ညဘက်ဘေးကင်းပါစေ
Vol. 9 Ch. 123
လုရီယောင်က အဆောင်လသာဆောင်တွင် မှီတွယ်ကာ ကောင်းကင်ထက်ကို တွေဝေငေးမောစွာ ငေးကြည့်နေလေသည်။ ယနေ့ တစ်ကျောင်းလုံးတွင် အကျင့်အပျက်ဆုံးဟု သတ်မှတ်ခံထားရသော ထိုဆရာ့ထံမှာ သူ(မ) အနိုင်ကျင့်ခံရလုနီးနီးဖြစ်သွားခဲ့သည်။
ပိုင်ရှန်းဝူသာ အကြောင်းတစ်စုံတစ်ရာကြောင့် သတိလစ်သွားခဲ့ခြင်းမရှိပါက သူ(မ)လည်း အနှောင့်အယှက်တစ်စုံတစ်ရာကို ကြုံတွေ့ရတော့မည်ဖြစ်၏။
သူ(မ)၏ဖခင်ကလည်း ထိုသို့နှယ်ဖြစ်နေပြီး ယခု သူ(မ)၏ဆရာကပါ ဤပုံစံအတိုင်းဖြစ်နေချိန်မှာ လုရီယောင်ကလည်း အလွန်အမင်းအကောင်းမြင်တတ်သူတစ်ယောက်တော့ မဟုတ်ချေ။ ကျန်းမုန့်လောင်သာ ပေါ်မလာခဲ့ပါက သူ(မ)၏ဘဝကား စိတ်ဓာတ်ကျချင်စရာကောင်းနေမည်သာ။
"သူသာ ဒီအကြောင်းသိသွားရင် တော်တော်ဒေါသထွက်သွားမှာပဲနော်"
ကျန်းမုန့်လောင်အကြောင်း တွေးမိချိန်ဝယ် လုရီယောင်၏မျက်နှာထက်တွင် ပျော်ရွှင်မှုအရိပ်အယောင်လေးတစ်ခု ပေါ်ပေါက်လာလေသည်။
"အား.. ငါ ဒီည သူနဲ့အတူ ဂိမ်းကစားမယ်လို့ ကတိပေးထားတာကို မေ့သွားတယ်"
တစ်နာရီကျော်လောက် လသာဆောင်တွင် ငေးငိုင်နေပြီးနောက်မှ သူ(မ) ရုတ်တရက်သတိရလိုက်သည်။ ယခုမူကား မှောင်ပင်မှောင်နေလေပြီ။
သူ(မ) ဖုန်းထုတ်လိုက်သည့်အခါ ကျန်းမုန့်လောင်၏အဗာတာလေးအောက်တွင် မက်ဆေ့ချ်ပေါင်း၉၉စောင် ရောက်နေပြီဖြစ်၏။
"ငါ အာရုံစိုက်စရာကိစ္စလေးတစ်ခုရှိလို့။ နင့်ကို စိတ်ပူအောင်လုပ်မိသွားပြီပဲ"
လုရီယောင်က ချစ်စရာကောင်းသော အီမိုဂျီလေးတစ်ခုကိုပါ ပို့လိုက်သည်။
"မင်း ငါ့ကိုစိတ်ပူအောင်လုပ်မိသွားတာကိုတော့ သိတယ်ပေါ့လေ"
ကျန်းမုန့်လောင်ကလည်း အီမိုဂျီလေးတစ်ခုနှင့် စာပြန်ပို့လာသည်။
"ဒီလောက်နဲ့မရဘူး။ ငါစိတ်ပူလိုက်ရတာကို အလကားမဖြစ်စေနဲ့။ မင်း ငါ့ကို အနမ်းတစ်ပွင့်အကြွေးတင်နေပြီနော်"
"လစ်စမ်းပါ"
လုရီယောင်က အော်ရယ်လိုက်မိသည်။ ကျန်းမုန့်လောင်က မခန့်လေးစားယောင်ဆောင်ပြီး ယခုလိုကြီးကြီးကျယ်ကျယ်စကားများ အမြဲပြောတတ်သည်။
"ငါတို့ ဂိမ်းကစားဦးမှာလား။ မကစားတော့ဘူးလား"
"ဒီည ဂိမ်းမကစားတော့ဘူး။ ကောင်းကင်ကိုမော့ကြည့်လိုက်ပါ့လား"
"ကောင်းကင်လား"
လုရီယောင်လည်း မတိုင်ခင်က မှောင်မည်းပြီး ဗလာကျင်းနေပါသော ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။
"ဟင်.. အဲ့ဒါကဘာလဲ"
ထိုအချိန်မှာပင် အလင်းရောင်တစ်ခုက ကောင်းကင်ထက်၌ ရုတ်ခြည်းပေါ်ပေါက်လာသည်။ ထိုအလင်းနောက်မှ နောက်ထပ်အလင်းပေါင်းများစွာကလည်း ထိုဦးတည်ရာအတိုင်း ပြုံတိုးနေပေသည်။
"သောက်ကျိုးနည်း.. UFOကြီးဟ..ကိုယ့်လူတို့ ဒါကိုမြန်မြန်လာကြည့်ကြဦး"
"အဲ့ဒါတွေက ဘာတွေလဲ။ တောက်ပနေတာလား။ လေယာဉ်တွေလား။ မဖြစ်နိုင်တာ"
ကူစူးတက္ကသိုလ်တွင် ကျောင်းသားအဆောင်များအားလုံးက တစ်နေရာတည်းတွင် တည်ရှိပြီး ကျောင်းသားတော်တော်များများကလည်း လသာဆောင်ဘက်ထွက်ပြီး အချိန်ဖြုန်းနေကြသည်ဖြစ်ရာ ထိုအနီရောင်အလင်းစက်ကလေးများကို သတိထားမိကြသည်။
"သေစမ်း.. အဲ့ဒါတွေက ဒရုန်းသေးသေးလေးတွေဟ"
အနီးအနားရှိ ယောက်ျားလေးအဆောင်မှ နည်းပညာဝါရင့်ကြီးတစ်ယောက်က မှန်ပြောင်းနှင့်ကြည့်၍ အနီရောင်အစက်များ၏သရုပ်မှန်ကို ဖော်ထုတ်နိုင်ခဲ့သည်။
"ဒရုန်းတွေအများကြီးလား။ ဘာဖြစ်တာလဲဟ။ ငါတို့ကူစူးတက္ကသိုလ်ရဲ့မိန်းကလေးအဆောင်ကို ဗီဒီယိုရိုက်မလို့လား"
"ငတုံး.. ဗီဒီယိုချောင်းရိုက်ဖို့အတွက်နဲ့ ဘယ်သူကများ ဒီလောက်ဒရုန်းတွေအများကြီးကိုသုံးတာ မြင်ဖူးလို့လဲ။ ဒီအတိုင်းဆိုရင် ဒရုန်းတွေကထောင်ချီတယ်ကွ"
"ရှင်းရှင်းလင်းလင်းမြင်ရလား။ ဘာမော်ဒယ်လ်လဲ"
"သောက်ကျိုနည်း"
မှန်ပြောင်းကိုင်ထားသော ကောင်လေးက မဆဲဘဲမနေနိုင်တော့ချေ။
"ဒါတွေက နောက်ဆုံးပေါ်Shining Wordဒရုန်းတွေကွ။ ဝေဟင်ရိုက်ကူးမှုအတွက် အသင့်တော်ဆုံးမော်ဒယ်လ်ပေါ့။ သူတို့နဲ့ဆိုရင် လေထဲကို ကင်မရာတောင်သယ်လို့ရတယ်လို့ ငါကြားဖူးတယ်။ အဲ့ဒါတွေက အရည်အသွေးအမြင့်ဆုံးဒရုန်းတွေ..တစ်စင်းကို ဒေါ်လာတစ်သိန်းနှစ်သောင်းပေးရတယ်"
"ငါ့ကောင်..အစီးရေတစ်ထောင်ကျော်လားပဲနော်။ ဒီလိုဆိုရင် အမေရိကန်ဒေါ်လာသန်းတစ်ရာကျော်မှာမဟုတ်ဘူးလား"
"ကူစူးမြို့ရဲ့အထူးဖျော်ဖြေပွဲတစ်ခုများလား"
တစ်စုံတစ်ယောက်က ထင်ကြေးပေးလာလေသည်။
ပြီးခဲ့သော နှစ်သစ်ကူးပွဲတော်တုန်းက ကူစူးမြို့က ကောင်းကင်ပေါ်တွင် "ငါ မင်းကိုချစ်တယ်"ဟူသော စာသားကိုဖန်တီးဖို့အတွက် အလားတူလေယာဉ်မျိုးအစင်းနှစ်ထောင်ကို အသုံးပြုခဲ့လေရာ ထိုသတင်းမှာ ကူစူးမြို့ရှိလူတစ်ယောက်ချင်းစီတိုင်း၏ ဆိုရှယ်မီဒီယာထက်တွင် နေရာယူသွားလေသည်။
"သူ့ဇနီးလေးကို အလိုလိုက်အကြိုက်ဆောင်နေတဲ့ စိုးမိုးခြယ်လှယ်နိုင်စွမ်းရှိတဲ့စီအီးအိုတစ်ယောက်များလား"
"မင်း နိမိတ်ဖတ်လိုက်တာလား"
သူ့စကားမဆုံးသေးခင်မှာပင် လေယာဉ်ပေါင်းထောင်ဂဏန်းလောက်က ရုတ်တရက်စုစည်းလိုက်ပြီး အသည်းပုံပုံစံလေးဖြစ်သွားအောင် လုပ်လိုက်ပြီး သူတို့အားလုံး၏အရောင်ကလည်း ပန်းခရမ်းရောင်သမ်းသွားချေသည်။
တဒင်္ဂအတွင်းမှာပင် ကောင်းကင်ကြီးတစ်ခုလုံး၌ ချစ်ခြင်းမေတ္တာရောင်ခြည်များ ထုံလွှမ်းသွားခဲ့သည်။
"အား"
ကောင်မလေးများ စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် အော်ဟစ်နေချိန်ဝယ် ကောင်လေးများကတော့ စိတ်လှုပ်ရှား၍ စားပွဲခုံများကို တဒုန်းဒုန်းထုနေကြသည်။ ယခုလိုမြင်ကွင်းမျိုးဟာ တစ်သက်မှာ တစ်ကြိမ်ပင် တွေ့ရခဲသောမြင်ကွင်းမျိုး ဖြစ်၏။
"ဘုရားရေ.. ဒီလိုကြီးကျယ်မြင့်မြတ်လှတဲ့ချစ်ခွင့်ပန်မှုမျိုးကို ဘယ်သူကများလုပ်နေတာလဲ"
"ဘယ်သူက ဒါကိုတောင့်ခံနိုင်မှာလဲ"
ဓာတ်ပုံပေါင်းများစွာက အွန်လိုင်းတွင် အလျင်အမြန်ပျံ့နှံ့သွားပြီး ခဏလေးအတွင်းမှာပင် ရှာဖွေမှုအများဆုံးအဆင့်အထိ ရောက်ရှိသွားသည်။
"ဝီ ဝီ ဝီ"
လုရီယောင်၏ဖုန်းက တုန်ခါလာသည်။ ကျန်းမုန့်လောင်က အသံမက်ဆေ့်ချ်ပို့လိုက်ခြင်းပင်။
"မိန်းကလေးလုရီယောင်က ဒီနေ့ စိတ်အခြေအနေမကောင်းဘူးလို့ ငါကြားမိလို့ ဒီလိုလုပ်လိုက်ရင် စိတ်အခြေအနေများ ပိုကောင်းမလားလို့"
"အား..အား..အား..ရီရီ ဒီကိစ္စရဲ့နောက်ကွယ်က ကြိုးကိုင်သူက နင်တို့မိသားစုရဲ့ဘော့စ်ကျန်းလား"
လုရီယောင်၏အခန်းဖော်များအားလုံးကလည်း အဆောင်ထဲတွင် ရှိနေကြသည်သာ။ သူတိုသည် ဆူညံသံများအကြား ထိုမြင်ကွင်းကိုကြည့်ရန် လသာဆောင်သို့ စုဝေးရောက်ရှိနေသော်လည်း ဤသည်မှာ ကျန်းမုန့်လောင်၏လက်ချက်ဖြစ်ကြောင်း မည်သူမှ မတွေးမိကြချေ။
"ဘာ..ဘာ..ဘာရယ် ငါလက်ခံတယ်"
"နင်က ဘာတွေလက်ခံနေတာလဲ အရူးမရဲ့။ သူက နင့်အတွက်လုပ်ပေးတာမှမဟုတ်တာ"
"ယွီချန်း..ကြည့်လိုက်ဦး။ ဂရုချက်ထဲမှာ တစ်စုံတစ်ယောက်က ဘာမော်ဒယ်လ်လဲဆိုတာ ပြောပြပေးထားတယ်။ အဲ့ဒါက ဒေါ်လာတစ်သိန်းနှစ်သောင်းတန်ဒရုန်းတွေနော်"
"အဲ့ဒါတွေက အစင်းတစ်ထောင်ကျော်တယ်မလား။ အမေရိကန်ဒေါ်လာသန်းတစ်ရာကျော်မှာပေါ့။ သူငယ်ချင်တို့ရေ ငါ အံံ့ဩမှင်တက်နေပါပြီနော်"
"အမလေး ရီရီ.. ဘော့စ်ကျန်းမှာ ညီတွေဘာတွေများမရှိဘူးလား။ အစ်ကိုဆိုရင်လည်း ရပါတယ်။ ဒါမှမဟုတ် အဲ့လိုလည်းမဖြစ်နိုင်ဘူးဆိုရင် အမေတစ်ယောက်များ ပျောက်နေလားဟင်။ ငါ မိထွေးနေရာက အစားဝင်ပေးမယ်လေ"
"နင်တို့ ဘာပေါက်ကရတွေပြောနေတာလဲ။ အိမ်တစ်လုံးနဲ့ကားတစ်စီးက နင်တို့ပါးစပ်တွေပိတ်ဖို့ မလောက်သေးဘူးလား"
လုရီယောင်က ရယ်ကာမောကာဖြင့် ဆဲလိုက်လေသည်။
"ငါ အောက်ထပ်မှာ"
လုရီယောင်သည် ကျန်းမုန့်လောင်၏ နောက်ထပ်မက်ဆေ့ချ်တစ်စောင်ကို လက်ခံရရှိလိုက်သည်။
လုရီယောင် အောက်ထပ်ကို ငုံ့ကြည့်လိုက်သောအခါ ကျန်းမုန့်လောင်က ထိုနေရာမှာမတ်တတ်ရပ်၍ သူ(မ)ကို လက်ပြနေသည်။
"ဟေး... နင် ဘယ်သွားမလို့လဲ"
"အဝတ်အစားအပိုတစ်စုံလောက်ယူသွားဦးလေ ရီရီ"
"အော်နေလည်းမထူးဘူး။ သူ့ကိုကြည့်လိုက်။ အဲ့ဒါ ဘော့စ်ကျန်းပဲဖြစ်ရမယ်။ ဘာအဝတ်အစားကို ယူနေဦးမှာလဲ။ ကိုယ့်ကိုယ်ကိုယ်သယ်သွားရင် ရပြီ"
"အမှန်ပဲ။ အချစ်တိုက်စစ်ကြီး ဝင်ရောက်လာပြီလေ။ သူ ဘယ်လိုလုပ်ပြီးမသွားဘဲနေနိုင်မှာလဲ။ လူကဖြင့် အောက်ထပ်ရောက်နေလောက်ပြီ"
"မြန်မြန်လေး တံခါးလော့ချလိုက်"
"ဟားဟားဟား..ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တယ်။ သူများပိုက်ဆံယူထားမှတော့ တာဝန်ယူရမှာပဲ။ ရီရီတော့ ဒီည အဆောင်ထဲပြန်ဝင်လို့မရတော့ဘူး"
"ဟားဟားဟား တောင်းပန်ပါတယ် ရီရီ.. ဒါပေမဲ့ မြို့ထဲကတိုက်ခန်းနဲ့ Maseratiကားက အရမ်းဆွဲဆောင်မှုကောင်းနေလို့ပါ။ ငါတို့ နင့်အပေါ်မကောင်းတာမဟုတ်ပါဘူး။ ဒီလိုလာဘ်ထိုးတာကို တကယ်မခုခံနိုင်လို့ပါ"
"မြန်မြန်လုပ်။ ဒီည သူ့ဖုန်းနံပါတ်ကို ဘလော့ထားလိုက်"
"
"ငါတို့တွေက ညီအစ်မကောင်းတွေပါ။ ဒါပေမဲ့ ဒါတွေအားလုံးက သက်သက်ဟန်ဆောင်နေတာပဲ"
...
အောက်ထပ်သို့ ကပျာကယာဆင်းသွားပါသည့် လုရီယောင်ခမျာ သူ(မ)၏အခန်းဖော်များက ယနေ့ညအဖို့သူ(မ)အား အိပ်စရာဘုံပျောက်အောင် ကြံစည်နေကြကြောင်း မသိရှာပေ။
"ဘယ်လိုလဲ။ စိတ်အခြေအနေကောင်းသွားပြီလား"
ကျန်းမုန့်လောင်က လုရီယောင်ကိုကြည့်ရင်း အပြုံးတစ်ပွင့်နှင့် မေးလိုက်လေသည်။
"မဆိုးပါဘူး"
လုရီယောင်ကလည်း သူ(မ)၏လက်နှစ်ဖက်ကို နောက်ပစ်ထားလိုက်သည်။
"မင်းက စိတ်မကောင်းဖြစ်နေတာတောင် ငါ့ကိုပြောမပြဘူးနော်။ ကျန်းမုန့်လောင်ဆိုတဲ့ ငါက မင်းအတွက် အရေးမပါတော့ဘူးလား"
ကျန်းမုန့်လောင်က ဒေါသထွက်ချင်ယောင်ဆောင်လိုက်သည်။
"နင်သိနေတာလား"
လုရီယောင်၏မျက်ဝန်းအစုံက အံ့ဩမှုကြောင့် ပြူးကျယ်သွားရချေသည်။ ကျန်းမုန့်လောင်က Magicစီးတီးတွင် ရှိနေရမည်ဖြစ်သည်။ သို့ဖြစ်လေရာ သူ ယနေ့ဖြစ်သွားသည့်ကိစ္စကို ဘယ်လိုများသိလေသလဲ။ ထို့ပြင် သူသည် ခပ်မြန်မြန်ကြီးရောက်ချလာသေးသည်။
"ငါမသိတာ ဘာမှမရှိဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"မင်း ငါ့ကိုကြိတ်ကြိုက်နေတာလည်း ငါသိတယ်"
"ပေါက်ကရတွေ"
လုရီယောင်က ရယ်ကာမောကာဖြင့် ဆဲလိုက်သည်။
"နောင်အနာဂတ်ကျရင် ငါ မင်းကို သူငယ်ချင်းတစ်ယောက်အနေနဲ့ပဲ စိတ်မပူချင်တော့ဘူး"
"ဘာ"
လုရီယောင်နှင့် ကျန်းမုန့်လောင်တို့က အရာအားလုံးကို ပြောပြရသည်အထိ ရင်းနှီးကြသော်ငြား ရုတ်တရက်ဆန်လှသည့် ဤဖွင့်ဟဝန်ခံမှုက သူ(မ)ကို အံ့ဩမှင်တက်သွားစေသည်။
"ကျောင်းသူလု.. မင်း ကျန်းမုန့်လောင်ရဲ့ကောင်မလေးဖြစ်ချင်လား။ နောက်နောင်ကျရင် မင်းရဲ့ဘေးမှာ မင်းရဲ့ချစ်သူကောင်လေးအနေနဲ့ အမြဲရှိသွားချင်တယ်"
ကျန်းမုန့်လောင်၏အသံက လေထုထဲပျံ့နှံ့သွားချိန်ဝယ် ကောင်းကင်ထက်ရှိ ထောင်ပေါင်းများစွာသော ဒရုန်းများက ပုံသဏ္ဌာန်ပြောင်းလဲလိုက်ပြန်သည်။ ညကောင်းကင်ထက်ဝယ် နှင်းဆီတစ်ပွင့်ကား ငွားငွားစွင့်စွင့်။
လူတိုင်း၏အာရုံကလည်း ကောင်းကင်ထက်မှာသာ မြဲမြံနေကြသည်။ သို့သော် ဤဖျော်ဖြေတင်ဆက်မှု၏ အဓိကဇာတ်ကောင်များကိုတော့ မည်သူမှ သတိမထားမိကြချေ။
"အရမ်းမျက်စိနောက်ဖို့ကောင်းတာပဲ"
လုရီယောင်က မနှစ်မြို့ဟန်လေသံဖြင့် ပြောလာသော်လည်း သူ(မ)၏မျက်နှာကမူ ပြုံးပျော်နေချေသည်။
"နင် အရမ်းကြိုးစားထားရတာကိုမြင်တော့ နင့်ရဲ့တောင်းဆိုမှုကို ငါ အင်တင်တင်နဲ့လက်ခံလိုက်ပါ့မယ်လေ"
လုရီယောင်က ကျန်းမုန့်လောင်ကို ယုံကြည်မှုရှိရှိ ပြောလိုက်လေသည်။ သူ(မ)၏ပါးပြင်တို့ကတော့ ချင်းချင်းနီနေချေပြီ။
"ဘန်း"
ထိုအချိန်ဝယ် ပိုက်ဆံအိတ်တစ်လုံးက အပေါ်က ပြုတ်ကျလာပြီး သူတို့ကြားသို့ သက်ဆင်းလာသည်။
"ဘာဖြစ်တာလဲ"
ကျန်းမုန့်လောင်လည်း အပေါ်မော့ကြည့်လိုက်သည်။
"အမြင့်ကနေ ပစ္စည်းပြုတ်ကျတာ ဘယ်လောက်အန္တရာယ်များလဲဆိုတာ မသိကြဘူးလား"
သို့သော် သူမော့ကြည့်လိုက်ချိန်မှာ ကွမ်ယွီချန်းနှင့် လုရီယောင်၏အခြားအခန်းဖော်များက သူတို့ကို ပြုံးပြုံးကြီးငုံ့ကြည့်နေကြကြောင်း မြင်လိုက်ရသည်။
"ရီရီ.. ဒီညလည်း ငါ့ဝမ်းကွဲက ဒီမှာလာအိပ်မှာတဲ့။ အဲ့ဒါကြောင့် ငါတို့ နင့်ကို နည်းနည်းတော့အနှောင့်အယှက်ပေးရလိမ့်မယ်"
"ရီရီ.. နင့်မှတ်ပုံတင်ကတ်ကို မမေ့နဲ့နော်"
"ရီရီ.. ငါတို့ တံခါးလော့ချထားပြီးပြီနော်။ ဒီတော့ တင်းခံနေလည်းအလကားပဲ"
"ရီရီ.. ဒီညတော့ ဘော့စ်ကျန်းနဲ့ပဲလိုက်သွားလိုက်"
"အဟွတ် အဟွတ် အဟွတ် ဘေးကင်းပါစေ"
"နင်တို့တွေ"
လုရီယောင်က သူတို့ကို ဆဲရန်ဟန်ပြင်လိုက်သော်ငြား သူ(မ)၏အခန်းဖော်များက နောက်ပြန်ဆုတ်သွားကြပြီဖြစ်၏။
"ဒါတွေအကုန် နင့်ကြောင့်"
လုရီယောင်က ကျန်းမုန့်လောင်ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်လေတော့သည်။
**********