အခန်း (၁၆၆၉-၁၆၇၁)
Vol. 112 Ch. 1669-1671
အခန်း(၁၆၆၉)
"ဒီကောင်လေးက တကယ်ကို သာမန်အသိနဲ့ ခန့်မှန်းလို့မရတဲ့ ပါရမီရှင်တစ်ယောက်ပဲ"
ကျင်းချိုးရန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
သူ၏တင်းကျပ်နေသော နှလုံးသားသည် အဆုံးသတ်တွင် အနည်းငယ် ပြေလျော့သွားခဲ့သည်။
ကျန်းချန်က ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို ထိုးဖောက်ခဲ့သည်မှာ မကြာသေး၍ တိုက်ခိုက်ရေးစွမ်းရည်က ထူးခြားနေလျှင်ပင် ကောင်းကင်နတ်ဘုရား တတိယအဆင့်ကျင့်ကြံသူ ဖြစ်သည့် ရွှယ်ယင်ကို ယှဥ်ပြိုင်ရန် ခက်ခဲလိမ့်မည်ဟု သူမူလက ထင်ခဲ့သည်။
သို့သော်လည်း ကျန်းချန်၏ စွမ်းဆောင်ရည်သည် သူမျှော်လင့်ထားသည်ထက်ပင် တစ်ဖန် ကျော်လွန်သွားခဲ့ပြန်သည်။
ကျန်းချန်က ရွှယ်ယင်နှင့် ရင်ဆိုင်ရာတွင် အနည်းငယ်မျှ အားမနည်းရုံသာမက ရွှယ်ယင်ကိုပါ အနိုင်ရခဲ့သည်။
ဤပုံအတိုင်းဆိုလျှင် ရှန်းယွမ်ဟိုင် ကူညီသည်ဖြစ်စေ၊ မကူညီသည်ဖြစ်စေ အရေးမကြီးတော့ပေ။
"ဒီကောင်လေးရဲ့ပါရမီက တကယ်ကို ကြောက်စရာပဲ.. ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေမှာတုန်းက သူ့ရဲ့ လက်ထဲမှာ ငါ့ရဲ့တပည့် သေလုနီးပါး ဖြစ်ခဲ့ရတာ အံ့သြစရာ မရှိတော့ဘူး"
သူ၏ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ရှန်းယွမ်ဟိုင်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
အရှင်သွေးလ၏ တပည့်ကြီး ရွှယ်ယင်သည် ကောင်းကင်နတ်ဘုရား တတိယအဆင့် ဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်အမင်း အစွမ်းထက်သည်။
သူ ကိုယ်တိုင်ပင်လျှင် ရွှယ်ယင်ကို ရင်ဆိုင်ရန် လွယ်ကူမည်မဟုတ်ပေ။
သို့သော်လည်း ကျန်းချန်ကမူ ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ဖြင့်ပင် ရွှယ်ယင်ကို အနိုင်ရခဲ့သည်။
မှန်ပါသည်။ ရှန်းယွမ်ဟိုင်ကို ပို၍ ထိတ်လန့်စေသည်မှာ ကျန်းချန်၏ အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော တိုးတက်လာမှု ဖြစ်သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်က ဖန်းချင်းယွမ်သည် အဆင့်နိမ့်နယ်မြေမှ ကောင်လေးတစ်ယောက်ကို ခေါ်လာခဲ့သည်။
ထိုကောင်လေးသည် ၁၀နှစ်မျှ မကြာသေးသော အချိန်မှာပင် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့၏။
ထို့အပြင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် သာမန်ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ထက်ပင် ပို၍ အစွမ်းထက်၏။
ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် ဤကဲ့သို့ ကြီးထွားမှုအမြန်နှုန်းကို သူ ယခင်က မကြားဖူးပေ။
အရှင်သွေးလက ကျန်းချန်ကို အဘယ်ကြောင့် ပစ်မှတ်ထားကာ သတ်ဖြတ်လိုခဲ့မှန်း ရှန်းယွမ်ဟိုင်သည် အဆုံးသတ်တွင် နားလည်သွားခဲ့သည်။
ဤကဲ့သို့ အနှိုင်းမဲ့ပါရမီရှင်တစ်ပါး ရှေးဟောင်းနဂါးမျိုးနွယ်စုတွင် ရှိနေခြင်းသည် အရှင်သွေးလကို ကြောက်ရွံ့စေခဲ့ပုံရ၏။
"ရှန်းယွမ်ဟိုင်.. မင်းဒီအချိန်မှ မလှုပ်ရှားဘူးဆိုရင် ဘယ်အချိန်လှုပ်ရှားမှာလဲ"
ကျန်းချန်၏ သိုင်းစွမ်းအားပုံရိပ်မှ နတ်စွမ်းအား၏ ဖိနှိပ်မှုအောက်တွင် ရောက်ရှိနေသော ရွှယ်ယင်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ကျန်းချန်၏ တိုက်ခိုက်ရေး စွမ်းရည်သည် အလွန်တရာအားကောင်းရုံသာမက ပြန်လည် ထူထောင်လာနိုင်စွမ်းကလည်း အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းလှ၏။
သူက ကျန်းချန်နှင့် တိုက်ခိုက်ရာတွင် လက်ရည်သိပ်မကွာသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ၏ ခွန်အားသည် ပို၍ အားနည်းလာခဲ့သည်။
သို့သော်လည်း ကျန်းချန်၏ ခွန်အားကမူ လျော့နည်းမသွားခဲ့ပေ။
ယခုအခါတွင် သူ၏ ခန္ဓာကိုယ်ထဲမှ ကမ္ဘာ့စွမ်းအား၃မျိုး၏ စွမ်းအားသည် ၇၀ ရာခိုင်နှုန်း သို့မဟုတ် ၈၀ ရာခိုင်နှုန်းခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ရာ ကျန်းချန်၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ ဆက်လက် ရင်ဆိုင်နိုင်ပါမည်နည်း။
သူ့တွင် အရှင်သွေးလ ပေးအပ်ထားသည့် နယ်မြေနတ်ဘုရားဆံပင် ရှိ၍ ထွက်ပြေးရန်အတွက် ပြဿနာ သိပ်မရှိခဲ့ပေ။
သို့သော်လည်း အရှင်သွေးလ၏ တပည့်ကြီး.ဖြစ်ပြီး သွေးလမင်းကုန်းမြေ၏ နံပါတ်(၁)ပါရမီရှင် အနေဖြင့် ရွှယ်ယင်သည် ထွက်ပြေးရန် ဆန္ဒမရှိခဲ့ပေ။
ကံကောင်းစွာဖြင့် သူ၏ဆရာသည် ကျန်းချန်ကို လျှော့မတွက်ခဲ့ဘဲ ရှန်းယွမ်ဟိုင် ဟူသည့် နယ်ရုပ်တစ်ရုပ်ကို အဆင်သင့်ပြင်ဆင်ထားခဲ့သည်။
သူ့အနေဖြင့် လက်ရှိအခြေအနေအရ ထိုနယ်ရုပ်ကို အသုံးပြုရတော့မည် မဟုတ်ပါလား။
ရှန်းယွမ်ဟိုင်က ချက်ချင်းဆိုသလိုပင် ပြင်းထန်သောစွမ်းအားကို ထုတ်ဖော်ကာ ကျန်းချန်အားတိုက်ခိုက်လိုက်သည်။
ရွှယ်ယင် ရှုံးနိမ့်သွားသည့် အတွက် သူ့အနေဖြင့် ကျန်းချန်ကို သတ်ဖြတ်ရန် ရှေ့ထွက်ရတော့မည် ဖြစ်သည်။
ထို့အပြင် ကျန်းချန်သည် ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် ထူးခြားသော တိုက်ခိုက်ရေးစွမ်းရည်ဖြင့် ရွှယ်ယင်ကို အနိုင်ယူခဲ့သော်လည်း သေချာပေါက် စွမ်းအားများစွာ ကုန်ဆုံးနေလိမ့်မည် ဖြစ်၏။
ထို့ကြောင့် ဤအချိန်တွင် သူ၏ လှုပ်ရှားမှုသည် ကျန်းချန်ကိုသတ်ဖြတ်ရန် အတွက် အကောင်းဆုံးအချိန် ဖြစ်သည်မှာ သံသယဖြစ်စရာ မရှိပေ။
ထို့ကြောင့်လည်း ရှန်းယွမ်ဟိုင်က အနည်းငယ်မျှပင် တုံ့ဆိုင်းမနေခဲ့ဘဲ သူ၏ စွမ်းအားကို အစွမ်းကုန်ထုတ်သုံးကာ ကျန်းချန်ကို တိုက်ခိုက်ခဲ့ခြင်းပင်။
"ရှန်းယွမ်ဟိုင် ခင်ဗျားလုပ်ရဲလား"
ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် ကျင်းချိုးရန်တို့ လူစုသည် ချက်ချင်းဆိုသလို ထိတ်လန့်သွားခဲ့ကြသည်။
ရှန်းယွမ်ဟိုင်သည် ဤတစ်ကြိမ်တွင် ထျန်းဖန်းနိုင်ငံကို ရောက်လာသော်လည်း မကျေလည်မှုများ ရှိသောကြောင့် ကျန်းချန်ကို အကူအညီ မပေးလျှင်ပင် ဘေးထွက်ရုံသာ ရှိသည်ဟု ကျင်းချိုးရန် မူလက ထင်ခဲ့သည်။
သို့သော်လည်း ရှန်းယွမ်ဟိုင်က ရှေးဟောင်းနဂါး မျိုးနွယ်စုကို သစ္စာဖောက်ပြီး သွေးလမင်းကုန်းမြေမှ ရွှယ်ယင်နှင့် ပူးပေါင်းကာ ကျန်းချန်ကို သတ်ဖြတ်ရန် ကြိုးစားလိမ့်မည်ဟု သူမည်သို့မျှ မမျှော်လင့်ထားခဲ့ပေ။
"ငါတို့ အတူတူ ပူးပေါင်းပြီး သူ့ကို ဟန့်တားရမယ်"
ကျင်းချိုးရန်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
ထို့နောက်တွင် သူ၏ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ ချက်ချင်းစွမ်းသလို ရှန်းယွမ်ဟိုင်၏နောက်သို့ လိုက်သွားခဲ့သည်။
ထျန်းဖန်းဧကရာဇ်တို့ လူစုသည်လည်း ဤအချိန်တွင် ရှန်းယွမ်ဟိုင်ကို သတ်ပစ်ရန်အတွက် အစွမ်းကုန် ကြိုးစားခဲ့ကြ၏။
ရှန်းယွမ်ဟိုင်က ရှေးဟောင်းနဂါး မျိုးနွယ်စုကို ပေါ်ပေါ်ထင်ထင် သစ္စာဖောက်လိုက်ခြင်းသည် သူတို့ မျှော်လင့်ထားသည်ထက်ပင် လုံးဝ ကျော်လွန်သွားခဲ့သည်။
ထိုနှစ်ယောက်က အတူတူ ပူးပေါင်း၍ ကျန်းချန်ကို သတ်ဖြတ်လိုက်လျှင် သူတို့ထဲက မည်သူကမှ အသက်ရှင်နိုင်တော့မည်မဟုတ်ပေ။
ထိုအချိန်သို့ ရောက်လျှင် ထျန်းဖန်းနိုင်ငံသည် ထိုနှစ်ယောက်ကြောင့် ချက်ချင်းဆိုသလို ပျက်စီးသွားလိမ့်မည် ဖြစ်၏။
ထိုသို့ ပျက်စီးသွားသည်နှင့် ရှေးဟောင်းနဂါးကုန်းမြေ၏ အရှေ့ပိုင်းဒေသသည် သွေးလမင်းကုန်းမြေ၏ လက်အောက်သို့ ကျရောက်သွားပြီး သွေးလမင်းကုန်းမြေမှ စစ်တပ်များသည် အရှေ့ပိုင်းဒေသမှ တစ်ဆင့် ရှေးဟောင်းနဂါးကုန်းမြေ၏ အတွင်းဘက်ထိ ဝင်ရောက်လာလိမ့်မည် မဟုတ်လော။
ရှန်းယွမ်ဟိုင်၏ စွမ်းအားကို ခံစားမိလျှင် ကျန်းချန်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သူက ရွှယ်ယင်ကို သတ်ဖြတ်ရန် စွန့်လွှတ်လိုက်ပြီး ရှန်းယွမ်ဟိုင်၏ တိုက်ခိုက်မှုကို လက်ဝါးရိုက်ချက်တစ်ချက် ထုတ်ဖော်ကာ ရင်ဆိုင်လိုက်သည်။
"ဝုန်း.."
ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်မုန်တိုင်း တစ်ခုသည် လေထုထဲတွင် ပျံ့နှံ့သွားခဲ့သည်။
ကျန်းချန်က လေထုထဲတွင် ခြေတစ်ချက် ဆောင့်နင်းလိုက်ပြီး ပေရာချီ အကွာအဝေးအထိ နောက်ဆုတ်လိုက်သည်။
ထို့နောက်တွင် သူက ဆန့်ကျင်ဘက်တွင် ရှိနေသည့် ရှန်းယွမ်ဟိုင်ကို လှမ်းကြည့်လိုက်သည်။
သူ၏ ဖြူဖျော့နေသော မျက်နှာထက်တွင် လေးနက်သောအမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
သူက ရှန်းယွမ်ဟိုင်နှင့် ယခုလေးတင် ရင်ဆိုင်ရာတွင် အနည်းငယ် ထိခိုက်မှုရှိခဲ့သည်။
အသက်လမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားနှင့် အသက်သစ်ကိုင်း၏ ပြန်လည်ထူထောင်နိုင်စွမ်းဖြင့်ပင် သူ၏ ကုန်ဆုံးသွားသော ခွန်အားကို ပြန်လည်ဖြည့်တင်းရန် ခက်ခဲနေဆဲပင်။
ဆိုရလျှင် ယခုအခါတွင် ကျန်းချန်သည် သူ၏ အထွတ်အထိပ် အခြေအနေတွင် မရှိတော့ပေ။
သူ၏ ရှေ့တွင် ရှိနေသည့် ရှန်းယွမ်ဟိုင်သည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူ ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်တွင်လည်း ရွှယ်ယင်ထက် ပို၍ အားကောင်းသည်။
သူ၏လက်ရှိ အခြေအနေဖြင့်ဆိုလျှင် ရှန်းယွမ်ဟိုင်နှင့် ရင်ဆိုင်ရန် ခက်ခဲလိမ့်မည်မှာ သံသယဝင်စရာမရှိပေ။
"ရှန်းယွမ်ဟိုင်.. ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့အကြီးအကဲတစ်ယောက် အနေနဲ့ ခင်ဗျားက ရှေးဟောင်းနဂါး မျိုးနွယ်စုကို သစ္စာဖောက်ပြီး ရှေးဟောင်းနဂါး မျိုးနွယ်စုက တပည့်ကို သတ်ဖြတ်ဖို့အတွက် သွေးလမင်းကုန်းမြေကို အကူအညီပေးခဲ့တယ်"
ထိုအချိန်တွင် ကျင်းချိုးရန်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ယင်းနောက်တွင် ကျင်းချိုးရန်နှင့် ထျန်းဖန်းဧကရာဇ်တို့ လူစုသည် ရှန်းယွမ်ဟိုင်ကို ဝိုင်းရံလိုက်ကြသည်။
"ပုရွက်ဆိတ်လေးတွေကများ ငါ့ကို ဟန့်တားရဲတယ်.. ထွက်သွားလိုက်စမ်း"
ရှန်းယွမ်ဟိုင်က အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် ကမ္ဘာ့စွမ်းအား လေးမျိုး၏ စွမ်းအားကို စုစည်းထားသည့် လက်ဝါးရိုက်ချက်ဖြင့် ကောင်းကင်နတ်ဘုရား ၄ပါးကို တိုက်ခိုက်လိုက်သည်။
"ဝုန်း.."
ရှန်းယွမ်ဟိုင်၏ လက်ဝါးရိုက်ချက်သည် ကျင်းချိုးရန်တို့ ၄ယေက်၏ တိုက်ခိုက်မှုကို မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးပစ်လိုက်သည်။
ကျင်းချိုးရန်တို့ ၄ယောက်စလုံးသည်လည်း ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်ကာ ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ပေထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့ပြီး မြေပြင်ထက်သို့ ပြင်းထန်စွာ ကျဆင်းသွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် ဖေးယွင်ခံတပ်၏ အရှေ့ဘက်ရှိ တောင်တန်းများသည် တုန်ခါသွားခဲ့သည်။
အဆုံးမဲ့လွင်ပြင်တွင်လည်း ပေရာချီ အနက်ရှိသည့် ကြီးမားသော ချောက်နက်၄ခုသည် ချက်ချင်းဆိုသလို ပေါ်ထွက်လာခဲ့သည်။
သိပ်မကြာခင်မှာပင် သွေးအလိမ်းလိမ်းဖြစ်နေသော ပုံရိပ်၄ခုသည် ထိုကြီးမားသော ချောက်နက်၄ခုထဲကနေ ပျံသန်း၍ ထွက်လာခဲ့ကြသည်။
ရှန်းယွမ်ဟိုင်သည် လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့်ပင် ကောင်းကင်နတ်ဘုရား ၄ပါးကို အပြင်းအထန် ထိခိုက်ဒဏ်ရာရစေခဲ့၏။
ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူ၏ စွမ်းအားသည် ဤမျှအထိပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
"ကျန်းချန်.. ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေမှာ မင်းကိုရှင်းလင်းဖို့အတွက် ငါတပည့် ကျွမ်းရှန့်ယန်ကို တာဝန်ပေးခဲ့တယ်.. ဒါပေမဲ့ မင်းက ကျွမ်းရှန့်ယန်ကို သေလုနီးပါး ဖြစ်စေခဲ့တဲ့အပြင် ဖန်းချင်းယွမ်ကို သူ့ရဲ့ အထွတ်အထိပ် အခြေအနေကို ပြန်လည်ရရှိဖို့ပါ အကူအညီ ပေးနိုင်ခဲ့မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒီနေ့တော့ မင်းကို ငါကိုယ်တိုင် ရှင်းလင်းပစ်မယ်"
တိုက်ကွက် တစ်ကွက်တည်းဖြင့် ကျင်းချိုးရန်တို့ လေးယောက်ကို အနိုင်ယူပြီးနောက်တွင် ရှန်းယွမ်ဟိုင်သည် အေးစက်သောမျက်ဝန်းများဖြင့် ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။
ယင်းနောက်တွင် သူ၏ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ရာကောင်းသော သတ်ဖြတ်လိုသော စိတ်ဆန္ဒတစ်ခုသည် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့၏။
အခန်း(၁၆၆၉)ပြီး၏။
အခန်း(၁၆၇၀)
ရှန်းယွမ်ဟိုင်က သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လေထုထဲတွင် ကုတ်ဆွဲဟန် ပြုလိုက်သည်။
ထိုအခါ ဧရာမ လက်သည်းသဏ္ဌာန် ပုံရိပ်တစ်ခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန် ဆီသို့ ဦးတည်သွားခဲ့သည်။
ယခုအခါတွင် သူက ထုတ်ဖော်ခံလိုက်ရပြီ ဖြစ်ရာ ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် သူ့အတွက် နေရာတစ်နေရာ ရှိတော့မည် မဟုတ်ပေ။
သို့ဖြစ်၍ အရှင်သွေးလ ထံတွင် သစ္စာခံရန်အတွက် ကျန်းချန်၏ ဦးခေါင်းသည် သံသယဖြစ်ဖွယ်ရာ မရှိ အကောင်းမွန်ဆုံး လက်ဆောင်ပင် မဟုတ်ပါလော။
ထို့ကြောင့် ရှန်းယွမ်ဟိုင်သည် အချိန်ဖြုန်းရန် ရည်ရွယ်ချက်မရှိခဲ့ဘဲ ကျန်းချန်ကို အလျင်အမြန် သတ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။
"အကြီးအကဲဖန်းက လျှို့ဝှက် အစီအစဥ်ရှိတယ် ဆိုပြီး ဘာလို့ အခုအချိန်အထိ မလှုပ်ရှားရသေးတာလဲ"
ရှန်းယွမ်ဟိုင်၏ တိုက်ခိုက်မှုကို ကြည့်ကာ ကျန်းချန်၏ စိတ်နှလုံးထဲတွင် ကူကယ်ရာမဲ့စွာဖြင့် မချိပြုံး ပြုံးလိုက်သည်။
ဤအချိန်တွင် သူ့အနေဖြင့် ရှန်းယွမ်ဟိုင်ကို သူသေကိုယ်သေတိုက်ခိုက်ရန်သာ တတ်နိုင်ခဲ့၏။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး သူ၏ စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်ကာ ရှန်းယွမ်ဟိုင်နှင့် တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်မှာပင် လေထုထဲတွင် ပြင်းထန်သော နေရာလွတ် လှုပ်ရှားမှုတစ်ခုကို ရုတ်တရက် ခံစားမိလိုက်သည်။
"ဝုန်း.."
ကျယ်လောင်သော ဆူညံသံတစ်သံ ထွက်ပေါ်လာပြီးနောက်တွင် ဧရာမ အနက်ရောင် အက်ကြောင်းတစ်ခုသည် ကောင်းကင်ယံတွင် ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
ထိုအက်ကြောင်းက ပေ၁၀၀၀ခန့် ရှည်လျားပြီး ဧရာမသားရဲ၏ ပါးစပ်ကဲ့သို့ပင် ဖြစ်နေခဲ့ကာ ရှန်းယွမ်ဟိုင် ထုတ်ဖော်လိုက်သည့် ဧရာမလက်သည်းကို ဝါးမျိုပစ်လိုက်သည်။
ရှန်းယွမ်ဟိုင်၏ တိုက်ခိုက်မှုကို ဝါးမျိုးပြီးနောက်တွင် အက်ကွဲကြောင်းသည် ကောင်းကင်ယံတွင် ဖြည်းဖြည်းချင်း ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။
ချက်ချင်းဆိုသလို ရိုးရှင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် လူငယ်လေးတစ်ယောက်သည် လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။
"ကုမင်.. လက်စသတ်တော့ မင်းဖြစ်နေတာကိုး"
ရုတ်တရက် ထွက်ပေါ်လာသည့် လူငယ်ကိုမြင်လျှင် ရှန်းယွမ်ဟိုင်၏ မျက်ဝန်းများသည် ကျဥ်းမြောင်းသွားခဲ့သည်။
ရှန်းယွမ်ဟိုင်သည် သူ၏ ရှေ့တွင် ရှိသည့် လူငယ်နှင့် မစိမ်းပေ။
ဆိုရလျှင် ကုမင်သည် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ ပါရမီရှင်တစ်ယောက် ဖြစ်ပြီး နဂါးအစောင့်အရှောက်များ ထဲတွင် နံပါတ်(၁)နေရာ၌ ရှိကာ နဂါးအစောင့်အရှောက် အားလုံး၏ ခေါင်းဆောင်လည်း ဖြစ်သည်။
ထိုကောင်လေးက တံခါးပိတ် ကျင့်ကြံ၍ ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို ထိုးဖောက်ရန် ကြိုးစားနေသူလည်းဖြစ်သည်။
ကြည့်ရသည်မှာ ကုမင်သည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို ထိုးဖောက်ပြီးပြီ ဖြစ်လောက်သည်။
ကုမင်၏ ပါရမီသည် အတော်လေး ထူးခြားသည်။
ထို့ကြောင့် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို ထိုးဖောက်လိုက်သည်နှင့် တစ်ပြိုင်နက် ကုမင်၏ တိုက်ခိုက်ရေးစွမ်းရည်သည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ထက်ပင် သေချာပေါက် ကျော်လွန်သွားခဲ့၏။
ထို့အပြင် နဂါးအစောင့်အရှောက်များ၏ ခေါင်းဆောင်အနေဖြင့် ကုမင်သည် အရှင်ကုလုံ၏ ယုံကြည်မှုကို ရရှိထားသူလည်းဖြစ်သည်။
အရှင်ကုလုံက ကုမင်ကို ထျန်းဖန်းနိုင်ငံဆီ စေလွှတ်ခဲ့ခြင်းမှာ သူ့အတွက် ရည်ရွယ်၍ စေလွှတ်ခြင်း ဖြစ်မည်ကိုပင် သူစိုးရိမ်နေမိသည်။
"နဂါးအစောင့်အရှောက် ခေါင်းဆောင် ကုမင်က ရုတ်တရက် ဘာလို့ရောက်လာရတာလဲ.. ဒါက အကြီးအကဲဖန်းရဲ့လျှို့ဝှက်အစီအစဥ်များလား"
အောက်ဘက်ရှိ ကျင်းချိုးရန်တို့လူစုသည် ခဏမျှ အံ့အားသင့်သွားခဲ့သည်။
သို့သော်လည်း သူတို့၏ မျက်နှာထက်တွင် စိုးရိမ်သောအမူအရာများ ဖြစ်ပေါ်လာခဲ့၏။
နဂါးအစောင့်အရှောက်ခေါင်းဆောင် ကုမင်သည် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အထွတ်အထိပ်ပါရမီရှင်တစ်ပါး ဖြစ်သော်လည်း ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ကျင့်ကြံသူသာ ဖြစ်သည်။
သို့ဖြစ်ရာ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ဖြစ်သည့် ရှန်းယွမ်ဟိုင်ကို ကိုင်တွယ်ရန်မှာ လွယ်ကူမည် မဟုတ်လောက်ပေ။
"ရှန်းယွမ်ဟိုင်.. အရှင်ကုလုံက ရှေးဟောင်းနဂါးမျိုးနွယ်စုအပေါ်မှာ မင်းမရိုးသားဘူး ဆိုတာကို ကြိုတင် ခန့်မှန်းမိခဲ့တယ်.. အရှင်ကုလုံ ခန့်မှန်းခဲ့တဲ့အတိုင်းပဲ မင်းက ရှေးဟောင်းနဂါးမျိုးနွယ်စုကို တကယ် သစ္စာဖောက်ခဲ့တယ်"
ကုမင်က ရှန်းယွမ်ဟိုင်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။
"ငါက ခေါင်းဆောင်ရဲ့အမိန့်နဲ့ ဒီမှာစောင့်ဆိုင်းနေခဲ့တာ အချိန်အတော်ကြာခဲ့ပြီ"
လေထုထဲတွင် ဝင့်ကြွားစွာရပ်နေသည့် ကုမင်ကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကုမင်၏ စကားအရ ကုမင်သည် ဖေးယွင်ခံတပ်၏ အပြင်ဘက်ရှိ လေထုထဲတွင် ပုန်းအောင်းနေသည်မှာ အချိန်အတော်ကြာရှိနေခဲ့ပြီ ဖြစ်ပုံရသည်။
ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ရှန်းယွမ်ဟိုင်အပါအဝင် လူတိုင်းသည် ကုမင်၏ တည်ရှိမှုကို သတိမပြုမိခဲ့ပေ။
အစောပိုင်းက ကုမင်သည် ရှန်းယွမ်ဟိုင်၏ တိုက်ကွက်ကိုရင်ဆိုင်ရန် နေရာလွတ်လမ်းစဥ် ဥပဒေသကို ထုတ်ဖော်ခဲ့သည်။
ကုမင်၏ နေရာလွတ်လမ်းစဥ် ဥပဒေသတွင် အောင်မြင်မှုသည် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်အထိ ရောက်ရှိနေသည်ကို ကျန်းချန် မြင်နိုင်ရန် မခက်ခဲခဲ့ပေ။
သို့သော်လည်း ကုမင်သည် သူကဲ့သို့ပင် ကောင်းကင်နတ်ဘုရားဒုတိယအဆင့်တွင်သာ ရှိနေသေး၏။
သို့ဖြစ်ရာ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ရှန်းယွမ်ဟိုင်ကို အမှန်တကယ် ကိုင်တွယ်နိုင်ပါမည်လော။
"ကုမင်.. အရှင်ကုလုံက နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေတဲ့မင်းကိုတောင် စေလွှတ်လိုက်မယ်လို့ ငါမထင်ထားခဲ့ဘူး"
ရှန်းယွမ်ဟိုင်က ကုမင်ကို ခပ်တင်းတင်း စိုက်ကြည့်ကာ ခနဲ့လိုက်သည်။
"မင်းလို ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်လောက်က ငါ့ကိုဟန့်တားနိုင်မယ်လို့ မင်းထင်နေလား"
အရှင်ကုလုံက ကျန်းချန်ကို ကာကွယ်ရန်အတွက် ကုမင်ကို စေလွှတ်လျှင်ပင် ဘာမှ ထူးခြားသွားလိမ့်မည် မဟုတ်ပေ။
ယခုအခါတွင် ရှေးဟောင်းနဂါး မျိုးနွယ်စုသည် သွေးလမင်းကုန်းမြေနှင့် ရင်ဆိုင်နေရ၍ အရှင်ကုလုံ၏ လက်ထဲတွင် ဝှက်ဖဲများ အလွန်တရာ နည်းပါးနေခဲ့သည်။
သူ၏ရှေ့ရှိ ကုမင်သည် အားမနည်းသော်လည်း သူနှင့်ရင်ဆိုင်ရန်မူ အနည်းငယ် လိုအပ်နေသေးသည် မဟုတ်ပါလော။
"ခေါင်းဆောင်က မင်းကို ရင်ဆိုင်ဖို့ ငါ့ကို စေလွှတ်လိုက်မှတော့ မင်းအတွက် လက်ဆောင်ကောင်းကောင်း မပြင်ဆင်ထားဘဲ နေပါ့မလား.. ရှန်းယွမ်ဟိုင်.. မင်းက ရှေးဟောင်းနဂါးမျိုးနွယ်စုကို သစ္စာဖောက်ခဲ့ပေမဲ့ ရှေးဟောင်းနဂါး မျိုးနွယ်စုအတွက် ဂုဏ်ဆောင်ပေးတာတွေ အများကြီးလုပ်ခဲ့တယ်.. ဒါကြောင့် လိမ်လိမ်မာမာ အဖမ်းခံမယ်ဆိုရင် ခေါင်းဆောင်က မင်းကို အသက်ရှင်ဖို့ အခွင့်အရေး ပေးထားတယ်.. မဟုတ်ရင်တော့ င့ါကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့"
ကုမင်က တည်ငြိမ်သော အမူအရာဖြင့် အေးစက်စက် ပြောလိုက်သည်။
"ဟမ့် မင်းလို ဒုတိယအဆင့် ကောင်းကင်နတ်ဘုရားလေးက ငါ့ကို ဘယ်လို ရင်ဆိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်"
ရှန်းယွမ်ဟိုင်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်၏ စွမ်းအားသည် တစ်ခဏ အတွင်းမှာပင် အင်အားအပြည့်အဝဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။
သူက ယနေ့တွင် ရှေးဟောင်းနဂါး မျိုးနွယ်စုကို သစ္စာဖောက်ခဲ့ပြီဖြစ်ရာ ရှေးဟောင်းနဂါး မျိုးနွယ်စုဆီ ပြန်သွားရန် မဖြစ်နိုင်တော့ပေ။
ယခုအခါတွင် သူ၏ တစ်ခုတည်းသော ရွေးချယ်မှုမှာ ကုမင်ကို သတ်ပစ်ပြီး သွေးလမင်းကုန်းမြေ ဆီသို့ သွားရောက်ကာ အရှင်သွေးလ ထံတွင် ခိုလှုံရန်သာ ဖြစ်သည်။
"မင်းကို အခွင့်အရေး ပေးခဲ့ပေမဲ့ မင်းက အတော်လေး ခေါင်းမာတာပဲ.. ဒါဆိုလည်း ငါ အားမနာတော့ဘူး"
ရှန်းယွမ်ဟိုင်က သူ့ကို အင်အားအကုန်အစင် ထုတ်သုံးကာ တိုက်ခိုက်လိုက်သည်ကိုမြင်လျှင် ကုမင်သည် ခေါင်းခါရမ်းလိုက်သည်။
မကြာခင်မှာပင် သူက လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ သူ၏လက်ဖဝါးထက်တွင် လျှို့ဝှက်ဆန်းကြယ်သော ရွှေရောင်ကျမ်းစာလိပ် တစ်လိပ် ထွက်ပေါ်လာခဲ့သည်။
"ဒါ.. ဒါက နယ်မြေနတ်ဘုရားရဲ့ အမိန့်ပြန်တမ်းပဲ"
ကုမင်၏ လက်ထဲတွင်ရှိနေသည့် ရွှေရောင်ကျမ်းစာလိပ်ကို မြင်လျှင် ရှန်းယွမ်ဟိုင်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ကုမင်၏ လက်ထဲတွင် အရှင်ကုလုံ ပေးအပ်ထားသည့် နယ်မြေနတ်ဘုရား၏ အမိန့်ပြန်တမ်း အမှန်တကယ်ပင်ရှိနေခဲ့သည်။
ရှန်းယွမ်ဟိုင်က ရုတ်တရက် ထိတ်လန့်သွားခဲ့ပြီး အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ သူ၏စွမ်းအားများကို ရုတ်သိမ်းကာ အဝေးသို့ ထွက်ပြေးသွားခဲ့သည်။
ရှင်းလင်းစွာဆိုရလျှင် နယ်မြေနတ်ဘုရား၏ အမိန့်ပြန်တမ်းတွင် နယ်မြေနတ်ဘုရား၏ စွမ်းအားများ ပါဝင်နေခဲ့၏။
ကောင်းကင်နတ်ဘုရားအဆင့်နှင့် နယ်မြေနတ်ဘုရားအဆင့်သည် အလွန်တရာပင် ခြားနားလှသည်။
ကောင်းကင်နတ်ဘုရားအဆင့်ကနေ နယ်မြေနတ်ဘုရားအဆင့်သို့ တက်လှမ်းရန်မှာ မကျော်လွှားနိုင်သည့် ချောက်ကမ်းပါးတစ်ခုကဲ့သို့ပင် ဖြစ်သည်။
ဆိုရလျှင် နယ်မြေနတ်ဘုရားသည် ကောင်းကင်နတ်ဘုရားထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်၏။
ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့် ကျင့်ကြံသူပင် နယ်မြေနတ်ဘုရား၏ အမိန့်ပြန်တမ်းအောက်တွင် ပုရွက်ဆိတ်များနှင့်မခြားပေ။
"မင်းထွက်ပြေးလို့ လွတ်မယ်များ ထင်နေလား.. ဘယ်လိုပဲဖြစ်ဖြစ် အရှင်ကုလုံရဲ့ နယ်မြေနတ်ဘုရားအမိန့်ပြန်တမ်းအောက်မှာ သေဆုံးရမှာဆိုတော့ မင်းဂုဏ်ယူလို့ရပြီ"
ကုမင်က ထိတ်လန့်တကြား ထွက်ပြေးသွားသော ရှန်းယွမ်ဟိုင်ကို မဲ့ပြုံးပြုံးကာ ကြည့်လိုက်သည်။
ထို့နောက်တွင် သူ၏လက်ထဲမှ ရွှေရောင်ကျမ်းစာလိပ်ကို လှုံ့ဆော်လိုက်ရာ ဆန်းကြယ်သော ရွှေရောင်စွမ်းအားတစ်ခုသည် စာလိပ်ထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုရွှေရောင်စွမ်းအားသည် လေထုထဲတွင် အရှင်ကုလုံ၏ ပုံရိပ်ကို စုစည်းလိုက်၏။
အရှင်ကုလုံ၏ ပုံရိပ်ကို စုဖွဲ့ပြီးသည်နှင့် တစ်ပြိုင်နက် သက်ရှိအရာအားလုံးကို ဖိနှိပ်နိုင်သော မြင့်မြတ်သည့် အရှိန်အဝါ တစ်ခုသည် ချက်ချင်းဆိုသလို လေထုထဲတွင် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။
ဖေးယွင်ခံတပ် ဧရိယာရှိ သက်ရှိအားလုံးသည် ထိုအရှိန်အဝါ၏ ဖိနှိပ်မှုအောက်တွင် ခန္ဓာကိုယ်များ တုန်ယင်သွားကြသည်။
ဤအရှိန်အဝါသည် ကောင်းကင်ဆန္ဒကို ကိုယ်စားပြုနေပုံရ၏။
ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် ထိုအရှိန်အဝါကြောင့် အသက်ရှူကျပ်သလိုမျိုး ခံစားခဲ့ရသည်။
"ရှေးဟောင်းနဂါး မျိုးနွယ်စုကို သစ္စာဖောက်တဲ့ကောင်.. သေစမ်း"
အရှင်ကုလုံ၏ ပုံရိပ်က ရှန်းယွမ်ဟိုင်ကို ထီမထင်ဟန်ဖြင့် လှမ်းကြည့်လိုက်သည်။
ထို့နောက်တွင် အမြင့်မြတ်ဆုံး စွမ်းအားများ ပါဝင်နေသည့် အေးစက်စက် အသံတစ်သံသည် ချက်ချင်းဆိုသလို ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
အရှင်ကုလုံ၏ စကားသံ ထွက်ပေါ်လာသည်နှင့် ထိတ်လန့်တကြား ထွက်ပြေးနေသာ ရှန်းယွမ်ဟိုင်သည် လေထုထဲတွင် ရုတ်တရက် အေးခဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အဆုံးမဲ့ ရွှေရောင်အလင်းတန်း တစ်ခုသည် လေဟာနယ်ထဲ၌ "သေ"ဟူသော စာလုံးအဖြစ် စုစည်းသွားခဲ့၏။
အခန်း(၁၆၇၀)ပြီး၏။
အခန်း(၁၆၇၁)
ထိုရွှေရောင်အလင်းတန်းက ရှန်းယွမ်ဟိုင်ဆီသို့ ဦးတည်လာရင်း လေထုထဲတွင် "သေ"ဟူသော စကားလုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုစကားလုံး ထွက်ပေါ်လာသည်နှင့် မိုင်၁၀၀၀ ပတ်လည်ရှိ အရာအားလုံးသည် ထိုစကားလုံး၏ အရှိန်အဝါအောက်သို့ ရောက်ရှိသွားခဲ့သည်။
ထို့အပြင် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူပင်လျှင် ထိုစကားလုံးကို တိုက်ရိုက်ကြည့်ရှုရန် မဝံ့ရဲခဲ့ပေ။
ယင်းမှာ ရိုးရှင်းသော "သေ"ဟူသည့် စကားလုံးတစ်လုံးသာ ဖြစ်သော်လည်း ရှေးသူတော်စင်များ၏ အားကောင်းသော အငွေ့အသက်များ ပါဝင်နေခဲ့ရာ ခုခံရန် မဖြစ်နိုင်ပေ။
ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ရှန်းယွမ်ဟိုင် ပင်လျှင် ထိုစကားလုံး၏ ဖိနှိပ်မှုအောက်တွင် မျက်စိတစ်မှိတ်အတွင်း လုံးဝ ဘာမှမကျန်ရှိတော့သည်အထိ ပြောင်းလဲသွားခဲ့သည်။
"ဒါက နယ်မြေနတ်ဘုရားရဲ့ စွမ်းအားလား"
ကုမင်က နယ်မြေနတ်ဘုရား၏ အမိန့်ပြန်တမ်းကို လှုံ့ဆော်လိုက်ပြီး ရှန်းယွမ်ဟိုင်ကို အလွယ်တကူ သတ်ဖြတ်လိုက်သည်ကိုမြင်လျှင် ကျန်းချန် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ကောင်းကင်နတ်ဘုရားအဆင့်သည် နယ်မြေနတ်ဘုရား၏ အမိန့်ပြန်တမ်းအောက်တွင် ပုရွက်ဆိတ်တစ်ကောင်နှင့် ဘာမှမခြားပေ။
ဆိုရလျှင် ထိုကဲ့သို့ စွမ်းအားမျိုးသည် ကောင်းကင်နတ်ဘုရားအဆင့်၏ အထက်တွင် တည်ရှိသော စွမ်းအား ဖြစ်သည်။
"အရှင်ကုလုံက ကုမင်တစ်ယောက်တည်း စေလွှတ်လိုက်တာ အံ့သြစရာမရှိတော့ဘူး.. လက်စသတ်တော့ ကုမင်ရဲ့လက်ထဲမှာ နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်း ရှိနေတာကိုး"
ကျင်းချိုးရန်က ခေါင်းခါရမ်းကာ တစ်ချက်ပြုံးလိုက်သည်။
သူက အမှန်တကယ်ပင် အစောပိုင်းက စိုးရိမ်နေခဲ့သည်။
သို့သော်လည်း အရှင်ကုလုံသည် ပြီးပြည့်စုံသော ပြင်ဆင်မှုများကို ပြုလုပ်ထားခဲ့၏။
"လခွမ်း.. ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
သူ၏ ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ရွှယ်ယင်သည် ချက်ချင်းဆိုသလို ထိတ်လန့်သွားခဲ့သည်။
ဤတစ်ကြိမ် ကျန်းချန်ကို သတ်ဖြတ်ရန်အတွက် ထျန်းဖန်းနိုင်ငံကို လာရာတွင် ရွှယ်ယင်သည် သူ့ကိုယ်သူ အကြွင်းမဲ့ ယုံကြည်မှုရှိခဲ့သည်။
ဆိုရလျှင် ရွှယ်ယင်သည် သူ၏ ခွန်အားနှင့် ပတ်သက်၍ အလွန်တရာ ယုံကြည်မှု ရှိသူ ဖြစ်၏။
ပြောနေစရာ မလိုလောက်အောင်ပင် သူ၏ဆရာသည် ရှန်းယွမ်ဟိုင် ကဲ့သို့ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ကိုပါ သူ၏ အစီအစဥ်တွင် ပါဝင်စေခဲ့သည် ဖြစ်ရာ အမှားအယွင်းရှိရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ပေ။
သို့ရာတွင် မမျှော်လင့်ဘဲ အဆုံးသတ်၌ သူက ရှုံးနိမ့်သွားခဲ့ရသည်။
သူကိုယ်တိုင်ပင် ကျန်းချန်၏ လက်ထဲတွင် ရှုံးနိမ့်ရုံသာမက ရှေးဟောင်းနဂါးမျိုးနွယ်စုမှ စတုတ္ထမြောက် ပုဂ္ဂိုလ် ဖြစ်သည့် ရှန်းယွမ်ဟိုင်သည်ပင် နယ်မြေနတ်ဘုရား၏ အမိန့်ပြန်တမ်းကြောင့် အသတ်ခံခဲ့ရ၏။
ယခုအခါ သူ့ဆရာ ဖြစ်သည့် အရှင်သွေးလသည် အရှင်ကုလုံနှင့် ကစားပွဲတွင် ထပ်မံ ရှုံးနိမ့်သွားခဲ့ပြန်ပြီ ဖြစ်သည်။
အရှင်ကုလုံသည် ရှန်းယွမ်ဟိုင်က ရှေးဟောင်းနဂါးမျိုးနွယ်စုကို သစ္စာဖောက်နိုင်မှန်း ကြိုတင်ခန့်မှန်းမိပုံရ၏။
ထို့ကြောင့်လည်း ရှန်းယွမ်ဟိုင်ကို စေလွှတ်ဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်လောက်သည်။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် အရှင်ကုလုံသည် ရှန်းယွမ်ဟိုင်၏ စိတ်ကို စမ်းသပ်ရန်အတွက် ဤကိစ္စကို အသုံးချခဲ့ခြင်းပင်။
ထို့အပြင် အရှင်ကုလုံသည် အမှားအယွင်း မရှိစေရန်အတွက် ကုမင်ကို နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်း ပေးအပ်၍ စေလွှတ်ကာ ထျန်းဖန်းနိုင်ငံတွင် အသင့်စောင့်ဆိုင်းစေခဲ့သည်။
"ဒီကနေ ပြန်သွားပြီး အခြေအနေတွေ အားလုံးကို ဆရာ့ဆီ အစီရင်ခံရမယ်"
ရွှယ်ယင်က လေးနက်သော အမူအရာဖြင့် အသက်ကို ခပ်ပြင်းပြင်းရှုလိုက်သည်။
ယခုအခါတွင် သူ၏ဝှက်ဖဲတစ်ချပ် ဖြစ်သည့် ရှန်းယွမ်ဟိုင်သည် နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကြောင့် သုတ်သင်ခံခဲ့ရသည်။
သူ၏ လက်ရှိအခြေအနေဖြင့်ဆိုလျှင် ကျန်းချန်တစ်ယောက်တည်းကိုပင် ရင်ဆိုင်ဖို့ ခက်ခဲနေသည်ဖြစ်ရာ ကုမင်ကိုပါ ထည့်တွက်လိုက်လျှင် ဆိုဖွယ်ရာ မရှိတော့ပေ။
ရွှယ်ယင်က အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ သူ့ဆရာ အရှင်သွေးလ ပေးအပ်ထားသည့် နယ်မြေနတ်ဘုရား ဆံပင်ကို တိုက်ရိုက်ပင် ထုတ်ယူလိုက်သည်။
အရှင်သွေးလက နယ်မြေနတ်ဘုရားဆံပင်ကို သူ့ကို ပေးအပ်ထားသည်မှာ နှစ်ပေါင်းမည်မျှ ရှိမှန်းပင် မသိတော့ပေ။
သူ့ဘဝ တစ်လျှောက်လုံးတွင် ရွှယ်ယင်သည် နယ်မြေနတ်ဘုရားဆံပင်ကို တစ်ခါမှ အသုံးမပြုခဲ့ဖူးချေ။
ဤတစ်ကြိမ်တွင်တော့ သူက မဖြစ်မနေ အသုံးပြုရပေတော့မည်။
ရွှယ်ယင်က နယ်မြေနတ်ဘုရားဆံပင်ကို ထုတ်ယူလိုက်သည်ကို မြင်လျှင် ကျန်းချန်သည် ဆက်လက် တိုက်ခိုက်ချင်စိတ် မရှိတော့ပေ။
နယ်မြေနတ်ဘုရားဆံပင်တွင် ကိန်းအောင်းနေသော စွမ်းအားသည် ကုမင် အစောပိုင်းက ထုတ်သုံးလိုက်သော နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းနှင့် အဆင့်တူနီးပါး ရှိ၏။
ကုမင်ထံတွင် နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်း နောက်တစ်ခု မရှိသရွေ့ သူတို့အနေဖြင့် ရွှယ်ယင်ကို တားဆီးရန်အခွင့်အရေး ရှိမည် မဟုတ်ပေ။
"ကျန်းချန်.. အရှင်ကုလုံက ငါ့ကို နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်း တစ်ခုပဲ ပေးထားတယ်.. ငါလည်း ဘာမှမတတ်နိုင်ဘူး"
ကျန်းချန်၏ အကြည့်မှ အဓိပ္ပါယ်ကို ခံစားမိလျှင် ကုမင်က ပခုံးတွန့်ပြကာ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်၏။
ယင်းနောက်တွင်မူ ရွှယ်ယင်သည် နယ်မြေနတ်ဘုရားဆံပင်ကို အသုံးပြုကာ သူတို့ရှေ့ကနေ လုံးဝပျောက်ကွယ်သွားခဲ့သည်။
-----------------------
တစ်ချိန်တည်းမှာပင် ဖန်းလုံခံတပ် အပြင်ဘက်ရှိ ပေ၁၀၀၀ မြင့်သော လေထုအထက်တွင် အရှင်ကုလုံနှင့် အရှင်သွေးလတို့သည် တစ်ယောက်နှင့်တစ်ယောက် လေထဲတွင် မျက်နှာချင်းဆိုင် ရှိနေခဲ့ကြသည်။
သူတို့ရှေ့ရှိ မိုင်၁၀၀ ဟင်းလင်းပြင်သည် ကြီးမားသော စစ်တုရင်ခုံ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
နယ်မြေနတ်ဘုရား၂ပါးက ဟင်းလင်းပြင်ကို စစ်တုရင်ခုံ အဖြစ် အသုံးပြုကာ ကစားနေကြ၏။
"ကုလုံ မင်းဒီကစားပွဲမှာ ကျရှုံးတော့မယ်.. မင်းရဲ့ ဒီနယ်ရုပ် ကျဆုံးသွားတာနဲ့ မင်းရဲ့ စစ်ဘုရင်အရုပ်အားလုံးက သေဆုံးသွားလိမ့်မယ်"
အရှင်သွေးလက အေးစက်စက် ရေရွတ်လိုက်သည်။
ထို့နောက်တွင် ချက်ချင်းဆိုသလို သူ၏ လက်ချောင်းကို လှုပ်ရှားကာ အနက်ရောင်စစ်တုရင် ရုပ်တစ်ရုပ်ကို ရွှေ့လိုက်၏။
"သွေးလ မင်းထင်သလို ဖြစ်မှာမဟုတ်ဘူး"
အရှင်ကုလုံက ပေါ့ပါးစွာ ပြောလိုက်သည်။
"မင်းတွေ့နေရတဲ့ အားနည်းချက်က တကယ့် အားနည်းချက်အစစ်မဟုတ်ဘူး.. ဒီနတ်ဘုရားက မင်းကို ထောင်ချောက်ဆင်ထားတာပဲ"
အရှင်ကုလုံက ခပ်ထေ့ထေ့ ရယ်မောကာ ပြောလိုက်ပြီးနောက်တွင် သူ၏ လက်ချောင်းကို လှုပ်ရှားကာ အဖြူရောင် စစ်တုရင်ရုပ်ကို ရွှေ့လိုက်သည်။
တစ်ခဏအတွင်းမှာပင် စစ်တုရင်ခုံပေါ်မှ အခြေအနေသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့၏။
ယင်းနောက်တွင် ရှုံးနိမ့်တော့မည်ဟု ထင်ရသည့် အရှင်ကုလုံသည် ချက်ချင်းဆိုသလို အသာစီးရသွားခဲ့သည်။
"ကုလုံ မင်းမှာ ဒီလို အစီအစဥ်မျိုး ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
အရှင်သွေးလ၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။
ယင်းနောက်တွင် သတ်ဖြတ်လိုသော လေသံဖြင့် ပြောလိုက်၏။
"ဒါပေမဲ့ လက်တွေ့ အခြေအနေမှာတော့ မင်းအနေနဲ့ ကစားပွဲကို ပြောင်းပြန်လှန်နိုင်လိမ့်မယ်လို့ ငါတကယ်မယုံဘူး"
စကား တပြောပြောဖြင့် သူတို့နှစ်ယောက်က စစ်တုရင်ကို စိတ်ပါလက်ပါ ကစားနေခဲ့ကြသည်။
အစပိုင်းတွင် အရှင်သွေးလသည် အရှင်ကုလုံကို သိသိသာသာပင် အသာစီးရခဲ့သည်။
သို့သော် တစ်စတစ်စဖြင့် အရှင်ကုလုံသည် အရှင်သွေးလကို ဖိအားပေးလာခဲ့ပြီး အဆုံးသတ်တွင် စစ်တုရင်ခုံ တစ်ခုလုံး၏ အခြေအနေသည် အရှင်ကုလုံ၏ ထိန်းချုပ်မှုအောက်သို့ လုံးဝ ရောက်ရှိသွားခဲ့သည်။
အရှင်ကုလုံက နောက်ဆုံးအကွက်ကို ရွှေ့ပြီးနောက်တွင် အရှင်သွေးလကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"သွေးလ.. မင်းဒီတစ်ပွဲ ငါ့ကို ရှုံးသွားပြီ"
"ဒါက စစ်တုရင်ကစားပွဲလေးပါပဲ.. ရှုံးနိမ့်သွားတော့ရော ဘာဖြစ်မှာမို့လို့လဲ"
အရှင်သွေးလက သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ စစ်တုရင်ခုံသည် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားခဲ့သည်။
"ဒီကမ္ဘာထဲမှာ ရှိတဲ့ အရာအားလုံးက စစ်တုရင် ကစားပွဲတစ်ခုလိုပဲ...တချို့လူတွေက ကောင်းကင်နဲ့မြေကြီးကို စစ်တုရင်အဖြစ် အသုံးပြုကြတယ်.. တချို့တွေကတော့ သက်ရှိတွေကို စစ်တုရင်အဖြစ် အသုံးပြုကြတယ်.. တစ်ခုတည်းသောကွာခြားချက်က စစ်တုရင်သမားတွေရဲ့ အသုံးချပုံ ကွဲပြားမှုပဲ.. ဒါ့အပြင် မင်းနဲ့ငါ့ရဲ့ ကြားက တိုက်ပွဲက နယ်မြေနှစ်ခုကြားက စစ်တုရင်ကစားပွဲ တစ်ခုပဲ"
အရှင်ကုလုံက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
ထိုအချိန်တွင် အရှင်သွေးလ၏ မျက်ဝန်းထဲတွင် သွေးရောင်အလင်းများ ဖျတ်ခနဲ လက်သွားခဲ့၏။
ထို့နောက် သူက ခနဲ့၍ ပြောလိုက်၏။
"ငါက စစ်တုရင်ကစားရာမှာ မင်းကို ရှုံးနိမ့်သွားပေမဲ့ တကယ့် အပြင်ဘက်မှာတော့ ရှုံးနိမ့်မယ်လို့ မဆိုလိုဘူးလေ"
သို့ရာတွင် အရှင်သွေးလ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူတို့နှင့် အလွန်ရင်းနှီးသော နေရာလွတ် လှုပ်ရှားမှုတစ်ခုသည် လေထုထဲတွင် ဖြစ်ပေါ်လာခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် အရှင်သွေးလ၏ မျက်နှာသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ သုန်မှုန်သွားခဲ့သည်။
ဤသည်မှာ သူ ပေးအပ်ထားသည့် နယ်မြေနတ်ဘုရားဆံပင်၏ စွမ်းအားကြောင့် ဖြစ်သည် မဟုတ်ပါလား။
အရှင်သွေးလ ထံတွင် တပည့်၉ယောက်ရှိသော်လည်း တပည့်တိုင်းတွင် နယ်မြေနတ်ဘုရားဆံပင် ကဲ့သို့ အသက်ကယ်ဝှက်ဖဲမျိုး မရှိကြပေ။
သူက သူ၏ တပည့်၉ယောက် ထဲတွင် ၃ယောက်တည်းကိုသာ နယ်မြေနတ်ဘုရားဆံပင် ပေးအပ်ထားခဲ့သည်။
ထိုသုံးယောက်ထဲမှ ဆဋ္ဌမတပည့် ထူယွမ်သည် နယ်မြေနတ်ဘုရားဆံပင်ကို လွန်ခဲ့သည့် တစ်ခေါက်က အသုံးပြုခဲ့ပြီးပြီဖြစ်သည်။
တစ်ခြား၂ယောက်တွင် တစ်ယောက်မှာ ယခု သူ၏ အနောက်တွင် ရပ်နေခဲ့၏။
ထို့ကြောင့် ကျန်းချန်ကို သတ်ဖြတ်ရန် ထျန်းဖန်းနိုင်ငံဆီ စေလွှတ်လိုက်သည့် ရွှယ်ယင် တစ်ယောက်သာလျှင် ကျန်ရှိတော့သည်။
တစ်နည်းအားဖြင့် ပြောရလျှင် နယ်မြေနတ်ဘုရား ဆံပင်ကို အသုံးပြု၍ ထွက်ပြေးခဲ့သူသည် ရွှယ်ယင် ဖြစ်မည်မှာ သေချာသလောက်ပင်။
ထျန်းဖန်းနိုင်ငံတွင် ကျန်းချန်ကို သတ်ဖြတ်ရန်အတွက် သူ၏ အစီအစဥ်က ကျရှုံးသွားလိမ့်မည်ဟု အရှင်သွေးလ မထင်ထားခဲ့ပေ။
ကျန်းချန်သာ သေဆုံးသွားလျှင် ဤတစ်ခေါက် စစ်ပွဲတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်လာနိုင်ပေသည်။
မည်သို့ပင် ဆိုစေကာမူ သူက အရှင်ကုလုံ၏ လက်ထဲတွင် ထပ်မံ၍ ရှုံးနိမ့်သွားခဲ့ရသည်။
အခန်း(၁၆၇၁)ပြီး၏။