်သက်လုံးကြိုးစားလုပ်ကိုင်ခဲ့ရသော လုပ်ငန်းစုတစ်ခုဖြစ်၏။ အကယ်၍ ဤဝမ်ယိအုပ်စုသာ အာရှ၏အကြီးဆုံးခြေထောက်အနှိပ်ခန်းတစ်ခု ဖြစ်လာခဲ့ပါလျှင် တင်းဆန်းရှီသည်လည်း ရှက်ဖွယ်လိလိအကြောင်းပြချက်တစ်ခုကြောင့် သမိုင်းပြဌာန်းစာအုပ်ထဲတွင် မှတ်တမ်းတင်ခံရသည့် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာပေလိမ့်မည်။

"ငါ မင်းကို ဝမ်ယိဂီတရဲ့လက်ကျန်ရှယ်ယာတွေနဲ့ ဝမ်ယိအုပ်စုရဲ့တခြားအများပိုင်ကုမ္ပဏီတချို့ရဲ့ အမေရိကန်ဒေါ်လာ၂၅ဘီလီယံတန်တဲ့ ရှယ်ယာတွေကိုပေးမယ်။ မင်း အခုကျေနပ်ပြီလား"

တင်းဆန်ရှီအတွက်တော့ ဤပိုက်ဆံမှာ သူ့ခန္ဓာကိုယ်မှ အသွေးအသားများကို အတင်းအကျပ်ဖဲ့ယူလိုက်သည့်အလားပင်။

"ကျေနပ်ပြီတဲ့လား။ ကျွန်တော်က ဘာလို့ကျေနပ်ရမှာလဲ။ ခင်ဗျားလျော်ကြေးပေးတာ ကျွန်တော်မဟုတ်ဘူးလေ"

ကျန်းမုန့်လောင်က လေးလေးနက်နက်ပြောလိုက်လေသည်။

"ကျွန်တော်က ကျွန်တော့်မိသားစုကိုယ်စား နစ်နာသူအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးနေတာလေ။ မသိရင် ဒီပိုက်ဆံတွေက ကျွန်တော့်အတွက်ကျနေတာပဲ"

"ကျန်းမုန့်လောင်.. အခုအချိန်မှာ လာဟန်ဆောင်ပြနေစရာမလိုဘူး။ မင်းက ငါတို့ဝမ်ယိရှယ်ယာတွေနောက်ကို လိုက်နေတာမလား"

တင်းဆန်ရှီက ပြောလိုက်လေသည်။

"ကျွန်တော်က ခင်ဗျားရဲ့ကုမ္ပဏီလို ကုမ္ပဏီသေးသေးလေးကို ဂရုစိုက်စရာလား"

ကျန်းမုန့်လောင်က သရော်လိုက်သည်။

"အဲ့ဒီပိုက်ဆံတစ်ပြားတစ်ချပ်ပဲဖြစ်ဖြစ် ကျွန်တော့်အိတ်ကပ်ထဲ ရောက်လာခဲ့ရင် ဒီဝမ်ယိအဆောက်အအုံကို ဒီနေရာမှာတင် စားပြမယ်"

တင်းဆန်ရှီ၏မျက်နှာကား စိမ်းတစ်လှည့် နီတစ်လှည့်ဖြစ်နေလေတော့သည်။ ကျ်းမုန့်လောင်၏မှတ်ချက်ကား ယခင်က သူကျူးလွန်ခဲ့ဖူးသော လိမ်လည်သည့်လုပ်ရပ်အတွက် ထိုးနှက်ချက်တစ်ခုဖြစ်ကြောင်း ထင်ရှားလှသည်။

"ပြီးတော့ ၂၅ဘီလီယံတန်ဖိုးရှိရှယ်ယာတွေနဲ့တင် မလုံလောက်သေးဘူး"

"ကျန်းမုန့်လောင် စည်းကျော်မလာနဲ့နော်"

တင်းဆန်ရှီ၏အသံမှာ ပို၍တင်းမာလာသည်။

"ကျွန်တော်က စည်းကျော်နေလို့လား။ ကျွန်တော်က ဘယ်မှာစည်းကျော်လို့လဲ"

ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။

"ခင်ဗျားတို့ဝမ်ယိအုပ်စုရဲ့ရှယ်ယာ၄၇ရာခိုင်နှုန်းက အမေရိကန်ဒေါ်လာ၂၅ဘီလီယံတန်တယ်လို့ ထင်နေတာလား။ သူများတွေကိုလည်း လိုက်မေးကြည့်ဦး။ အဲ့ဒီရှယ်ယာတွေကို ဘယ်သူကများ အမေရိကန်ဒေါ်လာ၂၅ဘီလီယံနဲ့ ဝယ်ချင်သလဲလို့။ လူတွေကို အရူးတွေများ အောက်မေ့နေလား"

"မင်း..."

တင်းဆန်ရှီခမျာ ပေါက်ကွဲလုမတတ်ဖြစ်သွားရသော်လည်း ကျန်းမုန့်လောင်ပြောတာလည်း မမှားပေ။ ဝမ်ယိဂီတသည် လက်ရှိအချိန်မှာ တန်ဖိုးမရှိသလောက်နီးနီးဖြစ်နေချေသည်။ အဆောက်အဦးတစ်ခု၊ အသုံးပြုသူမရှိသောappတစ်ခုနှင့် သက်တမ်းကုန်ဆုံးခါနီးနေပြီဖြစ်သော စာချုပ်တချို့သာ ရှိတော့သည်။ အကုန်နီးပါး ပြောင်သလင်းခါနေချေပြီ။

၂၅ဘီလီယံမဆိုထားနှင့်။ ဆယ်ဘီလီယံနှင့်ရောင်းလျှင်ပင် ဝယ်သူမပေါ်နိုင်ပေ။ ဂီတတောအုပ်လေးသာ ရပ်တည်နေသရွေ့ ဝမ်ယိဂီတသည် ပြန်လည်ထူထောင်နိုင်လိမ့်မည်မဟုတ်။

ယခုလေးတင် ကျန်းမုန့်လောင်က ဝမ်ယိဂီတကို ခြေထောက်အနှိပ်ခန်းအဖြစ် ပြောင်းလဲလိုက်ပြီး အလှဆင်အလုပ်သမားများကလည်း ထိုနေ့လည်ကတည်းက နံရံများကို ဖြိုချပစ်နေလေပြီ။ ခြေထောက်အနှိပ်ခန်းက အရာအားလုံးကို ပြန်ထူထောင်ပေးနိုင်လိမ့်မည်လား။ နိုင်ငံံဘောလုံးအသင်း၏ ညစ်ပတ်နေသောခြေထောက်ပေါင်းတစ်ထောင်ကို ဆေးကြောပေးလျှင်ပင် ဝမ်ယိဂီတကို မူလအတိုင်း အထွတ်အထိပ်ပြန်ရောက်လာနိုင်စေရန် မျှော်လင့်လို့မရတော့ပေ။

"ဒီတော့ မင်း ဘယ်လိုအကြံပေးချင်လဲ"

"ခင်ဗျားရဲ့ဆွေမျိုးတွေက အဲ့ဒီရှယ်ယာတွေကို အမေရိကန်ဒေါ်လာတစ်ဘီလီယံနဲ့ ရောင်းခဲ့တာ။ ၂.၅ရာခိုင်နှုန်းလျှော့ဈေးနဲ့ပေါ့။ ကျွန်တော် ခင်ဗျားကို လှည့်စားမှာမဟုတ်ပါဘူး။ ကျန်တာတွေကို ဟွာရှားယွမ်၈ဘီလီယံနဲ့ပဲ ဈေးဖြတ်လိုက်ရအောင်။ နောက်ထပ်၄၃ဘီလီယံလောက်ပေးပြီးရင်တော့ ကျွန်တော်တို့ကိစ္စဖြတ်လို့ရပါပြီ"

"မဖြစ်နိုင်တာ"

တင်းဆန်ရှီက စဉ်းပင်စဉ်းစားမနေဘဲ ပြောလိုက်လေသည်။ အကြောင်းမှာ ၄၂ဘီလီယံတန်ဖိုးရှိသော ဤရှယ်ယာများကို အဆုံးရှုံးခံလိုက်ပါက ဝမ်ယိအုပ်စုအတွင်းတွင် ထိန်းချုပ်လွှမ်းမိုးနိုင်စွမ်းကို သူ စွန့်လွှတ်လိုက်ရတော့မည်ဖြစ်၏။ သူ့ပိုင်ဆိုင်မှုများပင် အကြီးအကျယ်လျော့ပါးသွားပေလိမ့်မည်။

"ဥက္ကဋ္ဌတင်း.. ကျွန်တော် ကိုယ့်အကျိုးအမြတ်ကိုထည့်တွက်ဖို့မေ့နေတာ"

ကျန်းမုန့်လောင်က ရုတ်တရက်ထရယ်လိုက်သည်။

"ဒီငါးဆယ်ဘီလီယံက ဟိုမိန်းကလေးအတွက် နစ်နာကြေးသက်သက်ပဲရှိသေးတာ။ ကျွန်တော့်အတွက် တရားမျှတမှုကိုပါ ဖော်ဆောင်ရမယ်ဆိုရင် ငါးဆယ်ဘီလီယံထက် ပိုလိမ့်မယ်နော်"

"ဥက္ကဋ္ဌတင်း.. ခင်ဗျား ဒီအသက်ဒီအရွယ်ပဲရောက်နေပြီ။ စောစောစီးစီးပင်စင်ယူလိုက်ပါ့လား။ ဝမ်ယိမှာရှိတဲ့ ခင်ဗျားရဲ့ရှယ်ယာတွေကို ငွေသားအဖြစ်ထုတ်ယူပြီး ကမ္ဘာပတ်နေလို့ရတယ်လေ။ ဒီလိုတွေအထိ ဘာလို့ဒုက္ခခံနေမှာလဲ။ ပြီးတော့ အသုံးမကျတဲ့ ခင်ဗျားသားက လူပေလူတေတစ်ယောက်ပဲဟာကို။ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး တခြားအရာတစ်ခုခုနဲ့ အစက ပြန်စလိုက်ပါ့လား"

"ကျန်းမုန့်လောင်.. ညှိနှိုင်းဆွေးနွေးဖို့တောင် အစီအစဉ်မရှိတော့ဘူးလား"

တင်းဆန်ရှီခမျာ လျှပ်တပြက်အတွင်း အသက်များစွာကြီးရင့်သွားရလေသည်။

သူသာ သူ့ရှယ်ယာအားလုံးကို ရောင်းချလိုက်ပါက တစ်ရာဘီလီယံကို အသာလေးရနိုင်လောက်သည်ဖြစ်ရာ ထိုပိုက်ဆံကို ဘဏ်ထဲမှာအပ်ထားပြီး ဖြုန်းတီးခြင်းမရှိဘူးဆိုပါက မျိုးရိုးအဆက်ဆက် ချမ်းသာကြွယ်ဝစွာ နေထိုင်သွားနိုင်ပေသည်။

သို့သော် ဤသည်မှာ သူ့အိပ်မက်ဖြစ်သည်။ ဝမ်ယိဆိုသည်မှာ သူ့သားသမီးအရင်းအချာတစ်ယောက်နှယ်။ ထိုအရာကို တစ်ပါးသူပိုင်ဆိုင်သွားမည့်အရေးကို သူ မလိုလားသလို ခြေထောက်အနှိပ်ခန်းအဖြစ်သို့ ပြောင်းလဲသွားမည်ကိုလည်း မမြင်ချင်ပေ။

"မရှိဘူး"

ကျန်းမုန့်လောင်က တင်းမာခက်ထန်စွာ ပြောလိုက်သည်။

"ကျွန်တော့်ရဲ့စိတ်ရှည်မှုကို လာစမ်းမသပ်နဲ့နော်။ ဆိုရှယ်မီဒီယာကြီးတစ်ခုကို ဝယ်ဖို့တောင် နေ့တစ်ဝက်ပဲ အချိန်ယူခဲ့ရတာ။ ဝမ်ယိကိုဝယ်ဖို့ဆိုရင် တစ်ပတ်တောင်ကြာမှာမဟုတ်ဘူး။ ဥက္ကဋ္ဌတင်း မယုံဘူးဆိုရင် လောင်းကြေးထပ်ကြည့်လို့ရတယ်။ ရှုံးတဲ့လူက ဝမ်ယိခြေထောက်အနှိပ်ခန်းမှာ ဝန်ထမ်းနံပါတ်၈၉၇၅၇နဲ့ တစ်နှစ်တာဝန်ထမ်းဆောင်ကြေး"

တင်းဆန်ရှီမှာ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားလေသည်။

"ကောင်းပြီလေ။ မင်းနိုင်ပါတယ်။ မနက်ဖြန် အဲ့ဒီကောင်မလေးကို ဝမ်ယိကိုခေါ်လာခဲ့လိုက်။ ငါ ရှယ်ယာတွေကို လွှဲပေးမယ်"

ထိုစကားကိုကြားသော် ကျန်းမုန့်လောင်လည်း အဆုံးမှာတော့ စိတ်ကျေနပ်ဟန်အကြည့်တစ်ချက် ပေါ်ပေါက်လာသည်။

"ဥက္ကဋ္ဌတင်းကို လုပ်ငန်းစီးပွား စည်ပင်ဝပြောပြီး နှစ်တိုင်းက ဒီနေ့လိုဖြစ်ပြီး ဘယ်အသက်အရွယ်ရောက်ရောက် ဒီအခိုက်အတန့်လေးကိုပဲ ပြန်ရောက်လာစေဖို့ ဆုတောင်းပေးပါတယ်"

ကျန်းမုန့်လောင်က လှောင်ပြောင်သရော်လိုက်လေသည်။

...

"ဘာရယ်.. ဝမ်ယိဂီတနဲ့ ဝမ်ယိဂိမ်းတွေရဲ့ရှယ်ယာကို ကျွန်မကိုပေးမလို့လား"

ရှားယိုခမျာ ထိုသတင်းကိုကြားပြီး ကြက်သေသေသွားလေသည်။

ကျန်းမုန့်လောင်က ဝမ်ယိ၏ရှယ်ယာများကို သူ တစ်ပြားတစ်ချပ်မှ ယူမည်မဟုတ်ကြောင်း အမြဲပြောနေခဲ့သော်လည်း ကျန်းမုန့်လောင်က ဂုဏ်သိက္ခာအဖတ်ဆည်ဖို့အတွက် ပြောနေခြင်းသက်သက်ဟု ရှားယိုထင်ခဲ့မိသည်။ ပထမဆုံးတွေ့ဆုံဖူးသူတစ်ယောက်အတွက် လျော်ကြေးငါးဆယ်ဘီလီယံ တောင်းပေးခြင်းမှာ မဖြစ်နိုင်သောကိစ္စတစ်ခုဖြစ်သည်။

"မနက်ဖြန်မနက်ကျရင် ငါ မင်းကိုကြိုဖို့ လူတစ်ယောက်လွှတ်လိုက်မယ်။ ပြီးတော့ တင်းဆန်ရှီ လှည့်ကွက်တစ်ခုခုလုပ်မှာစိုးလို့ မင်းနဲ့အတူ ငါလိုက်ခဲ့မယ်။

"အစ်ကိုကျန်း.. ကျွန်မ ဒါကို တကယ်လက်မခံနိုင်ပါဘူး။ ရှင် ကျွန်မအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးတာနဲ့တင် ကျွန်မကျေးဇူးတင်နေပါပြီ။ ကျွန်မက ဘယ်လိုလုပ်ပြီး ထပ်တောင်းဆိုရဲမှာလဲ။ ပြီးတော့ စီးပွားရေးလည်ပတ်မှုနဲ့ပတ်သက်ပြီး ကျွန်မ ဘာမှနားမလည်ဘူး။ ရှင် ကျွန်မကိုပေးရင်တောင် ကျွန်မ အဲ့ဒါကို အသုံးမချတတ်ဘူး"

"မင်း နားလည်ဖို့မလိုပါဘူး"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်လေသည်။

"မင်းရဲ့နှစ်စဉ်အမြတ်ငွေကိုသာ စောင့်နေလိုက်ပါ။ ဝမ်ယိဂိမ်းတွေကရတဲ့ အမြတ်ငွေက တကယ်ကောင်းတာ။ ခြေထောက်အနှိပ်ခန်းကတော့ ဘယ်လိုစီစဉ်ရမလဲဆိုတာကို စဉ်းစားကြည့်လိုက်ဦးမယ်။ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ"

"ရှင် တကယ်ကြီး ဝမ်ယိဂီတကို ခြေထောက်အနှိပ်ခန်းအဖြစ် ပြောင်းပစ်မလို့လား"

"ငါက ဘယ်တုန်းက နောက်ဖူးလို့လဲ"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"မင်းအတွက် အမေရိကန်ဒေါ်လာငါးဆယ်ဘီလီယံရအောင်တောင်းပေးမယ်လို့ ပြောတုန်းက ငါ ချဲ့ကားပြောခဲ့မိလို့လား"

"ဒါက.."

ရှားယိုခမျာ တစ်ခဏတာမျှ ပြောစရာစကားပျောက်ရှသွားရသည်။ ကျန်းမုန့်လောင်အတွက်မူ အရာအားလုံးက အပျော်သဘောသက်သက်နှင့် တရားမျှတမှုအတွက်သာ ဖြစ်ဟန်တူသည်။ သူသည် ပိုက်ဆံကိုမူ လုံးဝဂရုမစိုက်ချေ။

...

နောက်တစ်နေ့တွင် ကျန်းမုန့်လောင်က ရှားယိုနှင့်အတူ အဖော်ပြု၍ ဝမ်ယိအုပ်စု၏ ဌာနချုပ်ဆီသို့ လျှောက်လာလိုက်သည်။ တင်းဆန်ရှီလက်ထောက်၏ လမ်းညွှန်မှုဖြင့် သူတို့လည်း တင်းဆန်ရှီ၏ရုံးခန်းထဲသို့ ဝင်လာခဲ့ကြသည်။

"မင်း လာသေးသားပဲ"

တင်းဆန်ရှီက ကျန်းမုန့်လောင်ကိုမြင်သောအခါ နှာတစ်ချက်မှုတ်၍ ပြောလိုက်လေသည်။

"မင်းက အရမ်းကြီးကျယ်မွန်မြတ်တဲ့လူလို့ ငါကထင်နေခဲ့တာ။ တကယ်တော့ မင်းက အယောင်ဆောင်ပါပဲ"

"မဟုတ်ဘူး။ မဟုတ်ဘူး။ ဥက္ကဋ္ဌတင်းရဲ့.. ခင်ဗျား ကျွန်တော့်ကို အထင်လွဲနေပြီ"

တင်းဆန်ရှီ ဘာတွေးနေသလဲဆိုသည်ကို ကျန်းမုန့်လောင်သိသည်။

"ကျွန်တော် ဒီကိုလာခဲ့တာ မိန်းကလေးရှားကို ဥပဒေပိုင်းဆိုင်ရာ အကူအညီပေးဖို့လိုက်လာခဲ့တာပါ"

"ရှေ့နေယွမ်.. ကျေးဇူးပြုပြီး ဒီစာချုပ်လေးတွေကို စစ်ဆေးပေးပါဦး"

ကျန်းမုန့်လောင်က သူ့ဘေးရှိ သက်လတ်ပိုင်းအရွယ်အမျိုးသားကြီးကို ပြောလိုက်သည်။

ရှေ့နေယွမ်ကလည်း ရှယ်ယာလွှဲပြောင်းရေးသဘောတူစာချုပ်များကို ကောက်ယူ၍ သေချာဂရုတစိုက်စစ်ဆေးကြည့်လိုက်သည်။

"မစ္စတာကျန်း.. ဘာပြဿနာမှမရှိပါဘူး။ မိန်းကလေးရှားဘက်က သက်ဆိုင်ရာစာရွက်စာတမ်းတွေကိုပြပြီး ရှယ်ယာလွှဲပြောင်းရေးစာချုပ်မှာ လက်မှတ်ထိုးပေးရင်ရပါပြီ။ သက်သေခံပြီးသွားရင်တော့ ကိစ္စပြီးပါပြီ"

"ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်"

ကျန်းမုန့်လောင်က ဆိုဖာပေါ်တွင်ထိုင်ချရင်း ပြောလိုက်လေသည်။ သူ့ပုံစံကား ရှယ်ယာလွှဲပြောင်းရေးနှင့်ပတ်သက်ပြီး လုံးဝပူပန်ဟန်မရှိပေ။

"ကျစ်ကျစ်ကျစ်... ဒီနေရာက တော်တော်မြင်ကွင်းလှတာပဲ"

ကျန်းမုန့်လောင်က အပြင်ဘက်ရှိရှုခင်းကိုကြည့်ရင်း မှတ်ချက်ပေးလိုက်၏။

"ဒီနေရာကိုသာ ခြေထောက်အနှိပ်ခန်းအဖြစ် ပြောင်းလိုက်ရင် စီးပွားရေးကတော့ တော်တော်တိုးတက်သွားမှာ"

"ဖွီး"

တင်းဆန်ရှီခမျာ သွေးတစ်ပွက်အန်ထုတ်မိတော့မတတ်ပင်။ ကျေးဇူးပြုပြီး ခြေထောက်အနှိပ်ခန်းအကြောင်း မပြောဘဲနေပေးပါ့လား။ ဝမ်ယိဂီတကို ဝမ်ယိအနှိပ်ခန်းအဖြစ် နာမည်ပြောင်းပြီးကတည်းက တင်းဆန်ရှီမှာ ခြေထောက်အနှိပ်ခန်းများကို ကြောက်ရွံ့သည့်ရောဂါတစ်မျိုး ဖြစ်သွားလေတော့သည်။

"မစ္စတာကျန်း အကုန်ပြီးသွားပါပြီ။ မိန်းကလေးရှားက အခု ဝမ်ယိအုပ်စုရဲ့ရှယ်ယာရှင်ဖြစ်သွားပါပြီ"

ရှေ့နေယွမ်က ထိုသို့နှယ်ကြေညာလိုက်သည်။

"ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ကောင်းပြီ။ အကုန်လက်မှတ်ထိုးပြီးပြီဆိုတော့ ပြန်ကြစို့"

"ကျန်းမုန့်လောင်"

တင်းဆန်ရှီက ရုတ်တရက်ကြီး သူ့ကိုလှမ်းခေါ်လိုက်သည်။

"ဥက္ကဋ္ဌတင်း.. ကိစ္စရှိသေးလို့လား"

ကျန်းမုန့်လောင်က အပြုံးလေးဖြင့် ပြန်မေးလိုက်သည်။

"ဒီရှယ်ယာတွေကို မင်းတကယ်စိတ်မဝင်စားဘူးပေါ့"

တင်းဆန်ရှီခမျာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေဆဲပင်။ ဤသည်မှာ ယွမ်ငါးဆယ်ဘီလီယံတန်ဖိုးရှိသော ရှယ်ယာများပင်။

"ဒီကပြန်သွားပြီးရင် မင်းဆီကိုပြန်လွှဲမှာတော့မဟုတ်ဘူးမလား"

"တစ်ဆိတ်လောက်.. ကျွန်တော် ဒီဖုန်းကိုကိုင်မှဖြစ်မှာ"

ကျန်းမုန့်လောင်၏ဖုန်းက ရုတ်တရက်ထမြည်လာသည်။

"မစ္စတာကျန်း.. ခင်ဗျားမှာထားတဲ့ အမှုန်ခွဲခြမ်းစိတ်ဖြာစက်ကို စီစဉ်ထားပြီးပါပြီ။ ဒါပေမဲ့ မော်ဒယ်လ်ကိုအဆင့်မြှင့်လိုက်တာမို့ သုတေသနရော ဆောက်လုပ်ရေးကုန်ကြမ်းတွေရောပေါင်းရင် ဈေးနှုန်းက နည်းနည်းမြင့်သွားလိမ့်မယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ရဲ့ရန်ပုံငွေကလည်း လောက်မှာမဟုတ်ဘူး"

"အိုး.. ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ၂၅ဘီလီယံလို့ပြောတာ မှတ်မိသေးတယ်။ ဟုတ်တယ်မလား"

တင်းဆန်းရှီခမျာ ခိုက်ခိုက်တုန်သွားရသည်။ ကျန်းမုန့်လောင်က စပီကာဖွင့်မထားသော်ငြား တစ်ဖက်လူ၏အသံက ကျယ်လွန်းလှသဖြင့် သူတို့ပြောနေသောစကားများကို ရှင်းရှင်းလင်းလင်းကြားနေရသည်။

သူက အမှုန်ခွဲခြမ်းစိတ်ဖြာစက်အတွက် ၂၅ဘီလီယံသုံးခဲ့သတဲ့လား။

"ဟုတ်ပါတယ် မစ္စတာကျန်း.. ဈေးနှုန်းက သုံးဘီလီယံလောက် တက်သွားမှာပေါ့"

"ပြဿနာမရှိပါဘူး။ ဆက်လုပ်လိုက်ပါ။ ပိုက်ဆံပို့လိုက်ပါ့မယ်"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။ သူ့ပုံစံကား သုံးဘီလီယံထပ်သုံးရမည်ကို စိတ်လှုပ်ရှားနေသည်မှာ သိသာလှ၏။

ကျန်းမုန့်လောင်က ဖုန်းချလိုက်၏။

"တောင်းပန်ပါတယ် ဥက္ကဋ္ဌတင်း.. ခင်ဗျား ကျွန်တော့်ကိုမေးနေတာ ဘယ်ရောက်သွားပြီလဲ"

"ဘာ..ဘာမှမဟုတ်တော့ပါဘူး"

တင်းဆန်ရှီလည်း အဆုံးမှာတေ့ ကျန်းမုန့်လောင်သည် ငွေကို လုံးဝဂရုမစိုက်ဘူးဟူသည်ကို သဘောပေါက်သွားဟန်တူ၏။ အပိုသုံးဘီလီယံထပ်သုံးရမည်ကိုပင် သူက ရယ်နေနိုင်သေးသည်။ ရဲရဲတင်းတင်းရယ်နေခြင်းပင်။

**********

All Chapters