← Chapters

အခန်း (၁၆၆၆-၁၆၆၈)

Vol. 112 Ch. 1666-1668

အခန်း (၁၆၆၆-၁၆၆၈)

Vol. 112 Ch. 1666-1668

အဆတစ်ရာစနစ် စာစဥ်(၁၁၂)

အခန်း(၁၆၆၆)

အရှင်ကုလုံက ရှေးဟောင်းနဂါး မျိုးနွယ်စုမှ ကျင့်ကြံသူများစွာကို ဦးဆောင်ကာ ဖေးယွင်ခံတပ်၏ အပြင်ဘက်ရှိ လေထုထဲတွင် တိုက်ရိုက်ပေါ်လာခဲ့သည်။

သူက သူနှင့် မိုင်ရာချီဝေးသော နေရာတွင် ထွက်ပေါ်လာသည့် အရှင်သွေးလတို့ လူစုကို ကြည့်ကာ အရေးမစိုက်ဟန်ဖြင့် ပြောလိုက်၏။

"အရှင်သွေးလ.. မင်းအခုထိ တပ်ဆုတ်ဖို့ အစီအစဉ် မရှိသေးဘူးလား"

"ဒီနတ်ဘုရားက မင်းရဲ့ ရှေးဟောင်းနဂါးကုန်းမြေကို ဖျက်ဆီးပစ်မယ်လို့ ပြောခဲ့သားပဲ.. ဘယ်လိုလုပ်ပြီး ဆုတ်ခွာနိုင်မှာလဲ"

အရှင်သွေးလက အေး‌စက်စက် ပြောလိုက်သည်။

"ဒီနေ့တော့ ငါနတ်ဘုရားက မင်းနဲ့ သူသေကိုယ်သေ တိုက်ခိုက်မယ် "

"ဟားဟား အရှင်သွေးလ.. မင်းငါ့ကို ဖြဲမခြောက်စမ်းနဲ့...မင်းက အမြဲတစေ သတိထားပြီး လုပ်ကိုင်တတ်တယ်.. ဒါ့အပြင် မသေချာတဲ့ အရာတစ်ခုကို မင်းဘယ်တော့မှ မလုပ်တတ်ဘူး.. မင်းငါနဲ့ တကယ်ပဲ သူသေကိုယ်သေ တိုက်ချင်တယ်ဆိုရင် ဘာလို့ ခုချိန်ထိ စောင့်နေသေးတာလဲ"

"ဒီနေ့ မင်းငါနဲ့ တိုက်ခိုက်ချင်တယ် ဆိုတာ အပေါ်ယံပဲ မဟုတ်လား...တကယ်တမ်းတော့ မင်းက ကျန်းချန်ကို သတ်ဖြတ်ချင်နေတာပဲ.. မင်းရဲ့ ဒီလိုလှည့်ကွက်လေးလောက်က ငါ့ရဲ့မျက်စိအောက်ကနေ ဘယ်လိုလုပ်ပြီး လွတ်မြောက်နိုင်မှာလဲ"

အရှင်ကုလုံက ခက်ယဲ့ယဲ့ ပြုံးပြီးပြောလိုက်သည်။

"အခုချိန်မှာ မင်းနဲ့ငါ တိုက်ခိုက်နေလည်း ဘာမှအဓိပ္ပာယ်မရှိဘူး.. ငါတို့နှစ်ယောက်စလုံးက ကိုယ်စီ အစီအစဉ်တွေ ချမှတ်ထားခဲ့တယ်.. ဒီကိစ္စနဲ့ ပတ်သက်ပြီး လက်ဖက်ရည်သောက်ရင်း အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့"

ထိုစကားကို ကြားလျှင် အရှင်သွေးလက အေးစက်စက် ပြုံးလိုက်သည်။

"ကောင်းပြီလေ မင်းက ဒီကိစ္စအပေါ်မှာ စိတ်၀င်စားနေမှတော့ ဒီနတ်ဘုရားက မင်းနဲ့အတူ အဖော်လုပ်ပေးမယ်"

ယခုအခါတွင် အရှင်ကုလုံသည် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်ပြီ ဖြစ်သည်။

သို့သော်လည်း အရာအားလုံးသည် ကျွမ်းရှန့်ယန်နှင့် သူ၏ အစီအစဉ်အောက်မှာပင် ရှိနေခဲ့သည်။

ထိုကြောင့် အရှင်သွေးလက အရှင်ကုလုံ၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်သည်။

မည်သို့ပင်ဖြစ်စေ တိုက်ပွဲစတင်သည်နှင့် နှစ်ဘက်စလုံးမှ ကောင်းကင်နတ်ဘုရားများစွာ ကျဆုံးသွားလိမ့်မည် ဖြစ်သည်။

ထို့အပြင် ရှေးဟောင်းနဂါး ကုန်းမြေတွင် အရှင်ကုလုံနှင့် တိုက်ခိုက်လျှင် သူ့အနေဖြင့် များစွာ အကျပ်အတည်း ကြုံရလိမ့်မည် ဖြစ်၏။

ယင်းကြောင့် အရှင်သွေးလသည် ဤအချိန်တွင် အရှင်ကုလုံနှင့် မတိုက်ခိုက်ချင်သေးပေ။

သူက သူ၏ တပည့်ကြီးရွှယ်ယင်ကို ထျန်းဖန်းနိုင်ငံသို့ စေလွှတ်ခဲ့သည်။

ထို့အပြင် အရှင်ကုလုံ စေလွှတ်လိုက်သော စတုတ္ထအဆင့်ကောင်းကင်နတ်ဘုရားသည်လည်း ကျွမ်းရှန့်ယန်နဲ့ ပတ်သက်ပြီး သူ၏ နယ်ရုပ်တစ်ခု ဖြစ်လာခဲ့သည်။

ဤနှစ်ယောက်၏ အင်အားဖြင့်ဆိုလျှင် ကျန်းချန်ကိုအလွယ်တကူ ရှင်းလင်းပစ်နိုင်လိမ့်မည် မဟုတ်ပါလား။

အချိန်ကြလာလျှင် သူတို့သည် ဤအ‌ခြေ‌အနေကိုအခွင့်ကောင်းယူပြီး ထျန်းဖန်းနိုင်ငံကို သိမ်းပိုက်ကာ စစ်ရေးအရ အရေးပါသော ရှေးဟောင်းနဂါး ကုန်းမြေ၏ အရှေ့ပိုင်းဒေသတစ်ခုလုံးကို သိမ်းပိုက်စိုးမိုးနိုင်လိမ့်မည် ဖြစ်၏။

နယ်မြေနတ်ဘုရားနှစ်ပါး စကားပြောဆိုပြီး နောက်တွင် ပတ်၀န်းကျင်အခြေအနေသည် တစ်ဖန် တိတ်ဆိတ်သွားခဲ့သည်။

သို့ရာတွင် နှစ်ဖက်စလုံးမှ ကျင့်ကြံသူများသည် တိုက်ပွဲ၀င်ရန်အတွက် အဆင်သင့် ပြင်ထားခဲ့ကြသည်။

ထျန်းဖန်းနိုင်ငံ၏ ဖေးယွင်ခံတပ်။

ကျန်းချန်က ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို ထိုးဖောက်ပြီးနောက်တွင် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား ၅ပါးကို တစ်ပြိုင်တည်း သတ်ဖြတ်ခဲ့ပြီး ထျန်းဖန်းနိုင်ငံကို ငြိမ်းချမ်းမှု ပြန်လည် ယူဆောင်လာပေးခဲ့သည်။

သို့သော်လည်း သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူများ ထပ်မံ၍ တိုက်ခိုက်လာမည်ကို တားဆီးရန်အတွက် ကျန်းချန်တို့လူစုသည် ထျန်းဖန်းနိုင်ငံကနေ မထွက်သွားခဲ့ကြပေ။

သူတို့က ရှေ့တန်းစစ်မျက်နှာပြင်မှ သတင်းကို စောင့်ဆိုင်းရန် ဖေးယွင်ခံတပ်တွင် နေထိုင်ခဲ့ကြသည်။

၃ရက်ခန့် ကြာပြီးနောက်တွင် ကျင်းချိုးရန်သည် အဆုံးသတ်၌ ကျန်ချန် ရှိရာသို့ အလောတကြီး လာရောက်ခဲ့သည်။

"အကြီးအကဲကျင်း.. ရှေ့တန်းစစ်မျက်နှာပြင်က သတင်းတစ်ခုခု ရောက်လာခဲ့လို့လား"

ကျန်းချန်က အလောတကြီး ဖြစ်နေသော ကျင်းချိုးရန်ကိုကြည့်ကာ ပြုံး၍ မေးလိုက်သည်။

"အရှင်သွေးလက သူရဲ့တပည့်ကြီး ရွှယ်ယင်ကို ထျန်းဖန်းနိုင်ငံဆီ စေလွှတ်လိုက်တဲ့ သတင်းကို ငါအခုပဲ ရခဲ့တယ်"

ထိုစကားကို ကြားလျှင် ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။

ယင်းနောက်တွင် လေးနက်သော အသံဖြင့် ပြောလိုက်၏။

"သူ့ရဲ့ ဦးတည်ချက်က ကျွန်တော်ပဲ ထင်တယ်"

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်က မျက်ခုံးကိုပင့်လိုက်ပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ဆဋ္ဌမသခင်လေး ထွက်ပြေးသွားတာတောင် မကြာသေးဘူး အခုနောက်ထပ် တစ်ယောက်ကို စေလွှတ်လိုက်ပြန်ပြီ"

"ကျန်းချန်.. ရွှယ်ယင်က အရှင်သွေးလရဲ့ တပည့်ကြီးပဲ.. သူက ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို ရောက်နေခဲ့ပြီ.. သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က သာမန် ကောင်းကင်နတ်ဘုရားစတုတ္ထအဆင့်ထက် လုံး၀မနိမ့်ဘူး"

ကျင်းချိုးရန်က လေးနက်သော လေသံဖြင့် ကျန်းချန်ကို ပြောလိုက်သည်။

ရွှယ်ယင်သည် ရှေးဟောင်းနဂါးကုန်းမြေနှင့် သွေးလမင်းကုန်းမြေ နှစ်ခုစလုံးကို ကြည့်လျှင်ပင် စွမ်းအားကြီးမားသော လူအနည်းငယ်ထဲမှ တစ်ယောက် ဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က တိုက်ပွဲတွင် ကျန်းချန်၏ စွမ်းရည်သည် အရှင်သွေးလ၏ အာရုံကို ဆွဲဆောင်ခဲ့သည်မှာ ထင်ရှား၏။

ထို့ကြောင့်လည်း သူ၏တပည့်ကြီးရွှယ်ယင်ကို ကျန်းချန်အား ကိုင်တွယ်ရန် စေလွှတ်လိုက်ခြင်းပင် မဟုတ်ပါလား။

"အကြီးအကဲကျင်း သတိပေးတာ ကျေးဇူးတင်ပါတယ်"

"ရွှယ်ယင်က ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ကိုတောင် ရင်ဆိုင်နိုင်တယ် ဆိုတော့ လျှော့တွက်လို့ မဖြစ်ဘူး"

ထို့နောက်တွင် ကျန်းချန်က အနည်းငယ်စဉ်းစားပြီးမှ ပြောလိုက်သည်။

"ကျွန်တော်တို့ ရှေးဟောင်းနဂါးကုန်းမြေကရော ဒီအတွက်အစီအစဉ် တစ်ခုခု ပြုလုပ်ခဲ့သေးလား"

"ခေါင်းဆောင်ကုလုံက စတုတ္ထအဆင့် ကောင်းကင်နတ်ဘုရား တစ်ပါးကို ထျန်းဖန်းနိုင်ငံဆီ စေလွှတ်လိုက်ပါပြီ"

ကျင်းချိုးရန်က မချိပြုံးပြုံးကာ ပြောလိုက်သည်။

"ဒါပေမဲ့ အဲဒီတစ်ယောက်က မင်းကို ဒုက္ခပေးမှာ ငါ စိုးရိမ်မိတယ်.. အကြီးအကဲဖန်းက သူ့ကို အထူးသတိထားဖို့ မှာလိုက်တယ်"

ကျင်းချိုးရန်၏စကားကို ကြားလျှင် ကျန်းချန်သည် တစ်ခဏမျှ တွေဝေသွားခဲ့သည်။

ထို့နောက်တွင် သူက လေး‌နက်သောအသံဖြင့် ပြောလိုက်၏။

"စတုတ္ထအဆင့် ကောင်းကင်နတ်ဘုရားဆီမှာ ကျွမ်းရှန့်ယန်လို့ ခေါ်တဲ့ တပည့်တစ်ယောက်ရှိလား"

"ဟုတ်တယ်.. ကျွမ်းရှန့်ယန်က သူရဲ့တပည့်ပဲ.. ဒီစတုတ္ထအဆင့်ကောင်းကင်နတ်ဘုရားရဲ့ အမည်က ရှန်းယွမ်ဟိုင်လို့ ခေါ်တယ် သူက အကြီးအကဲဖန်းနဲ့ မကျေလည်မှုတွေ ရှိပြီး ဆက်ဆံရေးသိပ်မကောင်းဘူး"

ကျန်းချိုးရန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

ရှန်းယွမ်ဟိုင်ဟု ခေါ်သည့် စတုတ္ထအဆင့်ကောင်းကင်နတ်ဘုရားသည် ကျွမ်းရှန့်ယန်၏ နောက်ကွယ်မှလူ အမှန်တကယ်ဖြစ်နေခဲ့သည်။

ရှေးဟောင်းနဂါး အမွေနှစ်နယ်မြေထဲတွင် ကျွမ်းရှန့်ယန်သည် တစ်စုံတစ်ယောက်၏ လုပ်ဆောင်မှုဖြင့် သူ့ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။

ယခု နောက်ဆုံးတွင် နောက်ကွယ်မှလူကို သူက သိရှိလိုက်ရပြီ ဖြစ်၏။

ယင်းအပြင် ထိုလူက ဤတစ်ကြိမ် ထျန်းဖန်းနိုင်ငံကို အကူအညီပေးရန် စေလွှတ်လိုက်သောသူ ဖြစ်မှန်းသိလျှင် ကျန်းချန်သည် သတိကြီးစွာ ထားရန် ဆုံးဖြတ်လိုက်သည်။

ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေတွင် ကျွမ်းရှန့်ယန်၏ ရှင်သန်ထမြောက်လာမှုသည် တစ်စုံတစ်ယောက်၏ အကူအညီ ရှိနေမှန်း ကျန်းချန် နဂိုကတည်းကပင် ခံစားမိခဲ့သည်။

ထိုအကြောင်းကိုတွေးရင်း ကျန်းချန်သည် ရုတ်တရက် မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့၏။

"အကြီးအကဲဖန်းက သူ့အကြောင်းကို သိသိကြီးနဲ့ ဘာလို့ ထျန်းဖန်းနိုင်ငံကို စေလွှတ်လိုက်တာလဲ"

သူက သွေးလမင်းကုန်းမြေမှ သခင်လေးတစ်ပါးနှင့် ရင်ဆိုင်နေသောအချိန်တွင် ရှန်းယွမ်ဟိုင်က အရှင်ကုလုံ ခိုင်းစေသလို သူ့ကို မကူညီဘဲ လျှို့ဝှက်တိုက်ခိုက်ခဲ့လျှင် သူ့အတွက် အနည်းငယ် အခက်တွေ့စေလိမ့်မည် မဟုတ်ပါလော။

အရှင်ကုလုံက ရှန်းယွမ်ဟိုင်ကို ပို့လွှတ်လိုက်လျှင်ပင် ဖန်းချင်းယွင်သည် အဘယ်ကြောင့် မတားမြစ်ခဲ့ရပါသနည်း။

ကျင်းချိုးရန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။

"အကြီးအကဲဖန်းက အရှင်ကုလုံမှာ တခြားအစီအစဉ်‌တွေရှိတယ်လို့ ပြောခဲ့တယ်"

ကျန်းချန်က ခေါင်းညိတ်လိုက်သည်။

သူ ယခုပြသထားသော ပါရမီနှင့် အလားအလာသည် အရှင်ကုလုံ၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ရန် လုံလောက်နေပြီ ဖြစ်သည်။

ထို့အပြင် သူသည် ဖန်းချင်းယွင်နှင့် လုံကျန်းရှင်းတို့နှင့်လည်း ဆက်ဆံရေး အလွန်ကောင်းမွန်ခဲ့သည်။

သို့ဖြစ်၍ ထိုနှစ်ယောက်က သူ့ကို မည်သို့မှ အန္တရာယ် မပြုနိုင်မှန်း ယုံကြည်ခဲ့သည်။

သူတို့က ရှန်းယွမ်ဟိုင်ကို သိသိကြီးနှင့် စေလွှတ်လိုက်သည် ဖြစ်ရာ ထိုအထဲတွင် နက်ရှိုင်းသော အဓိပ္ပာယ်တစ်ခုခု ရှိရပေမည်။

ရှေးဟောင်းနဂါး မျိုးနွယ်စုက ရှန်းယွမ်ဟိုင်ကို ကိုင်တွယ်ရန် ပြင်ဆင်ထားသ၍ ကျန်းချန်သည် အရှင်သွေးလ၏ တပည့် ရွှယ်ယင်နှင့် ရင်ဆိုင်ရမည်ကို မကြောက်ရွံ့ပေ။

ကျန်းချန်က ထိုအကြောင်းကို စဉ်းစားနေသော အချိန်မှာပင် အေးစက်သော အသံတစ်သံသည် ဖေးယွင်ခံတပ်၏ အထက်တွင် ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့၏။

"ကျန်းချန် အခုထွက်လာပြီး ငါသခင်လေးဆီမှာ အသေလာခံစမ်း"

"ကျန်းချန် အခုထွက်လာပြီး ငါသခင်လေးဆီမှာ အသေလာခံစမ်း"

"..........."

ကျင်းချိုးရန်က ဖေးယွင်ခံတပ်အပြင်ဘက်မှအသံကို ကြားလျှင် အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"အရှင်သွေးလရဲ့ တပည့်ကြီးရွှယ်ယင်က ဒီလောက်ထိ မြန်မြန် ရောက်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး.. သွားကြစို့.. ကျွန်တော်တို့ ရွှင်ယင်နဲ့ သွားတွေ့ကြမယ်"

ကျန်းချန်၏ မျက်၀န်းက အနည်းငယ် တောက်ပသွားခဲ့သည်။

ထို့နောက်တွင် သူ၏ပုံရိပ်က ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး ဖေးယွင်ခံတပ်၏ အပြင်ဘက်ရှိ လေထုအထက်တွင် တိုက်ရိုက် ပေါ်ထွက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ထျန်းဖန်းနိုင်ငံမှ ကောင်းကင်နတ်ဘုရား တချို့သည်လည်း ကျန်းချန်၏ နံဘေးတွင် တိုက်ရိုက်ဆိုသလို ထွက်ပေါ်လာခဲ့ကြသည်။

"မင်းဘယ်သူလဲ.. ဘာလို့ ဖေးယွင်ခံတပ်ရှေ့မှာ လာရမ်းကားနေတာလဲ"

ထျန်းဖန်းဧကရာဇ်က သူ့၏ရှေ့တွင် ဝင့်ကြွားစွာ ရပ်နေသည့် လူငယ်ကို ကြည့်ကာ အေးစက်စက် မေးခွန်းထုတ်လိုက်သည်။

ထိုလူငယ်ထံကနေ ထျန်းဖန်းဧကရာဇ်သည် အလွန်အမင်းအန္တရာယ်ရှိသော အရှိန်အဝါကို ခံစားမိခဲ့သည်။

လူငယ်က ကျန်းချန်ကို ထီမထင်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်သည်။

ထို့နောက်တွင် လူငယ်ထံမှ အေးစက်စက်အသံ‌သည် ကမ္ဘာတစ်ခွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။

"ငါက အရှင်သွေးလရဲ့ တပည့်ကြီးရွှယ်ယင်ပဲ...ကျန်းချန်ကို သတ်ဖြတ်ပြီး ထျန်းဖန်းနိုင်ငံကို ဖျက်ဆီးပစ်ဖို့ အရှင်သွေးလက ငါ့ကို အမိန့်ပေးခဲ့တယ်"

အခန်း(၁၆၆၆)ပြီး၏။

အခန်း(၁၆၆၇)

သူ၏ရှေ့တွင် ရှိနေသည့် လူငယ်သည် အရှင်သွေးလ၏ တပည့်ကြီး ရွှယ်ယင် ဖြစ်နေခဲ့သည်။

ထျန်းဖန်းဧကရာဇ်တို့ လူစုသည် ရွှယ်ယင်၏ အေးစက်စက်စကားကို ကြားလျှင် ရုတ်တရက် အမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

သွေးလမင်းကုန်းမြေမှ သခင်လေး ၉ပါးသည် အရှင်သွေးလ၏ တပည့်များ ဖြစ်ကြသည်။

သူတို့ တစ်ယောက်ချင်းစီသည် ပါရမီထူးခြားသော တပည့်များ ဖြစ်ကြ၏။

အထူးသဖြင့် အရှင်သွေးလ၏ တပည့်ကြီးရွှယ်ယင်သည် အလွန်တရာ နာမည်ကျော်ကြားသူ တစ်ယောက် ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်က စစ်ပွဲတွင် ရွှယ်ယင်သည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ကျင့်ကြံသူ ဖြစ်သည်။

ထိုတိုက်ပွဲတွင် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ ကောင်းကင်နတ်ဘုရား များစွာသည် သူ၏လက်ချက်ဖြင့် ကျဆုံးသွားခဲ့ရ၏။

ထိုအထဲတွင် ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူပင် ပါ၀င်ခဲ့သည်။

ယခု နှစ်ပေါင်းတစ်သောင်း ကြာမြင့်သွားပြီဖြစ်ရာ ရွှယ်ယင်၏ ခွန်အားသည် ယခင်ထက်ပို၍ ကြောက်မက်ဖွယ် ကောင်းလာမည်မှာ တွေးနေစရာပင် မလိုပေ။

၎င်းက ရှေးဟောင်းနဂါး မျိုးနွယ်စုနှင့် သွေးလမင်းကုန်းမြေလို နယ်မြေနှစ်ခုမှာပင် စွမ်းအားကြီးမားသော လူအနည်းစုထဲက တစ်ယောက် ဖြစ်သည်။

သွေးလမင်းကုန်းမြေက ထျန်းဖန်းနိုင်ငံကို ရွှယ်ယင်အား စေလွှတ်လိုက်မည်ဟု ထျန်းဖန်းဧကရာဇ် မမျှော်လင့်ခဲ့ပေ။

"ညီနောင်ကျန်းချန် သတိထား.. ဒီကောင်က အရှင်သွေးလရဲ့တပည့်ကြီးရွှယ်ယင်ပဲ.. ဒါ့အပြင် သူ့ရဲ့ကျင့်ကြံခြင်း အဆင့်က ကောင်းကင်နတ်ဘုရားတတိယအဆင့်ကို ရောက်ရှိနေပြီလို့ ငါထင်တယ်"

ထျန်းဖန်းဧကရာဇ်က လေးနက်သောလေသံဖြင့် ကျန်းချန်ကို ပြောလိုက်သည်။

ရွှယ်ယင်၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် သူ့လိုကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ထက် များစွာ သာလွန်နေသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။

ထို့ကြောင့် ဖြစ်နိုင်ချေအများဆုံးမှာ ရွှယ်ယင်သည် ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို ထိုးဖောက်ခဲ့ပြီ ဖြစ်၏။

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက စစ်ပွဲတွင် ရွှယ်ယင်သည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်သာ ရှိသေးသော်လည်း ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို အနိုင်ယူခဲ့သည်။

ယခုအခါတွင် ရွှယ်ယင်သည် ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို ထိုးဖောက်သွားပြီဖြစ်ရာ ရွှယ်ယင်၏ တိုက်ခိုက်ရည်စွမ်းအားသည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ထက်ပင် မနိမ့်ကျမည်ကို သူစိုးရိမ်နေမိသည်။

"မစိုးရိမ်ပါနဲ့ သူတစ်ယောက်တည်းလောက်ကတော့ ကျွန်တော် အေးအေးဆေးဆေး ရင်ဆိုင်နိုင်ပါတယ်"

ကျန်းချန်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။

သိပ်မကြာခင်မှာပင် သူက ပေတစ်ထောင်အကွာရှိ လေထုကိုဖြတ်ကျော်ကာ ရွှယ်ယင်၏ ဆန့်ကျင်ဘက်တွင် ရပ်နေလိုက်၏။

သူ၏ ရှေ့တွင်ရှိနေသော ကျန်းချန်ကို မြင်လျှင် ‌ရွှယ်ယင်က မထီမဲ့မြင် အမူအရာဖြင့် ပြုံးလိုက်သည်။

"မင်းက ငါတို့ သွေးလမင်းကုန်းမြေက ကောင်းကင်နတ်ဘုရားတွေကို သတ်ဖြတ်ခဲ့ပြီး ငါ့ရဲ့ ဆဋ္ဌမ ညီငယ်လေးကို နယ်မြေနတ်ဘုရားဆံပင် အသုံးပြုပြီး အရှက်တကွဲ ထွက်ပြေးရအောင်ထိ လုပ်ခဲ့တဲ့ ကျန်းချန်လား"

"ဟုတ်တယ်.. ငါက အဲဒီ ကျန်းချန်ပဲ"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

ယင်းနောက်တွင် သူက လှောင်ပြုံးပြုံးကာ ရွှယ်ယင်ကို ကြည့်လိုက်သည်။

"မင်းတို့ သွေးလမင်းကုန်းမြေမှာ ဘယ်သူမှ မရှိတော့ဘူးလား.. ငါ့ကို ရင်‌ဆိုင်ဖို့ မင်းတစ်ယောက်ထဲနဲ့တော့ ဘယ်လိုမှ လုံလောက်မှာ မဟုတ်ဘူး"

"မင်းလို ပုရွက်ဆိတ်လေးကို ‌ကိုင်တွယ်ဖို့က ငါသခင်လေး တစ်ယောက်တည်းနဲ့ လုံလောက်တယ်"

"ကျန်းချန်.. ဒီနေ့ ငါသခင်လေးက ငါ့ဆရာရဲ့ အမိန့်နဲ့ မင်းရဲ့အသက်ကို ယူဖို့ ဒီကို ရောက်လာခဲ့ပြီ.. မင်းမကြာခင် ငါ့လက်ထဲမှာ မုချ သေရလိမ့်မယ်"

ရွှယ်ယင်က အေးစက်စက် ကြုံးဝါးလိုက်ပြီး နောက်တွင် သူ၏ ကျောဘက်တွင် လွယ်ပိုးထားသည့် သွေးရောင်တောက်ပနေသော ဓားရှည်သည် ရုတ်တရက် တုန်ခါလာခဲ့ပြီး သူ၏ လက်ဖဝါးထဲသို့ ပျံသန်း၍ ရောက်ရှိလာခဲ့သည်။

ရွှယ်ယင်က သွေးရောင်ဓားရှည်ကို ကိုင်စွဲထားရင်းကနေ ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်၏။

သွေးရောင် တောက်ပနေသော ဓားစွမ်းအင်က မျက်စိတစ်မှိတ်အတွင်းမှာတွင် ပေတစ်ထောင် အကွာအဝေးကို ထိုးဖောက်သွားခဲ့ပြီး သွေးရောင်ဓားပုံရိပ် တစ်ခုအဖြစ်သို့ ပြောင်းလဲ သွားခဲ့ကာ ကျန်းချန်ကို ခုတ်ချလိုက်သည်။

ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး သူ၏ လက်ညှိုးထိပ်ကနေ ဓားစွမ်းအားကို ထုတ်ဖော်လိုက်သည်။

တစ်ခဏအတွင်းမှာပဲ ဓားစွမ်းအားသည် ဧရာမ ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သွေးရောင်ဓားပုံရိပ်ကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။

"ဝုန်း.."

ကွဲပြားသော ဓားစွမ်းအင်နှစ်ခုသည် လေထဲတွင် ထိပ်တိုက်ဆုံတွေ့ သွားကြသည်။

ထို့နောက်တွင် ကောင်းကင်ယံ၌ ဓားစွမ်းအင်များက ပျံ့နှံ့သွားခဲ့ပြီး ပတ်၀န်းကျင် နေရာလွတ်တွင် မျက်စိနှင့်မြင်နိုင်သော အနက်ရောင် အက်ကွဲကြောင်းများ မရေတွက်နိုင်အောင် ဖြစ်ပေါ်ခဲ့သည်။

ဤအချိန်တွင် လေထု တစ်ခုလုံးသည် အချိန်မရွေး ပေါက်ကွဲတော့မည့်နှယ် ဖြစ်နေခဲ့၏။

"ဒီကောင်လေးက ကောင်းကင်နတ်ဘုရား အဆင့်ကို သိပ်မကြာသေးခင်ကမှ ထိုးဖောက်ခဲ့တာ မဟုတ်လား.. ဘယ်လိုဖြစ်ပြီး သူ့ရဲ့ ဓားကမ္ဘာစွမ်းအားက ဒီလောက်တောင် အားကောင်းနေရတာလဲ"

ကျန်းချန်က သူနှင့် ဓားစွမ်းအားချင်း ယှဉ်ပြိုင်နိုင်သည်ကို မြင်လျှင် ရွှယ်ယင်၏ မျက်၀န်းထဲတွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်ခဲ့သည်။

ဤဓားကမ္ဘာစွမ်းအားသည် ဓားလမ်းစဉ် ဥပဒေသ မူလစွမ်းအားကို ကမ္ဘာ့စွမ်းအား အဖြစ် ဖွဲ့စည်းထားသော စွမ်းအား ဖြစ်သည်။

ကမ္ဘာ့စွမ်းအားကို အဆင့်၄ဆင့်ဖြင့် ခွဲခြားထား၏။

ယင်းမှာ သာမန်အဆင့်၊ မဟာအဆင့်၊ အထွတ်အထိပ်အဆင့်နှင့် ပြီးပြည့်စုံသောအဆင့်တို့ ဖြစ်ကြ၏။

ထိုကမ္ဘာ့စွမ်းအားသည် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်၏ အစောပိုင်းအဆင့် ၊ အလယ်အလတ်အဆင့်၊နှောင်းပိုင်းအဆင့် နှင့် အထွတ်အထိပ်အဆင့်များနှင့် သက်ဆိုင်မှု ရှိသည်။

နတ်ဘုရားနယ်မြေတွင် ကောင်းကင်နတ်ဘုရား အများစုသည် ကောင်းကင်နတ်ဘုရား ပထမအဆင့်ကို ထိုးဖောက်ရန်အတွက် မူလစွမ်းအားကို ကမ္ဘာ့စွမ်းအားအဖြစ် စုစည်းကြသည်။

ထို့နောက်တွင် ထိုကမ္ဘာ့စွမ်းအားကို အဆုံးစွန်သော အကန့်အသတ်အထိ ရောက်ရှိရန် ကျင့်ကြံကြ၏။

ကောင်းကင်နတ်ဘုရား ပထမအဆင့် အထွတ်အထိပ်ကို ရောက်ရှိမှသာလျှင် ဒုတိယမြောက် ကမ္ဘာ့စွမ်းအားကို စုစည်းရန် စတင်လေ့ ရှိကြသည်။

ကမ္ဘာ့စွမ်းအားကို စုစည်းကြသည့် အခါတိုင်းတွင် ကမ္ဘာ့စွမ်းအား၏ အဆင့်က တိုးတက်လာလိမ့်မည် ဖြစ်သည်။

ကောင်ကင်နတ်ဘုရားအဆင့် ကျင့်ကြံသူအများစုသည် ကမ္ဘာ့စွမ်းအား တစ်မျိုးကို အထွတ်အထိပ်အဆင့်ထိ ကျင့်ကြံပြီးမှသာ ဒုတိယမြောက် ကမ္ဘာ့စွမ်းအားကို စုစည်း၍ အဆင့်တက်ရန် ပြင်ဆင်ကြလေ့ ရှိသည်။

ယင်းမှသာ ကောင်းကင်နတ်ဘုရား ကပ်ဘေးကနေ ရှင်သန်ရန် ပို၍ သေချာမှုရှိနိုင်သည် မဟုတ်ပါလော။

မှန်ပါသည်။ နတ်ဘုရားနယ်မြေတွင် ကျန်းချန်ကဲ့သို့ ‌ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို တစ်ထိုင်တည်း တက်လှမ်းခဲ့သည့် အနှိုင်းမဲ့ပါရမီရှင် အများအပြားလည်းရှိသည်။

ထိုကဲ့သို့သော ပါရမီရှင်များသည် ထူးခြားသော တိုက်ခိုက်ရည်စွမ်းရည်များကို ပိုင်‌ဆိုင်ထားသည့် အတွက် သာမန် စည်းမျဥ်းများကို ချိုးဖျက်ရန် အရည်ချင်း ရှိကြသည်။

သူ၏ရှေ့တွင်ရှိနေသော ကျန်းချန်သည် သံသယ ၀င်စရာမရှိလောက်အောင်ပင် ထိုကဲ့သို့ ပါရမီရှင်မျိုး ဖြစ်၏။

ထိုသို့ ကျန်းချန်၏ တိုက်ခိုက်ရည်စွမ်းရည်က ထူးခြားသည်ကို သိခဲ့လျှင်ပင် မကြာသေးခင်ကမှ ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့သော ကျန်းချန်၏ ဓားစွမ်းအားသည် သူ့ကိုပင် ယှဉ်နိုင်လိမ့်မည်ဟု ရွှယ်ယင် မမျှော်လင့်ခဲ့ပေ။

သွေးလမ်းစဉ် ဥပဒေသအပြင် သူအကျွမ်းကျင်ဆုံး ဥပဒေသမှာ ဓားဥပဒေသ ဖြစ်သည်။

ဓားလမ်းစဉ် ဥပဒေသ၏ မူလစွမ်းအားသည် သူဒုတိယမြောက် စုစည်းခဲ့သည့် ကမ္ဘာ့စွမ်းအားလည်း ဖြစ်၏။

သူက နှစ်ပေါင်းထောင်ချီမက လေ့ကျင့်ပြီးမှသာ အထွတ်အထိပ် အဆင့်ကို ရောက်ရှိခဲ့သည်။

ကျန်းချန်က ဓားဥပဒေသ၏ မူလစွမ်းအားကို ကမ္ဘာ့စွမ်းအားအဖြစ် မကြာသေးခင်ကမှ စုစည်းခဲ့သည် ဖြစ်ရာ သာမာန်အဆင့်မှာပင် ရှိနေသေး၏။

သို့ဆိုလျှင် သူ၏ ဓားစွမ်းအင်ကို မည်ကဲ့သို့ ယှဉ်နိုင်ရပါသနည်း။

ဤအချိန်တွင် ရွှယ်ယင်သည် နားမလည်နိုင် ဖြစ်နေခဲ့သည်။

စင်စစ် ကျန်းချန်သည် နတ်ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ကို ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အလယ်အလတ် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်တွင် ရှိနေစဉ်ကပင် သူ၏ ခန္ဓာကိုယ်မှ နတ်စွမ်းအားသည် သာမန် အဆင့်မြင့် ပကတိနတ်ဘုရား အထွတ်ထိပ်အဆင့်ထက်ပင် များစွာ သာလွန်နေခဲ့ပြီ ဖြစ်၏။

သွေးလမင်းကုန်းမြေမှ ပါရမီရှင်တစ်‌ယောက်ဖြစ်သည့် ရွှယ်ယင်ပင် သူနှင့်ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့်လည်း ကျန်းချန်က ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့်ကို ထိုးဖောက်လိုက်သောအခါတွင် သူစုစည်းလိုက်သော ကမ္ဘာ့စွမ်းအားသည် သာမန် ကျင့်ကြံသူများ စုစည်းထားသော ကမ္ဘာ့စွမ်းအားထက် များစွာပို၍ အားကောင်းနေခြင်းပင်။

ဤသည်မှာ နတ်ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်၏ အကြွင်းမဲ့ အားသာချက်ပင် ဖြစ်သည်။

"မနေ့တနေ့ကမှ ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်ထားတဲ့ ချာတိတ်တစ်ယောက်ကို မရှင်းလင်းနိုင်ဘူးလို့ ငါမယုံဘူး"

ရွှယ်ယင်က သူ၏ စိတ်နှလုံးထဲမှ တုန်လှုပ်မှုကို ပြင်းပြင်းထန်ထန်ပင် ဖိနှိပ်လိုက်သည်။

ထိုနောက်တွင် သူ၏ မျက်၀န်းထဲ၌ အေးစက်သော သွေးအလင်းတစ်ခု ရုတ်တရက် လင်းလက်သွားခဲ့၏။

ရွှယ်ယင်က သူ၏ လက်ထဲတွင် ကိုင်စွဲထားသော သွေးရောင်ဓားရှည်ဖြင့် ကျန်းချန်ကို တစ်ဖန် တိုက်ခိုက်လိုက်သည်။

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအားများကို အကန့်အသတ် အထိ ထုတ်ဖော်လိုက်ပြီး ရွှယ်ယင်နှင့် ရင်‌ဆိုင်လိုက်သည်။

"ဝုန်း ဝုန်း ဝုန်း"

နှစ်ယောက်သားကြားမှ ကြောက်မက်ဖွယ်ရာ ကောင်းသော ရင်ဆိုင်မှုကြောင့် နေရာလွတ်များသည် ဆက်တိုက်ဆိုသလို ပြိုကျသွားခဲ့သည်။

ဤမြင်ကွင်းသည် ကမ္ဘာ၏ အဆုံးသတ် နေ့ရက်ကဲ့သို့ပင်။

ကျန်းချန်နှင့် ရွှယ်ယင် တိုက်ခိုက်နေသော အချိန်မှာပင် ဖေးယွင်ခံတပ်နှင့် သိပ်မဝေးသော လေထုအထက်တွင် အနက်ရောင်၀တ်စုံ၀တ် အဖိုးအိုတစ်ဦးသည် ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး ဖေးယွင်ခံတပ် ဆီသို့ အလျင်အမြန်ပင် ရောက်ရှိလာခဲ့သည်။

"အကြီးအကဲရှန်းပါလား"

ကျင်းချိုးရန်နှင့် ယန်ချန်တို့က ရောက်ရှိလာသော အနက်ရောင်၀တ်စုံ၀တ် အဖိုးအိုကိုမြင်လျှင် ရိုသေလေးစားသောအမူအရာများ ပြည့်နှက်သွားခဲ့သည်။

ရုတ်တရက်ရောက်ရှိလာသော အနက်ရောင်၀တ်စုံ၀တ် အဖိုးအိုသည် ရှေးဟောင်းနဂါး‌မျိုးနွယ်စုတွင် စတုတ္ထမြောက် အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်သည့် ရှန်းယွမ်ဟိုင်ပင် ဖြစ်သည်။

ရှန်းယွမ်ဟိုင်သည် ရှေးဟောင်းနဂါး‌မျိုးနွယ်စု၏ စွမ်းအားကြီးမားသော ကျင့်ကြံသူ အနည်းငယ်ထဲမှ တစ်ယောက်ဖြစ်သည်။

သူ၏ အဆင့်အတန်းက အလွန်ပင် မြင့်မား၍ ကျင်းချိုးရန်တို့ နှစ်ဦးသည် တလေးတစား ဆက်ဆံခဲ့ကြသည်။

ထိုမြင်ကွင်းကို မြင်လျှင် ထျန်းဖန်ဧကရာဇ်သည် သက်ပြင်းချလိုက်သည်။

အရှင်သွေးလက တပည့်ကြီးရွှယ်ယင်ကို စေလွှတ်လိုက်သည်ဖြစ်ရာ ရှေးဟောင်းနဂါးမျိုးနွယ်စုမှ အရှင်ကုလုံသည် အကြီးအကဲ ရှန်းယွမ်ဟိုင်ကို စေလွှတ်လိုက်ပုံ ရ၏။

"အကြီးအကဲရှန်းကို ဂါ၀ရပြုပါတယ်"

ထျန်းဖန်းဧကရာဇ်က ရှန်းယွမ်ဟိုင်ကို လျစ်လျူရှုရန် မဝံ့ရဲပေ။

သူက အလျင်အမြန်ပင် ရှန်းယွမ်ဟိုင်၏ရှေ့သို့ ရောက်လာပြီး ဦးညွှတ်လိုက်သည်။

‌"ကောင်းပြီ"

ရှန်းယွမ်ဟိုင်က ခေါင်းညိတ်၍ အသိအမှတ်ပြုလိုက်သည်။

ထို့နောက်တွင် သူတို့အားလုံးသည် လေထုထဲတွင် တိုက်ခိုက်နေကြသည့် ကျန်းချန်တို့၏တိုက်ပွဲကို ကြည့်ရှုလိုက်ကြ၏။

ဤအချိန်တွင် ကျင်းချိုးရန်၏မျက်၀န်းများသည် အနည်းငယ် တဖျပ်ဖျပ် လက်သွားခဲ့သည်။

သူက ချက်ချင်းပင် ရှန်းယွမ်ဟိုင်ကို အလောတကြီး ပြောလိုက်သည်။

"အကြီးအကဲရှန်း.. ကျန်းချန်က အရှင်သွေးလရဲ့ တပည့် ရွှယ်ယင်နှင့် တိုက်ခိုက်နေတယ်.. အကြီးအကဲရှန်း အနေနဲ့ ကျန်းချန်ကို ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်"

အခန်း(၁၆၆၇)ပြီး၏။

အခန်း(၁၆၆၈)

"ငါ့မှာဆင်ခြင်နိုင်စွမ်းရှိတယ် လိုအပ်ရင် ငါ၀င်ပါမယ်.. မင်း ငါ့ကို သတိလာပေးနေစရာ မလိုဘူး "

ရှန်းယွမ်ဟိုင်က ကျန်းချိုးရန်ကို တစ်ချက် စိုက်ကြည့်လိုက်ပြီး ကျင်းချိုးရန်၏ တောင်းဆိုမှုကို လျစ်လျူရှုကာ ပြောလိုက်သည်။

ရှမ်းယွမ်ဟိုင်၏ စကားကို ကြားလျှင် ကျင်းချိုးရန်၏ မျက်နှာ​သည် ချက်ချင်းဆိုသလိုပင် အလွန်တရာ သုန်မှုန်သွားခဲ့၏။

ယခုအခါ ကျန်းချန်နှင့် ‌ရွှယ်ယင်တို့၏ တိုက်ပွဲသည် ပြင်းထန်လာခဲ့ပြီ ဖြစ်၏။

ဤအချိန်တွင် ရှမ်းယွမ်ဟိုင်သည် ရွှယ်ယင်ကို သတ်ဖြတ်ရန်အတွက် ကျန်းချန်နှင့် ပူးပေါင်းရန် အကောင်းဆုံးအချိန် ဆိုလည်းမမှားပေ။

သို့သော်လည်း ထိုသက်ကြားအိုကြီးသည် ကျန်းချန်ကို အကူအညီပေးရန် ရည်ရွယ်ထားပုံ မရပေ။

ဤအချိန်တွင် ကျင်းချိုးရန်သည် ဖန်းချင်းယွမ်၏ အမှာစကားကို ရုတ်တရက် စဉ်းစားမိလိုက်ကာ သတိထားရန် ဆုံးဖြတ်လိုက်သည်။

ထို့ပြင် ကျန်းချန်သည် ရွှယ်ယင်ကို ကောင်းစွာ ယှဉ်ပြိုင်နိုင်သည်ဖြစ်ရာ ကျင်းချိုးရန်သည် မဆင်မခြင် လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပေ။

[ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ကောင်စုတ်လေး တစ်ကောင်ကိုတောင် မရှင်းနိုင်ဘူးဆိုတော့ အရှင်သွေးလရဲ့ တပည့်ကြီးက အတော်လေးကို အသုံးမကျတာပဲ]

လေထုထဲမှ တိုက်ပွဲကို ကြည့်ရင်း ရှမ်းယွမ်ဟိုင်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက ဤအချိန်တွင် ကျန်းချန်ကို သတ်ဖြတ်ရန်တွက် ရွှယ်ယင်ကို ကူညီဖို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူကိုယ်တိုင် ၀င်ပါစရာ မလိုအပ်လျှင် ရှန်းယွမ်ဟိုင်သည် ရှေ့ထွက်ရန် အစီအစဉ်မရှိခဲ့ပေ။

သူက ထျန်းဖန်းနိုင်ငံကို အကူညီပေးရန်အတွက် အဆိုပြုခဲ့ရာတွင် အရှင်ကုလုံက သဘောတူခဲ့ရုံသာမက ဖန်းချင်းယွမ်သည်လည်း ကန့်ကွက်မှု မရှိခဲ့ပေ။

ဖန်းချင်းယွမ်နှင့် ပတ်သက်၍ သူ၏ နားလည်မှုအရ အရှင်ကုလုံသည် ဖန်းချင်ယွမ်ကို စိတ်ကျေနပ်စေမည့် အကြောင်းပြချက် မပေးခဲ့လျှင် ဖန်းချင်းယွမ်သည် ကျန်းချန်ကို ကူညီရန်အတွက် သူ့ကို မည်သို့မျှ ခွင့်ပြုမည် မဟုတ်ပေ။

သူက ကျန်းချန် သေဆုံးစေရန် အကူအညီ မပေးခဲ့လျှင်ပင် အများဆုံး အရှင်ကုလုံ၏ အပြစ်ပေးခြင်းကို ခံရရုံသာဖြစ်ပြီး အသက်သေဆုံးရန် အထိ စိုးရိမ်ပူပန်စရာ မ‌လိုအပ်ပေ။

သို့‌သော်လည်း ကျန်းချန် သတ်ဖြတ်ရာတွင် တိုက်ရိုက် ၀င်ပါလိုက်လျှင်မူ ရှေးဟောင်းနဂါး မျိုးနွယ်စုကို သစ္စာဖောက်သလို ဖြစ်သွား‌ပေလိမ့်မည်။

ဤသို့ဖြစ်လာလျှင် ရှေးဟောင်းနဂါး ကုန်းမြေ တစ်ခုလုံးတွင် သူ့အတွက် နေစရာနေရာပင် ရှိမည် မဟုတ်တော့ပေ။

သူနှင့် သူ၏တပည့် ကျွမ်းရှန့်ယန် တို့သည် သွေးလမင်းကုန်း‌‌မြေ၏ လက်အောက်သို့ ၀င်ရောက်ဖို့ အစီအစဉ်ရှိသော်လည်း ဤအချိန်တွင်မူ ရှေးဟောင်းနဂါး မျိုးနွယ်စုတွင်သာ နေထိုင်ချင်ခဲ့ကြသည်။

ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် နေထိုင်မှသာလျှင် အရေးပါသောအချိန်၌ သွေးလမင်းကုန်းမြေ အတွက် အကျိုးသက်ရောက်မှုများကို လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်၏။

အချိန်တန်၍ သူတို့က သွေးလမင်းကုန်းမြေ ထံတွင် ခုံလှုံခဲ့လျှင်ပင် သူတို့အတွက် ပု၍ကြီးမားသော အကျိုးကျေးဇူးများကို ရရှိနိုင်လိမ့်မည် ဖြစ်၏။

ထို့ကြောင့် ရွှယ်ယင် အကျပ်အတည်း မတွေ့သေးသရွေ့ ရှန်းယွမ်ဟိုင်သည် အလွယ်တကူ မလှုပ်ရှားချင်ခဲ့ပေ။

လူတိုင်း၏ အကြည့်အောက်မှာပင် လေထုထဲမှ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ပွဲသည် ဆက်လက် ဖြစ်ပွားနေခဲ့သည်။

"ဒီကောင်လေးရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဘာလို့ ဒီလောက်တောင် အားကောင်းနေရတာလဲ"

ရွှယ်ယင်က တိုက်ခိုက်ရင်း တဖြည်းဖြည်း ထိတ်လန့်လာခဲ့သည်။

ထျန်းဖန်းနိုင်ငံကို မလာခင်ကပင် ရွှယ်ယင်သည် ကျန်းချန်၏ နာမည်ကို ကြားဖူးခဲ့သော်လည်း သိပ်အလေးနက် မထားခဲ့ပေ။

ကျန်းချန်က မည်မျှပင် ပါရမီရှိစေကာမူ ကောင်းကင်နတ်ဘုရားအဆင့်ကို မကြာသေးခင်ကမှ ထိုးဖောက်ခဲ့သူဖြစ်၏။

ဆိုရလျှင် ကျန်းချန်သည်ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို တစ်ထိုင်တည်း ၀င်ရောက်ခဲ့သော်လည်း သူ၏နောက်တွင် များစွာ ပြတ်ကျန်နေခဲ့သည် မဟုတ်ပါလော။

ရွှယ်ယင်က ကျန်းချန်ကို မည်သူမှ မကူညီသရွေ့ အလွယ်တကူ သတ်ဖြတ်နိုင်မည်ဟု မူလက ထင်ခဲ့သည်။

သို့သော်လည်း တကယ်တမ်း ကျန်းချန်နှင့် ရင်ဆိုင်ရသည့်အခါတွင် ကျန်းချန်၏ စွမ်းရည်သည် သူစိတ်ကူးထားသည်ထက်ကိုပင် လုံး၀ ကျော်လွန်နေခဲ့မှန်း သိလိုက်ရသည်။

ဤကောင်လေးသည် ကောင်းကင်နတ်ဘုရား အဆင့်ကို သိပ်မကြာသေးခင်ကမှ ထိုးဖောက်ခဲ့သူ ဖြစ်သော်လည်း ထိုကောင်လေး စုစည်းထားသည့် ကမ္ဘာ့စွမ်းအား နှစ်မျိုး၏ စွမ်းအားသည် သာမန် ကောင်းကင်နတ်ဘုရားများ စုစည်းထားသည့် ကမ္ဘာ့စွမ်းအားထက်ပင် များစွာ အားကောင်းနေခဲ့သည်။

ထို့ပြင် ထိုကောင်လေးသည် ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအားကို ၄မျိုး သို့မဟုတ် ၅မျိုး နားလည်နေခဲ့၏။

ယင်းအပြင် ထိုကောင်လေး၏ နတ်ခန္ဓာပုံရိပ်နှင့် လျှို့ဝှက်နည်းစနစ်များသည်လည်း အလွန်တရာပင် အစွမ်းထက်နေခဲ့သည်။

သူ၏ခွန်အားဖြင့်ပင် ကျန်းချန်နှင့် ဆယ်ကွက်ကျော် တိုက်ခိုက်ရန်အတွက် အစွမ်းကုန် ကြိုးစားခဲ့ရသည်။

ဆိုရလျှင် သူသည် ကျန်းချန်နှင့် တိုက်ခိုက်ရတွင် အနည်းငယ်မျှ အသာစီးမရရှိခဲ့ပေ။

သူ့ကို ပို၍ ထိတ်လန့်စေသည်မှာ ဆယ်ကွက်ကျော် တိုက်ခိုက်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်ထဲမှ ကမ္ဘာ့စွမ်းအား၃မျိုး၏ စွမ်းအားသည် များစွာ ကုန်ဆုံးသွားခဲ့သော်လည်း ကျန်းချန်၏ ကမ္ဘာ့စွမ်းအားကမူ အဆုံးမဲ့ အရင်းအမြစ်ကနေ စိမ့်ထွက်လာသည့် စွမ်းအင်ကဲ့သို့ အားနည်းမသွားခဲ့ခြင်းပင်။

ထို့ကြောင့် ကျန်းချန်သည် အချိန်ကြာလာသည်နှင့်အမျှ သူ့အပေါ်တွင် သိသိသာသာ အသာစီးရလာခဲ့၏။

"ဒီကောင်လေးက ကောင်းကင်ဥပဒေသကို လျစ်လျူရှုနိုင်တဲ့ အနှိုင်းမဲ့နတ်ခန္ဓာကိုယ် ပိုင်ရှင်လို့ ဆိုကြတယ်.. ကြည့်ရတာ အနှိုင်းမဲ့နတ်ခန္ဓာကိုယ်က အလွန်တရာ အားကောင်းတဲ့ ပြန်လည် ထူထောင်နိုင်စွမ်းကို ပိုင်ဆိုင်ထားတာ များလား"

ထိုသို့ တွေးလိုက်သည်နှင့် ရွှယ်ယင်၏ မျက်၀န်းများသည် အနည်းငယ် တောက်ပသွားခဲ့သည်။

ဤတိုင်းဆိုလျှင် သူသည် ကျန်းချန်ကို အချိန်ကြာမြင့်စွာ တိုက်ခိုက်၍ မဖြစ်ပေ။

ကျန်းချန်၏ အားကောင်းသော ပြန်လည် ထူထောင်နိုင်စွမ်းဖြင့်‌ ဆိုလျှင် သိပ်မကြာခင်မှာပင် သူက အားအင်ကုန်ခမ်း သွားလိမ့်မည် မဟုတ်ပါလော။

"ကောင်းကင်နတ်ဘုရားကမ္ဘာ.. ဖွဲ့စည်းစမ်း"

ရွှယ်ယင်က ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သွေးလမ်းစဉ်ဥ‌ပဒေသ၊ ဓားလမ်းစဉ်ဥပဒေသနှင့် မိုးကြိုးလမ်းစဉ် ဥပဒေသ စသည့် ကမ္ဘာ့စွမ်းအား ၃မျိုးသည် အင်အားအပြည့်အ၀ဖြင့် ပေါက်ကွဲထွက်သွားခဲ့သည်။

ယင်းနောက်တွင် ထိုစွမ်းအား၃မျိုးသည် ပေါင်းစပ်သွားခဲ့ပြီး ကောင်းကင်နတ်ဘုရား ကမ္ဘာ အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကျန်းချန် ရှိနေသည့် မိုင်တစ်ရာပတ်လည်ကို လွှမ်းခြုံသွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် မိုင်တစ်ရာအတွင်းရှိ နေရာလွတ်သည် ချက်ချင်းဆိုသလို သွေးပင်လယ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုသွေးပင်လယ်၏ အထက်တွင် ပျက်းစီးခြင်းစွမ်းအားများ ကိန်းအောင်းနေသော မိုးကြိုးစွမ်းအားနှင့် ဓားစွမ်းအားများ ရှိနေခဲ့၏။

ကွဲပြားသော ကမ္ဘာ့စွမ်းအား ၃မျိုးက ကြောက်မယ်ဖွယ်စွမ်းအားနှင့် အတူ အရပ်မျက်နှာအနှံ့ကနေ ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့သည်။

ကျန်းချန်ကလည်း ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်မှအင်အားများကို အကန့်အသတ်ထိ ထုတ်ဖော်လိုက်သည်။

တခဏအတွင်းမှာပင် ကမ္ဘာ့စွမ်းအား ဖြစ်သည့် ဓားစွမ်းအားနှင့် မိုးကြိုးစွမ်းအားများဖြင့် ပေါင်းစပ်ထားသော ကမ္ဘာတစ်ခုသည် ကျန်းချန်ကို ဗဟိုပြု၍ ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် ထိုကောင်းကင်နတ်ဘုရား ကမ္ဘာကြီးသည် ကျန်းချန်၏ ခန္ဓာကိုယ်ကို သက်ရောက်လာသည့် ပတ်၀န်းကျင်မှ ကြောက်မက်ဖွယ်ကောင်းသော အင်အားများကို ခုခံလိုက်သည်။

တစ်ချိန်တည်းမှာပင် ‌ကျန်းချန်၏ ကောင်းကင်နတ်ဘုရားကမ္ဘာသည် အရှိန်ဟုန်ကြီးစွာဖြင့် စတင် ကြီးမားလာခဲ့ပြီး ပတ်၀န်းကျင်မှ စွမ်းအားများကို ဘာမှမကျန်ရှိတော့သည် အထိ ချေမှုန်းပစ်လိုက်သည်။

အဆုံးသတ်တွင် ကျန်းချန်၏ ကောင်းကင်နတ်ဘုရား ကမ္ဘာသည် ရွှယ်ယင်၏ ကောင်းကင်နတ်ဘုရား ကမ္ဘာနှင့် အရွယ်အစားချင်း တူညီသွားခဲ့သည်။

ထိုအခါ ကောင်းကင်နတ်ဘုရား နှစ်ပါး၏ ကောင်းကင်နတ်ဘုရားကမ္ဘာ နယ်နိမိတ် နံရံများသည် တစ်ခုနှင့်တစ်ခု တိုက်မိသွားခဲ့ကြတော့သည်။

"ဝုန်း.."

ကမ္ဘာ့နံရံနှစ်ခု ပွတ်တိုက်မိရာကနေ ထွက်ပေါ်လာသော အလွန်တရာ ကျယ်လောင်သည့် ဆူညံသံသည် မိုင်ထောင်ချီ ပတ်၀န်းကျင်ကိုပင် တုန်ခါသွားစေခဲ့သည်။

ထိုကဲ့သို့ ကောင်းကင်နတ်ဘုရား ကမ္ဘာနှစ်ခု၏ နံရံများအဆက်မပြတ် ပွတ်တိုက်မှုကြောင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများသည် ပတ်၀န်းကျင်နေရာလွတ်ကို ဘာမှ မကျန်ရှိတော့သည် အထိ ပြောင်းလဲ သွားစေခဲ့သည်။

စွမ်းအင်လှိုင်းများ၏ အလယ်ဗဟိုရှိ ကျန်းချန်တို့ နှစ်‌ယောက်စလုံးသည် သူတို့၏ စွမ်းအားများကို အစွမ်းကုန် ထုတ်သုံးကာ ကောင်းကင်နတ်ဘုရား ကမ္ဘာကို ထိန်းသိမ်းရန် အတွက် ကြိုးစားနေခဲ့ကြသည်။

ဤအချိန်သည် တိုက်ပွဲ၏ အရေးပါသော အချိန်ဖြစ်မှန်း သူတို့နှစ်ယောက်စလုံး ရှင်းရှင်းလင်းလင်း သိထားကြသည်။

တစ်ယောက်ယောက်၏ ကောင်းကင်နတ်ဘုရား ကမ္ဘာက အရင် ပြိုလဲသွားလျှင် ထိုလူသည် သေချာပေါက် ရှုံးနိမ့်လိမ့်မည် ဖြစ်၏။

တစ်ခဏအတွင်းမှာပင် ရွှယ်ယင်၏ မျက်နှာသည် အလွန်တရာ ဖြူဖျော့သွားခဲ့သည်။

သို့သော် ကျန်းချန်၏ အ‌ခြေအနေကမူ ရွှယ်ယင်၏ အခြေအနေထက် များစွာပို၍ ကောင်းမွန်နေခဲ့၏။

သူက အသက်လမ်းစဉ် ဥ‌ပ‌ဒေသ၏ မူလစွမ်းအား တစ်စိတ်တစ်ပိုင်းကို နားလည်ထားသည့် အပြင် သူ၏ ခန္ဓာကိုယ်တွင် အသက်သစ်ကိုင်း တစ်ခုလည်း ရှိနေခဲ့သည်။

ထိုအသက်သစ်ကိုင်းက သူ၏ ခန္ဓာကိုယ်မှ ကုန်ခန်းသွားသော အင်အားများကို အဆက်မပြတ် ဖြည့်ဆည်းပေးနေသည် ဆိုလည်း မမှားပေ။

သို့ဖြစ်ရာ ရွှယ်ယင်သည် အချိန်ကြာလာသည်နှင့်အမျှ သူ့ကိုမည်ကဲ့သို့ ယှဉ်ပြိုင်နိုင်ပါမည်နည်း။

အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ရွှယ်ယင်၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားသည် ပို၍ပင် ကုန်ခန်းလာခဲ့သည်။

သူ၏ ကောင်းကင်နတ်ဘုရား ကမ္ဘာသည်လည်း အဆုံးသတ်တွင် စတင်တုန်ခါလာခဲ့သည်။

တစ်ခဏအကြာမှာပဲ ရွှယ်ယင်သည် ဆက်လက် မတောင့်ခံနိုင်တော့ပေ။

"ဝုန်း.."

ကျယ်လောင်သော ဆူညံသံတစ်သံ ထွက်ပေါ်လာပြီးနောက်တွင် သွေးရောင်တောက်ပနေသော ကောင်းကင်နတ်ဘုရားကမ္ဘာသည် လေထုထဲတွင် ပြိုကွဲသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရွှယ်ယင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တုန်ခါသွားခဲ့ပြီး သွေးတစ်ပွက်ကို အန်ထုတ်လိုက်ကာ လူတစ်ကိုယ်လုံးသည်လည်း လွင့်စင်သွားခဲ့သည်။

"ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်"

လွင့်စင်သွားသော ရွှယ်ယင်ကို ကျန်းချန်သည် အသက်ရှူဖို့ပင်အခွင့်အရေးမပေးခဲ့ပေ။

သူက ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ သိုင်းစွမ်းအားပုံရိပ်ဖြင့် ရွှယ်ယင်ကို ထပ်မံ ဖိနှိပ်လိုက်သည်။

လေထုထဲမှ မြင်ကွင်းကို ကြည့်ရင်း ကျင်းချိုးရန်တို့ လူတစ်စုသည် မှင်တက်နေခဲ့ကြပြီး ပြန်လည်သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

သွေးလမင်းကုန်းမြေမှ အရှင်သွေးလ၏ တပည့်ကြီး ဖြစ်သည့် ကောင်းကင်နတ်ဘုရား တတိယအဆင့် ရွှယ်ယင်သည် ကောင်းကင်နတ်ဘုရားအဆင့်ကို မကြာသေးခင်ကမှ တက်လှမ်းခဲ့သော ကျန်းချန်၏ လက်ထဲတွင် ရှူံးနိမ့်သွားခဲ့ရ၏။

ထိုကောင်လေးသည် ကောင်းကင်ဥပဒေသကိုပင် လျစ်လျူရှုနိုင်သော ပါရမီရှင်ဟူသော ဂုဏ်ပုဒ်နှင့်ထိုက်တန်မှု ရှိနေခဲ့၏။

ဆိုရလျှင် ထိုကောင်လေး၏ တိုက်ခိုက်ရေး စွမ်းရည်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

အခန်း(၁၆၆၈)ပြီး၏။

All Chapters