မင်းတို့မယုံဘူးလို့ ငါကြားထားတယ်
Vol. 9 Ch. 133
"အစ်ကိုကျန်း..ဒီရှယ်ယာတွေကို အစ်ကို့ကိုပြန်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ"
အပြန်လမ်းမှာ ရှားယိုက ဂနာမငြိမ်ဖြစ်နေပုံရသည်။
သာမန်မိန်းကလေးတစ်ယောက်က ရုတ်တရက်ကြီး ငါးဆယ်ဘီလီယံတန်ကြေးရှိသည့် ရှယ်ယာများကိုပိုင်ဆိုင်သွားခြင်းမှာ တစ်နှစ်လုံး အိပ်မောကျဖို့ခက်ခဲလိမ့်မည်သာ။
"ရပါတယ်။ မင်းပဲ ယူထားလိုက်ပါ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒီလောက်ငွေနည်းနည်းလေးကို ငါ စိတ်မဝင်စားဘူး။ မန်နေဂျာရှားကသာ ရုတ်တရက်ကြီးချမ်းသာသွားလို့ ငါတို့ရုပ်ရှင်အတွက် သီချင်းမဆိုပေးတော့မှာပဲစိုးရိမ်တာ"
"မဟုတ်တာ။ မဟုတ်တာ။ အဲ့လိုမလုပ်ဘူးလို့ ကတိပေးပါတယ်။ ကျွန်မ ကျိန်းသေပေါက်ဆိုပေးမှာပါ"
ရှားယိုက အလျင်စလိုပြောလိုက်ချေသည်။
"ဟားဟားဟား ငါကနောက်နေတာပါ"
ကျန်းမုန့်လောင်ကလည်း ပြန်ပြောလိုက်သည်။
"ဒါပေမဲ့..."
"ဒါပေမဲ့ဆိုတာမရှိဘူး။ ဒါက မင်းရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုအတွက် လျော်ကြေးလေ။ ထိခိုက်နစ်နာသူက ငါမှမဟုတ်တာ။ ငါ့ကိုဘာလို့ပေးမှာလဲ။ စိတ်ချလက်ချယူထားလိုက်ပါ"
"ဒါဆို...ဒါဆို အစ်ကိုကျန်း အစ်ကိုလိုအပ်တဲ့အချိန်ကျရင် အချိန်မရွေး ကျွန်မကိုပြောနော်"
"သိပြီ"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"ဒါပေမဲ့ ငါ အဲ့ဒါကိုလိုအပ်မဲ့နေ့မျိုးတော့ ရောက်လာမှာမဟုတ်ဘူး"
...
ကျန်းမုန့်လောင်သည် ကိုယ်ပိုင်လေယာဉ်ဖြင့် ယန်ချန်းမြို့ရှိ ဝမ်ယိအုပ်စု၏ရုံးချုပ်ရှိရာနေရာမှတစ်ဆင့် ကျန်းနန်းမြို့သို့ တိုက်ရိုက်ပျံသန်းလာခဲ့လိုက်သည်။ ရက်အနည်းငယ်အတွင်းမှာပင် သူသည် ထန်ရွှင်းဂီတ၊ ဝမ်ယိဂီတနှင့် ဂီတတောအုပ်လေးတို့၏ အရင်းအမြစ်များကို စုစည်းပြီးနောက်မှာတော့ ဂီတတောအုပ်လေးသည် နိုင်ငံတစ်ဝှမ်းလုံးတွင် အငြင်းပွားဖွယ်မရှိလောက်အောင် အကြီးဆုံးဂီတပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်။
ဝမ်ယိဂီတ၏ မူလအဆောက်အဦကိုတော့ ကျန်းမုန့်လောင်က ဝမ်ယိခြေထောက်အနှိပ်ခန်းအဖြစ်ပြောင်းလဲခဲ့ပြီး ခြေထောက်သန့်စင်ခြင်း၊ နှိပ်နယ်ခြင်း၊ လေ့ကျင့်ရေးလုပ်ခြင်းစသဖြင့် ပေါင်းစပ်ထားသည်။ ကျန်းမုန့်လောင်ကလည်း လူအများ၏အာရုံစိုက်မှုကိုရရှိခဲ့သလို တင်းဆန်ရှီကိုလည်း အလွန်ကျော်ကြားသွားစေခဲ့သည်။
ထူးခြားသည်မှာ ဝမ်ယိခြေထောက်အနှိပ်ခန်းသည် ပြင်ဆင်မွမ်းမိမှုများ ပြုလုပ်နေစဉ်ကာလအတွင်းမှာပင် အသင်းဝင်ကတ်များကို လူအများအပြားက လာရောက်လုပ်ကိုင်ခဲ့ကြပြီး ဈေးကွက်ထဲတွင်လည်း တုံ့ပြန်မှုများစွာရရှိခဲ့သည်။
"လောင်ကျန်း.. မင်း နိုင်ငံတကာသတင်းတွေကို ကြည့်ပြီးပြီလား"
"ဘာသတင်းလဲ။ အမေရိကန်သမ္မတအဟောင်းပြောင်းတဲ့သတင်းလား"
ကျန်းမုန့်လောင် သေချာဂရုတစိုက် စဉ်းစားလိုက်မိသည်။ သိပ်မကြာသေးခင်က အပြင်းထန်ဆုံးသော နိုင်ငံတကာတုံ့ပြန်မှုမှာ ထိုသတင်းပင် ဖြစ်ရမည်။
"အဲ့ဒါမဟုတ်ဘူး။ မင်းနဲ့ပတ်သက်တဲ့သတင်းကိုပြောတာ"
"ငါနဲ့ပတ်သက်တဲ့သတင်းလား"
ကျန်းမုန့်လောင် အံ့အားသင့်သွားလေသည်။
"ဘာဖြစ်လို့လဲ၊ ငါ့ရဲ့ဝမ်ယိခြေထောက်အနှိပ်ခန်းက နိုင်ငံခြားအထိ သတင်းရောက်သွားပြီလား"
"မင်း နိုင်ငံတကာသတင်းတွေကို လုံးဝမကြည့်ဘူးပဲ"
ဝမ်လင်က ပြောလာလေသည်။
"မင်းမှတ်မိသေးလား။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ပိုလာဒီ ဟွာရှားကိုလာပြီး စားသောက်ဆိုင်မှာ စီးပွားရေးသမိုင်းအကြောင်း ပြောသွားတဲ့ကိစ္စတွေလေ"
"အိုး..ငါ့အဘိုးရဲ့လုပ်ငန်းကိုပြောတာလား။ အဲ့ဒါကဘာဖြစ်လို့လဲ"
"ဘာဖြစ်လို့လဲဆိုတာကို မင်းက မေးနေသေးတာလား"
ဝမ်လင်ခမျာ ရယ်ရအခက် ငိုရအခက်ပင်။
"ဒါက သေးသေးမွှားမွှားကိစ္စမို့လို့လား။ ဒါက စီးပွားရေးသမိုင်းတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်လိုက်တာလေ။ ဒီကိစ္စကို ကမ္ဘာတစ်ဝှမ်းက လူတွေဘယ်လောက်များများက အာရုံစိုက်နေကြလဲဆိုတာ မင်းမသိဘူးလား"
"ဘာလို့အာရုံစိုက်နေကြတာလဲ။ လူတွေကလည်း ဒီအတိုင်းနားထောင်ပြီးရင် တော်လိုက်ကြတော့ပေါ့"
"ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်နိုင်မှာလဲ"
ဝမ်လင်က ပြောလိုက်သည်။
"အထူးသဖြင့် ငါတို့နိုင်ငံနဲ့မတည့်တဲ့နိုင်ငံတချို့ပေါ့။ သူတို့ဘက်ကသာ ဒါကိုလက်ခံလိုက်မယ်ဆိုရင် သူတို့နိုင်ငံရဲ့စီးပွားရေးက ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုရဲ့နင်းခြေမှုကို ခံခဲ့ရကြောင်း ဝန်ခံရာရောက်သွားမယ်လေ။ ပြီးတော့ သူတို့တွေက ငကြောက်တွေပါလို့ ဝန်ခံရာလည်းရောက်သွားမယ်လေ"
"သူတို့က တကယ်လည်း ငကြောက်တွေပဲလေ"
ကျန်းမုန့်လောင်က အထင်သေးစက်ဆုပ်ဟန်ဖြင့် ပြောလိုက်သည်။
"ဘာလဲ။ သူတို့က ငါ့အဘိုးနဲ့တောင် မယှဉ်နိုင်ဘဲနဲ့ အခု ငါ့ကိုပါပစ်မှတ်ထားဖို့ အစီအစဉ်ဆွဲနေကြပြီလား"
"မဟုတ်ဘူးလား"
ဝမ်လင်က ပြောသည်။
"မင်းသိလား။ အမေရိကန်မှာ သမ္မတအသစ်ပြောင်းလိုက်ပြီလေ။ အခုဆိုရင် အာဏာပြဋ္ဌာန်းမဲ့အချိန်လည်းကျပြီဆိုတော့ သူတို့က မင်းကိုသွားပုပ်လေလွင့်ပြောနေကြပြီ"
"ဟမ်"
"မင်းကိုယ်တိုင်ကြည့်လိုက်"
ဝမ်လင်က ကျန်းမုန့်လောင်ထံသို့ linkတစ်ခု ချက်ချင်းပို့လိုက်သည်။
နိုင်ငံခြားဝက်ဘ်ဆိုက်ဖြစ်သော်လည်း ကျန်းမုန့်လောင်၏အိမ်သုံးအင်တာနက်က Firewallကို လွတ်လွတ်လပ်ကျော်နိုင်လေသည်။ ထိုlinkတွင် မသိမသာစော်ကားထားသော စကားများ ပါဝင်လေသည်။
ထိုအထဲတွင် ကျန်းမုန့်လောင်က နာမည်ကြီးချင်ဇောဖြင့် ကမ္ဘာ့စီးပွားရေးသမိုင်းကို လှည့်ဖြားရန်ကြိုးစားနေသည်ဟု စွပ်စွဲထားသည်။ ထို့ပြင် စီးပွားရေးအကျပ်အတည်းများက သမိုင်းကြောင်းတွင် အမှန်တကယ်ဖြစ်ပွားခဲ့သော်လည်း ကျန်းမုန့်လောင်၏အဘိုးနှင့် သက်ဆိုင်မှုမရှိဟုဆိုကာ သူ့ကိုလည်း လူလိမ်ဟု သမုတ်ထား၏။
ထို့ပြင် အဆင့်မြင့်စီးပွားရေးပညာရှင်များစွာကလည်း ကျန်းမုန့်လောင်ကို သမိုင်းကိုမရိုမသေပြုမှုဖြင့် စွဲချက်တင်ထားကြသည်။
"လူတစ်ယောက်က ကမ္ဘာ့စီးပွားရေးစနစ်တစ်ခုလုံးကို ဘယ်လိုလုပ်ပြီးကိုင်လှုပ်နိုင်မှာလဲ"ဟု မေးခွန်းထုတ်ထားကြသည်။
သူတို့၏ဦးဆောင်မှုအောက်မှာ အခြားစီးပွားရေးပညာရှင်များကလည်း ကျန်းမုန့်လောင်ကို စော်ကားလာကြသည်။ ယခုအခါတွင် ကျန်းမုန့်လောင်သည် စီးပွားရေးလောကတစ်ခုလုံး၏ အရှက်ရဖွယ်ပုံရိပ်တစ်ခု ဖြစ်လာခဲ့သည်။
"ပြောစမ်းပါဦး။ အဲ့ဒီနိုင်ငံခြားသားတွေ ပွက်လောရိုက်နေတာကတော့ သူ့ဟာနဲ့သူထားပါတော့။ ဒါပေမဲ့ အခုဆိုရင် ငါတို့နိုင်ငံသားတွေကပါ မင်းကိုဝေဖန်နေကြပြီ။ ဒါက အဲ့လောက်တောင်မခံချင်စရာကောင်းလို့လား"
ဝမ်လင်က ကျန်းမုန့်လောင်ထံသို့ နောက်ထပ်သတင်းတစ်ပုဒ် ဆက်ပို့ပေးလိုက်သည်။
ဤသည်မှာ တရုတ်စီးပွားရေးပညာရှင်များ၏ ပူးတွဲထုတ်ပြန်ချက်တစ်ခုဖြစ်၏။ ကျန်းမုန့်လောင်၏လုပ်ရပ်များကြောင့် တရုတ်စီးပွားရေးလောကအပေါ် ဆိုးကျိုးများ သက်ရောက်စေခဲ့သည်ဟု ဆိုထားခြင်းပင်။ ယခုဆိုလျှင် သူတို့က ကျန်းမုန့်လောင်ကို တရားဝင်တောင်းပန်ပြီး သူပြောသမျှအရာအားလုံးက မှားယွင်းကြောင်း ဝန်ခံပေးရန် တောင်းဆိုနေကြသည်။
"ကိုင်း ကိုင်း"
ကျန်းမုန့်လောင်က သရော်သည့်လေသံဖြင့် ပြောလာလေသည်။
"ဒီလူတွေက တကယ်ပဲ သူရဲဘောကြောင်ကြတာပဲ။ ဖိအားဒဏ်တွေကို မခံနိုင်တာနဲ့ပဲ ကိုယ့်လူမျိုးကိုယ် ပြန်တိုက်ခိုက်နေကြတာလား"
"ဟုတ်တယ်မလား"
ဝမ်လင်က ပြောလိုက်သည်။
"အရင်ကတော့ နိုင်ငံခြားစီးပွားရေးလောကမှာပဲ ပြောသံဆိုသံတွေ နည်းနည်းရှိခဲ့တာ။ ဒါပေမဲ့ ဒီနေ့တော့ သတင်းတွေက ပြည်တွင်းကိုပါ ပျံ့နှံ့လာပြီ။ မင်းရဲ့ဂုဏ်သတင်းကလည်း သိပ်မကာင်းတော့ဘူး"
"စိတ်မပူပါနဲ့။ သိပ်အရေးမကြီးပါဘူး"
ကျန်းမုန့်လောင်က ထိုသို့ပြောကာ သူ့ဝေးပေါ်ကို ဖွင့်လိုက်သည်။
သေချာပေါက်ပင်။ ပွဲကြိုက်သူများက အမြဲတမ်း ရှေ့တန်းမှာရှိနေခဲ့သည်။ ကျန်းမုန့်လောင်၏ သီးသန့်မက်ဆေ့ခ်ျများနှင့် နောက်ဆုံးပိုစ့်တွင် လူတိုင်းက အမှန်တရားကိုပြောပြဖို့ မေးမြန်းထားကြသဖြင့် ပေါက်ကွဲလုနီးပါးဖြစ်နေချေသည်။
"ငါက လိုတာထက်ပိုပြီး များများစားစားမပြောတတ်ဘူး။ တဲ့တိုးပြောရမယ်ဆိုရင် ငါ့အဘိုးလုပ်နိုင်ခဲ့တဲ့အရာကို ငါလည်းလုပ်နိုင်တယ်။ ငါ့ကိုဝေဖန်နေတဲ့သူတွေလည်း ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ကြည့်လိုက်။ မင်းတို့အားလုံးက တန်ဖိုးမရှိတဲ့လူတွေပဲ"
"ဘော့စ်ကျန်း...နောက်ဆုံးတော့ စကားဟလာပြီပဲ။ မင်း ထွက်ပြေးသွားပြီလို့ထင်နေတာ"
"ဘော့စ်ကျန်း..ဝမ်ယိမှာ ဝန်ထမ်းလက်ခံသေးလား။ ငါ အလုပ်လာလုပ်မလို့"
"ဘော့စ်ကျန်းကတော့ ကြမ်းတုန်းပဲဟေ့။ ဒါပေမဲ့ ဒီကိစ္စကိုတော့ ပထမဆုံးအကြိမ်အဖြစ် ငါမယုံနိုင်ဘူး။ ဒါကြီးက အရမ်းချဲ့ကားလွန်းအားကြီးတယ်။ မင်းရဲ့အဘိုးမှာ တကယ်ပဲ ဒီလိုအစွမ်းမျိုးရှိရင် ကမ္ဘာကြီးကိုတောင် အုပ်စိုးထားနိုင်မှာပဲလေ"
"ဟားဟားဟား.. အဲ့ဒါက ဘော့စ်ကျန်းရဲ့နှိမ့်ချမှုပဲ"
"အမှန်အတိုင်းပြောရရင် ငါလည်း ဒီကိစ္စကို မယုံနိုင်ဘူး။ ပွဲဆူအောင်လုပ်တာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီလောက်အထိမလိုအပ်ဘူးလေ"
"ဟုတ်တယ်။ ဘော့စ်ကျန်း တောင်းပန်ရုံလေးပဲလေ။ သမိုင်းကိုတောင်းပန်ရတာက ဘာများအရှက်ရစရာရှိနေလို့လဲ။ ပြီးတော့ မင်းက တကယ်ပဲချမ်းသာတယ်ဆိုရင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေမှာပဲလေ။ ဟုတ်တယ်မလား"
"ဘော့စ်ကျန်း...သရုပ်ဆောင်တစ်ယောက်ကိုငှားဖို့အတွက် ဘယ်လောက်ကုန်လိုက်လဲ။ အထူးသဖြင့် ကမ္ဘာ့အချမ်းသာဆုံးအဆင့်ဆိုရင် ဈေးမသက်သာလောက်ဘူးမလား"
...
"ဟားဟားဟား ကြည့်လိုက်စမ်းပါဦး။ မင်းရဲ့ပရိသတ်တွေကတောင် မင်းကိုမယုံကြဘူး"
ကျန်းမုန့်လောင်၏ဝေးပေါ်ကိုအမြဲစောင့်ကြည့်နေသော ဝမ်လင်က သူ့ကို ချက်ချင်းသရော်ပါလေတော့သည်။။
"မင်းယုံလား"
ကျန်းမုန့်လောင်က ပြန်မေးလိုက်သည်။
"ဒါက..." ဝမ်လင်လည်း ယုတ္တိဗေဒအရဆိုလျှင် မယုံချင်ပေ။ လူတစ်ယောက်တည်းက ကမ္ဘာ့စီးပွားရေးကို ထိန်းချုပ်နိုင်သည်ဆိုပါက အခြားနိုင်ငံများအတွက် ဘာများလိုအပ်လိမ့်မည်တဲ့လဲ။
သို့သော် စိတ်ခံစားချက်အရ ပြောရမည်ဆိုပါက အကြောင်းပြချက်တချို့ကြောင့် ဤကိစ္စမှာ ဖြစ်နိုင်ခြေရှိသည်ဟု သူ ခံစားမိသည်။
"ကြည့်ရတာ မင်းလည်းမယုံဘူးပဲ"
ကျန်းမုန့်လောင်က ရယ်မောလိုက်လေသည်။ သူ့အနေနှင့် ဝမ်လင့်ကိုမပြစ်တင်ပါ။ သူသာ ဤသတင်းကိုကြားလိုက်ရလျှင် သူကိုယ်တိုင်လည်း မယုံကြည်နိုင်လောက်ပေ။
"ငါ တစ်ခုခုတော့လုပ်ဖို့လိုနေပြီ။ အဲ့လိုမှမဟုတ်ရင် ဒီလူတွေက ဘယ်တော့မှပါးစပ်ပိတ်ကြတော့မှာမဟုတ်ဘူး"
ကျန်းမုန့်လောင်က မှတ်ချက်များကိုလှန်လှောကြည့်ရှုရင်း သာမန်ကာလျှံကာပြောလိုက်ချေသည်။ အချို့မှတ်ချက်များဆိုလျှင် အလွန်ဆိုးဝါးပြီး ဖတ်ဖို့ပင်ခက်ခဲသည်။
"မင်းဘာလုပ်ဖို့စီစဉ်ထားတာလဲ"
ဝမ်လင်၏စိတ်ထဲဝယ် မကောင်းသောခံစားချက်တစ်ခု ရုတ်တရက်ပေါ်ပေါက်လာသည်။
"ဘာရယ်မဟုတ်ပါဘူး။ သမိုင်းတစ်ကျော့ပြန်လည်အောင် အစီအစဉ်ဆွဲနေတာ"
ကျန်းမုန့်လောင်က ချက်ချင်းဆိုသလို နောက်ထပ်ပိုစ့်တစ်ခုကို တင်လိုက်သည်။
ထိုပို့စ်တွင် အပြုံးအီမိုဂျီတစ်ခုနှင့် စာသားအနည်းငယ်ပါဝင်ပေသည်။
"မင်းတို့မယုံကြဘူးလို့ ငါကြားထားတယ်"
**********