အခန်း (၁၆၇၂-၁၆၇၄)
Vol. 112 Ch. 1672-1674
အခန်း(၁၆၇၂)
"နောက်ဆုံးတော့ ရလဒ်ထွက်ခဲ့ပြီပေါ့"
အရှင်ကုလုံက လေထုထဲမှ နေရာလွတ် လှုပ်ရှားမှုကို ကြည့်လိုက်သည်။
ထို့နောက်တွင် သူ၏ မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ရွှယ်ယင်က နယ်မြေနတ်ဘုရား ဆံပင်ကို အသုံးပြုပြီး ထွက်ပြေးသွားခဲ့သည်။
ယင်းကပင် သူ့ဘက်က အသာစီးရသွားကြောင်း သက်သေပြနေသည် မဟုတ်ပါလော။
ဤတစ်ကြိမ်တွင် အရှင်သွေးလ၏ ကျန်းချန်ကို သတ်ဖြတ်မည့် အစီအရင်သည် လုံးဝ ကျရှုံးသွားခဲ့၏။
နှစ်ဖက်စလုံးမှ လူတိုင်း၏ အကြည့်အောက်မှာပင် သွေးရောင်ပုံရိပ် တစ်ခုသည် နေရာလွတ်ထဲကနေ ထွက်ပေါ်လာခဲ့သည်။
ထိုပုံရိပ်က ခန္ဓာကိုယ်တစ်ခုလုံး ဖြူဖျော့နေပြီး သွေးအလိမ်းလိမ်းဖြစ်နေသော လူငယ်တစ်ယောက် ဖြစ်သည်။
ထိုသူက တခြားသူမဟုတ်ပေ။
အရှင်သွေးလ၏ တပည့်ကြီး ရွှယ်ယင်ပင် ဖြစ်၏။
"ရွှယ်ယင် ဒါဘယ်လိုဖြစ်ရတာလဲ.. ငါ မင်းအတွက် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ရှန်းယွမ်ဟိုင်ကို ဝှက်ဖဲတစ်ချပ် အနေနဲ့ ပြင်ဆင်ပေးခဲ့တာတောင် မင်းက ဘာလို့ရှုံးနိမ့်သွားရတာလဲ"
သူ၏ရှေ့တွင် ရှိနေသည့် ရွှယ်ယင်ကို ကြည့်ကာ အရှင်သွေးလ၏ အေးစက်စက် အသံသည် ရွှယ်ယင်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
ရွှယ်ယင်က သူ့ဆရာ၏ မေးခွန်းကို လျစ်လျူမရှုဝံ့ဘဲ ထျန်းဖန်းနိုင်ငံတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အားလုံးကို အရှင်သွေးလထံ အလျင်အမြန်ပင် အသိပေးလိုက်သည်။
သူပျိုးထောင်ခဲ့သည့် ရွှယ်ယင်က ကျန်းချန်ကို မယှဥ်နိုင်မှန်း ကြားလိုက်ရသောအခါ အရှင်သွေးလ၏ မျက်နှာသည် သုန်မှုန်လာခဲ့သည်။
ထို့အပြင် အရှင်ကုလုံက တပည့်တစ်ယောက်ကို စေလွှတ်ကာ နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကို အသုံးပြုပြီး ရှန်းယွမ်ဟိုင်အား သတ်ဖြတ်ခဲ့သည့် အကြောင်းကို ကြားလျှင် အရှင်သွေးလ၏ အမူအရာသည် ပို၍ပင် သုန်မှုန်သွားခဲ့၏။
သူက ရှေးဟောင်းနဂါး မျိုးနွယ်စု၏ နဂါးအစောင့်အရှောက်တစ်ဦး ဖြစ်သော ကျွမ်းရှန့်ယန်နှင့် လျှို့ဝှက်ပူးပေါင်းခဲ့ပြီး ကျန်းချန်ကို သတ်ဖြတ်ရန်အတွက် အသေးစိတ် ပြင်ဆင်ခဲ့သည်။
သို့သော်လည်း ယင်းကဲ့သို့ ပြင်ဆင်ထားသည့်တိုင် ကျန်းချန်ကိုသတ်ဖြတ်မည့် အစီအစဥ်သည် ကျရှုံးနေဆဲပင်။
ဤနောက်ပိုင်းတွင် ကျန်းချန်ကို သတ်ဖြတ်ရန်က ယခုထက်ပင် ပို၍ ခက်ခဲလာလိမ့်မည်ကို သူ စိုးရိမ်နေမိသည်။
"ကုလုံ ဒီတစ်ကြိမ်တော့ မင်းကံကောင်းသွားတယ်.. ဒါပေမဲ့ မင်းငါ့ကို စောင့်နေပါ.. ဒီနတ်ဘုရားက သိပ်မကြာခင် ပြန်လာခဲ့မယ်"
အရှင်သွေးလက အရှင်ကုလုံကို ဒေါသရိပ်လွှမ်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
သူ၏မျက်ဝန်းတွင် ပြင်းထန်သော အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။
ဤတစ်ကြိမ် သူက ရှေးဟောင်းနဂါးကုန်းမြေကို တိုက်ခိုက်ရာတွင် ရှေးဟောင်းနဂါးကုန်းမြေဘက်ကနေ အနှိုင်းမဲ့ပါရမီရှင်တစ်ဦး မွေးဖွားလာခဲ့သည်။
ထိုပါရမီရှင်က သူတို့ဘက်မှ ကောင်းကင်နတ်ဘုရား ၈ပါးကို သတ်ဖြတ်ပစ်ခဲ့သည်။
သူ့အနေဖြင့် ဆက်လက် တိုက်ခိုက်နေလျှင်လည်း ရှေးဟောင်းနဂါးကုန်းမြေကို အသာစီးရယူနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် တိုက်ပွဲကို ဆက်လက် ဆင်နွှဲနေခြင်းသည် အဓိပ္ပါယ်မရှိမှန်း သိသာနေခဲ့သည်။
အရှင်သွေးလက သွေးလမင်းကုန်းမြေသို့ အရင်ပြန်ကာ အစီအစဥ်ဆွဲရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင် အချိန်ကြာကြာဆွဲထား၍ မဖြစ်ပေ။
အကြောင်းရင်းမှာ ကျန်းချန်ဟု ခေါ်သော ကောင်လေးသည် အမှန်တကယ်ပင် ပါရမီ ထူးကဲလှသောကြောင့်ပင်။
ထိုကောင်လေး၏ ကြီးထွားမှုနှုန်းသည် သူပင် စိုးရိမ်ရသော အနေအထားတွင် ရှိသည်။
ဆိုရလျှင် ထိုကောင်လေးသည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ဖြင့်ပင် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူကို အနိုင်ယူခဲ့၏။
သူသာ ထိုကောင်လေးကို ကြီးထွားခွင့်ပေးမိလျှင် ထိုကောင်လေးသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကိုပင် ရောက်ရှိသွားနိုင်ပြီး နယ်မြေနတ်ဘုရားတစ်ပါးဖြစ်လာရန်ပင် မဖြစ်နိုင်ဟု ပြော၍မရပေ။
ထိုကောင်လေးသာ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်သွားသည်နှင့် ရှေးဟောင်းနဂါးကုန်းမြေတွင် နယ်မြေနတ်ဘုရားနှစ်ပါး ပိုင်ဆိုင်သွားလိမ့်မည် ဖြစ်၏။
ထိုအချိန်သို့ရောက်လျှင် သူ၏ သွေးလမင်းကုန်းမြေသည် ပျက်စီးဖို့ သိပ်မဝေးတော့ပေ။
အရှင်ကုလုံက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"သွေးလ. ငါ့ရဲ့ ရှေးဟောင်းနဂါးကုန်းမြေက မင်းခြယ်လှယ်ချင်တိုင်း ခြယ်လှယ်လို့ရတဲ့ နေရာမဟုတ်ဘူးလို့ ငါပြောခဲ့သားပဲ"
"ဟမ့်.. ကုလုံ မင်းဒီတစ်ခေါက် အနိုင်ရတယ်"
အရှင်သွေးလက နှာခေါင်းရှုံ့ပြီး အေးစက်စက် ပြောလိုက်သည်။
ထို့နောက်တွင် သွေးလမင်းကုန်းမြေမှ ကျင့်ကြံသူများနှင့်အတူ ကောင်းကင်ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့၏။
"ငါတို့ဘက်က အနိုင်ရသွားပြီလား"
"ဒီတစ်ကြိမ်လည်း မမျှော်လင့်ဘဲ သွေးလမင်းကုန်းမြေက ရှုံးနိမ့်သွားရပြန်ပြီ"
"............."
ရှေးဟောင်းနဂါးမျိုးနွယ်စုမှ ကျင့်ကြံသူများစွာသည် ထိုမြင်ကွင်းကို မြင်လျှင် စိတ်လှုပ်ရှားကာ ရေရွတ်လိုက်ကြသည်။
"ဒီတိုက်ပွဲမှာ ကျေးဇူးတင်ရမှာက ကျန်းချန်ပဲ.. သူသာ ရှေးဟောင်းနဂါးကုန်းမြေမှာ မရှိခဲ့ရင် ဒီစစ်ပွဲမှာ ငါတို့ရှေးဟောင်းနဂါးမျိုးနွယ်စု အနေနဲ့ အခြေအနေ ကောင်းနိုင်မှာမဟုတ်ဘူး"
ဖန်းချင်းယွမ်က သက်ပြင်းချကာ ရေရွတ်လိုက်သည်။
ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲသို့ ကျန်းချန်ဝင်ရောက်သောအခါတွင် သူက ကျန်းချန်ကို စကားတစ်ခွန်း ပြောခဲ့သည်။
ယင်းမှာ အနာဂတ်တွင် ရှေးဟောင်းနဂါး မျိုးနွယ်စုသည် ကျန်းချန်အပေါ်တွင် အားကိုးရလိမ့်မည် ဟူ၍ ဖြစ်၏။
သို့သော်လည်း ထိုနေ့က ဤမျှလောက် မြန်မြန်ဆန်ဆန် ရောက်ရှိလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ဟားဟား.. ကျန်းချန်က ဘုရားသခင်ကနေ ငါတို့ ရှေးဟောင်းနဂါးမျိုးနွယ်စုအတွက် ကောင်းချီးပေးထားတဲ့ လက်ဆောင်ပဲ"
အရှင်ကုလုံက ပြုံး၍ ပြောလိုက်သည်။
အမှန်တကယ်ပင် ဤတိုက်ပွဲ၏ အခြေအနေကို ကျန်းချန်က ပြောင်းပြန်လှန်ပေးခဲ့ခြင်း ဖြစ်သည်။
ကျန်းချန်သာ မရှိခဲ့လျှင် ထျန်းဖန်းနိုင်ငံသည် သေချာပေါက်ကျဆုံးသွားလိမ့်မည် ဖြစ်၏။
ထို့နောက်တွင် သွေးလမင်းကုန်းမြေသည် အရှေ့ပိုင်းဒေသကို လုံးဝ လက်လွှတ်ရမည်ဖြစ်ပြီး သွေးလမင်းကုန်းမြေမှ စစ်တပ်များကို အရှေ့ပိုင်းဒေသကနေ အတွင်းပိုင်းဆီသို့ စိမ့်ဝင်လာခြင်းအား ရင်ဆိုင်ရမည် ဖြစ်သည်။
ထိုအခြေအနေသို့ ရောက်လျှင် ရှေးဟောင်းနဂါးကုန်းမြေသည် အလွန်အမင်း အန္တရာယ်ရှိသွားလိမ့်မည် မဟုတ်ပါလား။
"သွားကြစို့.. ဒီတစ်ကြိမ်တော့ အရှင်သွေးလက အမှန်တကယ် တပ်ဆုတ်ပြီထင်တယ်.. ဒီစစ်ပွဲက ယာယီတော့ ပြီးဆုံးသွားခဲ့ပြီ"
ထိုစကားကို ပြောပြီးနောက်တွင် အရှင်ကုလုံသည် သူ၏လူများနှင့်အတူ လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်တို့ လူစုသည် ရွှယ်ယင်ကို တွန်းလှန်ပြီးနောက်တွင် ဖေးယွင်ခံတပ်တွင် ဆက်လက် နေထိုင်ခဲ့ကြပြီး ထွက်ခွာခြင်း မရှိခဲ့ကြပေ။
တစ်ရက် ကြာပြီးနောက်တွင် သွေးလမင်း ကုန်းမြေသည် ရှေးဟောင်းနဂါးကုန်းမြေကနေ လုံးဝ စွန့်ခွာသွားပြီ ဟူသော သတင်းကို အဆုံးသတ်တွင် သူတို့ ရရှိခဲ့သည်။
ဤသို့ဖြင့် ကုန်းမြေနှစ်ခုကြားရှိ စစ်ပွဲသည် ပြီးဆုံးသွားခဲ့၏။
ထိုအခါ ကျန်းချန်တို့ လူစုသည် ထျန်းဖန်းနိုင်ငံတွင် ဆက်လက် မနေတော့ဘဲ ထျန်းဖန်းဧကရာဇ်ကို နှုတ်ဆက်ကာ ရှေးဟောင်းနဂါးမျိုးနွယ်စု ဆီသို့ ပြန်လာခဲ့ကြသည်။
ရက်အနည်းငယ် ကြာပြီးနောက်တွင် ကျန်းချန်တို့သည် ကောင်းကင်နဂါးမြို့တော်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
ရွှေလင်းလုံက သူတို့ကို ကောင်းကင်နဂါးမြို့တော်၏ ဂိတ်ပေါက်ဝတွင် စောင့်ဆိုင်း၍ ကြိုဆိုခဲ့သည်။
ရွှေလင်းလုံသည် ကောင်းကင်နဂါးမြို့တော်မှ တပည့်များကို ထျန်းဖန်းနိုင်ငံသို့ စစ်ကူအဖြစ် စေလွှတ်လိုက်ရ၍ စိုးရိမ်နေခဲ့သည်။
သို့သော် စစ်ပွဲ၏ အရေးကြီးဆုံး အခြေအနေတွင် ကျန်းချန်သည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်သို့ တစ်ထိုင်တည်း တက်လှမ်းသွားခဲ့ပြီး သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားများကို သတ်ဖြတ်ကာ စစ်ပွဲတစ်ခုလုံး၏ အခြေအနေကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။
ယခုအခါတွင် ကျန်းချန်သည် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်၍ ရှန်လုံမြို့သို့ ဝင်ရောက်နိုင်တော့မည် ဖြစ်၏။
ထို့အပြင် ကျန်းချန်သည် သူမထက်ပင် ပို၍ အစွမ်းထက်နေခဲ့ပြီ ဖြစ်သည်။
ကျန်းချန်က ရွှေလင်းလုံကို စကားအနည်းငယ် ပြောကာ နှုတ်ဆက်ခဲ့သည်။
ထို့နောက်တွင် သူက လူတိုင်းကို နှုတ်ဆက်ကာ သူ၏ တောင်ထွတ် ဆီသို့ တန်းတန်းမတ်မတ် ပြန်သွားခဲ့သည်။
ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ပြီးလျှင် စည်းမျဥ်းအရ ရှန်လုံမြို့ကို တိုက်ရိုက် ဝင်ရောက်ခွင့်ရပြီဟု အစောပိုင်းကပင် ရွှေလင်းလုံက သူ့ကို ပြောခဲ့သည်။
ထို့ကြောင့် ရှန်လုံမြို့သို့ မဝင်ရောက်ခင် ကျန်းချန်သည် ကောင်းကင်နဂါး နန်းတော်ကို သွားရောက်ရန် စီစဥ်ထားခဲ့သည်။
သူ၏ လက်ရှိအင်အားဖြင့်ဆိုလျှင် ကောင်းကင်နဂါးနန်းတော်တွင် အချိန်ကြာမြင့်စွာ နေနိုင်မည်မှာ သေချာသလောက်ပင်။
ကောင်းကင်နဂါးနန်းတော်မှ ပေးအပ်ချီးမြှင့်သည့် ရှေးဟောင်းနဂါး သွေးအဆီအနှစ်သည် သူ၏ကျင့်ကြံခြင်းကို များစွာ အထောက်အကူ ပြုသဖြင့် ကျန်းချန်သည် မက်မောခဲ့သည်။
"ကျန်းချန်"
ကျန်းချန်က ဒသမတောင်ထွတ်သို့ ပျံသန်းလာသောအချိန်မှာပင် လေထုထဲကနေ အစိမ်းရောင်အလင်းတန်း တစ်ခုသည် ဆင်းသက်လာခဲ့ပြီး ကျန်းချန်၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ကျန်းချန်က သူ၏ရှေ့ကို ရောက်လာသည့် ပုံရိပ်ကို မြင်လျှင် အံ့အားသင့်သွားခဲ့သည်။
"အကြီးအကဲဖန်း.. ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ"
"ကောင်လေး ငါတို့ မတွေ့တဲ့ တစ်နှစ်ကျော်လေး အတွင်းမှာ မင်းက ဒီအဆင့်အထိ ကြီးထွားလာလိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး.. ဒီတစ်ကြိမ် စစ်ပွဲမှာ မင်းက ကြီးမားတဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တယ်.. ငါအခု ရောက်လာတာက အရှင်ကုလုံရဲ့အမိန့်နဲ့ မင်းကို လာခေါ်တာပဲ.. ငါဒီမှာ မင်းကို စောင့်နေတာ အတော်ကြာပြီ"
ဖန်းချင်းယွမ်က ကျန်းချန်ကို ပြုံး၍ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်က အနည်းငယ် တုံ့ဆိုင်းသွားခဲ့၏။
"အကြီးအကဲဖန်း.. ကျွန်တော် ကောင်းကင်နဂါးမြို့မှာ လုပ်ရမဲ့ကိစ္စတစ်ခု ရှိသေးတယ်"
"ရတယ် ငါဒီမှာမင်းကို စောင့်နေမယ်.. မင်း အေးအေးဆေးဆေး မင်းရဲ့ ကိစ္စတွေကို ပြီးပြတ်အောင် လုပ်ပြီးမှပဲ ငါ့ဆီကိုလာခဲ့ပါ"
ဖန်းချင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
"အခုအချိန်မှာ မင်းက ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ သူရဲကောင်း ဖြစ်သွားခဲ့ပြီ.. ဒီတစ်ကြိမ် မင်းသာ မရှိခဲ့ရင် ရှေးဟောင်းနဂါးကုန်းမြေက အကြီးအကျယ် ထိခိုက်ရလိမ့်မယ်.. အရှင်ကုလုံက နည်းနည်းလောက် ပိုပြီး စောင့်လိုက်ရလို့ မင်းကို ဘာမှ အပြစ်တင်မှာမဟုတ်ဘူး"
"အကြီးအကဲဖန်းရဲ့ စကားတွေက လေးနက်လွန်းနေပါပြီ.. ထျန်းဖန်းနိုင်ငံကို လက်လွှတ်ရရင်တောင် ရှေးဟောင်းနဂါးမျိုးနွယ်စု မရှုံးနိမ့်သရွေ့ ရှေးဟောင်းနဂါးကုန်းမြေက အကြီးအကျယ် မထိခိုက်လောက်ဘူး မဟုတ်လား"
"မင်းက ဒီတစ်ကြိမ် မင်းစွမ်းဆောင်ခဲ့တဲ့ အရာတွေကို လျှော့တွက်ထားတဲ့ပုံပဲ"
ဖန်းချင်းယွမ်က ခေါင်းကို ခါရမ်းကာ ပြောလိုက်သည်။
ထို့နောက်တွင် ကျန်းချန်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်၏။
"အရှင်သွေးလက ဘာလို့ စစ်ပွဲကို စတင်ပြီး ရှေးဟောင်းနဂါးကုန်းမြေကို ကျူးကျော်လဲ ဆိုတာ မင်းသိလား"
"ဒါက အရှင်ကုလုံ ပိုင်ဆိုင်ထားတဲ့ စွမ်းအားနဲ့ ဆက်စပ်နေတယ်လို့ အကြီးအကဲကျင်းချိုးရန် ဆီကတော့ ကျွန်တော်ကြားဖူးတယ်"
"အမှန်ပဲ.. အဲဒါက တကယ်တော့ နယ်မြေနတ်ဘုရား စွမ်းအားနဲ့ ဆက်စပ်နေတယ်"
ဖန်းချင်းယွမ်က လေးနက်စွာပြောလိုက်သည်။
"အတိအကျပြောရရင်တော့ အဲဒါက နယ်မြေနှလုံးသား မူလစွမ်အားနဲ့ သက်ဆိုင်နေတယ်"
အခန်း(၁၆၇၂)ပြီး၏။
အခန်း(၁၆၇၃)
"နယ်မြေ နှလုံးသား မူလစွမ်းအား"
ကျန်းချန် ရုတ်တရက် အံ့သြသွားခဲ့သည်။
နယ်မြေ နှလုံးသား မူလစွမ်းအားက မည်သည့်အရာမှန်း မသိသော်လည်း ၎င်းက သာမန်အရာတစ်ခု မဟုတ်မှန်း သူ ခပ်ရေးရေး ခံစားနိုင်ခဲ့သည်။
"နတ်ဘုရားနယ်မြေရဲ့ နယ်မြေ တစ်ခုစီမှာ အဓိက စွမ်းအားတစ်ခုစီ မွေးဖွားခဲ့ပြီး အဲဒီအဓိက စွမ်းအားကို နယ်မြေ နှလုံးသား မူလစွမ်းအားလို့ ခေါ်ကြတယ်"
"နယ်မြေ နှလုံးသား မူလစွမ်းအားက နယ်မြေ တစ်ခု တည်ရှိမှုရဲ့ အခြေခံပဲ"
"နယ်မြေ တစ်ခုက နယ်မြေ နှလုံးသား မူလစွမ်းအားကို ဆုံးရှုံးသွားပြီ ဆိုတာနဲ့ နယ်မြေ တစ်ခုလုံး ဆက်လက် တည်ရှိနိုင်တော့မှာ မဟုတ်ဘူး"
ဖန်းချင်းယွမ်က အလေးအနက် ရှင်းပြလိုက်သည်။
ထိုအခါ ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ် လက်သွားခဲ့ပြီး "ဒါဆိုရင် အရှင် သွေးလက နယ်မြေ နှလုံးသား မူလစွမ်းအား အတွက် ရှေးဟောင်းနဂါး ကုန်းမြေကို ကျူးကျော်ခဲ့တာပေါ့" ဟု မေးလိုက်သည်။
"အမှန်ပဲ"
ဖန်းချင်းယွမ်က ခေါင်းညိတ်လိုက်သည်။
ကျန်းချန်၏ လက်ရှိ အရည်အချင်းနှင့် အင်အားက နယ်မြေ နတ်ဘုရား အဆင့်၏ လျှို့ဝှက်ချက် တချို့ကို သိရှိရန် အရည်အချင်း ပြည့်မီနေပြီ ဖြစ်၏။
ယင်းကြောင့် ဖန်းချင်းယွမ်က ထိုအကြောင်းကို ဖုံးကွယ်ထားလိုခြင်း မရှိဘဲ ကျန်းချန်ကို ဆက်လက် ရှင်းပြခဲ့သည်။
ကောင်းကင် နတ်ဘုရား ဆဌမအဆင့်တွင် ကမ္ဘာ့စွမ်းအား ၆မျိုးကို ပေါင်းစပ်ကာ ခန္ဓာကိုယ်ထဲတွင် တကယ့် ကမ္ဘာတစ်ခု အဖြစ် ပြောင်းလဲနိုင်လျှင် နယ်မြေနတ်ဘုရား အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
ထို့အပြင် နယ်မြေ နတ်ဘုရား၏ စွမ်းအားသည် နယ်မြေနှလုံးသား မူလစွမ်းအား၏ တည်ရှိမှုကို ခံစားသိရှိနိုင်၏။
နယ်မြေ နှလုံးသား မူလစွမ်းအားက အသိအမှတ် ပြုလိုက်ပြီ ဆိုသည်နှင့် နယ်မြေ နတ်ဘုရားများသည် နယ်မြေ နှလုံးသား မူလစွမ်းအားကို တစ်စိတ်တစ်ပိုင်း ထိန်းချုပ်နိုင်မည် ဖြစ်သည်။
နယ်မြေ နှလုံးသား မူလစွမ်းအားသည် နယ်မြေ နတ်ဘုရားများ၏ ကျင့်ကြံခြင်း အမြန်နှုန်းကို အရှိန်မြှင့်တင်ပေးရုံသာမက နယ်မြေ နတ်ဘုရားများ၏ တိုက်ခိုက်ရေးစွမ်းအားကိုပါ များစွာ တိုးတက် ကောင်းမွန်စေ၏။
နယ်မြေ နှလုံးသား မူလစွမ်းအားကို ပိုင်ဆိုင်ထားသည့် နယ်မြေတွင် ရှိနေသ၍ ၎င်း၏ ကောင်းချီးကို ခံစားရသည့် နယ်မြေ နတ်ဘုရားသည် လုံးဝနီးပါး ရှုံးနိမ့်နိုင်မည် မဟုတ်ပေ။
အရှင် သွေးလနဲ့ အရှင်ကုလုံတို့ နှစ်ပါးစလုံးသည် နယ်မြေ နတ်ဘုရားများ ဖြစ်ပြီး အရှင် သွေးလက ပို၍ အားကောင်းသည်။
သို့သော် အရှင် သွေးလသည် အရှင် ကုလုံနဲ့ တိုက်ရိုက် တိုက်ခိုက်ရန် မဝံ့ခဲ့ပေ။
ယင်းမှာ အရှင်ကုလုံက ရှေးဟောင်းနဂါးကုန်းမြေမှ နယ်မြေ နှလုံးသား မူလစွမ်းအား၏ ကောင်းချီးကို ရရှိထား၍ ဖြစ်သည်။
ထို့ကြောင့်လည်း အရှင် သွေးလက အရှင်ကုလုံနှင့် တိုက်ရိုက် ရင်ဆိုင်ရန်ထက် ရှေးဟောင်းနဂါးကုန်းမြေကို ကျူးကျော်တိုက်ခိုက်မည့် အခွင့်အရေးကိုသာ စောင့်ဆိုင်းခဲ့သည်။
ရှေးဟောင်းနဂါး ကုန်းမြေ၏ တစ်စိတ်တစ်ပိုင်းကို သိမ်းပိုက်နိုင်သရွေ့ နယ်မြေ နတ်ဘုရားတစ်ပါး ဖြစ်သည့် အရှင် သွေးလသည် ထိုနယ်မြေကို ရှေးဟောင်းနဂါးကုန်းမြေကနေ ခွဲထုတ်နိုင်မည် ဖြစ်၏။
ရှေးဟောင်းနဂါးကုန်းမြေ၏ နယ်မြေ ကျုံ့သွားပြီဆိုလျှင် နယ်မြေ နှလုံးသား မူလစွမ်းအားကလည်း အားနည်းသွားပေလိမ့်မည်။
ဆိုရလျှင် အရှင် သွေးလသည် ရှေးဟောင်းနဂါး ကုန်းမြေကို ကျူးကျော်ခြင်းအားဖြင့် အရှင် ကုလုံကို တစ်စထက်တစ်စ အားနည်းအောင် လုပ်ချင်ခဲ့သည်။
ဤတစ်ကြိမ် စစ်ပွဲတွင် သွေးလမင်း ကုန်းမြေသည် ထျန်းဖန်း နိုင်ငံကို အမှန်တကယ် ထိုးဖောက်ပြီး ရှေးဟောင်းနဂါးကုန်းမြေ၏ အရှေ့ပိုင်းဒေသကိုသာ သိမ်းပိုက်လိုက်လျှင် အရှင်ကုလုံ၏ အင်အားသည် များစွာ အားနည်းသွားလိမ့်မည် ဖြစ်၏။
ထိုအခြေအနေသို့ ရောက်လျှင် ရှေးဟောင်းနဂါး ကုန်းမြေ တစ်ခုလုံးကို အရှင် သွေးလက တစ်စစီ ဖျက်ဆီးပစ်နိုင်ချေ ရှိသည်။
"စစ်ပွဲဖြစ်ပွားခဲ့တာက နယ်မြေ နှလုံးသား မူလစွမ်းအား အတွက်ကိုး"
ကျန်းချန်က ခဏမျှ စဉ်းစားလိုက်သည်။
သူက ရုတ်တရက် ကိစ္စတစ်ခုကို သတိရသွားခဲ့ပြီး သိလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
"ရှေးဟောင်းနဂါးကုန်းမြေသာ သွေးလမင်း ကုန်းမြေရဲ့ ဖျက်ဆီးခံခဲ့ရမယ်ဆိုရင် ဘာတွေ ဆက်ဖြစ်လာနိုင်လဲ"
"ရှေးဟောင်းနဂါးကုန်းမြေက ပျောက်ကွယ်သွားပြီး သွေးလမင်းကုန်းမြေနဲ့ ပေါင်းစည်းသွားလိမ့်မယ်.. ဒါ့အပြင် ပိုကြီးတဲ့ နယ်မြေ တစ်ခုကို ဖွဲ့စည်းသွားလိမ့်မယ်.. အဲဒီ နယ်မြေရဲ့ နယ်မြေနှလုံးသား မူလစွမ်းအားကလည်း အတော်လေး အားကောင်းလိမ့်မယ်"
"နယ်မြေက ပိုကြီးလေလေ နယ်မြေနှလုံးသား မူလစွမ်းအားက ပိုအားကောင်းလေလေပဲ.. ဒါ့အပြင် နယ်မြေထဲက ပတ်ဝန်းကျင်ကလည်း ကျင့်ကြံဖို့အတွက် ပိုကောင်းလာလိမ့်မယ်"
"ဒါက နတ်ဘုရားနယ်မြေမှာ အချို့သော အထူးနယ်မြေတွေက ပါရမီရှင်တွေ အများအပြား မွေးထုတ်နိုင်တဲ့ အကြောင်းရင်း တစ်ခုပဲ"
ဖန်းချင်းယွမ်က တည်ကြည်စွာ ပြောလိုက်သည်။
"ဒါဆိုရင် နယ်မြေ နှစ်ခု ပေါင်းစည်းတာက ဆိုးရွားတဲ့ ကိစ္စတစ်ခု မဟုတ်ဘူးပဲ"
ဖန်းချင်းယွမ်၏ စကားကို ကြားလျှင် ကျန်းချန်က တီးတိုးရေရွတ်လိုက်သည်။
ဖန်ချင်းယွမ်က ခေါင်းခါယမ်းလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်၏။
"မင်းပြောတာလည်း မမှားပါဘူး.. ဒါပေမဲ့ မင်းဆိုရင်ရော.. မင်း ပိုင်ဆိုင်ထားတဲ့ နယ်မြေနှလုံးသား မူလစွမ်းအားကို စွန့်လွှတ်ဖို့ ဆန္ဒရှိပါ့မလား"
ထိုစကားကို ကြားလိုက်သည့်အခါ ကျန်းချန်က သူ၏ ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းလိုက်သည်။
နယ်မြေ နှလုံးသား မူလစွမ်းအား၏ အခန်းကဏ္ဍသည် နယ်မြေ နတ်ဘုရားတစ်ပါး အတွက် အရေးပါသော အရာတစ်ခု ဖြစ်သည်မှာ သံသယဝင်စရာ မရှိပေ။
နတ်ဘုရားနယ်မြေတွင် နယ်မြေ နတ်ဘုရားများသည် နယ်မြေ နှလုံးသား မူလစွမ်းအားကို ရရှိရန် ကြိုးစားကြလေ့ ရှိသည်။
သူတို့က သူတို့ ထိန်းချုပ်ထားသည့် နယ်မြေ နှလုံးသား မူလစွမ်းအားကို ပို၍ အစွမ်းထက်စေရန် အတွက် စစ်ပွဲကို စတင်ဖို့ ဝန်လေးနေမည် မဟုတ်ပေ။
ဆိုရလျှင် နယ်မြေ နတ်ဘုရားများထဲတွင် မည်သူက ကိုယ် ပိုင်ဆိုင်ထားသည့် နယ်မြေ နှလုံးသား မူလစွမ်းအားကို ဆန္ဒအလျောက် လက်ဆင့်ကမ်းပေးပါမည်နည်း။
"နယ်မြေ နှလုံးသား မူလစွမ်းအားက လက်ရှိမှာ မင်း ထိတွေ့လို့ရတဲ့ စွမ်းအား မဟုတ်ဘူး.. ကောင်းကင်နဂါး မြို့တော်က ကိစ္စတွေကို အမြန်ဆုံး ဖြေရှင်းပြီးရင် ငါ့ဆီလာခဲ့ပါ"
ဖန်းချင်းယွမ်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး ခေါင်းစဉ်ကို တိုက်ရိုက် ပြောင်းလိုက်သည်။
"ကောင်းပြီ"
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ရွှယ်ချင်းရို့နှင့် မုန့်ဖျင် တို့ကို တိုက်ရိုက် ရှာဖွေကာ ၎င်းတို့၏ သဘောထားကို မေးမြန်းခဲ့သည်။
နှစ်ယောက်စလုံးက ဆန္ဒရှိသရွေ့ ကျန်းချန်သည် ၎င်းတို့ကို ရှန်လုံမြို့ဆီ ခေါ်သွားပြီး သူ၏ အိမ်တော်ကို ဆက်လက် စီမံခန့်ခွဲစေမည် ဖြစ်သည်။
ကျန်းချန်က ကောင်းကင်နတ်ဘုရားအဆင့် ထိုးဖောက်ခဲ့ပြီး ရှန်လုံမြို့ဆီ ဝင်တော့မည်ဟု ကြားလျှင် ရွှယ်ချင်းရို့တို့ နှစ်ယောက်လုံးသည် အိပ်မက်တစ်ခုလို ခံစားလိုက်ရ၏။
သူတို့က မြေကမ္ဘာနဂါး မြို့တော်သို့ ကျန်းချန် ရောက်လာကတည်းကပင် ကျန်းချန် နောက်ကို လိုက်ပါခဲ့ကြသည်။
တစ်နှစ်ကျော် ကြာခဲ့ပြီးနောက်တွင် ကျန်းချန်နှင့်အတူ ကောင်းကင်နဂါးမြို့ကို ပြောင်းရွှေ့ခဲ့ကြ၏။
သိပ်မကြာခင်မှာပင် ကျန်းချန်က မာန နဂါးအဆင့်တပည့် ဖြစ်လာခဲ့ပြီး သူတို့သည်လည်း အရှင်ကုလုံ ဖန်တီးပေးထားသည့် တောင်ထွတ်ဆီ ပြောင်းရွှေ့ခဲ့ကြသည်။
ယခု နှစ်အနည်းငယ် ကြာခဲ့ပြီးနောက်တွင် ကျန်းချန်သည် ကောင်းကင် နတ်ဘုရားနယ်ပယ် အဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီး ရှန်လုံမြို့ကို ဝင်ရောက်တော့မည် ဖြစ်၏။
သူတို့နှစ်ဦးသည် ရှန်လုံမြို့ဆီ ဝင်ရောက်ဖို့ အခွင့်အရေးရလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးပေ။
သူတို့အတွက်မူ ဤကဲ့သို့ အခွင့်အရေးမျိုးကို တွေ့ကြုံဖို့ဆိုသည်မှာ အလွန် ရှားပါးသော အရာတစ်ခု ဖြစ်သည်။
သို့ဖြစ်ရာ သူတို့ မည်ကဲ့သို့ ငြင်းပယ်နိုင်ပါမည်နည်း။
ရွှယ်ချင်းရို့တို့ နှစ်ယောက်ကို အသိပေးပြီးနောက်တွင်
ကျန်းချန်သည် ကောင်းကင်နဂါးနန်းတော် ဆီသို့ ထွက်လာခဲ့သည်။
"ဒီကောင်လေးက ကောင်းကင်နဂါးမြို့တော်က မထွက်ခွာခင် ကောင်းကင် နဂါးနန်းတော်ကို သွားဦးမယ် ထင်တယ်"
ဖန်းချင်းယွမ်က ကျန်းချန်၏ ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်ခဲ့၏။
"ဒီကောင်လေးက ကောင်းကင် နတ်ဘုရား ဒုတိယအဆင့်ကို ထိုးဖောက်ခဲ့ပြီးပြီ ဆိုပေမဲ့ တိုက်ခိုက်ရေး စွမ်းရည်က ကောင်းကင် နတ်ဘုရား စတုတ္ထအဆင့် နဲ့တောင် နှိုင်းယှဉ်နိုင်တယ်"
သိထားရမည့်အချက်မှာ ကောင်းကင်နဂါးနန်းတော်တွင် အသက်ရှူကြိမ် ငါးဆယ်ကြိမ်သာ ရှိသည်။
ထို့အပြင် အသက်ရှူကြိမ် ငါးဆယ်ကြိမ်မြောက်၌ ကောင်းကင်နတ်ဘုရား တတိယအဆင့်နှင့် ရင်ဆိုင်ရမည် ဖြစ်၏။
ကျန်းချန်ရဲ့ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားဖြင့် ဆိုလျှင် ကောင်းကင်နဂါးနန်းတော်ကို ရှင်းလင်းရန်မှာ ပြဿနာမရှိပေ။
ထို့ကြောင့် ကောင်းကင်နဂါးနန်းတော်တွင် တစ်ခါမှ မပေါ်ပေါက်ဖူးသည့် ကြောက်မက်ဖွယ်ကောင်းသော မှတ်တမ်းတစ်ခု ဖြစ်ပေါ်လာတော့မည်ဟု သူခန့်မှန်းမိခဲ့သည်။
တကယ်လည်း ဖန်းချင်းယွမ် မျှော်လင့်ထားသည့် အတိုင်းပင်။
ကျန်းချန်က ကောင်းကင်နဂါးနန်းတော်သို့ ဝင်သွားပြီး မကြာခင်မှာပင် ကောင်းကင်နဂါးနန်းတော်ကနေ တောက်ပသောအလင်းတန်းက ပေါက်ကွဲထွက်လာခဲ့ပြီး ကောင်းကင်ကို တိုက်ရိုက် ထိုးဖောက်သွားခဲ့သည်။
ထိုအလင်းတန်းသည် လူတစ်ယောက်က ကောင်းကင်နဂါးနန်းတော်ကို အောင်နိုင်ခဲ့မှန်း သက်သေပြနေခဲ့၏။
ဤသို့ဖြင့် ကျန်းချန်သည် ရှေးဟောင်းနဂါးကုန်းမြေကို တည်ထောင်ခဲ့သည့် အချိန်မှစ၍ ကောင်းကင်နဂါးနန်းတော်ကို ပထမဆုံးအကြိမ် အောင်မြင်သူ ဖြစ်လာခဲ့သည်။
"ဒီကောင်လေးက ရှန်လုံမြို့ကို မသွားခင် ကောင်းကင်နဂါးနန်းတော်ကို အနိုင်ယူခဲ့တာပဲ"
ကောင်းကင်နဂါးမြို့၏ အလယ်ဗဟိုရှိ ခြံဝင်းတစ်ခုထဲမှ ရွှေလင်းလုံသည် ကောင်းကင်နဂါးနန်းတော်ကနေ ပေါက်ကွဲထွက်လာသော အလင်းတန်းကို ငေးကြည့်ရင်း ရေရွတ်လိုက်သည်။
ကောင်းကင်နဂါးနန်းတော်ကို ရှင်းလင်းနိုင်ခြင်းသည် ကောင်းကင် နတ်ဘုရား တတိယအဆင့်ကို သတ်ဖြတ်ရန် စွမ်းအားရှိသည်ဟု ဆိုလိုပေသည်။
ယင်းကဲ့သို့ စွမ်းအားမျိုးသည် သူမထက် များစွာ ကျော်လွန်နေခဲ့ချေပြီ။
လွန်ခဲ့သည့် ဆယ်နှစ်တုန်းကမှ ရှေးဟောင်း နဂါးမျိုးနွယ်စုထဲကို ရောက်လာခဲ့သည့် ကောင်လေးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ လက်လှမ်းမမီနိုင်သည့် အမြင့်ကို ရောက်ရှိသွားခဲ့သည်။
ဤနေ့ပြီးနောက်တွင် ကျန်းချန်သည် ရှန်လုံမြို့ကို ဝင်ရောက်ပေလိမ့်မည်။
ကျန်းချန်၏ အရည်အချင်းဖြင့် ဆိုလျှင် ရှန်လုံမြို့ဆီ ဝင်ရောက်ပြီးနောက်၌ အင်အားက သေချာပေါက် ပို၍ မြန်ဆန်စွာ တိုးတက်လာလိမ့်မည် ဖြစ်သည်။
သိပ်မကြာခင် ရှေးဟောင်းနဂါးမျိုးနွယ်စုတွင် ကျန်းချန်ဟု ခေါ်သည့် စွမ်းအားကြီးမားသော ပုဂ္ဂိုလ် တစ်ယောက် ပေါ်ထွက်လာတော့မည်ကို သူမ ခံစားမိခဲ့၏။
အခန်း(၁၆၇၃) ပြီး၏
အခန်း(၁၆၇၄)
ရှန်လုံမြို့သည် ကောင်းကင်နဂါးမြို့၏ အထက် ကောင်းကင်ယံရှိ မိုင်တစ်သောင်း ကျယ်ပြောသည့်မြို့ ဖြစ်ပြီး ရှေးဟောင်းနဂါး မျိုးနွယ်စု၏ အဓိက အချက်အချာမြို့ ဖြစ်သည်။
ရှေးဟောင်းနဂါး မျိုးနွယ်စုမှ အကြီးအကဲ များစွာနှင့် အရည်အချင်းစစ် အကဲဖြတ်မှုကို အောင်မြင်ပြီး နဂါးအစောင့်အရှောက် အဖြစ် ရာထူး တိုးမြှင့်ခံရသည့် ထူးချွန်သော ပါရမီရှင် များစွာသည် ဤနေရာတွင် နေထိုင်ကြသည်။
ဤနေရာက ရှေးဟောင်းနဂါးကုန်းမြေ၏ ထိပ်တန်း အမွေအနှစ်နှင့် ကျင့်ကြံခြင်း အရင်းအမြစ်များ ရှိသည့်အပြင် ရေတွက်၍ မရနိုင်သော လူပေါင်း များစွာ၏ အိပ်မက်ထဲမှ မြင့်မြတ်သော ကျင့်ကြံခြင်း နယ်မြေလည်း ဖြစ်၏။
ရှန်လုံမြို့ကို အပြင်မြို့နှင့် အတွင်းမြို့ဟူ၍ နှစ်ပိုင်းခွဲထားသည်။
အပြင်မြို့သည် အရောင်းအဝယ်နှင့် ဆွေးနွေးပွဲများ ပြုလုပ်ရန်အတွက် အများဆိုင်နေရာ ဖြစ်သည်။
အတွင်းမြို့ကိုမူ အစောင့်အရှောက် နယ်မြေ၊ အကြီးအကဲနယ်မြေ နှင့် အဓိကနယ်မြေ ဟူ၍ ခွဲခြားထားသည်။
အစောင့်အရှောက် နယ်မြေသည် နဂါးအစောင့်အရှောက်များနေထိုင်သော နေရာ ဖြစ်သည်။
အကြီးအကဲနယ်မြေကမူ ရှေးဟောင်းနဂါး မျိုးနွယ်စုမှ အကြီးအကဲများ နေထိုင်သောနေရာ ဖြစ်သည်။
အဓိကနယ်မြေတွင်မူ အရှင်ကုလုံ တစ်ဦးတည်းသာ နေထိုင်သည်။
အဓိကနယ်မြေသည် အရှင်ကုလုံ နေထိုင်သော နေရာ ဖြစ်ရုံသာမက ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အဓိက အမွေအနှစ် နေရာလည်း ဖြစ်သည်။
ထိုနေရာရှိ အဆောက်အအုံတိုင်းကို ဝင်ရောက်နိုင်ရန် သတ်မှတ် အခြေအနေများနှင့် ကိုက်ညီရသည်။
အရည်အချင်း မပြည့်မီလျှင် ဝင်ရောက်နိုင်မည် မဟုတ်ပေ။
ဤအချိန်တွင် အဓိကနယ်မြေ၏ အလယ်ဗဟိုရှိ ရှေးဟောင်းအငွေ့အသက်များ ပျံ့လွင့်နေသော ကြီးမားသည့် ခြံဝင်းထဲတွင် ထူးခြားသော ပုံရိပ်သုံးခု ရှိနေခဲ့၏။
ထိုအထဲမှ နှစ်ဦးမှာ ကောင်းကင်နဂါးမြို့မှ ရှန်လုံမြို့သို့ ရောက်ရှိလာသော ကျန်းချန် နှင့် ဖန်းချင်းယွမ်တို့ ဖြစ်ကြသည်။
သူတို့ရှေ့ရှိ ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး နက်ရှိုင်းသော အရှိန်အဝါ ရှိသည့် ပုံရိပ်ကမူ ရှေးဟောင်းနဂါး မျိုးနွယ်စု၏ တစ်ဦးတည်းသော နယ်မြေ နတ်ဘုရားဖြစ်သည့် အရှင်ကုလုံ ဖြစ်သည်။
"ကျန်းချန်.. နောက်ဆုံးတော့ ငါတို့ တွေ့ကြပြီ.. နှစ်အနည်းငယ်အတွင်း မင်း ဒီအဆင့်အထိ တိုးတက်လာလိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့ဘူး"
"ဒီတစ်ကြိမ် စစ်ပွဲနဲ့ ပတ်သက်ပြီး ငါနတ်ဘုရားက ရှေးဟောင်းနဂါးကုန်းမြေ တစ်ခုလုံးကို ကိုယ်စားပြုပြီး မင်းကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားချင်တယ်"
အရှင်ကုလုံသည် သူ့ရှေ့တွင် ရပ်နေသော ကျန်းချန်ကို ကြည့်ကာ ပြုံးလိုက်သည်။
ကျန်းချန်က ရိုကျိုးစွာဖြင့် ပြောလိုက်သည်။
"အရှင်က ချီးကျူးလွန်းနေပါပြီ"
"ဟားဟား...ဒါက ချီးကျူးတာ မဟုတ်ပါဘူး.. ငါတို့ ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ နှစ်သန်းပေါင်းများစွာ သမိုင်းကို ကြည့်ရင်တောင် မင်းရဲ့ ပါရမီကို ယှဉ်နိုင်သူ တစ်ယောက်မှ မရှိဘူး"
"အရင်ကတော့ မင်း ရှန်လုံမြို့ကို ရောက်ရင် တပည့်အဖြစ် လက်ခံဖို့ စီစဉ်ထားခဲ့တာ.. ဒါပေမယ့် အခုတော့ မလိုအပ်တော့ဘူး ထင်တယ်"
အရှင်ကုလုံက ထိုစကားကို ပြောလိုက်ပြီးနောက် သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ရွှေရောင် တံဆိပ်ပြား တစ်ခုသည် ကျန်းချန် ရှေ့တွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
ကျန်းချန်က ခဏမျှ အံ့အားသင့်ကာ မေးလိုက်၏။
"အရှင် ဒါက.."
"ဒါက ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ အကြီးအကဲ တံဆိပ်ပြားပဲ.. အကြီးအကဲ တံဆိပ်ပြားမှာ ရွှေ၊ ငွေ၊ ကြေးဆိုပြီး သုံးမျိုး ရှိတယ်.. ဒီရွှေရောင်တံဆိပ်ပြားက ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ အမြင့်ဆုံးအဆင့် အကြီးအကဲရာထူးကို ကိုယ်စားပြုတယ်"
အရှင်ကုလုံက ပြုံး၍ ပြောလိုက်သည်။
"အခုကစပြီး မင်းက ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ ရွှေနဂါးအဆင့် အကြီးအကဲ ဖြစ်သွားပြီ"
ကောင်းကင်နဂါးမြို့၏ မာန နဂါးအဆင့် တပည့် အဖြစ် ရာထူးတိုးမြှင့်ချိန်ကတည်းကပင် အရှင်ကုလုံသည် ကျန်းချန်ကို သတိထားမိခဲ့သည်။
မူလက အရှင်ကုလုံသည် ကျန်းချန်ကို ကောင်းကင်နဂါးမြို့တွင် အချိန်ကာလတစ်ခု အထိ ကျင့်ကြံစေရန် ရည်ရွယ်ခဲ့ပြီး ရှန်လုံမြို့သို့ ဝင်ရောက်ပြီးမှသာ တပည့်အဖြစ် လက်ခံရန် ရည်ရွယ်ထားခဲ့သည်။
သို့သော် နှစ်အနည်းငယ်အတွင်း ကျန်းချန်က ဤအဆင့်အထိ တိုးတက်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ကျန်းချန်က ကောင်းကင်ဘုံနတ်ဘုရား ဒုတိယအဆင့်သာ ဖြစ်သော်လည်း ကောင်းကင်ဘုံနတ်ဘုရား စတုတ္ထအဆင့်ထက် တိုက်ခိုက်ရေး စွမ်းရည် အားမနည်းပေ။
ကျန်းချန် ပြသထားသော ခွန်အားနှင့် အရည်အချင်းအရ တပည့်အဖြစ် လက်ခံရန် မသင့်တော်တော့သည်မှာ ထင်ရှား၏။
ထို့အပြင် အနှိုင်းမဲ့နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်သည့် ကျန်းချန်ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးသည် သေးငယ်သော ရှေးဟောင်းနဂါးကုန်းမြေလောက်ဖြင် ကန့်သတ်ခံရမည့်သူ မဟုတ်ပေ။
သူက ကျန်းချန်ကို ရှေးဟောင်းနဂါးမျိုးနွယ်စုကို ဆက်ခံစေလိုလျှင်ပင် ကျန်းချန်သည် စိတ်ဝင်စားလိမ့်မည် မဟုတ်ချေ။
မကြာမီမှာပင် ကျန်းချန်သည် ရှေးဟောင်းနဂါးကုန်းမြေမှ ထွက်ခွာသွားလိမ့်မည် ဖြစ်သည်။
နတ်ဘုရင်များ ရှိသည့် အထူးနယ်မြေများ သာလျှင် ကျန်းချန်အတွက် အသင့်တော်ဆုံး နေရာ ဖြစ်နိုင်ပေသည်။
ထိုအကြောင်းကြောင့် အရှင်ကုလုံသည် အကြိမ်ကြိမ် စဉ်းစားပြီးနောက်တွင် ကျန်းချန်ကို ရှေးဟောင်းနဂါး မျိုးနွယ်စု၏ ရွှေနဂါးအဆင့် အကြီးအကဲ ရာထူးကို ပေးရန် ဆုံးဖြတ်ခဲ့သည်။
ယခုအခါ ရှန်းယွမ်ဟိုင်သည် ရှေးဟောင်းနဂါး မျိုးနွယ်စုကို သစ္စာဖောက်ပြီး နယ်မြေ နတ်ဘုရား အမိန့်ဖြင့် အသတ်ခံခဲ့ရသောကြောင့် ရှေးဟောင်းနဂါး မျိုးနွယ်စုသည် ရွှေနဂါးအဆင့် အကြီးအကဲတစ်ဦးကို ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။
ကျန်းချန်၏ ခွန်အားသည်လည်း ရွှေနဂါး အဆင့် အကြီးအကဲ ဖြစ်လာရန်အတွက် အပြည့်အဝ အရည်အချင်း ပြည့်မီနေပြီ ဖြစ်သည်။
မှန်ပါသည်။ အရေးအကြီးဆုံးအချက်မှာ ရွှေနဂါးအဆင့် အကြီးအကဲသည် ရှန်လုံမြို့တွင် အမြင့်ဆုံး အခွင့်အရေးများ ရရှိခြင်းပင် ဖြစ်သည်။
အရှင်ကုလုံသည် ကျန်းချန်ကို ရှန်လုံမြို့၌ မည်သည့်ကန့်သတ်ချက်မှ မရှိဘဲ ကျင့်ကြံနိုင်သည့် အခွင့်အရေးကို ပေးလိုခဲ့သည်။
ရှေးဟောင်းနဂါး မျိုးနွယ်စုသည် ကျန်းချန်ကို ဆက်လက် ထိန်းသိမ်းနိုင်မည် မဟုတ်သော်လည်း ရှေးဟောင်းနဂါးမျိုးနွယ်စု အတွက် ကျန်းချန်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ထားသင့်သည် မဟုတ်ပါလား။
အကြောင်းမှာ ကျန်းချန်၏ အရည်အချင်းနှင့် အလားအလာအရ နယ်မြေ နတ်ဘုရား အဆင့် နှင့် နတ်ဘုရင် အဆင့်ကိုပင် ရောက်ရှိနိုင်မည်မှာ သေချာသောကြောင့်ပင်။
အဆုံးသတ်တွင် ကျန်းချန်သည် ရှေးဟောင်းနဂါး မျိုးနွယ်စုမှတစ်ဆင့် နတ်ဘုရားနယ်မြေသို့ ရောက်ရှိလာခြင်း ဖြစ်ပြီး ရှေးဟောင်းနဂါး မျိုးနွယ်စုနှင့် ခွဲခြား၍မရသော ဆက်ဆံရေးရှိပေသည်။
သူသာ ကျန်းချန်နှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ခဲ့လျှင် ကျန်းချန်က ရှေးဟောင်းနဂါး မျိုးနွယ်စုမှ ထွက်ခွာသွားပြီး နောင်တွင် ကြီးထွားလာပါက ရှေးဟောင်းနဂါးကုန်းမြေ အတွက် များစွာ အကျိုးရှိလာမည် မဟုတ်ပါလား။
"ရွှေနဂါးအဆင့် အကြီးအကဲ"
ကျန်းချန်သည် အံ့အားသင့်သွားပြီး ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"အရှင်...ကျန်းချန်က ရှန်လုံမြို့ကို ရောက်တာ မကြာသေးပါဘူး.. ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ ရွှေနဂါးအဆင့် အကြီးအကဲ ဖြစ်ဖို့ ဘယ်လိုလုပ်ပြီး အရည်အချင်းပြည့်မီနိုင်မှာလဲ"
"ဒီတစ်ကြိမ် တိုက်ပွဲမှာ သွေးလမင်းကုန်းမြေကို အောင်အောင်မြင်မြင် တွန်းလှန်နိုင်ခဲ့တာက မင်းရဲ့ ကြိုးစားမှုကြောင့်ပဲ.. မင်းရဲ့ ခွန်အားက ကောင်းကင် နတ်ဘုရား စတုတ္ထအဆင့်ထက် အားမနည်းဘူး.. မင်းလိုလူတောင် အရည်အချင်းမပြည့်မီရင် ရှေးဟောင်းနဂါး မျိုးနွယ်စုမှာ ဘယ်သူက ရွှေနဂါးအဆင့် အကြီးအကဲ ဖြစ်ဖို့ အရည်အချင်း ပြည့်မီတော့မှာလဲ"
အရှင်ကုလုံက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"ရွှေနဂါးအဆင့် အကြီးအကဲက ရှေးဟောင်းနဂါး မျိုးနွယ်စုမှာ ဘာမှ လုပ်ဖို့ မလိုပါဘူး.. မင်းကို ဘယ်လိုမှ သက်ရောက်မှု မရှိဘဲ မင်းရဲ့ ကျင့်ကြံခြင်း အတွက်ပဲ အကျိုးရှိစေမှာပါ"
"ကျန်းချန်.. ရွှေနဂါး တံဆိပ်ပြားကို လက်ခံလိုက်ပါ"
ဖန်းချင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
"ဒီတစ်ကြိမ် စစ်ပွဲမှာ မင်းပြသခဲ့တဲ့ ခွန်အားကို လူတိုင်းမြင်ခဲ့ရတာကြောင့် မင်းက ရှန်းယွမ်ဟိုင်ရဲ့ နေရာကို အစားထိုးပြီး ရွှေနဂါးအဆင့် အကြီးအကဲ ဖြစ်ဖို့ အပြည့်အဝ အရည်အချင်း ပြည့်မီတယ်"
ဖန်းချင်းယွမ်ကပါ တိုက်တွန်းနေသည်ကို မြင်လျှင် ကျန်းချန် နောက်ထပ် မတွန့်ဆုတ်တော့ပေ။
"ဒါဆို ကျန်းချန် ရိုသေစွာ လက်ခံပါရစေ"
သူက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ့ရှေ့ရှိ ရွှေနဂါး တံဆိပ်ပြားကို လှမ်းကိုင်လိုက်သည်။
ရှေးဟောင်းနဂါး မျိုးနွယ်စု၏ ရွှေနဂါးအဆင့် အကြီးအကဲသည် ရှန်လုံမြို့ရှိ မည်သည့်နေရာကိုမဆို အကန့်အသတ်မရှိ ဝင်ရောက်နိုင်၍ ရှန်လုံမြို့တွင် သူ၏ ကျင့်ကြံခြင်းကို အကူအညီ များစွာ ဖြစ်စေမည်မှာ သေချာ၏။
"ကောင်းပြီ"
အရှင်ကုလုံက ပြုံး၍ ခေါင်းညိတ်လိုက်ပြီး ကျန်းချန်နှင့် ခဏမျှ စကားပြောခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင် ကျန်းချန်သည် အရှင်ကုလုံကို နှုတ်ဆက်ကာ ဖန်းချင်းယွမ်နှင့် အတူ အရှင်ကုလုံ နေထိုင်ရာ ခြံဝင်းထဲကနေ ထွက်လာခဲ့၏။
"အကြီးအကဲဖန်း.. အရှင်ကုလုံက အစွမ်းထက် နယ်မြေနဲ့ ဆင်တူတဲ့ နေရာကို ဖန်တီးနိုင်တယ် မဟုတ်လား.. ဘာလို့ ဒီနေရာက သာမန်ခြံဝင်းလို ဖြစ်နေရတာလဲ"
အရှင်ကုလုံ၏ ခြံဝင်းတံခါးဝမှ ထွက်လာစဉ် ကျန်းချန်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
"အရှင်ကုလုံ ဖန်တီးထားတဲ့ နေရာက ပကတိနတ်ဘုရား အဆင့် အတွက် အထောက်အကူဖြစ်နိုင်ပေမယ့် ကောင်းကင်နတ်ဘုရား အဆင့်အတွက် အကျိုးသက်ရောက်မှု အားနည်းတယ်"
ဖန်းချင်းယွမ်က ပြုံး၍ ရှင်းပြလိုက်သည်။
"ဒါ့အပြင် အရှင်ကုလုံအတွက် သူကိုယ်တိုင် ဖန်တီးထားတဲ့နေရာမှာ ကျင့်ကြံတာက သူ့အတွက် ဘာမှမထူးဘူးလေ"
"ကျွန်တော် နားလည်ပြီ"
ဖန်ချင်းယွမ်၏ စကားကို ကြားပြီးနောက်တွင် ကျန်းချန်က ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
"ကောင်းပြီ ကောင်လေး.. အခု မင်းက ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ ရွှေနဂါးအဆင့် အကြီးအကဲ ဖြစ်သွားပြီ ဆိုတော့ ရှန်လုံမြို့မှာ လွတ်လွတ်လပ်လပ် လေ့ကျင့်လို့ရပြီ"
ဖန်းချင်းယွမ်သည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး
"ငါလည်း နယ်မြေ နတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်ဖို့အတွက် တံခါးပိတ်ပြီး လေ့ကျင့်တော့မယ်"ဟု ပြောလိုက်သည်။
ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေကနေ ကျန်းချန် ယူလာခဲ့သော နယ်မြေနတ်ဘုရား သလင်းကျောက်သည် သူ့ကို အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိစေရုံသာမက နယ်မြေနတ်ဘုရား အဆင့်ကိုပါ ခပ်ရေးရေး ထိတွေ့နိုင်စေခဲ့သည်။
ပြီးခဲ့သည့် စစ်ပွဲကြောင့်သာ သူက လေ့ကျင့်မှုကို ယာယီအားဖြင့် ရပ်နားခဲ့ရ၏။
ထို့ကြောင့် ယခုအချိန်သည် တံခါးပိတ်ကျင့်ကြံကာ နယ်မြေနတ်ဘုရားအဆင့်သို့ ထိုးဖောက်ရတော့မည့် အချိန်ကာလပင် မဟုတ်ပါလား။
အခန်း(၁၆၇၄) ပြီး၏