လူ့အဖွဲ့အစည်းရဲ့အန္တရာယ်တွေကို သူသိသွားပါစေ
Vol. 9 Ch. 122
"ရေစွမ်းအားမြင့်စိတ်နယ်လွန်ပညာရှင်တစ်ယောက်က ငါ့ရဲ့အသီးအရွက်ဥယျာဉ်ကို ရေလောင်းပေးနေတယ်တဲ့လား"
ဤစကားက လုံးဝအဓိပ္ပာယ်မရှိသော်ငြား ယဲ့ရင်ကပြောလိုက်သောအခါတွင်မူ စာကြီးပေကြီးတစ်ခုနှယ် ဖြစ်သွားလေသည်။
"ထားလိုက်ပါတော့။ မင်းတို့လိုလူထူးဆန်းတွေကြောင့် ငါ ဆက်ပြီးစိတ်အနှောင့်အယှက်အဖြစ်မခံတော့ဘူး"
ဤအရာအားလုံးကို နားလည်လက်ခံနိုင်ဖို့ဆိုလျှင် သူ့အတွက် အချိန်အများကြီးယူရလိမ့်မည်ဟု ကျန်းမုန့်လောင် ခံစားမိသည်။ ယနေ့တွင် သူ့မျက်စိနှင့် တပ်အပ်မြင်ခဲ့ရခြင်းကြောင့်သာမဟုတ်ပါက သူ ရူးသွားပြီဟုပင် သံသယဝင်မိမည်ဖြစ်၏။
"ခဏလေး.. မင်း ငါ့ကို ဘယ်တုန်းကတည်းက စောင့်ရှောက်ပေးနေခဲ့တာလဲ"
ကျန်းမုန့်လောင်၏စိတ်ထဲ ရုတ်ခြည်းဆိုသလို ဤမေးခွန်း ပေါ်ပေါက်လာသည်။
"လူကြီးမင်း အသက်ဆယ်နှစ်မပြည့်ခင်တုန်းကတော့ ကျွန်တော့်အဖေက လူကြီးမင်းကို စောင့်ရှောက်ပေးခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း ကျွန်တော်ပဲ လူကြီးမင်းအနားမှာ အမြဲရှိနေခဲ့တာပေါ့"
ယဲ့ရင်က ဆိုလာ၏။
"မင်း ငါ့ကိုလိုက်စောင့်ရှောက်လာတာ ဆယ်စုနှစ်တစ်ခုကြာသွားပြီပေါ့"
ကျန်းမုန့်လောင် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ သက်ရှိလူသားတစ်ယောက်က သူမသိအောင် သူ့နောက်ကို နှစ်ပေါင်းများစွာလိုက်လံစောင့်ရှောက်နေခဲ့သည်ဟု တွေးကြည့်ရန် ခက်ခဲလွန်းလှသည်။
"ဟုတ်ပါတယ် မစ္စတာကျန်း.. လွန်ခဲ့တဲ့သုံးနှစ်တုန်းက ကားမတော်တဆမှုတစ်ခုကို မှတ်မိသေးလား"
ယဲ့ရင်က မေးလိုက်သည်။
"လွန်ခဲ့တဲ့သုံးနှစ်တုန်းကလား"
ကျန်းမုန့်လောင်၏အတွေးများက သူ့ပထမနှစ်တုန်းက အကြောင်းအရာများဆီသို့ ပြန်ရောက်သွားပြီး ရုတ်ခြည်းဆိုသလို သူ့မျက်ဝန်းထဲတွင် အံ့အားသင့်သွားလေဟန် အရိပ်အယောင်တစ်ခု လက်ခနဲဖြစ်သွားလေသည်။
"ငါ့ကိုကာကွယ်ပေးခဲ့တာ မင်းလား"
"ဟုတ်ပါတယ်"
ယဲ့ရင်က ခေါင်းညိတ်ပြလိုက်သည်။
"မအံ့ဩတော့ပါဘူး။ ငါ့ရဲ့ဘိုးဘေးတစ်ယောက်ယောက်က ငါမသိအောင် လာကယ်ခဲ့တာလို့ထင်နေခဲ့တာ"
အဆုံးတွင်မူ ကျန်းမုန့်လောင် နားလည်သဘောပေါက်ဟန်အမူအရာကို ပြလာလေသည်။
လွန်ခဲ့သည့်သုံးနှစ်တုန်းက သူ ကျန်းနန်မြို့ကို ပညာသင်ကြားရန် ပထမဆုံးအကြိမ်ရောက်လာခဲ့ဖူးခြင်းဖြစ်၏။ သူ့အနေနှင့် အသစ်အဆန်းများနှင့် ပြည့်နှက်နေပါသော ဤမြို့ကိုရောက်လာသည့်အတွက် ကျန်းမုန့်လောင်မှာ သူ့အခန်းဖော်များနှင့်အတူ မကြာခဏလျှောက်လည်လေ့ရှိသည်။
တစ်ခါတုန်းက သူတို့ အပြန်နောက်ကျသွားပြီး လူတိုင်းကလည်း အလွန်တရာပင်ပန်းနေကြသောကြောင့် အာရုံထွေပြားနေခဲ့ကြသည်။ လမ်းဆုံတစ်ခုအရောက်မှာ ကုန်တင်ကားတစ်စင်းက အနည်းဆုံးတစ်နာရီ၈၀မိုင်နှုန်းဖြင့် သူတို့ဆီသို့ ပြေးဝင်လာသည်။ ထိုကုန်တင်ကားသာ သူတို့ကိုဝင်တိုက်မိပါလျှင် သူတို့တစ်ယောက်မှ အသက်ရှင်နိုင်လိမ့်မည်မဟုတ်။
သိုသော် အံ့ဖွယ်ကောင်းစွာပင် ထိုကုန်တင်ကားက သူတို့အရှေ့ နှစ်မီတာအကွာလောက်မှာ လေထဲသို့ပျံတက်သွားပြီး သူတို့ခေါင်းပေါ်မှကျော်ကာ မြေကြီးပေါ်သို့ပြုတ်ကျသွားခဲ့သည်။ ထိုအချိန်တုန်းက ပြင်းထန်လှသည့်အင်အားကြီးကြောင့် ကျန်းမုန်ု့လောင်ကိုပင် လေပြင်းဟပ်သွားသေးသည်။
နောက်ပိုင်းတွင် ယာဉ်မောင်းသမားက ကားမောင်းရင်း အရက်မူးနေခြင်းဖြစ်ကြောင်း သိလိုက်ရပြီး သူတို့အဖွဲ့ကလည်း ဘေးအန္တရာယ်မှ ကပ်သီလေးလွတ်မြောက်ခဲ့ရသည်။ သို့သော် ထိုမြင်ကွင်းကား ကျန်းမုန့်လောင်၏မှတ်ဉာဏ်ထဲတွင် ယနေ့ထိတိုင် စွဲကျန်နေဆဲပင်။
"အဲဒါက နည်းနည်းတော့လွန်မသွားဘူးလား"
သူ့ကိုကယ်တင်ခဲ့သူက ယဲ့ရင်ဖြစ်ကြောင်း သိလိုက်ရသည့်အခါ သူ့ထက် အရပ်ပုသူတစ်ယောက်တွင် ထိုမျှအထိအင်အားရှိကြောင်း ယုံရခက်နေလေသည်။
သူဖတ်ဖူးသည့် "Infinite Terror"ထဲကလို လူသားစွမ်းအင်များကို ရရှိထားပြီး သာမန်လူတွေနားလည်နိုင်သည့်အဆင့်ကို ကျော်လွန်နေသောစွမ်းအားများကို ပိုင်ဆိုင်ထားခြင်းမျိုးလား။
"ဒါကြီးက အဓိပ္ပာယ်မရှိတာ"
ကျန်းမုန့်လောင် သူ့မျက်နှာသူရိုက်ကြည့်လိုက်ပြီး နာကျင်မှုကိုခံစားလိုက်ရမှသာ အိပ်မက်မဟုတ်ကြောင်း ယုံကြည်သွားသည်။
"ခဏလေး..မင်း ငါ့နောက်ကို ဆယ်စုနှစ်တစ်ခုကြာအောင် လိုက်စောင့်ရှောက်ခဲ့တာဆိုတော့… မင်း ငါ့အကြောင်းတွေ အကုန်သိလား"
ကျန်းမုန့်လောင်က လူပျိုဖြစ်နေသေးသည့်အတွက် လူသိမခံနိုင်သည့်ကိစ္စဟူ၍ မရှိပေ။
သို့သော် အလယ်တန်းကျောင်းသားဘဝကတည်းက အဟွတ်..အဟွတ်.. လူပျိုဖော်ဝင်စလူငယ်တစ်ယောက်အနေနှင့် ဇီဝဗေဒဆိုင်ရာဗဟုသုတများအကြောင်း သူ ရှာဖွေလေ့လာခဲ့ဖူးသည်။ မြောက်များလှစွာသော ဗီဒီယိုများကို သူကြည့်ခဲ့ဖူးသည်ဟု ဆိုလျှင်ပင် ချဲ့ကားခြင်းမဟုတ်။ ယဲ့ရင်က ထိုမြင်ကွင်းများအားလုံးကိုမြင်ခဲ့ပြီလား။
"လူကြီးမင်း စိတ်ချထားလို့ရပါတယ် မစ္စတာကျန်း.. ကျွန်တော်က မပြောသင့်တဲ့အရာတွေကိုလည်း ဘယ်တော့မှပြောမှာမဟုတ်သလို မကြည့်သင့်တဲ့အရာတွေကိုလည်း လုံးဝမကြည့်ပါဘူး"
"ငါသဘောအကျဆုံးဆရာမက ဘယ်သူလဲ"
"ကာနာမိုမိုနိုဂီ"
"ငါ နောက်ဆုံးကြည့်ထားတဲ့ဗီဒီယိုက နံပါတ်ဘယ်လောက်လဲ"
"ဆီရို - ၁xxx"
"အဲ့ဒါနဲ့များ မင်းက ဘာမှမကြည့်ပါဘူးလို့ ပြောရဲသေးတယ်ပေါ့"
"မင်းမျက်နှာက ဘာလို့နီရဲနေတာလဲ"
သူ့မျက်နှာထက်ရှိ နီရဲရဲအရိပ်အယောင်ကို မြင်လိုက်ရသောအခါ သူ အားလုံးမြင်ထားပြီဖြစ်ကြောင်း ကျန်းမုန့်လောင် သိလိုက်သည်။ မမြင်ခဲ့လျှင်တောင် သေချာပေါက်ကြားရပေလိမ့်မည်။
"မစ္စတာကျန်း..ယဲ့ရင်ရဲ့မိသားစုက ရှင်တို့မိသားစုနဲ့အတူရှိလာခဲ့တာ နှစ်ပေါင်းသုံးထောင်ကျော်ပါပြီ။ သူ့သစ္စာစောင့်သိမှုက စိတ်ချရပါတယ်"
ဟုန်းရီက မျက်နှာတစ်ခုလုံးနီမြန်းနေသော်ငြား ယဲ့ရင်ဘက်က လိုက်ပြောပေးလိုက်သေးသည်။
"သောက်ကျိုးနည်း.. နှစ်ပေါင်းသုံးထောင်ကျော်တဲ့လား"
ထိုသဘောမှာ အနောက်ကျိုးမင်းဆက်ခေတ်ကတည်းက သူ့ဘိုးဘေးများက သူ့မိသားစုနှင့် ပတ်သက်ခဲ့ခြင်းပင်။ သူတို့က သက်တမ်းရင့်သက်တော်စောင့်များအလားပင်။
"သူ ငါ့ကို အဲ့လိုအကြည့်မျိုးနဲ့ကြည့်နေတာ မဆန်းတော့ပါဘူး"
ကျန်းမုန့်လောင် အနည်းငယ်နားလည်သလိုလိုရှိလာသည်။
"ကောင်းပြီလေ။ အခုကစပြီး မင်းမကြည့်သင့်တဲ့အရာတွေကို မကြည့်နဲ့တော့။ နားလည်လား"
"နားလည်ပါပြီ"
ယဲ့ရင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ့ပုံရိပ်လေးက ကျန်းမုန့်လောင်၏မြင်ကွင်းမှ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။
"ကျစ် ကျစ် ကျစ်.. တကယ်အထင်ကြီးချင်စရာပဲ။ ငါသာ အဲ့လိုမိမိုက်နေရင် ကောင်းမှာပဲ"
ကျန်းမုန့်လောင် သက်ပြင်းချလိုက်သည်။
"မစ္စတာကျန်း. ရှင့်အလှည့်လည်း ရောက်လာဦးမှာပါ"
"ဟင်"
ကျန်းမုန့်လောင်က နားမလည်ပေ။
"ရှင့်ဘိုးဘေးတွေထဲက တစ်ယောက်မှ သာမန်လူမဟုတ်ပါဘူး။ ဒီတော့ ရှင်လည်း ခြွင်းချက်မရှိပါဘူး"
"ငါ မင်းကိုယုံမိတော့မလို့"
ကျန်းမုန့်လောင် နှုတ်ခမ်းတွန့်လိုက်မိသည်။ အကယ်၍သာ သူ့အိမ်မှာ လျှို့ဝှက်လက်စွဲစာအုပ်တို့ ရတနာတို့ရှိနေပါက သူတို့မသွားခင် သူ့ကို ပေးသွားခဲ့သင့်သည်။ သူ ရုတ်တရက်ကြီး သန္ဓေပြောင်းသွားပြီး စူပါဟီးရိုးဖြစ်လာမှာများလား။
"မစ္စတာကျန်း ကျွန်မတို့ရောက်ပါပြီ"
ကျန်းနန်မြို့က ကူစူးနှင့် ကီလိုမီတာတစ်ရာခန့် ဝေးသည်။ ဤရဟတ်ယာဉ်နှင့်ဆိုလျှင် မိနစ်ပိုင်းမျှသာ ကြာပေသည်။
"ဘယ်လိုလူမျိုးကများ ဒီလိုရာဇဝတ်မှုမျိုးကို ရဲရဲတင်းတင်းကျူးလွန်နိုင်လဲဆိုတာ ငါသိချင်သေးတယ်"
ကျန်းမုန့်လောင်၏ဖိအားများက ရုတ်ခြည်းကျဆင်းသွားသည်။ ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ကျောင်းများတွင် ဆရာများ၏ ဖောက်လွဲဖောက်ပြန်အပြုအမူများ မကြာခဏဖြစ်ပွားလာသည်နှင့်အမျှ သက်ဆိုင်ရာဌာနများ၏ ကြီးကြပ်ကွပ်ကဲမှုကလည်း ပိုမိုတင်းကျပ်လာသည်။ ယုတ္တိဗေဒအရဆိုလျှင် ထိုဆရာများအားလုံးသည် ကိုယ့်ကိုယ်ကိုယ်အပြုအမူဆင်ခြင်၍ အမြီးကုပ်နေသင့်ပေသည်။
ဤမျှရဲရဲရင့်ရင့်ပြုမူရဲသူတစ်ယောက်ကို တွေ့ရသည်မှာ အံ့ဩဖို့ပင်ကောင်းသေးသည်။
"မစ္စတာကျန်း.. ရှင် ဒီကိစ္စကိုဖြေရှင်းလိုက်ချင်လား"
"မင်း ဘယ်တုန်းကတည်းက အခုလိုအကြမ်းဖက်နိုင်သွားတာလဲ
ကျန်းမုန့်လောင်က ဟုန်းရီကို လှည့်ကြည့်လိုက်သည်။ ဟုန်းရီတွင် ယခုလိုစရိုက်မျိုးလည်း ရှိနေလေကြောင်း သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သူက လူတစ်ယောက်ကို ဒီလောက်လွယ်လင့်တကူဖယ်ရှားပစ်ဖို့ အဆင်သင့်ဖြစ်နေတာလား။
ကျန်းမုန့်လောင်က ဆုံးဖြတ်ချက်မပြတ်သားသူတစ်ယောက်တော့ မဟုတ်ပေ။ လူမှုအဖွဲ့အစည်းနှင့် လိုက်လျောညီထွေရှိသူတစ်ယောက်ဖြစ်သည့်အတွက် သူ့တွင် သေရေးရှင်ရေးဆိုင်ရာ စွမ်းအားမျိုးရှိနေသည့်တိုင် လူမှုအဖွဲ့အစည်း၏စံနှုန်းနှင့် လူ့ကျင့်ဝတ်များကို စိန်ခေါ်ရာကျမသွားပေဘူးလား။
"ဒါဆို ရှင် ဘာလုပ်ဖို့စီစဉ်ထားလဲ"
"အဲ့ဒီလူနဲ့ပတ်သက်တဲ့အချက်အလက်တွေ မင်းမှာရှိလား"
"ရှိပါတယ်"
ဟုန်းရီက ထိုအချက်အလက်များအားလုံးကို အလွန်ကျက်ထားဟန်တူ၏။
"ပိုင်ရှန်းဝူ… ကူစူးတက္ကသိုလ်ရဲ့ဂီတကောလိပ်မှာ ပေါ့ပ်ဂီပါမောက္ခတစ်ယောက်။ အသက်က ၄၄နှစ်ပါ။ သူက ကူစူးတက္ကသိုလ်မှာ ၁၅နှစ်ကြာ ပညာသင်ကြားပို့ချခဲ့ပြီး ဒီနေ့အချိန်အထိ ကျောင်းသူပေါင်းတစ်ရာကျော်ကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခဲ့ပါတယ်"
"လူယုတ်မာ.."
ကျန်းမုန့်လောင်က မဆဲဘဲမနေနိုင်ပေ။
"ဒီလူ့ကို ဘယ်သူကမှ တိုင်ချက်မဖွင့်ဖူးဘူးလား"
"ပိုင်ရှန်းဝူက ပုံမှန်အားဖြင့်တော့ အရမ်းရှက်တတ်တဲ့မိန်းကလေးတွေကိုပဲ သူ့ပစ်မှတ်အနေနဲ့ ရွေးချယ်တတ်ပြီး များသောအားဖြင့်တော့ ဘွဲ့ကြို ဒါမှမဟုတ် ဘွဲ့လွန်ကျောင်းသူတွေပါ။ သူက သူတို့နဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေလည်း စုဆောင်းထားတတ်တော့ အများစုက ရုပ်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရတာတို့ နှုတ်နဲ့စော်ကားခံရတာတို့ရှိရင်တောင် ထုတ်မပြောရဲကြဘူးလေ"
"တစ်ယောက်ယောက်များ… မင်းသိပါတယ် သူ့လက်ချက်မိသွားသေးလား"
"ရှိပါတယ်။ နစ်နာသူခုနစ်ယောက်ရှိခဲ့ဖူးပြီး အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေလည်းရှိပါတယ်။ ရှင်သိတဲ့အတိုင်း ကောင်မလေးရဲ့မိသားစုအတွက်တော့ သူတို့ရဲ့ဂုဏ်သိက္ခာက အရာအားလုံးထက် ပိုအရေးကြီးတယ်လေ။ အဲ့ဒါကြောင့် တခြားလူတွေကို သိအောင်ထုတ်ပြောမှာထက်စာရင် အဲ့ဒီကိစ္စကို သေတဲ့အထိ လျှို့ဝှက်သွားဖို့ပဲ ရွေးချယ်ခဲ့ကြတယ်"
"ဘုရားရေ..ဝသီပါနေတဲ့ရာဇဝတ်သားပါလား"
ကျန်းမုန့်လောင်က ထိုကဲ့သို့သောလူစားမျိုးကို အမုန်းဆုံးပင်။ ဤမကောင်းဆိုးဝါး၏လုပ်ရပ်များမှာ တင်းယွီရှီထက်ပင် ပို၍ရွံဖို့ကောင်းသေးသည်။ ဒီလိုလူမျိုးက ပညာသင်ကြားပေးဖို့ ထိုက်တန်ရဲ့လား။
"ရီရီရော ဘယ်လိုနေလဲ"
ကျန်းမုန့်လောင်က နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။
"မိန်းကလေးလုက အဆင်ပြေပါတယ်။ ပိုင်ရှန်းဝူဘက်က လှုပ်ရှားတော့မဲ့အချိန်မှာပဲ မိန်းကလေးလုကို စောင့်ရှောက်ဖို့တာဝန်ယူထားတဲ့လူက သူ့ကို သတိမေ့သွားအောင် လုပ်လိုက်ပါတယ်။ သူ ဘယ်လိုမေ့လဲသွားလဲဆိုတာကိုတော့ မိန်းကလေးလုသိမှာမဟုတ်ပါဘူး"
"ကောင်းတယ်။ လောလောဆယ် ဒီကိစ္စတွေကို ရီရီမသိစေနဲ့"
"ဟုတ်ကဲ့ပါ"
"ဒါပေမဲ့ လူသတ်တာက အဖြေတစ်ခုတော့မဟုတ်ဘူး။ ဒါပေမဲ့ လူမှုအဖွဲ့အစည်းရဲ့အန္တရာယ်တွေကို သူနားလည်သွားအောင်လုပ်ဖို့လိုတယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ယဲ့ရင်.. ငါ့မှာ မင်းအတွက် တာဝန်တစ်ခုပေးစရာရှိတယ်"
ထိုတာဝန်အကြောင်း ကျန်းမုန့်လောင် ရှင်းပြပြီးစီးသွားသောအခါ ဟုန်းရီခမျာ မျက်နှာကြီးနီရဲပြီး ရှက်သွားရသည်။ ကျန်းမုန့်လောင်က ကောက်ကျစ်တတ်ရုံသာမက အရှက်လည်းကင်းမဲ့ပေသည်။
"မင်းနားလည်လား"
"နားလည်ပါတယ် မစ္စတာကျန်း"
ယဲ့ရင်၏အသံကား ကျန်းမုန့်လောင်၏ဘေးမှ နူးညံ့စွာထွက်ပေါ်လာသည်။
"ဒါပေမဲ့ ဒီတာဝန်က တော်တော်လေးနှာဘူးမဆန်ဘူးလား"
"နှာဘူးကောင်တစ်ကောင်ကို ကိုင်တွယ်တဲ့နေရာမှာ နှာဘူးကျတဲ့နည်းလမ်းတစ်ခုကိုလိုအပ်တယ်။ မင်း ဒီတာဝန်ကိုပြီးအောင်လုပ်နိုင်တာနဲ့ လစာတိုးပေးမယ်။ သွားတော့"
************