သူဌေး.. ကျွန်တော်တို့ ပိုက်ဆံကုန်သွားပါပြီ
Vol. 9 Ch. 135
ချင်းချိုးနိုင်ငံ၏မြို့တော် ချိုးယွမ်သည် တစ်နိုင်ငံလုံးရှိ အိပ်မက်အပြည့်နှင့် လူငယ်များကို ဆွဲဆောင်နိုင်စွမ်းရှိသည့် စည်ကားသောမြို့တစ်မြို့ဖြစ်၏။ ဤနေရာတွင် အိမ်ခြံမြေဈေးနှုန်းများကလည်း ဟွာရှားနိုင်ငံရှိ ပထမတန်းစားမြို့ကြီးများထက် မနိမ့်ပေ။
ပိုမိုဝေးလံခေါင်ဖျားသော နေရာများမှာပင် ဟွာရှားယွမ်သန်းတစ်ရာဖြင့်ဆိုပါက စတုရန်းမီတာ၂၀မှ ၃၀ခန့်ရှိသော အခြေခံအကြမ်းထည်အိမ်တစ်လုံးကိုသာ ဝယ်ယူနိုင်မည်ဖြစ်၏။
ချင်းချိုးနိုင်ငံသားများသည် ဤကဲ့သို့သော ရိုးရာအတွေးအခေါ်မျိုး မရှိကြပေ။ သူတို့အတွက်မူ အိမ်ငှားရမ်းခြင်းသည်လည်း အလားတူရွေးချယ်စရာတစ်ခုပင်ဖြစ်သည်။ လူပေါင်းများစွာဟာ မြင့်မားလှသော ထိုအိမ်ခြံမြေဈေးနှုန်းမြင့်မားမှုကို မထိပါဘဲ တစ်သက်လုံး အိမ်ငှားနေထိုင်ရန်သာ ရွေးချယ်ကြသည်။
သို့သော် ဤမြို့၏အလယ်ဗဟိုတွင်မူ မိုးမျှော်အဆောက်အအုံကြီးများမှာ မိုးထိုးလုမတတ် ရှိနေဆဲဖြစ်ပြီး အထင်ရှားဆုံးကတော့ မြို့လယ်တွင်တည်ရှိသော ချင်းချိုးဘဏ်၏ဌာနချုပ်ဖြစ်၏။
ဤသည်မှာ ဒေသတွင်းရှိ မှတ်ကျောက်တင်ထိုက်သော အဆောက်အဦတစ်ခုဖြစ်သည်။ ချင်းချိုးနိုင်ငံသည် ကမ္ဘာ့မြေပုံပေါ်တွင် အစက်အပြောက်သေးသေးလေးတစ်ခုမျှသာ ဖြစ်သော်လည်း ယခုနှစ်ထဲတွင် ချင်းချိုးဘဏ်က ထိပ်တန်းကမ္ဘာ့ဘဏ်၁၀၀၀စာရင်းတွင် အဆင့်၅၀အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး အမေရိကန်ဒေါ်လာနိုင်ငံခြားငွေသိုလှောင်မှုပမာဏတွင် အဆင့်တစ်ဆယ်အတွင်း၌ ပါဝင်လာခဲ့သည်။
ဤအချက်မှတစ်ဆင့် ထိုဘဏ်၏အရွယ်အစားကို မှန်းဆကြည့်နိုင်ပေသည်။
ဌာနချုပ်ဘဏ်ရှိ ဥက္ကဋ္ဌရုံးခန်း၌ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က သူ့အတွင်းရေးမှူးမလေးထံမှ ဤလအတွက် ဘဏ္ဍာရေးအစီရင်ခံစာတင်ပြချက်ကို နားထောင်နေသည်။
အတွင်းရေးမှူးမှာ ချင်းချိုးနိုင်ငံရှိ ရုပ်ရှင်မင်းသမီးတစ်ဦး၏ စံပြမျက်နှာပုံသဏ္ဍာန်မျိုးရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း ဆွဲဆောင်မှုအပြည့်ရှိသော အရှိန်အဝါများ ထုတ်လွှတ်နေသည်။ ဤအမျိုးသမီးသည် ဘဏ်ဥက္ကဋ္ဌ၏အတွင်းရေးမှူးရာထူးကို ရရှိဖို့အတွက် ထုတ်ဖော်မပြောဆိုသင့်သော လျှို့ဝှက်ချက်များ လုပ်ထားလေကြောင်း လူတော်တော်များများ သိထားကြသည်။
"ဘော့စ်.. ကျွန်မတို့ဘဏ်ရဲ့စုဆောင်းငွေပမာဏက ဒီလမှာ ချင်းချိုးငွေကြေး၈ထရီလီယံအထိ တိုးလာပါတယ်။ အရင်လနဲ့နှိုင်းယှဉ်ကြည့်လိုက်ရင် သိသိသိသာသာတိုးလာတဲ့အတွက် နှစ်ကုန်မှာတော့ ၁၀ထရီလီယံကို ကျော်သွားနိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်"
"အင်း..ဆက်ပြော"
ချင်းချိုးဘဏ်ဥက္ကဋ္ဌ ပြောင်ကွမ်ကျီးကလည်း သူ့အတွင်းရေးမှူးမလေးကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေပြီး သူ့အာရုံဟာ အစီရင်ခံစာတွင် လုံးဝမရှိပေ။
"ဥက္ကဋ္ဌ..ရှင်ကအရမ်းဆိုးတာပဲ"
အတွင်းရေးမှူးက ပြောင်ကွမ်ကျီး၏ ပူလောင်ပြင်းပြလှသောအကြည့်ကို သတိထားမိသည်။
"ဟားဟား.. မင်းက ဒီလိုပုံစံမျိုးကို အကြိုက်ဆုံးပဲမဟုတ်လား"
ပြောင်ကွမ်ကျီးကလည်း တဏှာသောင်းကျန်းနေသော အပြုံးတစ်ပွင့်ကို ဆင်မြန်းလိုက်သည်။
"ဒီည ငါ့မိန်းမ အိမ်မှာမရှိဘူး..."
"ဒါဆို ဒီည ကျွန်မ ရှင့်အိမ်ကိုလာခဲ့မယ်လေ"
အတွင်းရေးမှူးက အစီရင်ခံစာကို ပြောင်ကွမ်ကျီး၏စားပွဲပေါ်သို့ တင်ထားလိုက်ပြီး သူ့ပေါင်ပေါ်တွင် ထိုင်ချလိုက်လေတော့သည်။
"ဘော့စ်..ရှင် အခုနောက်ပိုင်း တကယ်စိတ်ကောင်းဝင်နေတာပဲ"
"ဟုတ်တာပေါ့။ ငါတို့ဘဏ်ရဲ့စုဆောင်းငွေနှုန်းထားက ဆက်တိုက်တိုးနေတယ်လေ။ ငါက ဘာလို့မပျော်ဘဲရှိရမှာလဲ"
ပြောင်ကွမ်ကျီး၏လက်များက ဂနာမငြိမ်စွာ စတင်လှုပ်ရှားလာသည်။
"ဟုတ်တယ်နော်။ တော်တော်လေးထူးဆန်းတယ်။ လွန်ခဲ့တဲ့နှစ်ပတ်ကျော်လောက်ကစပြီး ကျွန်မတို့ဘဏ်ရဲ့စုဆောင်းငွေနှုန်းထားတွေက ရုတ်တရက်ကြီးထိုးတက်လာတာ။ နှစ်ဆနီးပါးလောက်တောင်ရှိတယ်။ ကျွန်မတို့ဘဏ်ကလည်း ဘာကြေညာချက်မှ မထုတ်ခဲ့ပါဘူး။ အတိုးနှုန်းလည်း နည်းနည်းပဲတိုးထားတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်တုန်းက နိုင်ငံတော်က မူဝါဒအသစ်တစ်ခုထုတ်ပြန်လိုက်တာနဲ့များ ဆိုင်နေမလား"
"ဟားဟားဟား.. မူဝါဒလား။ ဒီကောင်းချီးမင်္ဂလာက ဟွာရှားနိုင်ငံက လူငယ်လေးတစ်ယောက်ရဲ့ကျေးဇူးကြောင့်ပဲ"
"အဲ့ဒီလိုဇာတ်လမ်းမျိုးလည်း ရှိတာလား"
အတွင်းရေးမှူးက အလွန်သိချင်စိတ်ပြင်းပြသွားသည်။
"ကျွန်မက တရုတ်ပြည်ကသတင်းတွေကို သိပ်မကြည့်ဖြစ်ဘူးလေ"
"ဒီအဖြစ်အပျက်က ဟွာရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တာ။ ဒါပေမဲ့ အဲ့ဒီသတင်းက တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားတယ်လေ"
ပြောင်ကွမ်ကျီးက ပြောလိုက်၏။
"ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ပိုလာဒီက ဟွာရှားနိုင်ငံကိုသွားပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့အတူ ညစာစားခဲ့တယ်။ အဲ့ဒီမှာ ကျန်းမုန့်လောင်လို့ခေါ်တဲ့ လူငယ်တစ်ယောက်နဲ့ တွေ့ခဲ့တာပေါ့။ သူပြောတာကတော့ ပြီးခဲ့တဲ့ရာစုနှစ်တုန်းက ဘဏ္ဍာရေးအကျပ်အတည်းကို ဒီလူငယ်လေးရဲ့အဘိုးက ဖန်တီးခဲ့တာတဲ့"
"ဒီလိုအဓိပ္ပါယ်မရှိတဲ့ဇာတ်လမ်းမျိုးလည်းရှိတာပဲလား"
အတွင်းရေးမှူး၏မျက်လုံးများမှာ ပြူးကျယ်သွားချေသည်။ လူတစ်ယောက်တည်းက ကမ္ဘာ့စီးပွားရေးစနစ်ကို ဘယ်လိုလုပ်ပြီး ပြိုလဲအောင်လုပ်နိုင်မှာလဲ။ စစ်မဖြစ်ဘဲနဲ့တော့ ထိုသို့မဖြစ်နိုင်ပေ။ သို့သော် လူတစ်ယောက်တည်းက စစ်ဖြစ်အောင် လုပ်နိုင်လို့လား။
"ပိုလာဒီပြောတာကတော့ ကျန်းမုန့်လောင်ရဲ့အဘိုးက ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေရဲ့ဘဏ်တွေအားလုံးကို ငွေတွေပြောင်သလင်းခါသွားအောင် ထုတ်ပစ်လိုက်လို့ ပြင်းထန်တဲ့ငွေကြေးဖောင်းပွမှုတစ်ခုကို ဖြစ်စေခဲ့တယ်တဲ့။ အဲ့ဒါကြောင့်ပဲ နောက်ဆက်တွဲအကျိုးဆက်တွေလည်း ရှိခဲ့တယ်တဲ့လေ"
"အဲ့ဒီစကားကို ဘယ်သူမှမယုံကြဘူးမလား"
"ပုံမှန်ဆိုရင်တော့ ဘယ်သူ့ပါးစပ်ကထွက်ထွက် ဘယ်သူမှယုံကြမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီစကားက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ပါးစပ်ကနေ ထွက်လာတာကိုး။ မကြာသေးခင်ကပဲ ဒီကိစ္စက ကမ္ဘာ့စီးပွားရေးလောကမှာ အတော်လေးဂယက်ရိုက်ခဲ့တယ်"
"ဒါက ကျွန်မတို့ဘဏ်ရဲ့စုဆောင်းငွေပမာဏနဲ့ ဘာဆိုင်လို့လဲ"
"ဟီးဟီး.. ဒါက ငါတို့ချင်းချိုးလူမျိုးတွေရဲ့ဉာဏ်ပညာပဲလေ"
ပြောင်ကွမ်ကျီးက ပြောလိုက်လေသည်။
"ငါတို့ရဲ့စီးပွားရေးပညာရှင်တွေက ဒီစီးပွားရေးအကျပ်အတည်းက ဟွာရှားနိုင်ငံသားတွေနဲ့မဆိုင်ဘူး။ ငါတို့နိုင်ငံက တည်ထောင်ထားတဲ့ စီးပွားရေးပုံစံအသစ်ကြောင့်ဖြစ်တာလို့ ပြောလိုက်ရော။ အခုတော့ ဒီစီးပွားရေးပုံစံအသစ်က တိုးတက်လာတဲ့အတွက် ငါတို့နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားဝင်စတင်အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပြီလို့ကြေညာလိုက်တာပေါ့။ ငါတို့နိုင်ငံသားတွေကလည်း အဲ့ဒါကိုယုံကြည်ကြတော့ သူတို့ရဲ့ငွေတွေကိုထုတ်ပြီး ရင်းနှီးမြှုပ်နှံဖို့ဆန္ဒရှိသွားကြတာပေါ့"
"ဟားဟားဟား.. သူတို့ ဘယ်လောက်တောင်နုံအလိုက်ကြသလဲ"
အတွင်းရေးမှူးမလေးက ရယ်မောလိုက်လေတော့သည်။
"ငွေတွေ ဘဏ်ထဲရောက်လာတာနဲ့ စီမံခန့်ခွဲရမှာက ငါတို့တာဝန်ပဲလေ။ ရလဒ်ကဘာပဲဖြစ်ဖြစ် ငါတို့နဲ့မဆိုင်ဘူး။ တစ်ယောက်ယောက်ကို အပြစ်တင်ရမယ်ဆိုရင်လည်း အဲ့ဒီစီးပွားရေးပညာရှင်တွေကို အပြစ်တင်ရမှာပဲ ဟားဟားဟား"
"ဒါပေမဲ့ အဲ့ဒီဟွာရှားလူငယ်လေးဘက်က တုံ့ပြန်မှုမရှိဘူးလား"
အတွင်းရေးမှူးမလေးကလည်း သိလိုစိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
"ဒီအတိုင်းဂယက်ထအောင် လုပ်တာပဲဟာကို။ သူက ဘာတုံ့ပြန်မှာတဲ့လဲ။ သူ့အဘိုးက တကယ်ပဲ စီးပွားရေးအကျပ်အတည်းဖြစ်စေခဲ့တယ်ဆိုတာ သက်သေပြမှာတဲ့လား။ ဒါဆိုလည်း ငါတို့ကို တစ်ခါလောက်ပြပါစေဦး။ တစ်ကမ္ဘာလုံးရဲ့စီးပွားရေးကို အသာထားဦး။ ငါတို့ချင်းချိုးနိုင်ငံရဲ့စီးပွားရေးစနစ်က အခုချိန်မှာ ကျောက်တုံးလိုမာကျောခိုင်မာနေပြီလေ။ ငါတို့ရဲ့နိုင်ငံခြားငွေသိုလှောင်မှုစွမ်းအားနဲ့ဆိုရင် နိုင်ငံတစ်နိုင်ငံလုံးပေါင်းရင်တောင် ငါတို့ကိုအနိုင်ယူဖို့မလွယ်ဘူး"
"ဘော့စ်..ကျွန်မတို့နိုင်ငံရဲ့စီးပွားရေးက ကျောက်တုံးလိုမာကျောတာဟုတ်မဟုတ်တော့ ကျွန်မမသိဘူး။ ဒါပေမဲ့ ရှင်ကတော့ တကယ်မာနေပြီ"
"ဟားဟားဟား..ဒီနေ့ လုပ်စရာအလုပ်လည်း များများစားစားမရှိဘူးဆိုတော့ အရင်ဆုံး သွေးပူလေ့ကျင့်ခန်းလေး လုပ်ကြမလား"
ပြောင်ကွမ်ကျီးက စကားပြောနေစဉ်မှာပင် လက်များက ပို၍ပင်ဂနာမငြိမ်ဖြစ်နေပေသည်။
"ဒုန်းဒုန်းဒုန်း"
ထိုအချိန်တွင် ဥက္ကဋ္ဌရုံးခန်းတံခါးကို အရေးပေါ်တံခါးခေါက်သံများ ထွက်ပေါ်လာသည်။
"ဘာဖြစ်တာလဲ။ ဘယ်သူက အလိုက်ကန်းဆိုးမသိ ဒီလိုမျိုးလာလုပ်နေတာလဲ"
ပြောင်ကွမ်ကျီးခမျာ စိတ်မပါတော့ပါဘဲ အဝတ်အစားများကို ဆွဲဆန့်ပြင်ဆင်လိုက်သလို သူ့အတွင်းရေးမှူးမလေးကလည်း အစီရင်ခံစာကို ပြန်ကောက်ယူလိုက်သည်။
"ဝင်ခဲ့ပါ"
ပြောင်ကွမ်ကျီးက သိပ်မဖော်ရွေလှသောအသံဖြင့် ပြောလိုက်သည်။ ယခုလိုအချိန်တွင် သူ့ကိုလာရှာသူမှာ မီးတွင်းထဲသို့ ဖြတ်လျှောက်လာသူတစ်ယောက်ပင်တည်း။
"မန်နေဂျာဂင် ဘာကိစ္စလဲ"
သူ့လူယုံတစ်ယောက် ဖြစ်နေကြောင်းသိလိုက်ရသောအခါ ပြောင်ကွမ်ကျီး၏မျက်နှာအမူအရာမှာ အနည်းငယ်မျှပျော့ပျောင်းသွားသည်။ သို့မဟုတ်ပါက သူတို့နှစ်ယောက်စလုံး မျက်နှာများနီရဲနေပြီး ရှက်ရွံ့နေသည်ကိုသာ သာမန်လူတစ်ယောက်ကမြင်သွားလျှင် ဘာဖြစ်နေသလဲဆိုသည်ကို သိသွားပေလိမ့်မည်။
"ဥက္ကဋ္ဌ... ကိစ္စတစ်ခုခုဖြစ်သွားတယ်"
"ဘာဖြစ်နိုင်မှာလဲ။ မလောစမ်းပါနဲ့။ ငါ ဘယ်နှခါပြောထားပြီးပြီလဲ။ ကောင်းကင်ပြိုကျလာရင်တောင် ငါထိန်းထားနိုင်တယ်လို့။ ဖြည်းဖြည်းချင်းရှင်းပြစမ်းပါ"
"မဟုတ်ဘူး ဥက္ကဋ္ဌရဲ့..တကယ်ကြီး ကောင်းကင်ပြိုကျနေတာ။ ကျွန်တော်တို့ဘဏ်မှာ ငွေကုန်သွားပြီ"
"ငွေကုန်သွားတယ်တဲ့လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ပြောင်ကွမ်ကျီးက ရုတ်ခြည်းဆိုသလို မတ်တတ်ထရပ်လိုက်သည်။
ဘဏ်တစ်ခုငွေကုန်သွားခြင်းမှာ ရယ်စရာကောင်းသောကိစ္စတစ်ခုဖြစ်သည်။ ချင်းချိုးဘဏ်သည် ဤနိုင်ငံ၏အကြီးဆုံးဘဏ်တစ်ခုဖြစ်၏။ သူတို့သာငွေကုန်သွားပါက ပိုပြီးရယ်စရာကောင်းနေမည်မဟုတ်လား။ သူသည် ယခုလေးတင် သူ့အတွင်းရေးမှူးထံမှ ဤလအတွက် စုဆောင်းငွေပမာဏကို နားထောင်နေခဲ့ခြင်းပင်။ ဒါက နောက်နေတာလား။
"မန်နေဂျာဂင်.. ငါတို့ချင်းချိုးလူမျိုးတွေက ဟွာရှားနိုင်ငံရဲ့ April Foolနေ့ကို မကျင်းပကြဘူးနော်။ ဒီဟာသက လုံးဝရယ်စရာမကောင်းဘူး"
"ဥက္ကဋ္ဌ.. ကျွန်တော်နောက်နေတာမဟုတ်ပါဘူး"
မန်နေဂျာဂင်ခမျာ မျက်ရည်ကျလုနီးပါးဖြစ်နေရှာသည်။
"ဒီမနက် ဘဏ်စဖွင့်ကတည်းက နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့ဘဏ်ခွဲတွေမှာ ငွေထုတ်ဖို့ဆိုပြီး လူတွေအများကြီးရောက်လာကြပါတယ်"
"ဒါကပုံမှန်ပဲမဟုတ်ဘူးလား"
"ဒါပေမဲ့ သူတို့တွေအကုန်လုံးက တစ်ချီတည်းနဲ့ ပိုက်ဆံကို သန်းဆယ်ဂဏန်းတို့ ရာဂဏန်းတို့ အများကြီးထုတ်နေကြတာ"
မန်နေဂျာဂင်က ဆက်ပြောလိုက်သည်။
"နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အဆင့်သုံးဘဏ်တွေအားလုံးလည်း ငွေကုန်သွားပြီ။ အကုန်လုံးက အဆင့်နှစ်ဘဏ်တွေကို အကူအညီတောင်းထားကြရတာ။ အဆင့်နှစ်ဘဏ်ခြောက်ခုတောင်မှ ငွေကုန်သွားပြီ။ အခုတော့ ဌာနချုပ်ကိုအကူအညီတောင်းနေကြတယ်"
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ပြောင်ကွမ်ကျီးက အံ့အားသင့်သွားရှာလေသည်။
"ဒီငွေတွေကိုထုတ်နေတဲ့လူတွေက ဘယ်သူတွေလဲ"
"ဥက္ကဋ္ဌ.. အကုန်လုံးက ဟွာရှားနိုင်ငံသားတွေချည်းပါပဲ"
***********