အခန်း (၁၆၇၅-၁၆၇၇)
Vol. 112 Ch. 1675-1677
အခန်း(၁၆၇၅)
"ကျန်းချန်က ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ ဒုတိယမြောက် နယ်မြေ နတ်ဘုရား ဖြစ်လာတော့မဲ့ အကြီးအကဲဖန်းကို ကြိုတင်ဂုဏ်ပြုပါတယ်"
ကျန်းချန်က ပြုံးရယ်၍ ပြောလိုက်သည်။
"နယ်မြေ နတ်ဘုရား အဆင့်ကို ထိုးဖောက်ဖို့က ဘယ်လွယ်ပါ့မလဲ"
ဖန်းချင်းယွမ်က ခေါင်းခါယမ်းရင်း ခပ်ပြုံးပြုံး ပြောလိုက်၏။
သူ၏ အရည်အချင်းဖြင့်သာဆိုလျှင် ကောင်းကင် နတ်ဘုရား ဆဌမအဆင့်သည် သူ၏ အကန့်အသတ်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ကျန်းချန်သာ ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေကနေ နယ်မြေ နတ်ဘုရား သလင်းကျောက်ကို မယူလာခဲ့လျှင် သူ့ဘဝတစ်လျှောက်လုံး နယ်မြေ နတ်ဘုရားအဆင့်ကို ထိတွေ့ရန် အခွင့်အရေးရမည် မဟုတ်ပေ။
သို့သော်လည်း နယ်မြေနတ်ဘုရား သလင်းကျောက်၏ စွမ်းအားဖြင့်ပင် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ရန် သူ့အတွက် မျှော်လင့်ချက်အနည်းငယ်သာ ရှိခဲ့သည်။
ယင်းကြောင့် ဖန်းချင်းယွမ်က သူ အမှန်တကယ် ထိုးဖောက်နိုင်မလား သို့မဟုတ် ဘယ်အချိန်မှ ထိုးဖောက်နိုင်မလဲ ဆိုသည်ကို မသိခဲ့ပေ။
ကျန်းချန်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
"အကြီးအကဲဖန်း လုပ်နိုင်မယ်လို့ ကျွန်တော်ယုံပါတယ်"
သူ ဖန်းချင်းယွမ်ကို ပေးခဲ့သည့် နယ်မြေ နှလုံးသား သလင်းကျောက်သည် နယ်မြေ နတ်ဘုရား အထွတ်အထိပ် တစ်ပါး၏ နယ်မြေနတ်ဘုရား သလင်းကျောက် ဖြစ်သည်။
ဖန်းချင်းယွမ်က ဆဌမအဆင့် ကောင်းကင်နတ်ဘုရား ဖြစ်လာနိုင်သည့် အတွက် အရည်အချင်း သိပ်မဆိုးပေ။
ထို့အပြင် ထိပ်တန်း အရည်အသွေးရှိသည့် နယ်မြေ နတ်ဘုရား သလင်းကျောက်နှင့် ပေါင်းစပ်လိုက်သောအခါ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ရန်မှာ ပြဿနာ ကြီးကြီးမားမား ရှိမည် မဟုတ်ချေ။
"မင်းပြောသလို ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်"
ဖန်းချင်းယွမ်က အသက်ကို ခပ်ပြင်းပြင်းရှူရင်း လေးလေးနက်နက် ပြောလိုက်သည်။
ရှေးဟောင်းနဂါးကုန်းမြေတွင် ကျန်းချန်လိုမျိုး နတ်ဆိုးတစ်ယောက် ရှိနေပြီ ဖြစ်ရာ အရှင် သွေးလသည် ကျန်းချန် ကြီးထွားဖို့အတွက် အချိန်အများကြီး ပေးတော့မည် မဟုတ်ပေ။
ထို့ကြောင့် သိပ်မကြာခင် အရှင် သွေးလ ပြန်လာမည်ဟု သူတွက်ဆခဲ့သည်။
သူသာ နယ်မြေ နတ်ဘုရားအဆင့်ကို ထိုးဖောက်နိုင်ခဲ့လျှင် နောက်တစ်ကြိမ် စစ်ပွဲဖြစ်လာပါက ရှေးဟောင်းနဂါးကုန်းမြေသည် သွေးလမင်းကုန်းမြေကို အနည်းငယ်လေးမှ ကြောက်ရွံ့စရာ လိုအပ်တော့မည် မဟုတ်ပေ။
ဖန်းချင်းယွမ်နဲ့ လမ်းခွဲပြီးနောက်တွင် ကျန်းချန်သည် ရှန်လုံမြို့ တစ်ဝိုက်တွင် တစ်ယောက်တည်း လှည့်လည်သွားလာနေခဲ့ပြီး နောက်ဆုံးတွင် အဂ္ဂိရတ်ခန်းမဟု ရေးထားသည့် ကြီးမားလှသော နန်းတော်တစ်ခု ရှေ့တွင် ရပ်လိုက်သည်။
ဤနန်းတော်က ရှန်လုံမြို့၏ အစောင့်အရှောက် နယ်မြေနှင့် အကြီးအကဲနယ်မြေ ကြားတွင် တည်ရှိသည့် သီးခြားနန်းတော်တစ်ခု ဖြစ်ပြီး အရေးပါသည့် နေရာတစ်ခုကို ပိုင်ဆိုင်ထား၏။
ထိုနန်းတော်ထဲတွင် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ အဆင့်မြင့် အဂ္ဂိရတ်သခင် များစွာ စုဝေးနေကြသည်။
ဆိုရလျှင် ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် အသုံးပြုနေသည့် ဆေးဝါးအားလုံး၏ ၉၀% ကျော်သည် ဤခန်းမကနေ လာခြင်း ဖြစ်သည်။
နောက်ဆုံးတစ်ကြိမ် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေကို ဝင်ရောက်စဥ်က ကျန်းချန်သည် နတ်ဘုရားနယ်မြေရှိ ကောင်းကင်ပစ္စည်းများနှင့် ရတနာများနှင့် ပတ်သက်၍ သူ၏ ဗဟုသုတက အားနည်းနေသည်ကို တွေ့ရှိခဲ့ပြီး သူ၏ အဂ္ဂိရတ်ပညာရပ်ကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့သည်။
အခု သူက ကောင်းကင် နတ်ဘုရား ဒုတိယအဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီး နောက်ထပ် အဆင့်များကို ဖြတ်ကျော်ရန်လည်း အလားအလာ ရှိနေပြီ ဖြစ်၏။
သူက ရှန်လုံမြို့တွင် အကြာကြီးနေတော့မည် မဟုတ်ပေ။
ရှေးဟောင်းနဂါး ကုန်းမြေကနေ ထွက်ခွာပြီး သူ့ဖခင်ကို ရှာဖွေရဦးမည် မဟုတ်ပါလား။
နတ်ဘုရားနယ်မြေတွင် လျှောက်လှမ်းရန်အတွက် သူ၏ ဗဟုသုတကို မြှင့်တင်ရန် မလွဲမသွေ လိုအပ်ပေသည်။
သူ့အတွက်မူ သူ၏ အဂ္ဂိရတ်ပညာရပ်ကို တိုးတက်အောင် လုပ်နိုင်သရွေ့ နတ်ဘုရားနယ်မြေမှ ရတနာများနှင့် ပတ်သက်သည့် သူ၏ ဗဟုသုတကို ဘက်ပေါင်းစုံကနေ တိုးတက်အောင် လုပ်ဆောင်နိုင်မည် ဖြစ်၏။
ထိုအကြောင်းကို တွေးမိလျှင် ကျန်းချန်သည် နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ အဂ္ဂိရတ်ခန်းမ၏ အတွင်းဘက်သို့ ဝင်ရန် ဝင်ပေါက်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။
သူက သူ၏ အဂ္ဂိရတ်ပညာရပ်ကို တိုးတက်အောင်လုပ်ရန် အဂ္ဂိရတ်ခန်းမတွင် အချိန်အနည်းငယ် လေ့လာရန် ရည်ရွယ်ထားခဲ့သည်။
"အဂ္ဂိရတ်ခန်းမက အရေးကြီးတဲ့နေရာပဲ.. ခန်းမရဲ့ အဂ္ဂိရတ်သခင် မဟုတ်တဲ့ သာမန်တပည့်တွေက အကြီးအကဲတွေထံက ခွင့်ပြုချက်မရှိရင် ဝင်ခွင့်မရှိဘူး.. မြန်မြန် ထွက်သွားပေးပါ"
ဝင်ပေါက်တွင်ရှိသည့် အစောင့်နှစ်ယောက်က ကျန်းချန်ကို မြင်လျှင် အေးစက်စက် ကြုံးဝါးလိုက်ကြသည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"ကျွန်တော်က အဂ္ဂိရတ်သခင် အဖြစ် အကဲဖြတ်ခံယူဖို့ ရောက်လာတာပါ"
"မင်း ဘာပြောလိုက်တာလဲ.. မင်းက အဂ္ဂိရတ်သခင် အဖြစ် အကဲဖြတ်ခံယူမယ်.. ဟုတ်လား"
အစောင့်နှစ်ယောက်က ကျန်းချန်၏ စကားကိုကြားလျှင် အံ့အားသင့်သွားကြသည်။
သူတို့ထဲမှ တစ်ယောက်က ကျန်းချန်ကို ကြည့်ကာ ပြောလိုက်၏။
"ငါ ခန့်မှန်းတာမမှားရင် မင်းက ရှန်လုံမြို့ရဲ့ နဂါးအစောင့်အရှောက် ဖြစ်မယ်ထင်တယ်.. ဟုတ်တယ်မလား"
ရှေးဟောင်းနဂါးမျိုးနွယ်စုက အဂ္ဂိရတ်သခင်များကို ပျိုးထောင်ပုံသည် ကိုယ်ခံပညာရှင်များကို ပျိုးထောင်ပုံနှင့် လုံးဝ ကွာခြားသည်။
ရှေးဟောင်းနဂါးကုန်းမြေမှ ကိုယ်ခံပညာ ပါရမီရှင် လူငယ်များသည် အရင်ဆုံး မြေကမ္ဘာနဂါးမြို့တော်ကို ဝင်ရောက်ရမည်။
ယင်းနောက်တွင် ပါရမီရှင်များထဲမှ ပါရမီရှင်နှင့် ထူးချွန်သူများထဲမှ ထူးချွန်သူ ဖြစ်လာမှသာ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာမည် ဖြစ်သည်။
အဂ္ဂိရတ်သခင်များကို ပျိုးထောင်ပေးပုံကမူ ပို၍ ရိုးရှင်းသည်။
အဂ္ဂိရတ်ခန်းမသည် ရံဖန်ရံခါတွင် ရှေးဟောင်းနဂါးကုန်းမြေ၏ ဒေသလေးခုသို့ လူများစေလွှတ်ကာ အဂ္ဂိရတ်ပြိုင်ပွဲများ ကျင်းပစေသည်။
ယင်းနောက်တွင် ထူးခြားသော အရည်အချင်း ရှိသူများကို ရွေးချယ်ကာ အဂ္ဂိရတ်ခန်းမသို့ တိုက်ရိုက် ခေါ်ဆောင်လာခဲ့သည်။
သူတို့ရှေ့မှ ကောင်လေးသည် အဆင့်နိမ့်နယ်မြေကနေ တစ်ဆင့်ပြီးတစ်ဆင့် ရှန်လုံမြို့ကို ရာထူးတိုးကာ ရောက်ရှိလာသည့် နဂါးအစောင့်အရှောက် ဖြစ်နိုင်ပေသည်။
ဤကဲ့သို့သော သူများသည် ထူးခြားသော ကိုယ်ခံပညာ ပါရမီရှင်များ ဖြစ်၍ ကိုယ်ခံပညာရပ်တွင်သာ သူတို့၏ စိတ်ကို အာရုံစိုက်သင့်သည်။
သို့သော် ထိုကောင်လေးကမူ အဂ္ဂိရတ်ခန်းမ၏ တံခါးဝဆီ ရောက်လာပြီး အကဲဖြတ်မှုကို ခံယူမည်ဟု ပြောနေခဲ့၏။
သူတို့က နှစ်ပေါင်းများစွာအတွင်း အဂ္ဂိရတ်သခင် ဖြစ်ချင်သည့် ကိုယ်ခံပညာ ပါရမီရှင် တစ်ယောက်ကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဆိုလည်းမမှားပေ။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"ရှေးဟောင်းနဂါး မျိုးနွယ်စုမှာ နဂါး အစောင့်အရှောက်က အဂ္ဂိရတ်သခင် ဖြစ်ခွင့်မရှိဘူးဆိုတဲ့ စည်းမျဉ်းမရှိလောက်ဘူး ထင်တယ်"
"ရှေးဟောင်းနဂါး မျိုးနွယ်စုမှာ ဒီလိုစည်းမျဉ်းမရှိပေမယ့် အဂ္ဂိရတ်ခန်းမရဲ့ အဂ္ဂိရတ်သခင်အဖြစ် ဘယ်သူမဆို ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရှိဘူး"
အစောင့် တစ်ယောက်က အထင်သေးစွာ ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ပြန်လိုက်ပါ ညီနောင်"
အဂ္ဂိရတ်ပညာရပ်နှင့် ကိုယ်ခံပညာရပ်သည် မတူညီသည့် နယ်ပယ်နှစ်ခု ဖြစ်သည်။
ထိုကောင်လေးက နဂါးအစောင့်အရှောက် ဖြစ်၍ ကိုယ်ခံပညာ ပါရမီရှင်တစ်ယောက် ဖြစ်နိုင်မည်မှာ သေချာ၏။
သို့ရာတွင် ထိုကောင်လေးက အဂ္ဂိရတ်ပညာရပ်တွင်လည်း ပါရမီရှင် ဖြစ်နေမည်ဟုတော့ သူ မယုံခဲ့ပေ။
ဤကမ္ဘာမှာ အဂ္ဂိရတ်ပညာရပ်နှင့် ကိုယ်ခံပညာရပ် နှစ်မျိုးလုံးတွင် ထူးချွန်သည့် ပါရမီရှင်များ ရှိသော်လည်း အလွန်တရာ ရှားပါးလှ၏။
"ငါက အဂ္ဂိရတ်ခန်းမရဲ့ အဂ္ဂိရတ်သခင် ဖြစ်နိုင် မဖြစ်နိုင် မင်းတို့က ဘယ်လိုလုပ် သိနိုင်မှာလဲ"
ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်ကာ အေးစက်စက် ပြောလိုက်သည်။
"ငါ အတင်း ဝင်မယ်ဆိုရင်ရော.."
ထိုစကားကို ကြားလျှင် အစောင့်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့ပြီး မျက်နှာထက်တွင် သတ်ဖြတ်ချင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
"မင်းက နဂါးအစောင့်အရှောက် ဖြစ်ပေမယ့် အဂ္ဂိရတ်ခန်းမက မင်းရမ်းကားချင်တိုင်း ရမ်းကားလို့ရတဲ့ နေရာမဟုတ်ဘူး"
"ခွင့်ပြုချက်မရှိဘဲ အဂ္ဂိရတ်ခန်းမထဲကို ဝင်ရင် မင်းအတွက် အန္တရာယ် ဖြစ်လာလိမ့်မယ်"
ကျန်းချန်၏ မျက်နှာက အနည်းငယ် သုန်မှုန်သွားခဲ့သည်။
သူက တိုက်ခိုက်တော့မည့် အချိန်မှာပင် စကားသံတစ်သံသည် ခန်းမထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ.. ဘာလို့ ဒီလောက် ဆူညံနေတာလဲ"
ကျန်းချန်က အသံလာရာဆီသို့ ကြည့်လိုက်ရာ ခန်းမထဲကနေ ထွက်လာသည့် အဂ္ဂိရတ်သခင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော လူလတ်ပိုင်း အရွယ် လူတစ်ဦးကို တွေ့လိုက်ရသည်။
"ဆရာလင်.. ဒါက ဒီလိုပါ..."
အစောင့်တစ်ယောက်က ဖြစ်ပျက်ခဲ့သမျှကို အလျင်အမြန် ရှင်းပြလိုက်သည်။
"ကောင်လေး.. မင်းက အဂ္ဂိရတ်ခန်းမရဲ့ အဂ္ဂိရတ်သခင် ဖြစ်ချင်တယ်ဆိုတော့ ဘယ်အဆင့် ဆေးဝါးကို သန့်စင်နိုင်ပြီလဲ"
လူလတ်ပိုင်းအရွယ် အဂ္ဂိရတ်သခင်က ကျန်းချန်ကို ကြည့်ကာ မေးလိုက်သည်။
နဂါးအစောင့်အရှောက် တစ်ယောက်က အဂ္ဂိရတ်သခင် ဖြစ်ချင်၍ အဂ္ဂိရတ်ခန်းမကို လာသည်မှာ သူ့ဘဝတွင် ပထမဆုံးအကြိမ် ကြုံတွေ့ဖူးသည့် အခြေအနေတစ်ခု ဖြစ်သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"သာမန်အဆင့်ရှစ် ဆေးဝါးကို သန့်စင်ဖို့ အတွက် ပြဿနာမရှိပါဘူး"
နတ်ဘုရားနယ်မြေတွင် ဆေးဝါးအဆင့်ကို အဓိကအားဖြင့် သာမန်အဆင့်နှင့် နတ်အဆင့် ဟူ၍ ခွဲခြားထားသည်။
သာမန်အဆင့်သည် အဆင့်နိမ့်နယ်မြေ၏ ဆေးဝါးအဆင့် ဖြစ်ပြီး အဆင့်၉ဆင့် ရှိသည်။
နတ်အဆင့်တွင်မူ စုစုပေါင်းဆယ့်နှစ်ဆင့် ရှိသည်။
နတ်အဆင့်၏ ပထမသုံးဆင့်သည် ပကတိနတ်ဘုရားအဆင့်ဆေးဝါး ဖြစ်ပြီး အလယ်အဆင့် ၆ ဆင့်သည် ကောင်းကင် နတ်ဘုရားအဆင့် ဆေးဝါး ဖြစ်ကာ ဆယ်ဆင့်မြောက်သည် နယ်မြေ နတ်ဘုရားအဆင့် ဆေးဝါး ဖြစ်သည်။
ဆယ့်တစ်ဆင့်မြောက်ကမူ နတ်ဘုရင်အဆင့် ဆေးဝါး ဖြစ်၏။
ဆယ့်နှစ်ဆင့်မြောက် ဆေးဝါးကမူ နတ်ဘုရားနယ်မြေ၏ ဒဏ္ဍာရီလာ ဆေးဝါးအဆင့် ဖြစ်သည်။
"သာမန်အဆင့်ရဲ့ အဆင့်ရှစ်ဆေးဝါးကို သန့်စင်နိုင်တယ်လား"
လူလတ်ပိုင်းအရွယ် အဂ္ဂိရတ်သခင်က အနည်းငယ် အံ့သြသွားခဲ့သည်။
သူ့ရှေ့မှ ကောင်လေး၏ အရိုးအသက်က အရမ်းငယ်သေးပုံရပြီး အများဆုံးမှ အသက်သုံးဆယ်လောက်သာ ရှိလောက်၏။
ဤကဲ့သို့ လူငယ်တစ်ယောက်သည် နဂါးအစောင့်အရှောက် အဖြစ် ရာထူးတိုးခံရရုံသာမက အဂ္ဂိရတ်လမ်းစဥ်တွင်လည်း သာမန် အဆင့်ရှစ်ဆေးဝါးကို သန့်စင်နိုင်ခဲ့သည်။
သိထားရမည့်အချက်မှာ သူတို့ အဂ္ဂိရတ်ခန်းမ၏ ပါရမီရှင်များသည်ပင် အသက် သုံးဆယ်ဝန်းကျင်၌ ဤကောင်လေးထက် မသာလွန်ပေ။
အခန်း(၁၆၇၅) ပြီး၏
အခန်း(၁၆၇၆)
"မင်းသာ အဆင့်ရှစ် ဆေးဝါးကို သန့်စင်နိုင်မယ်ဆိုတာ သေချာရင် ငါ မင်းကို အခွင့်အရေးပေးပြီး အထဲကို ခေါ်သွားပေးမယ်"
လူလတ်ပိုင်းအရွယ် အဂ္ဂိရတ်သခင်က ခေတ္တမျှ စဉ်းစားပြီးနောက် ကျန်းချန်ကို ပြုံးကာ ပြောလိုက်သည်။
ယခု သူက ဤကောင်လေးကို စိတ်ဝင်စားနေပေသည်။
ဤကောင်လေးသည် အဂ္ဂိရတ်ပညာရပ်တွင် အမှန်တကယ် ကျွမ်းကျင်ခဲ့လျှင် အဂ္ဂိရတ်ပညာရပ်နှင့် ကိုယ်ခံပညာရပ် နှစ်မျိုးလုံးတွင် ပါရမီ ထူးချွန်သော မွန်းစတားတစ်ကောင်ဟု ဆိုရပေလိမ့်မည်။
ကျန်းချန်သည် လူလတ်ပိုင်းအရွယ် အဂ္ဂိရတ်သခင် နောက်သို့ လိုက်ကာ အဂ္ဂိရတ်ခန်းမထဲသို့ ဝင်သွားခဲ့သည်။
မကြာမီမှာပင် လူလတ်ပိုင်းအရွယ် အဂ္ဂိရတ်သခင်က သူ့ကို ခန်းမ တစ်ခုဆီသို့ ခေါ်သွားခဲ့၏။
ကျန်းချန် တစ်ချက် ဝေ့ကြည့်လိုက်ရာ ထိုခန်းမထဲတွင် လူငယ် ဒါဇင်ပေါင်းများစွာ စုဝေးနေသည်ကို တွေ့လိုက်ရသည်။
ခန်းမ၏ ရှေ့တည့်တည့်တွင် အဂ္ဂိရတ်သခင်ဝတ်ရုံကို ဝတ်ဆင်ထားသော အဖိုးအို နှစ်ဦး ထိုင်နေကြ၏။
ထိုအဖိုးအိုနှစ်ဦး၏ ရှေ့တွင် လူငယ် အဂ္ဂိရတ်သခင် ဒါဇင်ပေါင်းများစွာသည် စတုဂံပုံ ကျောက်ပြားတစ်ခုစီ ရှေ့တွင် စနစ်တကျ ထိုင်နေကြသည်။
စတုဂံပုံ ကျောက်ပြားပေါ်တွင် ဆေးမီးဖိုတစ်လုံးနှင့် ဆေးဝါးပစ္စည်းမျိုးစုံလည်း ရှိနေခဲ့၏။
ဤအခြေအနေကို ကြည့်ခြင်းဖြင့် ထိုလူငယ် အဂ္ဂိရတ်သခင်များသည် အဂ္ဂိရတ်ပညာရပ် ဆိုင်ရာ စစ်ဆေးမှုတစ်ခုကို ခံယူတော့မည်မှာ ထင်ရှားသည်။
"အကြီးအကဲဟော်.. အချိန်နီးနေပြီ.. စလိုက်ရအောင်"
ကျန်းချန်က ခန်းမထဲရှိ အခြေအနေကို ကြည့်နေစဉ် ဘယ်ဘက်မှ အနက်ရောင်ဝတ်ထားသော အဖိုးအိုသည် ညာဘက်မှ အနီရောင်ဝတ်ထားသော အဖိုးအိုဘက်သို့ ရုတ်တရက် လှည့်ကြည့်ကာ ပြောလိုက်သည်။
အနီရောင်ဝတ် အဖိုးအိုက ခေါင်းညိတ်လိုက်သည်။
သူက စကားပြောရန် ပြင်နေချိန်မှာပင် တစ်စုံတစ်ရာကို ခံစားမိလိုက်ပြီး ခန်းမတံခါး ဘက်သို့ ကြည့်လိုက်သည်။
"လင်ရှန်း.. ဘာကိစ္စရှိလို့လဲ"
အနီရောင်ဝတ် အဖိုးအိုက ခန်းမထဲသို့ ဝင်လာသော ကျန်းချန်တို့ နှစ်ဦးကို ကြည့်ကာ ရုတ်တရက် အံ့အားသင့်သွားခဲ့၏။
"အကြီးအကဲဟော်.. ကျွန်တော် ဒီကောင်လေးကို တံခါးဝမှာ တွေ့လို့ ခေါ်လာခဲ့တာ.. ဒီကောင်လေးက သာမန် အဆင့်ရှစ်ဆေးဝါးကို သန့်စင်နိုင်တယ်လို့တော့ ကျွန်တော့်ကို ပြောတာပဲ"
လင်ရှန်းက ပြုံး၍ ပြောလိုက်သည်။
"ဒီနေ့ အကြီးအကဲက အဆင့်ရှစ် ဆေးဝါးနဲ့ ပတ်သက်ပြီး စစ်ဆေးမှု လုပ်မယ်ဆိုတာ သိလို့ ကျွန်တော် သူ့ကို ခေါ်လာခဲ့လိုက်တယ်"
ထိုစကားကို ကြားလျှင် အဖိုးအိုနှစ်ဦးသည် ကျန်းချန်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
သို့သော်လည်း ထိုကောင်လေးကို လင်ရှန်းက ခေါ်ဆောင်လာသဖြင့် သူတို့က လင်ရှန်းကို မျက်နှာသာ ပေးရမည် ဖြစ်၏။
အနီရောင်ဝတ် အဖိုးအိုသည် အပိုစကားများကို မပြောတော့ဘဲ ပြုံးကာ ပြောလိုက်သည်။
"ကောင်လေး.. လင်ရှန်းက မင်းကို ခေါ်လာပြီ ဆိုမှတော့ နေရာရှာပြီး စစ်ဆေးမှုမှာ ပါဝင်ဖို့ ပြင်ဆင်လိုက်ပါ"
"ကျေးဇူးတင်ပါတယ် အကြီးအကဲဟော်"
ကျန်းချန်က ကျေးဇူးတင်စကား ပြောပြီးနောက်တွင် နေရာလွတ်တစ်ခုကို ရှာကာ ထိုင်လိုက်သည်။
"အားလုံးပဲ.. ဒီနေ့က အဂ္ဂိရတ်ခန်းမရဲ့ တပည့်တွေအတွက် အဆင့်ရှစ် ဆေးဝါး စစ်ဆေးမှုပဲ.. မင်းတို့ရဲ့ ရှေ့မှာ အဆင့်ရှစ် ဆေးဝါး ဖြစ်တဲ့ ရွှယ်ယန် ဆေးဝါး အတွက် ပစ္စည်းသုံးစုံစာကို ပြင်ဆင်ပေးထားတယ်"
"ဆေးဝါး သန့်စင်ဖို့အတွက် မင်းတို့မှာ နှစ်နာရီ အချိန်ရှိတယ်.. ဆေးဝါးပစ္စည်း သုံးစုံစာကို တစ်ကြိမ် အောင်မြင်စွာ သန့်စင်နိုင်ရုံနဲ့ စစ်ဆေးမှုကို အောင်မြင်လိမ့်မယ်"
"ကဲ.. စစ်ဆေးမှု စတင်ပါပြီ"
ကျန်းချန် ထိုင်လိုက်သည်ကို မြင်ပြီးနောက်တွင် အနီရောင်ဝတ် အဖိုးအိုသည် တိုက်ရိုက် ကြေညာလိုက်သည်။
အနီရောင်ဝတ် အဖိုးအို၏ စကားသံ ဆုံးသည်နှင့် အဂ္ဂိရတ်ခန်းမမှ တပည့် ဒါဇင်ပေါင်းများစွာသည် ဆေးဝါးကို စတင် သန့်စင်ကြတော့သည်။
ဤသည်မှာ အဆင့်ရှစ် အဂ္ဂိရတ်သခင် အကဲဖြတ်မှု ဖြစ်၍ ရွှယ်ယန်ဆေးဝါးကို သန့်စင်နိုင်သူသည် အဆင့်ရှစ် အဂ္ဂိရတ်သခင် ဖြစ်လာနိုင်ပေသည်။
စစ်ဆေးမှုတွင် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်လျှင် အဂ္ဂိရတ်ခန်းမ အကြီးအကဲ၏ နှစ်သက်မှုကို ခံရလိမ့်မည် ဖြစ်၏။
ဤသို့ဖြင့် ကျန်းချန်သည် အဂ္ဂိရတ်ကို စတင် ပြုလုပ်ခဲ့သည်။
ဆေးဝါး သန့်စင်ခြင်းကို အချိန်ကြာမြင့်စွာ မလုပ်ဆောင်ခဲ့သောကြောင့် ကျန်းချန်၏ လှုပ်ရှားမှုသည် သိသိသာသာပင် နှေးကွေးနေခဲ့၏။
အခြား အဂ္ဂိရတ်ခန်းမ တပည့်များ နှင့် နှိုင်းယှဉ်လျှင် ကျန်းချန်သည် အတော်လေး အားနည်းသလို ဖြစ်နေခဲ့သည်။
"ဒီကောင်လေးကို ကြည့်ရတာ အဂ္ဂိရတ်ကို မကြာခဏ လုပ်ပုံမရဘူး.. သူက အဆင့်ရှစ် ဆေးဝါးကို တကယ်ပဲ သန့်စင်နိုင်ပါ့မလား"
အဖိုးအိုနှစ်ဦးက ခေါင်းခါယမ်း၍ တိတ်တဆိတ် ပြောဆိုခဲ့ကြသည်။
မတ်တပ်ရပ်လျက် စောင့်ကြည့်နေသော လင်ရှန်းပင် အနည်းငယ် မျက်မှောင်ကြုတ်သွားမိ၏။
သူ့အမြင်တွင် ကျန်းချန်၏ ကျွမ်းကျင်မှုသည် သာမန်လောက်သာ ဖြစ်သည်။
ထိုကောင်လေးသည် အဆင့်ရှစ်ဆေးဝါးကို အမှန်တကယ် သန့်စင်နိုင်ပါမည်လော။
"ကောင်လေး မင်းရဲ့ အဂ္ဂိရတ် အဆင့်လောက်နဲ့ သာမန် အဆင့်ရှစ် အဂ္ဂိရတ်သခင် အကဲဖြတ်ပွဲမှာ ပါဝင်ရဲတယ်လား.. ငါ့အထင် အဆင့်တစ် အကဲဖြတ်ပွဲကို သွားရင်လည်း အတူတူပဲ ဖြစ်လိမ့်မယ်"
ကျန်းချန် နံဘေးမှ ကျန်းချွမ်းဟု ခေါ်သော လူငယ်တစ်ဦးက ကျန်းချန်၏ မကျွမ်းကျင်သော အသွင်အပြင်ကို ကြည့်ကာ ခနဲ့လိုက်သည်။
"ကျန်းချွမ်း.. ရှင်က အဂ္ဂိရတ်ခန်းမထဲကို ဝင်ပြီး အကဲဖြတ်မှုခံယူတာ ဘယ်နှစ်ကြိမ်တောင် ရှိနေပြီလဲ.. ရှင် ကိုယ်တိုင်တော့ အသုံးမကျဘဲ တခြားသူတွေကို မထီမဲ့မြင် လုပ်နေတာ ရှင့်ကိုယ်ရှင် မရှက်ဘူးလား"
တစ်ဖက်မှ ရုပ်ရည်လှပသော အမျိုးသမီးတစ်ဦးက ဒေါသတကြီး ပြောလိုက်သည်။
မကြာမီမှာပင် သူမက ကျန်းချန်ကို ပြုံး၍ ကြည့်ကာ ပြောလိုက်၏။
"ဒီက မောင်လေး.. သူ့ကို ဂရုစိုက်မနေနဲ့.. အမ ပထမဆုံးအကြိမ် အဆင့်ရှစ် ဆေးဝါး အကဲဖြတ်မှုမှာ ပါဝင်ခဲ့တုန်းကဆို မင်းထက်တောင် ပိုဆိုးတယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"ဟားဟား.. အသက်၂၀ရှိုက်စာ အချိန်ပြီးရင် ဆေးမီးဖိုပေါက်ကွဲတော့မယ့် လဒူတစ်ယောက်ရဲ့ စကားကို ကျွန်တော် ဂရုမစိုက်ပါဘူး"
ကျန်းချန်၏ စကားကို ကြားလျှင် ချောမောသော အမျိုးသမီး၏ မျက်ဝန်းတွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။
"ဟေ့ကောင်.. မင်း ဘာစကား ပြောတာလဲ.. မင်းအဆင့်နဲ့ ဆေးသန့်စင်နေရင်း ငါ့ကို အာချောင်ရဲတယ်လား"
ကျန်းချွမ်း၏ မျက်နှာက ချက်ချင်း ဆိုသလို မှောင်မိုက်သွားခဲ့သည်။
ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"မင်းရဲ့ ဆေးမီးဖိုက အသက်နှစ်ဆယ်ရှိုက်စာ ပြီးရင် ပေါက်ကွဲမယ်လို့ ငါပြောခဲ့ပြီးပြီ.. ယုံမယုံက မင်းရဲ့ကိစ္စပဲ"
"ဟားဟား... ငါ့ ဆေးမီးဖိုက ပေါက်ကွဲမယ်.. ဟုတ်လား"
ကျန်းချွမ်းက ကမ္ဘာပေါ်တွင် အရယ်ရဆုံးဟာသကို ကြားလိုက်ရသလို ရယ်မောလိုက်၏။
သူက အဂ္ဂိရတ်ပညာရပ်ကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီး အဆင့်ရှစ် အဂ္ဂိရတ်သခင် အကဲဖြတ်ပွဲတွင် သုံးကြိမ်တိုင်တိုင် ပါဝင်ခဲ့သည်။
ပထမနှစ်ကြိမ်တွင် သူသည် မတော်တဆမှုကြောင့် ကျရှုံးခဲ့၏။
ယခုအခါတွင်မူ သူသည် အဆင့်ရှစ် ဆေးဝါးကို သန့်စင်ရာတွင် ပြီးပြည့်စုံလုနီးပါး ကျွမ်းကျင်နေပြီ ဖြစ်ရာ ဆေးမီးဖို ပေါက်ကွဲခြင်းကဲ့သို့ အခြေအနေမျိုးသည် မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
"အကြီးအကဲဖန်.. ဒီကောင်လေးရဲ့ စကားကို ခင်ဗျား ဘယ်လိုမြင်လဲ"
အနီရောင်ဝတ် အဖိုးအိုက ကျန်းချန်၏ စကားကို ကြားလျှင် ဘေးမှ အနက်ရောင်ဝတ် အဖိုးအိုကို ကြည့်ကာ မေးလိုက်သည်။
အနက်ရောင်ဝတ် အဖိုးအိုက သူ၏ အမြင်ကို သုံးသပ်လိုက်၏။
"ရွှယ်ယန်ဆေးလုံးက အဂ္ဂိရတ်သခင်ရဲ့ အသေးစိတ် ထိန်းချုပ်နိုင်စွမ်းကို စမ်းသပ်တာပဲ.. ကျန်းချွမ်းက အရမ်းကို ပေါ့ပေါ့ဆဆ နိုင်လွန်းတယ်.. ဆေးဝါးပစ္စည်းတွေကို ဆေးမီးဖိုထဲ အစီအစဥ်တကျ ထည့်တဲ့နေရာမှာ ပြဿနာရှိခဲ့တယ်.. ဒီတစ်ကြိမ်တော့ ကျရှုံးမှာ သေချာတယ်.. ဒါပေမယ့် ဟိုကောင်လေး ပြောသလို အသက် နှစ်ဆယ်ရှိုက်စာ အချိန်မှာ ပေါက်ကွဲမယ် ဆိုတာတော့ ငါ သေချာမပြောနိုင်ဘူး"
"ဒီကောင်လေးက စိတ်ဝင်စားစရာပဲ"
အနီရောင်ဝတ် အဖိုးအိုက ခေါင်းညိတ်လိုက်သည်။
ကျန်းချန်ကို ကြည့်နေသော သူ၏ မျက်ဝန်းတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
သူ၏ အမြင်သည် အကြီးအကဲဖန်၏ အမြင်နှင့် အတူတူပင်ဖြစ်ပြီး ကျန်းချွမ်းသည် ဤတစ်ကြိမ်တွင် အောင်မြင်မည် မဟုတ်ပေ။
သို့သော် မည်သည့်အချိန်တွင် ကျန်းချွမ်း ကျရှုံးမည်ကိုမူ သူ အတိအကျ ပြောနိုင်စွမ်း မရှိချေ။
ထိုကောင်လေးသည် ကျန်းချွမ်း ကျရှုံးမည်ဟု ကောက်ချက်ချရုံသာမက ဆေးမီးဖိုက အသက်နှစ်ဆယ်ရှိုက်စာ ပြီးလျှင် ပေါက်ကွဲမည်ဟု အတိအကျ ခန့်မှန်းခဲ့၏။
ကျန်းချွမ်းသာ အသက်နှစ်ဆယ်ရှိုက်စာ ပြီးနောက်တွင် ဆေးမီးဖို အမှန်တကယ် ပေါက်ကွဲခဲ့လျှင် ထိုကောင်လေးကို ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ပါရမီရှင်ဟု သတ်မှတ်ရလိမ့်မည် ဖြစ်သည်။
"ဒီကောင်လေးက ကိုယ့်ကိုယ်ကိုယ် လျှိုထားတဲ့ ပါရမီရှင်များလား"
ယုံကြည်မှုအပြည့်ရှိသော ကျန်းချန်ကို ကြည့်ရင်း လင်ရှန်းသည်လည်း အံ့အားသင့်နေခဲ့၏။
သူ၏ မြင်နိုင်စွမ်းအရ ကျန်းချွမ်း၏ ဆေးပညာတွင် ပြဿနာအချို့ ရှိနေသည်ကို မြင်ရန် ခက်ခဲခြင်း မရှိပေ။
ဤပြဿနာများသည် သာမန်သာ ဖြစ်သော်လည်း ကျန်းချွမ်းကို ကျရှုံးစေရန် လုံလောက်၏။
သို့သော် အသက် နှစ်ဆယ် ရှိုက်စာ ပြီးနောက်တွင် ဆေးမီးဖို ပေါက်ကွဲမည်ဟုတော့ သူအတပ် မပြောနိုင်ခဲ့ပေ။
ကျန်းချန်၏ ခန့်မှန်းချက်သာ မှန်ကန်ခဲ့လျှင် ထိုကောင်လေး၏ မြင်နိုင်စွမ်းက အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေပြီဟု ဆိုရပေတော့မည်။
အသက်တစ်ရှိုက်စာ၊ နှစ်ရှိုက်စာ၊သုံးရှိုက်သာ...
လူတိုင်း၏ တုန်လှုပ်နေသော အကြည့်များအောက်မှာပင် အချိန်သည် တစ်စထက်တစ်စ ကုန်ဆုံးသွားခဲ့သည်။
မသိလိုက်မသိဘာသာဖြင့် အသက်နှစ်ဆယ်ရှိုက်စာ ကြာသွားခဲ့၏။
ထိုအချိန်မှာပင် ကျန်းချွမ်း၏ ဆေးမီးဖိုသည် မူလက ပုံမှန် အတိုင်း ရှိနေရာကနေ ရုတ်တရက် အပြင်းအထန် လှုပ်ယမ်းလာခဲ့သည်။
မကြာမီမှာပင် "ဝုန်း" ဟူသော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ပူပြင်းသော လေလှိုင်းတစ်ခုသည် ကျန်းချွမ်း၏ ဆေးမီးဖိုကနေ ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့၏။
အခန်း(၁၆၇၆) ပြီး၏
အခန်း(၁၆၇၇)
ကျန်းချွမ်းသည် ဆေးမီးဖိုမှ ပေါက်ကွဲထွက်လာသော ပူပြင်းလှသည့် လေလှိုင်းဒဏ်ကို ခံလိုက်ရပြီး ဖရိုဖရဲ အသွင်အပြင် ဖြစ်ကာ ဆံပင်များပင် မီးကျွမ်းထားသည့် အနံ့ ထွက်နေခဲ့၏။
အဂ္ဂိရတ်ပြုလုပ်သည့် ကျောက်စင်ပေါ်တွင် ကန့်သတ်ချက် အစီအရင်သာ မရှိခဲ့လျှင် အခြားသူများပါ ထိခိုက်စေလိမ့်မည် ဖြစ်သည်။
"မ.. မဖြစ်နိုင်ဘူး.. ငါက ဘယ်လိုလုပ်ပြီး ဆေးမီးဖို ပေါက်ကွဲသွားရတာလဲ"
ကျန်းချွမ်း၏ မျက်လုံးများက မှေးမှိန်သွားခဲ့ပြီး သူ့မျက်လုံးများကိုပင် မယုံကြည်နိုင်ဘဲ တအံ့တသြ ရေရွတ်လိုက်၏။
ခန်းမထဲရှိ လူတိုင်းသည် ကျန်းချွမ်း၏ ပေါက်ကွဲနေသော ဆေးမီးဖိုနှင့် ဖရိုဖရဲ ဖြစ်နေသော အသွင်အပြင်ကို ကြည့်ကာ အချိန်အတော်ကြာသည်အထိ အံ့အားသင့်မှုကနေ ပြန်လည်မသက်သာလာခဲ့ကြပေ။
လူအများအပြားက ခဏမျှ သတိလက်လွတ် ဖြစ်သွားသောကြောင့် သူတို့ရှေ့ရှိ ဆေးမီးဖိုများကို ထိန်းချုပ်မှု လွတ်ကင်းသွားကာ ကျရှုံးသွားခဲ့ကြသည်။
"ဘယ်လောက်တောင် တိကျတဲ့ ခန့်မှန်းချက်လဲ"
လင်ရှန်းနှင့် အကဲဖြတ်မှုအတွက် တာဝန်ရှိသော အဖိုးအိုနှစ်ဦး၏ ကျန်းချန်ကို ကြည့်နေသော အကြည့်တွင် မယုံနိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
ကျန်းချန်က ကျန်းချွမ်း ကျရှုံးမည်ဟု ပြောရုံသာဆိုလျှင် သူတို့သည် ကျန်းချန်ကို ကြက်ကန်းတိုး၍ မှန်သွားသည်ဟု တွေးတောမိနိုင်ပေသည်။
သို့သော်လည်း ကျန်းချန်က ပေါက်ကွဲမည့် အချိန်ကိုပါ အတိအကျ ခန့်မှန်းပေးခဲ့သည်။
နောက်ဆုံး ရလဒ်သည် ကျန်းချန် ပေးခဲ့သော အချိန်နှင့် လုံးဝ တူညီနေခဲ့၏။
ဤအချိန်တွင် ကျန်းချန် နံဘေးရှိ ချောမောသော အမျိုးသမီး၏ မျက်လုံးများသည် အံ့အားသင့်မှုကြောင့် ပြူးကျယ်ကာ ပြုတ်ကျလုမတတ် ဖြစ်နေခဲ့သည်။
အသက်၂၀ရှိုက်စာ အချိန်အတွင်း ကျန်းချွမ်း၏ ဆေးမီးဖိုသည် အမှန်တကယ် ပေါက်ကွဲသွားခဲ့၏။
ယင်းက အရမ်းကို မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့သည် မဟုတ်ပါလား။
ကျန်းချန်၏ အဂ္ဂိရတ်စွမ်းရည်က သိပ်မကောင်းဟု မူလက သူမ ထင်ထားခဲ့သည်။
သို့သော် ယခုအခါတွင် ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော မြင်နိုင်စွမ်းသည် သူမထက် များစွာ ကျော်လွန်နေသည်ကို သူမ သဘောပေါက်သွားခဲ့သည်။
"မိန်းကလေး.. စိတ်မပျံ့လွင့်နဲ့.. ရွှေပန်းနဲ့ ခရမ်းရောင်တိမ်တိုက် ဆေးမြစ်ကို အသက်သုံးရှိုက်စာ အချိန် အတွင်း ထည့်လိုက်.. မဟုတ်ရင် ဒီတစ်ကြိမ် မင်း ကျရှုံးသွားလိမ့်မယ်"
ချောမောသော အမျိုးသမီး အံ့အားသင့် ထိတ်လန့်နေစဉ်တွင် ကျန်းချန်၏ အသံသည် သူမ၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့၏။
အမျိုးသမီးက တုန်လှုပ်သွားခဲ့ပြီး ကျန်းချန် ညွှန်ကြားချက်အတိုင်း ဆေးပစ္စည်းနှစ်မျိုးကို အလျင်အမြန်ပင် ထည့်လိုက်သည်။
ကျန်းချန်က အမျိုးသမီးကို ညွှန်ကြားပြီးနောက်တွင် အဂ္ဂိရတ်ကို အလျင်မလိုဘဲ ဆက်လက် လုပ်ဆောင်ခဲ့သည်။
အချိန်ကြာမြင့်စွာ အဂ္ဂိရတ် မလုပ်ဆောင်ခဲ့သောကြောင့် သူ၏ အရှိန်အဟုန်က အနည်းငယ် နှေးကွေးနေသော်လည်း အဆတစ်ရာစနစ်၏ ကောင်းချီးကြောင့် ကျန်းချန်သည် အဆင့်တိုင်းတွင် ပြီးပြည့်စုံမှု ရှိနေခဲ့၏။
"ဒင်.. သင်က သာမန်အဆင့်ရဲ့ အဆင့်ရှစ် ရွှယ်ယန်ဆေးလုံး တစ်လုံးကို အောင်မြင်စွာ သန့်စင်ပြီး အဂ္ဂိရတ်ပညာရပ် အတွေ့အကြုံရမှတ် တစ်သိန်းကို အဆတစ်ရာ ရရှိပါတယ်"
နာရီဝက် မပြည့်မီမှာပင် ကျန်းချန်သည် ရွှယ်ယန်ဆေးလုံးကို သန့်စင်နိုင်သည့် ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
ပထမဆုံး ရွှယ်ယန်ဆေးလုံးကို သန့်စင်ပြီးနောက်တွင် ကျန်းချန်သည် လုံးဝမရပ်နားဘဲ ဒုတိယမြောက် ရွှယ်ယန်ဆေးလုံးကို ဆက်လက် သန့်စင်ခဲ့သည်။
သူ ဤတစ်ကြိမ် အဂ္ဂိရတ်ခန်းမသို့ လာရောက်ရသည့် ရည်ရွယ်ချက်မှာ သူ၏ အဂ္ဂိရတ်ပညာရပ် တိုးတက်စေရန် အတွက် ဖြစ်သည်။
ယခု သူ့ရှေ့တွင် သန့်စင်ရန် ပစ္စည်းများ ရှိနေသေးသည် ဖြစ်ရာ ကျန်းချန်သည် အချိန်ဖြုန်းလိုခြင်း မရှိဘဲ အတွေ့အကြုံ ရမှတ်များ ရရှိရန် ဆေးလုံးကို ဆက်လက် သန့်စင်ဖို့ ဆုံးဖြတ်လိုက်၏။
ဒုတိယမြောက် ဆေးလုံးကို သန့်စင်ရာတွင် သူ၏ လှုပ်ရှားမှုများသည် မြန်ဆန်လာခဲ့သည်။
ကျန်းချန် ဒုတိယမြောက် ဆေးလုံး သန့်စင်မှု တစ်ဝက်ခန့် ရောက်မှသာ ခန်းမထဲရှိ အဂ္ဂိရတ်ခန်းမမှ တပည့်များသည် ပထမမြောက် ရွှယ်ယန်ဆေးလုံးများကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ကြသည်။
ဤမြင်ကွင်းကို မြင်လျှင် အနက်ရောင်ဝတ် အဖိုးအိုသည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။
"ဒီကောင်လေးရဲ့ အဂ္ဂိရတ် လုပ်ဆောင်မှုက ခုနကထက် ပိုပြီး မြန်ဆန်လာပုံပဲ"
"ငါခန့်မှန်းတာမမှားရင် သူက အဂ္ဂိရတ် မလုပ်တာ အတော်ကြာပြီ ဖြစ်ရမယ်.. ဒါကြောင့် ခုနက နည်းနည်း နှေးနေခဲ့တာပဲ"
"ဒီကောင်လေးရဲ့ အဂ္ဂိရတ်ပါရမီက အရမ်း မြင့်မားတယ်.. သူက အဆင့်တိုင်းကို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်တယ်"
"အဆင့်ရှစ်ဆေးဝါးကို သန့်စင်တာ ဆိုပေမဲ့ နတ်အဆင့် အဂ္ဂိရတ်သခင် တချို့တောင် သူ့ထက် ပိုကောင်းအောင် လုပ်နိုင်မယ်လို့ ငါ မထင်ဘူး"
အနီရောင်ဝတ် အဖိုးအို၏ မျက်နှာတွင် လေးစားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူက ဘေးမှ လင်ရှန်းကို လှည့်ကြည့်ကာ မေးလိုက်၏။
"လင်ရှန်း.. ဒီကောင်လေးက နဂါးအစောင့်အရှောက် ဆိုတာ တကယ်ပဲလား"
လင်ရှန်းက ခေါင်းညိတ်လိုက်သည်။
"ဒီအသက်အရွယ်နဲ့ ရှန်လုံမြို့ကို ဝင်ရောက်နိုင်ပုံထောက်ရင် သူက နဂါးအစောင့်အရှောက် ဆိုတာ သေချာပါတယ်"
"မမျှော်လင့်ဘဲ ရှန်လုံမြို့မှာ အဂ္ဂိရတ်ပညာရပ်နှင့် ကိုယ်ခံပညာရပ် နှစ်မျိုးလုံးမှာ ထူးချွန်တဲ့ ပါရမီရှင်တစ်ဦး ရှိနေခဲ့တာပဲ"
ဒုတိယမြောက် ဆေးလုံးကို စနစ်တကျ သန့်စင်နေသော ကျန်းချန်ကို ကြည့်ရင်း အနီရောင်ဝတ် အဖိုးအို၏ စိတ်ထဲတွင် ခံစားချက်များ ပြည့်နှက်နေခဲ့သည်။
ဤကောင်လေး၏ အဂ္ဂိရတ်ပါရမီသည် ကိုယ်ခံပညာပါရမီထက် မနိမ့်ကျမည်မှာ သေချာ၏။
အနည်းငယ် ပြုစုပျိုးထောင်ပေးလိုက်သည်နှင့် ထိုကောင်လေး၏ အဂ္ဂိရတ်လမ်းစဥ်ပေါ်ရှိ အောင်မြင်မှုသည် ကိုယ်ခံပညာလမ်းစဥ်ပေါ်ရှိ အောင်မြင်မှုထက် မနိမ့်ကျနိုင်ပေ။
သူတို့သုံးဦး စကားပြောဆိုနေစဉ်မှာပင် ကျန်းချန်၏ ဒုတိယမြောက် ဆေးလုံး သန့်စင်မှုသည် ပြီးဆုံးလုနီးပါး အခြေအနေသို့ ရောက်လာခဲ့သည်။
သူက ဆေးလုံးသိပ်သည်းခြင်း နည်းစနစ်ကို ထုတ်သုံးလိုက်သည်နှင့် ပြင်းထန်သော ဆေးရနံ့သည် ဆေးမီးဖိုထဲကနေ ထွက်ပေါ်လာခဲ့သည်။
လူတိုင်း၏ အာရုံစိုက်မှုအောက်တွင် ကျန်းချန်သည် တတိယမြောက် ရွှယ်ယန်ဆေးလုံးကို ချက်ချင်းဆိုသလို စတင်သန့်စင်လိုက်၏။
သူက ချွတ်ချော်မှု လုံးဝမရှိခဲ့ဘဲ တတိယမြောက် ရွှယ်ယန်ဆေးလုံးကိုလည်း လွယ်ကူစွာ သန့်စင်နိုင်ခဲ့သည်။
ဤမြင်ကွင်းသည် ခန်းမထဲတွင် တိတ်ဆိတ်မှုကို ဖြစ်ပေါ်စေခဲ့၏။
အကဲဖြတ်မှုတွင် ပါဝင်သည့် အဂ္ဂိရတ်ခန်းမ တပည့်များ သို့မဟုတ် လင်ရှန်းတို့ သုံးဦးစလုံးသည် အချိန်အတော်ကြာသည်အထိ အံ့အားသင့်မှုကနေ မသက်သာလာခဲ့ကြပေ။
အကဲဖြတ်မှု စတင်သည်မှာ တစ်နာရီကျော်ခန့်သာ ရှိသေးသော်လည်း သူတို့ရှေ့မှ ကောင်လေးသည် အကဲဖြတ်မှု အတွက် ပြင်ဆင်ထားသော ဆေးပစ္စည်း သုံးစုံ စလုံးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။
"ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျန်းချွမ်းသည် သူ၏ ရှေ့မှ မြင်ကွင်းကို မှင်တက်စွာ ကြည့်နေခဲ့ပြီး သူ့မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့၏။
ထိုကောင်လေးက တစ်နာရီကျော်အတွင်း သာမန်အဆင့်၏ အဆင့်ရှစ်ဆေးလုံး သုံးလုံးကို သန့်စင်ခဲ့ပြီး တစ်ကြိမ်မှ ကျရှုံးခြင်း မရှိခဲ့ပေ။
သာမန်အဆင့်၏ အဆင့်ရှစ် အဂ္ဂိရတ်သခင်များပင် ထိုသို့ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
"ပြီးပြည့်စုံတယ်.. အရမ်းကို ပြီးပြည့်စုံတယ်.. ငါအဖိုးကြီး ဘဝတစ်လျှောက်မှာ ပါရမီရှင် အများအပြား မြင်ဖူးခဲ့တယ်.. ဒါပေမယ့် ဒီလိုမျိုး မွန်းစတားဆန်တဲ့ ပါရမီရှင်ကိုတော့ တစ်ခါမှ မမြင်ဖူးဘူး"
အနက်ရောင်ဝတ် အဖိုးအိုက တီးတိုး ရေရွတ်လိုက်သည်။
"ဒါတင်ဘယ်ကမလဲ.. သူ သန့်စင်ထားတဲ့ ဆေးလုံး သုံးလုံးကနေ ထွက်လာတဲ့ ဆေးရနံ့ကို ကြည့်ရင် ဆေးလုံးရဲ့ အရည်အသွေးက ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်နေပြီလို့ ငါ ထင်တယ်"
အနီရောင်ဝတ် အဖိုးအိုက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ လေးနက်စွာ ပြောလိုက်သည်။
"ဒီကောင်လေးက ဆေးလုံးခန္ဓာကိုယ်နဲ့ မွေးဖွားလာတဲ့ လူတစ်ယောက် ဖြစ်လောက်တယ်"
အနီရောင်ဝတ် အဖိုးအို၏ စကားကိုကြားလျှင် လင်ရှန်းသည် ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။
"ကျန်းချန်က ဒဏ္ဍာရီလာ သဘာဝဆေးလုံး ခန္ဓာကိုယ်ပိုင်ရှင်လို့ အကြီးအကဲဟော် ဆိုလိုချင်တာလား"
အနီရောင်ဝတ် အဖိုးအို၏ မျက်လုံးများက အနည်းငယ် လင်းလက်သွားခဲ့သည်။
"ဒီထက် ပိုကောင်းတဲ့ ရှင်းပြချက်ကို ငါ မတွေးတတ်တော့ဘူး"
လင်ရှန်းသည် သူ၏ စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို အတင်းအကျပ် ထိန်းချုပ်လိုက်၏။
သူက ကျန်းချန်၏ တိကျသော ခန့်မှန်းချက်ကို တွေးမိလိုက်သည်။
ထို့နောက် ကျန်းချန်၏ ပြီးပြည့်စုံသော အဂ္ဂိရတ် လုပ်ငန်းစဉ်ကို ပြန်တွေးမိပြီး အနီရောင်ဝတ် အဖိုးအို၏ ခန့်မှန်းချက်ကို သဘောတူခဲ့သည်။
ဤကဲ့သို့ ပြီးပြည့်စုံသော အဂ္ဂိရတ် စွမ်းရည်ကို ဒဏ္ဍာရီလာ သဘာဝဆေးလုံး ခန္ဓာကိုယ်ပိုင်ရှင်သာလျှင် စွမ်းဆောင်နိုင်မည် ဖြစ်ပေသည်။
အခန်း(၁၆၇၇) ပြီး၏