← Chapters

ဘုံသုံးပါးအဆင့်

Vol. 50 Ch. 744

ဘုံသုံးပါးအဆင့်

Vol. 50 Ch. 744

ရဲ့လင်းချန် ဘာမှမပြောဘဲ လိပ်အိုကြီး ရဲ့ ကျောခွံကိုသာ ထိလိုက်ရာ ၎င်းက မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လာသည်။

"ဘာတွေဖြစ်ခဲ့တာလဲ"

ချန်ချီက ခပ်တင်းတင်း မေးလိုက်သည်။

ရဲ့လင်းချန် သူ့ကို ကြည့်လိုက်သည်။

“မူလစိတ်ဝိညာဉ်အဆင့်ရဲ့ အထက်က အဆင့်က… ဘုရင်အဆင့်လား"

"မင်း ဘုရင်အဆင့် တစ်ယောက်နဲ့ တွေ့ခဲ့တာလား"

ချန်ချီ၏ မျက်လုံးအိမ် ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ သူ အနည်းငယ် ခန့်မှန်းမိသော်လည်း ထိုအဖြေက သူ့အတွက် အလွန် ထိတ်လန့်စရာ ကောင်းနေဆဲပင်။

မြို့တော်ဒေသသစ်တွင် ဘုရင်အဆင့် ဆရာသခင်များ တစ်ယောက်မှ မရှိပါ။ မည်သည့် ဘုရင်အဆင့် ဆရာသခင်မဆိုသည် အစွမ်းထက်ပြီး ပြိုင်ဘက်ကင်းသည်။ သူတို့သည် ဒေသတစ်ခု၏ အုပ်ချုပ်သူများဖြစ်ပြီး မည်သည့်နိုင်ငံအတွက်မဆို အဖိုးမဖြတ်နိုင်သော အရင်းအမြစ်တစ်ခုပင်။

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

"ဒီနားတစ်ဝိုက်မှာ အမြဲတမ်း ရှိနေမယ့် ငရဲတံခါး အသစ်တစ်ခု ပွင့်သွားတယ်၊ ကျွန်တော်တို့ ရှာတွေ့ပြီးတဲ့အချိန်မှာ ကိုရီးယားနိုင်ငံက ဘုရင်အဆင့်နဲ့ ကြုံခဲ့တာ”

ထို့နောက် ရဲ့လင်းချန်က အစောပိုင်းက သူ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံကို အတိုချုပ်၍ ပြန်ပြောပြလိုက်သည်။

*ငရဲတံခါး အသစ်တဲ့လား*

*ကိုရီးယားနိုင်ငံက ဘုရင်အဆင့်လား*

သတင်းများက အလွန် အရေးကြီးသဖြင့် ချန်ချီ တစ်ခဏမျှ စကားမပြောနိုင်အောင် ဖြစ်သွားရသည်။

ဘာတွေ ဖြစ်နေသလဲ ဆိုသည်ကို သူ အလျင်အမြန် နားလည်သွားသည်။

“ကိုရီးယားနိုင်ငံက မင်းဆီကနေ သတင်းပေါက်ကြားမှာစိုးလို့ မင်းကို သတ်ချင်နေပေါ့ ဟုတ်လား”

“ဟုတ်တယ်”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

“ငရဲတံခါးရဲ့ နေရာက ကျွန်တော်တို့နဲ့ ကိုရီးယားနိုင်ငံကြားက နိုင်ငံတကာ ရေပိုင်နက်ထဲမှာ၊ ကိုရီးယားနိုင်ငံက ဒါကို ပိုင်ဆိုင်ဖို့အတွက် လူတွေ စီစဉ်ပြီးနေလောက်မှာ စိုးရတယ်”

“ဟမ့် … နိုင်ငံတကာရေပိုင်နက်မှာဆိုရင် ဒါက သူတို့ လက်ဝါးကြီးအုပ်လို့ရတဲ့ အရာ မဟုတ်ဘူး"

ချန်ချီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ့မျက်လုံးထဲတွင် အေးစက်စက် အလင်းတစ်ချက် ပေါ်လာသည်။

“ကိုရီးယားနိုင်ငံမှာ ဘုရင်အဆင့်တွေ အများကြီး ရှိတာလား”

ရဲ့လင်းချန်က ရုတ်တရက် မေးလိုက်သည်။

"မများပါဘူး၊ စုစုပေါင်း သုံးယောက်ပဲ ရှိတာ"

ချန်ချီက ရှင်းပြလာသည်။

"ဘုရင်အဆင့် သိုင်းပညာရှင်တွေက ကမ္ဘာမှာ တော်တော် ရှားတယ်၊ သူတို့က ငါတို့နိုင်ငံက ဖြစ်ဖြစ်၊ ကိုရီးယားနိုင်ငံက ဖြစ်ဖြစ်၊ Buff island ကနေ စလာခဲ့တာပဲ၊ အဲ့ဒါက လူသားတွေ ပထမဆုံး သိမ်းပိုက်နိုင်ခဲ့တဲ့ ပထမဆုံး ဟင်းလင်းပြင်နယ်မြေဆိုတော့ အရင်းအမြစ် ပိုများပြီး အရှိန်အဝါ ပိုသန်မာတယ်၊ အဲ့ဒီနေရာကသာ ဘုရင်အဆင့်ကို ရောက်အောင် ကျင့်ကြံနိုင်တဲ့ တစ်ခုတည်းသော နေရာပဲ"

Buff island က လူသားတွေ၏ အခြေစိုက်စခန်းနှင့် တူပေသည်။ ၎င်းကို နိုင်ငံအားလုံးက ပူးပေါင်းထိန်းချုပ်ထားပြီး တစ်ကမ္ဘာလုံးကို အရင်းအမြစ်များ ပံ့ပိုးပေးသည်။

"ကိုရီးယားနိုင်ငံက အဲ့ဒီသုံးယောက်ရဲ့ နာမည်တွေက ဘာတွေလဲ"

ချန်ချီ၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး အလေးအနက် ပြန်ပြောလာသည်။

"မိတ်ဆွေလေးရဲ့၊ မင်း ပြဿနာ ရှာလို့ မဖြစ်ဘူး၊ ဘုရင်အဆင့် သိုင်းပညာရှင်တွေက မူလ စိတ်ဝိညာဉ်အဆင့် စစ်သည်တော်တွေထက် အများကြီး ပိုသန်မာတယ်၊ သူတို့က အဆင့်ချင်း မတူဘူး”

“ကျွန်တော် သိပါတယ်၊ ကျွန်တော် သူနဲ့လဲ တိုက်ခဲ့တယ်”

ရဲ့လင်းချန်၏အသံက တိုးညင်းနေ၏။

"ဘုရင်အဆင့် သိုင်းပညာရှင်လက်ကနေ လွတ်မြောက်လာတာက အံ့ဩစရာကောင်းတဲ့ အချက်ပဲ၊ ဒါပေမဲ့ သူ တိုက်ပွဲကို လုံးဝ အလေးအနက် မထားခဲ့ဘူးလို့ ငါ ပြောရဲတယ်၊ မဟုတ်ရင် မင်း စက္ကန့်ပိုင်းအတွင်း အသတ်ခံရမှာ"

ထိုအဘိုးအိုသည် အစပိုင်း၌ ရဲ့လင်းချန်ကို အရှင် ဖမ်းချင်နေခဲ့သည်။ သူသည် အင်အားအနည်းငယ်လောက်နှင့် ရဲ့လင်းချန်ကို ထိန်းချုပ်နိုင်ခဲ့ပြီး သူ့အား အားကုန်သုံး၍ တားဆီးအောင် ဖိအားပေးနိုင်ခဲ့သည်။ ထို့အပြင် အဘိုးအို၏ နောက်ဆုံးတိုက်ကွက်ပင်။ ရဲ့လင်းချန်က မီတာ ရာချီ၍ ဝေးကွာနေပြီ ဖြစ်သော်ညလ်း တိုက်ခိုက်မှုကို သူ၏ အစွမ်းရှိသမျှဖြင့် တားဆီးခဲ့သော်လည်း ထိုတိုက်ခိုက်မှုက လိပ်အိုကြီးကို ဒဏ်ရာရစေခဲ့သေးသည်။ ယင်းက ထိုလူ၏ ခွန်အားကို ပြသနေ၏။

ရဲ့လင်းချန် ပခုံးတွန့်လိုက်သည်။

"ကျွန်တော် သိပါတယ်။ ခုနကလဲ သူနဲ့ ထိပ်တိုက်တွေ့ဖို့ မစဉ်းစားခဲ့ပါဘူး၊ ဒါပေမယ့် ကျွန်တော်... ဒီလူကို သေချာပေါက် သတ်ပစ်မယ်"

ချန်ချီ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

"ဘုရင်အဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ ထူးခြားချက်က အချိန်နဲ့နေရာကို ထိန်းချုပ်နိုင်တာပဲ၊ လျင်မြန်တဲ့ လှုပ်ရှားမှုအပေါ် မှီခိုနေမယ့်အစား သူတို့က လေထဲမှာ မြေကြီးပေါ်မှာ လမ်းလျှောက်နေသလိုမျိုး ပျံသန်းနိုင်တဲ့ စွမ်းရည် ရှိတယ်၊ သူတို့က နိုင်ငံတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်ဘူး၊ ကမ္ဘာအတွက်ရောပဲ၊ အဲ့ဒီလို သိုင်းပညာရှင် တစ်ယောက်ကို မင်း သတ်ချင်တယ်ဆိုရင် ဘယ်သူမှ သဘောတူမှာ မဟုတ်ဘူး”

"ဒါက ကျွန်တော် စိုးရိမ်ရမယ့်ကိစ္စပါ၊ သူတို့နာမည်တွေကိုပဲ ပြောပြပေးပါ"

ချန်ချီ သက်ပြင်းအနည်းငယ် ချလိုက်သည်။

“ကင်အွန်းဂျူး၊ ချာဆဲဝန်နဲ့ လီဆောင်းယွန်းပဲ၊ ဒီသုံးယောက်လုံးက ကိုရီးယားနိုင်ငံမှာ တိုက်ကွမ်ဒိုနဲ့ ဂျူဒိုကနေ စခဲ့ကြတာ၊ တရုတ်ပြည်ရဲ့ အမြင်အရ သူတို့က အထူးခြားဆုံး ပါရမီရှင် သိုင်းပညာရှင်တွေပဲ၊ ကင်အွန်းဂျူးက တိုက်ကွမ်ဒိုကို အသားပေးပြီး ခြေထောက်နဲ့ကန်တဲ့နေရာမှာ ကျွမ်းကျင်တယ်၊ ချာဆဲဝန်က မွေထိုင်းကို လေ့ကျင့်ပြီး ကြောက်စရာကောင်းတဲ့ လက်သီးအား ရှိတယ်၊ မင်းက ဂျူဒို ကျွမ်းကျင်တဲ့ လီဆောင်းလွန်းနဲ့ တွေ့ခဲ့တာ ဖြစ်မယ်”

တရုတ်နိုင်ငံက ထိုလူများနှင့် ပတ်သက်သည့် အချက်အလက်များကို စုဆောင်းထားမှန်း သိသာလှပြီး ချန်ချီက သူတို့အကြောင်းကို အပြည့်အဝ သိထားလေသည်။

လီဆောင်းယွန်း။

ရဲ့လင်းချန် နာမည်ကို မှတ်ထားလိုက်ပြီး သတ်ကိုသတ်ရမည့် စာရင်းထဲ သူ့ကို ထည့်သွင်းထားလိုက်သည်။ သူ၏ နောက်ထပ် ပန်းတိုင်ငယ်တစ်ခုမှာ သူ့ကို သတ်နိုင်ရန် ဖြစ်သည်။ ရဲ့လင်းချန်၏ ရန်သူအဖြစ် ပထမဆုံး စာရင်းအသွင်းခံလိုက်ရသည့်အတွက် ထိုသူက သူ့ကိုယ်သူ ဂုဏ်ယူသင့်ပေသည်။

"ဒါရိုက်တာ ချန်၊ ကျွန်တော် ကျင့်ကြံမှု နယ်ပယ်တွေမှာ ခွဲခြားထားတာတွေကို မြင်ဖူးတယ်။ မူလစိတ်ဝိညာဉ်အဆင့်ရဲ့ အထက်က အဆင့်တွေကို ဘုံသုံးပါးအဆင့်လို့လဲ ခေါ်တာလား”

"ဆရာသခင်တွေကို ဘုရင်တွေလို့ ရည်ညွှန်းပြီးတော့ ဘုံသုံးပါးအဆင့်ကတော့ အဲ့ဒီအဆင့်တွေကို ခွဲခြားတာနဲ့ ဆက်စပ်တယ်”

"ကျွန်တော့်ကို ထပ်ပြောပြပေးလို့ရမလား”

ချန်ချီ ခေါင်းညိတ်လိုက်သည်။

"မူလစိတ်ဝိညာဉ်အဆင့် စစ်သည်တော်တွေက မူလ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုတာမှာ ကျွမ်းကျင်တယ်၊ မင်းက မူလ စိတ်ဝိညာဉ် အလယ်အလတ်အဆင့်ကို ရောက်ပြီးနေပြီပဲ၊ မင်း မူလစိတ်ဝိညာဉ်အဆင့်က ကျင့်ကြံခြင်းကို ပြီးဆုံးအောင် လုပ်နိုင်သွားတာနဲ့ မင်း မူလ စိတ်ဝိညာဉ် အထွတ်အထိပ်အဆင့်ကို ရောက်လိမ့်မယ်၊ ဒါပေမဲ့ ဘုံသုံးပါးအဆင့်က မင်းရဲ့ မူလ စိတ်ဝိညာဉ်စွမ်းအင်ရဲ့ နောက်ထပ် ပြောင်းလဲမှု တစ်ခုပဲ၊ အချိန်ကျလာရင် စိတ်ဝိညာဉ်စွမ်းအင်က စိတ်ဝိညာဉ်စွမ်းအင်က မင်းရဲ့ ရုပ်ခန္ဓာနဲ့ ပေါင်းစပ်သွားလိမ့်မယ်၊ ဘုံသုံးပါးအဆင့်က မင်းရဲ့ ခန္ဓာကိုယ်ကို ကျော်လွန်စေပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်က စွမ်းအင် လမ်းကြောင်း တစ်ခု ဖြစ်လာလိမ့်မယ်၊ မင်းက ကောင်းကင်နဲ့ မြေကြီးရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို အသာလေး ထိန်းချုပ်နိုင်လိမ့်မယ်၊ စွမ်းအင်က အဆက်မပြတ် စီးဆင်းနေပြီးတော့ မင်းရဲ့ ခွန်အားကလဲ အဆုံးအစ မဲ့လာလိမ့်မယ်”

“အံ့ဩစရာ မရှိတော့ပါဘူး”

ရဲ့လင်းချန် ညည်းတွားလိုက်သည်။

လှိုင်းများကို ထိန်းချုပ်၍ လီဆောင်းယွန်းကို တိုက်ခိုက်သည့် အချိန်တိုင်း လီဆောင်ယွန်းက မကြာခဏ သူ၏ ခန္ဓာကိုယ်ကို အသုံးပြုပြိး တိုက်ခိုက်မှုကို ပုတ်ထုတ်ခဲ့သည်။ သူ့တွင် အံ့ဩစရာကောင်းလောက်အောင် သန်မာသည့် ခန္ဓာကိုယ် ရှိနိုင်လောက်သော်လည်း ရဲ့လင်းချန်ကဲ့သို့ ခံနိုင်ရည် တိုးစေသည့် ကွန်ဖူးကို မလေ့ကျင့် ဖူးလောက်ပေ။ တကယ်တမ်းတွင် လူတစ်ယောက်သည် ဘုရင်အဆင့်သို့ ရောက်ပြီးသည်နှင့် သေမျိုးခန္ဓာကိုယ် ပျက်ပြယ်သွားပြီး ပြန်လည်မွေးဖွားနိုင်သည့် ဖြစ်စဉ် ရှိနေသောကြောင့်ပင်။

ထိုသို့ဆိုလျှင် သူ၏ ခံနိုင်ရည် ကျင့်ကြံမှု ကွန်ဖူးသည် …

ချန်ချီသည် ရဲလင်ချင်း၏ စဉ်းစားခန်းဝင်နေပုံကို သတိထားမိပုံရပြီး ချက်ချင်း ပြောလိုက်သည်။

"မင်းက တော်တော်လေး ထူးခြားတဲ့ ကိစ္စပဲ၊ မင်းက သိုင်းပညာမှာ ကျွမ်းကျင်ရုံတင်မကဘဲ၊ ကောင်းမွန်တဲ့ ခံနိုင်ရည်လဲ ရှိတယ်၊ မင်းရဲ့ တိုက်ခိုက်ရေး ခွန်အားက မင်းနဲ့ အဆင့်တူသူတွေထက် ပိုအားကောင်းပြီး ဘုံသုံးပါးအဆင့်ကို ထိုးဖောက်ဖို့လည်း ပိုလွယ်ကူလိမ့်မယ်၊ ဒါပေမယ့် မင်း ဘုရင်အဆင့်ကို ရောက်ရှိသွားတာနဲ့ မင်းရဲ့လက်ရှိ ရုပ်ခန္ဓာကိုယ် စွမ်းရည်တွေမှာ ကြီးကြီးမားမား ကွာခြားမှုတွေ ရှိတော့မှာ မဟုတ်ဘူး"

ချန်ချီ ထိုသို့ပြောနေချိန်တွင် အားကျစိတ် ဝင်လာရသည်။ ခံနိုင်ရည် လေ့ကျင့်မှုက လုပ်ဆောင်ရန် အလွန် ခက်ခဲသဖြင့် ရဲ့လင်းချန် ဘယ်လိုလုပ်ဆောင်နိုင်ခဲ့လဲဆိုသည်ကို သူ မသိပေ။ သူ၏ မြင့်မားသော အောင်မြင်မှု အဆင့်က အဓိကအချက် မဟုတ်ပေ။ ယင်းမှာ ရဲ့လင်းချန်သည် အသက် ငယ်သေးသော်လည်း မယုံနိုင်စရာကောင်းသော သိုင်းပညာ စွမ်းရည်များကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ လူတစ်ယောက်က မိခင် ဝမ်းထဲမှာ ရှိနေစဉ်ကတည်းက စတင်ကျင့်ကြံခဲ့လျှင်တောင်မှ ရဲ့လင်းချန်၏ ကျင့်ကြံမှုစွမ်းရည်ကို ရောက်ရှိရန် ခက်ခဲပေသည်။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ရဲ့လင်းချန်က ထူးဆန်းသော လူတစ်ယောက်ပင်။

ဘုံသုံးပါးအဆင့်၏ အခက်ခဲဆုံး အပိုင်းမှာ မူလစိတ်ဝိညာဉ် စွမ်းအင်ကို ခန္ဓာကိုယ်နှင့် ပေါင်းစပ်ခြင်း ဖြစ်စဉ်ပင်။ သို့သော် ၎င်းက ရဲ့လင်းချန်က မခက်ခဲပေ။ သူသည် ယင်းကို ကောင်းကောင်း ပေါင်းစပ်ထားပြီးသား ဖြစ်ပြီး ရဲ့လင်းချန် မူလ စိတ်ဝိညာဉ် အထွတ်အထိပ်အဆင့်သို့ ရောက်သည်နှင့် ဘုံသုံးပါးအဆင့်သို့ တန်းဝင်နိုင် လောက်သည်။

ယင်းက စစ်သည်တော်ဌာနမှ ရဲ့လင်းချန်ကို အလွန် တန်ဖိုးထားရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ သူသည် ဘုရင်အဆင့် တစ်ယောက် ဖြစ်လာနိုင်ရန် အလားအလာ ရှိပြီး ဘုရင်တစ်ပိုင်းအဆင့်ဟုပင် သတ်မှတ်နိုင်၏။

ရဲ့လင်းချန် ပြုံးလိုက်မိသည်။ ထိုသို့သော အကျိုးကျေးဇူးများသည် လုံးဝ မမျှော်လင့်ထားသော အရာများ ဖြစ်သည်။

ထိုအချိန်တွင် ချန်ချီက ပြောလာသည်။

“မိတ်ဆွေလေးရဲ့၊ အဲ့ဒီ ပင်လယ်ပြင် နယ်နိမိတ်က ဆန်းကြယ်ကျွန်းနဲ့ အတော်လေး နီးတယ်၊ ဟုတ်တယ်မလား”

ရဲ့လင်းချန်က သူ့ကိုကြည့်ပြီး ပြုံးလိုက်သည်။

“ဆန်းကြယ်ကျွန်းက ကျွန်တော့်အပိုင်ပါ၊ ကျွန်တော် ဘယ်ဈေးနဲ့မှ ရောင်းမှာ မဟုတ်ဘူး”

ထိုဖြစ်နိုင်ချေက သူ ကြိုစဉ်းစားမိပြီးသား ဖြစ်သည်။ ထိုနေရာ၌ ငရဲတံခါးတစ်ခု ပေါ်လာပြီးနောက် ဆန်းကြယ်ကျွန်း၏ တည်နေရာက အလွန်အမင်း ထူးခြားလာပြီး စစ်သည်တော်ဌာနကလည်း ထိုနေရာကို ပိုပြီး အာရုံစိုက်လာမည် ဖြစ်သည်။

သူသည် အလွန်အမင်း ကြိုးစားအားထုတ်ခဲ့ရပြီး အစီအစဉ်အားလုံးကို ပြီးဆုံးအောင် လုပ်ဆောင်ခဲ့ရသည်။ မည်သို့သော သဘောတူညီမှုကိုမှ သူ လုပ်မည် မဟုတ်ပါ။

ရဲ့လင်းချန်က သူ့အကြံကို သိနေသဖြင့် ချန်ချီ ကသိကအောက်ဖြစ်စွာ ပြုံးလိုက်မိသည်။ ရဲ့လင်းချန် ထိုသို့ပြောလိမ့်မည်ဟုလည်း သူ ခန့်မှန်းမိပြီးသား ဖြစ်သည်။ သို့သော် အခြေအနေက အလွန် ထူးခြားနေ၏။ အဖြစ်အပျက်ကို တင်ပြပြီးသည်နှင့် စစ်သည်တော်ဌာနက သေချာပေါက် အရာအားလုံးကို ပြန်လည် တန်ဖိုးဖြတ်မည် ဖြစ်ကာ ထပ်မံ၍ ဆွေးနွေးလောက်သည်။

“လက်ထောက် ဒါရိုက်တာချန်၊ ဒီနားမှာ ကျွန်းတွေ အများကြီးပါပဲ၊ ကျွန်တော့်ဆန်းကြယ်ကျွန်းကို မျက်စိကျနေစရာ မလိုပါဘူး၊ ကျွန်တော် ခင်ဗျားကို အကြံတစ်ခု ပေးချင်ပါတယ်၊ ဒီအခွင့်အရေးကို အသုံးချပြီး သိုင်းသင်တန်းကျောင်း ဖွင့်မယ့် ကျွန်တော့်အကြံကို စစ်သည်တော်ဌာနကို တင်ပြကြည့်ပါလား၊ ဒီလိုဆိုရင် သိုင်းသင်တန်းကျောင်းက ကျောင်းသားတွေလဲ တာဝန်ယူနိုင်ပြီး ငရဲတံခါးကို စောင့်ကြပ်နိုင်ပါလိမ့်မယ်”

All Chapters