သူတို့ရဲ့ဘဏ်တွေကို ပြောင်သလင်းခါနေအောင် လုပ်ပစ်လိုက်တော့
Vol. 9 Ch. 134
"ဒီစာက ဘာကိုဆိုလိုတာလဲ။ ဥက္ကဋ္ဌကျန်းက တစ်ခုခုလုပ်တော့မှာလား"
"မဖြစ်နိုင်လောက်ပါဘူး။ ဟုတ်တယ်မလား။ ဒါက သက်သက်လေကြီးနေတာမလား"
"ဒါက ငါတို့ကို တစ်ခုခုသက်သေပြတော့မလို့လား။ ငါ ဖရဲသီးအဆင်သင့်ပြင်ထားပြီနော်။ တစ်ယောက်ယောက် ငါ့ကို ဇွန်းတစ်ချောင်းလောက် လာပေးပါဦး"
"အဲ့ဒါက သူဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်တော့ မဟုတ်ပါဘူးနော်။ သူ့မှာ တကယ်သတ္တိရှိရင် နောက်ထပ်စီးပွားရေးအကျပ်အတည်းတစ်ခု ဖန်တီးပြစမ်းပါ။ လုပ်နိုင်ခဲ့ရင် အဖေလို့ခေါ်ပြမယ်"
"လူလိမ်.. သမိုင်းကိုမရိုမသေလုပ်နေတယ်။ အခုချက်ချင်းတောင်းပန်စမ်း"
"မော့ကြည့်လိုက်စမ်းပါဦး။ မင်းအမေက ကောင်းကင်မှာမျောနေတယ်"
"ဒီမှတ်ချက်တွေကဘာလဲဟ။ အမေရိကန်မှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတာတောင်ရှိနိုင်ရင် ငါတို့ဟွာရှားမှာရော မမြင်နိုင်တဲ့စူပါလူချမ်းသာတစ်ယောက် မရှိနိုင်ဘူးလား။ နိုင်ငံခြားဖြစ်အရာတိုင်းကိုပဲ လိုက်ကိုးကွယ်နေကြတယ်"
"ဟုတ်တယ်။ ဥက္ကဋ္ဌကျန်း..ခင်ဗျားကြိုက်တာသာလုပ်။ ကျွန်တော်တို့ ခင်ဗျားကိုအားပေးနေတယ်"
ကျန်းမုန့်လောင်၏နောက်ဆုံးဝေးပေါ်ပို့စ်က မှတ်ချက်ပေါင်းများစွာဖြင့် ပြည့်နှက်နေပြီး ထိုအကြောင်းအရာကလည်း လျင်မြန်စွာပျံ့နှံ့သွားကာ ဘာမှမသိကြသောသူများကပါ ရုတ်တရက်သိရှိသွားကြသည်။ ကျန်းမုန့်လောင်နှင့် ပိုလာဒီတို့၏ ကနဦးစကားပြောဆိုထားသည့် ဗီဒီယိုကလည်း အင်တာနက်ပေါ်တွင် ပြန်လည်ပျံ့နှံ့လာခဲ့သည်။
ထို့ပြင် B-station၏ remixဧရိယာတွင်လည်း ကျန်းမုန့်လောင်နှင့်သက်ဆိုင်သော ထုတ်လုပ်မှုများသည် ဆိုဒ်၏အဖိုးတန်ဆုံးရတနာများဖြစ်လာပြီး ကြည့်ရှုသူလည်း သန်းနှင့်ချီပြီး ရှိလာခဲ့သည်။
"မုန့်လောင်.. နင်အဆင်ပြေရဲ့လား"
လုရီယောင်က သတင်းကြားသည်နှင့် ကျန်းမုန့်လောင်ကို ချက်ချင်းဖုန်းဆက်လိုက်သည်။
ကျန်းမုန့်လောင်နှင့် ပထမဆုံးတွေ့ဆုံပြီးကတည်းက သူသည် နေရာတိုင်းတွင် သူ့ဒဏ္ဍာရီဇာတ်လမ်းများကို ချန်ရစ်ထားခဲ့ပြီး ယခုအခါ ပြည်တွင်းတွင်သာမက နိုင်ငံတကာစီးပွားရေးလောကထဲကိုပါ ရောက်ရှိနေပြီဖြစ်၏။
"ငါကဘာဖြစ်နိုင်မှာမို့လို့လဲ"
ကျန်းမုန့်လောင်က အေးအေးဆေးဆေးပြောလိုက်လေသည်။
"ငါ ကြွားနေတာမဟုတ်ဘူးနော်။ ပြီးတော့ ဒီစကားတွေက ငါ့ဆီကလာတာမဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ငါ တော်တော်လေးကို အထင်လွဲခံနေရတာ"
ကျန်းမုန့်လောင်၏အဘိုးနှင့် သက်ဆိုင်သော ထိုဇာတ်လမ်းများကို ကျန်းမုန့်လောင်ကိုယ်တိုင်ပင် ပိုလာဒီမှတစ်ဆင့်သိရှိခဲ့ရသော်ငြား ယခုတော့ သူ့ခမျာ လိမ်လည်သူအဖြစ် သမုတ်ခံလိုက်ရသည်။ စင်စစ်ခေါင်းခြောက်ချင်စရာပင်။
"ဒါဆို နင်ဘာလုပ်မှာလဲ။ သူတို့တွေ နင့်ကို ဆက်ပြီးစော်ကားနေတာကို ဒီအတိုင်းလွှတ်မထားနဲ့နော်။ ထုတ်ပြန်ချက်တစ်ခုထုတ်ပြီး ရှင်းပြဖို့ပဲ အကြံပေးချင်တယ်"
လုရီယောင်က အကြံပေးလာလေသည်။
"ထုတ်ပြန်ချက်ထုတ်ရမှာလား။ ဒါပေမဲ့ ဟုန်းရီပြောတာတော့ အဲ့ဒါတွေက အမှန်တွေပဲတဲ့"
ကျန်းမုန့်လောင်ကလည်း ပြန်ပြောလိုက်သည်။
"စိတ်မပူပါနဲ့။ သူတို့မယုံဘူးဆိုမှတော့ နောက်တစ်ခါ ထပ်လုပ်ပြပြီး သက်သေပြလိုက်တာပေါ့။ ကျန်းမိသားစုက တိတ်ဆိတ်နေတာ အချိန်အတော်ကြာပြီဆိုတော့ ဒီလူတွေက ငါတို့လက်အောက်မှာရှိခဲ့တုန်းက အကြောက်တရားတွေကို မေ့သွားကြပြီပဲ"
"နောက်တစ်ခါပြန်ပြမှာလား"
"ငါမှတ်မိတာသာ မမှားဘူးဆိုရင် နောက်ဆုံးတစ်ခေါက်ဖြစ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းက ဆယ်စုနှစ်တစ်ခုကျော်သွားပြီလားလို့"
ကျန်းမုန့်လောင်က ရုတ်ခြည်းဆိုသလို လျှို့ဝှက်ဆန်းကြယ်သောအမူအရာဖြင့် ပြောလိုက်သည်။
"ဟုတ်သားပဲ။ ရီရီ မင်းရဲ့သူငယ်ချင်းတွေထဲမှာ စတော့ရှယ်ယာ ဒါမှမဟုတ် ရန်ပုံငွေဝယ်ထားတဲ့သူရှိရင် ကြားထဲက မြေစာပင်လို အရှုံးမပေါ်အောင်လို့ အမြန်ထုတ်ထားခိုင်းလိုက်တော့"
"ဘာ? နင် တကယ်ကြီးလှုပ်ခါတော့မလို့တော့ မဟုတ်ပါဘူးနော်"
လုရီယောင်အနေနှင့် ကျန်းမုန့်လောင်က စင်စစ်ချမ်းသာလေကြောင်း သိသော်ငြား ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကို ဖန်တီးရန်အတွက်မူ လူတစ်ဦးတစ်ယောက်တည်း၏အားဖြင့် ဖြစ်နိုင်ပါ့မလား။
"ငါပြောတဲ့အတိုင်းပဲ လုပ်စမ်းပါ"
သူက ညွှန်ကြားလိုက်သည်။
"ကောင်းပြီလေ။ ဒါပေမဲ့ နင့်ကိုယ်နင်ဂရုစိုက်ဖို့တော့ မမေ့နဲ့နော်"
"နားလည်ပါပြီ။ ငါ့ရတနာလေးရဲ့"
"လစ်စမ်းပါ။ ငါ့ကိုရွံအောင်လာမလုပ်နဲ့"
"ဟားဟားဟား"
...
ဖုန်းချပြီးနောက် ကျန်းမုန့်လောင်၏မျက်နှာအမူအရာကလည်း ရုတ်ခြည်းပြောင်းလဲသွားသည်။
"နည်းနည်းတော့သတိပေးဖို့အချိန်ရောက်လာပြီ"
"ဟုန်းရီ.. ဒီကိုခဏလာပါဦး"
"မစ္စတာကျန်း..ကျွန်မဘာများလုပ်ပေးရမလဲ"
"အွန်လိုင်းပေါ်မှာ ဘာတွေဖြစ်နေလဲဆိုတာ မင်းကြားပြီးပြီလား"
"ဟုတ်ကဲ့။ ဒီလူတွေကို ရှင်းပစ်စေချင်ပါသလား"
"ဘာ"
ကျန်းမုန့်လောင်ခမျာ နားမလည်နိုင်သောအမူအရာဖြင့် ဟုန်းရီကို ကြည့်လိုက်သည်။ ယခုလိုနည်းလမ်းမျိုးနှင့် သူတို့က လူတွေကို ထပ်ဖယ်ရှားလိုက်မှာလား။ သူက တကယ်ပဲ အသက်နှစ်ဆယ်အရွယ်မိန်းကလေးတစ်ယောက်ရော ဟုတ်ရဲ့လား။ သူ့ကို မကောင်းဆိုးဝါးတစ်ကောင်ကောင်များ ပူးကပ်နေလေသလား။
"အမ်...ဟုန်းရီ ငါတို့က နိုင်ငံကြီးသားပီသတဲ့လူတွေဖြစ်တဲ့အတွက် ယဉ်ကျေးတဲ့နည်းလမ်းတွေနဲ့ပဲ ပြဿနာကိုဖြေရှင်းသင့်တယ်။ ငါတို့အနေနဲ့ ယုတ်ညံ့အရှက်မဲ့ပြီး ရိုင်းစိုင်းလို့ရတယ်။ ဒါပေမဲ့ သွေးထွက်သံယိုတော့ မဖြစ်စေချင်ဘူး။ မင်းလိုမိန်းကလေးတစ်ယောက်အတွက် အမြဲတိုက်ခိုက်သတ်ဖြတ်နေတာက မကောင်းဘူးနော်"
ကျန်းမုန့်လောင်က လေးလေးနက်နက်ပြောလာလေသည်။
"ဒါပေမဲ့ မစ္စတာကျန်း.. လူတွေကိုနှုတ်ပိတ်လိုက်တာက အမြန်ဆုံးနည်းလမ်းပဲလေ"
"ကောင်းပြီ။ တော်လိုက်တော့။ အလုပ်အကြောင်းပြောကြရအောင်"
ကျန်းမုန့်လောင်က ပြော၏။
"စီးပွားရေးအကျပ်အတည်းဖြစ်အောင်လုပ်ဖို့အတွက် နည်းလမ်းတစ်ခုခုရှိလား"
"အလွယ်လေးပါ။ ဘယ်လောက်ကြီးစေချင်လဲ။ ဘယ်လောက်ကြာကြာခံစေချင်လဲ"
"ချက်ချင်းထိရောက်မှုရှိပြီး အမြန်ဆုံးဖြစ်စေတဲ့နည်းလမ်းမျိုးရှိလား။ ငါမစောင့်နိုင်တော့ဘူး။ အသောင်းကျန်းဆုံးနိုင်ငံကနေ စလိုက်ရအောင်"
"ရိုးရိူးလေးပါ။ အဲ့ဒီနိုင်ငံမှာရှိတဲ့ ဘဏ်တွေအားလုံးကို ခန်းသွားအောင်လုပ်လိုက်လေ"
ဟုန်းရီက ပြော၏။
"ဒါမှမဟုတ် အဲ့ဒီမှာရှိတဲ့ ရှင့်အပိုင်လုပ်ငန်းတွေအားလုံးကို ရပ်လိုက်ပစ်လိုက်။ ဒါဆိုရင် မကြာခင်မှာပဲ သူတို့စီးပွားရေးပြိုလဲသွားလိမ့်မယ်"
"သောက်ကျိုးနည်း..ဒါကြီးကကြမ်းတယ်နော်"
ကျန်းမုန့်လောင်ခမျာ ချက်ချင်းဆိုသလို အံ့အားသင့်သွားရသည်။ နိုင်ငံတစ်နိုင်ငံ၏ဘဏ်များကို ပိုက်ဆံကုန်သွားအောင်လုပ်ဖို့ဆိုတာ ဘဏ်ထဲရှိ ငွေအားလုံးက သူ့ပိုင်ဆိုင်မှုဖြစ်နေမှရမည်သာ။
"ဘဏ်တွေကို ငွေကုန်အောင်လုပ်ဖို့ဆိုတာ ဖြစ်ရောဖြစ်နိုင်ရဲ့လား"
"မစ္စတာကျန်း.. ကျန်းမိသားစုက ကမ္ဘာ့စီးပွားရေးရဲ့အသက်ဆက်ကြိုးကို ထိန်းချုပ်ထားတယ်ဆိုတာ မမေ့ပါနဲ့။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ နိုင်ငံနဲ့ဒေသ၂၃၃ခုမှာ နိုင်ငံတော်တော်များများရဲ့ နိုင်ငံခြားငွေသိုလှောင်မှု၈၀%ကျော်က ရှင့်အပိုင်ဖြစ်ပြီး သူတို့ရဲ့နိုင်ငံတော်အကြွေးနဲ့ ငွေသားတွေကလည်း ရှင့်အပိုင်ပါပဲ။ အဲ့ဒါက ရိုးရိုးရှင်းရှင်းကိစ္စလေးတစ်ခုပဲမဟုတ်လား"
"စိတ်ဝင်စားစရာကောင်းလိုက်တာ"
ကျန်းမုန့်လောင်က ချက်ချင်းဆိုသလို ရယ်မောလိုက်လေသည်။ ဤသည်မှာ အလွန်စိတ်လှုပ်ရှားစရာကောင်းလှသည်။ Minecraftကစားနေရသလိုပင်။
"ဘယ်သူအဆူညံဆုံးလဲဆိုတာ ကြည့်ရအောင်"
ကျန်းမုန့်လောင်က ကမ္ဘာ့စီးပွားရေးဖိုရမ်တစ်ခုကို ဝင်ရောက်စစ်ဆေးကြည့်လိုက်သည်။
"ဒီစီးပွားရေးအကျပ်အတည်းက ဟွာရှားလူမျိုးတွေနဲ့ ဘာမှမဆိုင်ဘူး။ ငါတို့ချင်းချိုးနိုင်ငံရဲ့ စီးပွားရေးပညာရှင်တွေက စီးပွားရေးပုံစံအသစ်ကို သုတေသနလုပ်လို့ဖြစ်လာတဲ့ စမ်းသပ်မှုရလဒ်တွေပဲ။ ဒါက ငါတို့ရဲ့အပြောင်မြောက်ဆုံးလက်ရာတစ်ခု"
"တော်တော်အံ့သြဖို့ကောင်းတာပဲ"
ဤမှတ်ချက်ကို မြင်သောအခါ ကျန်းမုန့်လောင်လည်း မရယ်ဘဲ မနေနိုင်တော့ချေ။ ချင်းချိုးနိုင်ငံသားများက အမြဲတစေ အရှက်မရှိကြပေ။ ၂၀၂၀ပြည့်နှစ်မှာတောင် တစ်ကမ္ဘာလုံးကို သူတို့အပိုင်ဟု ထင်နေကြဆဲပင်။
"အမှန်ပဲ။ အဲ့ဒါက ဟွာရှားနိုင်ငံသားတွေနဲ့ အမေရိကန်တွေရဲ့လက်ချက်ပဲ
"ဟွာရှားနိုင်ငံသားတွေ ရှေ့ထွက်ပြီးတောင်းပန်ပါ။ ကမ္ဘာ့အချမ်းသာဆုံးလူလည်း ငါတို့ကိုတောင်းပန်ရမယ်"
ချင်းချိုးနိုင်ငံရှိ စီးပွားရေးပညာရှင်တချို့ပင် ပါဝင်နေကြလိမ့်မည်ဟု ကျန်းမုန့်လောင် ထင်မထားပေ။
"ဒီလူတွေက တကယ့်ကို မရှက်တတ်ဘူးပဲ"
ကျန်းမုန့်လောင်က အော်ရယ်လိုက်မိသည်။
"ဟုန်းရီ.. သူတို့ကနေစမယ်။ သူတို့ပြောတဲ့ စီးပွားရေးပုံစံက ငါ့ရှေ့မှာ အလုပ်ဖြစ်မဖြစ်ကြည့်ကြသေးတာပေါ့"
"မစ္စတာကျန်း.. ချင်းချိုးနိုင်ငံရဲ့အကြီးဆုံးဘဏ်ဖြစ်တဲ့ ချင်းချိုးဘဏ်မှာ ချင်းချိုးငွေကြေးစုဆောင်းငွေစုစုပေါင်း၁၀၀.၈ထရီလီယံရှိပါတယ်။ ဒေါ်လာနဲ့တွက်ရင် ၁ထရီလီယံဒေါ်လာလောက်ရှိပါတယ်။ ဒုတိယအနေနဲ့ ပိုလာဒီဘဏ်မှာ ၇၈.၄ထရီလီယံ၊ တတိယဘဏ်မှာ ၅၀.၂ထရီလီယံရှိပါတယ်"
"ဒီလောက်ပိုက်ဆံတွေအများကြီးကို ပိုင်ထားတဲ့ လူသန်းပေါင်းများစွာက အနုပ်စုပ်ကုပ်စုတ်တော့ မဖြစ်နိုင်ဘူး"
ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်လေသည်။
"ဒီဘဏ်တွေထဲက ပိုက်ဆံအများစုက ငါ့ဟာတွေမလား"
"ဟုတ်ပါတယ် မစ္စတာကျန်း"
ဟုန်းရီက ပြောလိုက်လေသည်။
"ရှင်ပိုင်တဲ့ ချင်းချိုးနိုင်ငံကလုပ်ငန်းတွေနဲ့ ရှင့်မိသားစုရဲ့ ဩဇာလွှမ်းမိုးမှုအောက်မှာရှိတဲ့ လုပ်ငန်းတွေမှာ ငွေကြေး၄၅%ကျော်ရှိပါတယ်"
"၄၅%တည်းလား။ သိပ်မများဘူးပဲ"
ကျန်းမုန့်လောင်သည် ခုနစ်ဆယ့်ရှစ်ရာခိုင်နှုန်းလောက်တော့ ရှိမည်ဟု ထင်ထားခဲ့ခြင်းပင်။
"မစ္စတာကျန်း . ဒီပမာဏကတင် တော်တော်လန့်စရာကောင်းနေပါပြီ"
ဟုန်းရီက ပြောလာလေသည်။
"ဒီဘဏ်တွေက ထရီလီယံချီပြီးစုဆောင်းထားတယ်ဆိုပေမဲ့ တကယ်တော့ ဘဏ်တွေကလည်း အကြွေးနဲ့လည်ပတ်နေရတာပါ။ သူတို့ရဲ့ငွေအပ်သူအားလုံးကသာ သူတို့ငွေတွေကို ပြန်ထုတ်လိုက်မယ်ဆိုရင် ဘဏ်တွေဘက်ကလည်း အဲ့ဒီလောက်များတဲ့ငွေသားပမာဏကြီးကို မပေးနိုင်ပါဘူး။ ၄၅%ဆိုတာ အသာထား။ ၁၀%နဲ့တင် သူတို့အဆုံးသတ်သွားမှာပါ"
"အိုး.. ငါက ဒီအပိုင်းကိုနားမလည်ဘူး"
စီးပွားရေးအကြောင်း မလေ့လာဖူးသော ကျန်းမုန့်လောင်သည် leverageတို့လို အကြောင်းအရာမျိုးကို နားမလည်သော်လည်း တစ်ခုတော့ သေချာပေါက်သိသည်။ သူသာဆန္ဒရှိလျှင် နိုင်ငံတစ်နိုင်ငံ၏စီးပွားရေးကို အချိန်မရွေးပြိုလဲစေနိုင်သည်။
"ဒါဆို ငါပြောတဲ့အတိုင်းလုပ်လိုက်။ သူတို့ရဲ့ချင်းချိုးနိုင်ငံကနေစကြမယ်။ သူတို့ပြည်တွင်းမှာရှိတဲ့ ဘဏ်တွေအားလုံးကို ပြောင်သလင်းခါနေအောင်လုပ်လိုက်တော့"
**********