ခါးကိုဘယ်လိုကော့မလဲ
Vol. 17 Ch. 231
အခန်း (၂၃၁) ခါးကိုဘယ်လိုကော့မလဲ
နူးညံ့သည့်လေပြေလေးတိုက်ခတ်လာသည့်အခါ လုန်ယွိ၏ ဆံနွယ်လေးများက လေထဲတွင် ပျံ့လွင့်သွားလေသည်။ လေပြေအဝှေ့တွင် မက်မွန်ပွင့်လေးများကလည်း မြေပြင်ထက်ကြွေကျသွားကြ၏။
ထိုစဉ် လင်စီးယာ၏ ခေါ်သံကို လုန်ယွိ ကြားလိုက်ရသည်။
"ဂိုဏ်းတူအစ်မ…"
နောက်ဆုံးတော့ သူမ ရောက်လာခဲ့လေပြီ။
လုန်ယွိက တစ်ချက်ပင်မတုံ့ဆိုင်းဘဲ ကျောက်စိမ်းရေကန်တည်ရှိရာတောင်ထွတ်သို့ ဝင်ရောက်လာနိုင်ရန် လမ်းဖွင့်ပေးလိုက်သည်။
ခဏကြာပြီးနော်...
လင်စီးယာက လမ်းအတိုင်း ဓားကိုစီးနှင်ပျံသန်း ဝင်ရောက်လာသည်။
သူမက လုန်ယွိကို ပြုံးရယ်ပြကာ နှုတ်ဆက်စကားဆိုလိုက်၏။
"ဂိုဏ်းတူအစ်မ... ဘာလို့ ကျွန်မကိုခေါ်တာဘာကိစ္စများ ရှိလို့လဲ"
အမှန်တော့ သူမကလည်း လုန်ယွိနှင့် တွေ့ချင်နေခဲ့သည်ပင်။
လုန်ယွိနှင့် ကျန်းလန် အခြေအနေတိုးတက်မှု ရှိမရှိကို သူမ စပ်စုလိုလှပြီ ဖြစ်သည်။ အမှန်တော့ သူတို့ (၂)ယောက်၏ တိုးတက်မှုက မျှော်လင့်ထားသည်ထက် နှေးကွေးနေခဲ့သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း သိသိသာသာ တိုးတက်လာခြင်းမရှိဘဲ မောင်နှမများပမာသာ ဖြစ်နေခဲ့သည်။
အခြားသော ဂိုဏ်းတူအစ်ကိုများ ၊ ဂိုဏ်းတူအစ်မများဆိုလျှင် နှစ်အနည်းငယ်အတွင်း တာအိုလက်တွဲဖော်များပင် ဖြစ်သွားကြလေရာ ထိုသူများနှင့်ယှဉ်လျှင် ကျန်းလန်နှင့်လုန်ယွိ၏ ဆက်ဆံရေးက ရှေ့ဆက်မတက်သည့်အလားပင် ဖြစ်၏။
လုန်ယွိက ခေါင်းညိတ်လိုက်ရင်း…
"အင်း ရှိတယ်…"
သူမက လင်စီးယာအနားသို့တိုးကပ်သွားပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ငါ ကျောကိုဆန့်ပြီး ခါးကိုကော့ပြရင် ဂိုဏ်းတူမောင်လေးက သဘောကျသွားမယ်လို့ ညီမလေး ပြောခဲ့တယ်နော်"
လင်စီးယာက ချက်ချင်းပင် ခေါင်းညိတ်လိုက်ရင်း…
"ဟုတ်တယ်လေ… လုပ်ပြလိုက်သေးလား ၊ ဘယ်လိုလဲ နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေး အရမ်းကို သတိလက်လွတ်နဲ့ ငေးမောသွားတယ် မဟုတ်လား"
လုန်ယွိက ခေါင်းခါယမ်းလိုက်ရင်း…
"ဘယ်ကလာ… သူက ငါ့ကို 'အိပ်ချင်နေတာလား' လို့တောင် မေးလိုက်သေးတယ်"
"………………"
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
သူမ၏ ဂိုဏ်းတူအစ်မက အလွန်လှပသူဖြစ်ပြီး ခန္ဓာကိုယ်ကလည်း အမို့အမောက်အရှိုက်အဝန်းတို့ဖြင့် စွဲမက်ဖွယ်ကောင်းလွန်းသူ ဖြစ်သည်။
ဂိုဏ်းတူအစ်မသာ ကျောကိုဆန့်ပြီး ခါးကိုကော့ပြလိုက်သည်နှင့် မြင်မြင်သမျှပုရိသတို့ သိစိတ်ပျောက်ကာ သတိလက်လွတ်ငေးမောမိကြမည်မှာအမှန်ပင်။
လင်စီးယာက…
"ဒါဖြင့် နဝမတောင်ထွတ်ကဂိုဏ်းတူမောင်လေးရဲ့ မျက်နှာအမူအရာကရော ဘယ်လိုရှိလဲ ၊ ဂိုဏ်းတူအစ်မ မြင်လိုက်ရလား"
လုန်ယွိက ခေါင်းညိတ်လိုက်ရင်း…
"ငါမြင်တာတော့ သူ့မျက်နှာက ခံစားချက်ကလည်း ပုံမှန်ပါပဲ ၊ ဘာမှ မပြောင်းလဲဘူး ၊ ငါ မလှဘူးလားဆိုပြီးတော့တောင် ငါက သူ့ကို မေးလိုက်မိသေးတယ်"
လင်စီးယာက…
"ဒါဖြင့် ဂိုဏ်းတူအစ်မ ခါးကိုကော့ပြလိုက်တုန်းက ဘယ်လိုနေရာကနေ လုပ်ပြလိုက်တာလဲ ၊ နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေး သေသေချာချာရော မြင်ရရဲ့လား"
လင်စီးယာ စိတ်ထဲတွင် ထူးဆန်းနေမိသည်။
လုန်ယွိ မည်သည့်နေရာကပင် ခါးကော့ပြပါစေ ဆန့်ကျင်ဘက်ပုရိသများအပေါ် အနည်းနှင့်အများတော့ သက်ရောက်မှုရှိမည်ပဲ ဖြစ်သည်။
နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးက မိန်းကလေးတွေကို သဘောမကျတတ်သူလား။ ဤသည်ကလည်း လုံးဝမဖြစ်နိုင်သည့်ကိစ္စပင်။
လုန်ယွိက…
"ငါက နေကိုကျောပေးရင်း သူ့ရှေ့တည့်တည့်မှာရပ်ပြီး လုပ်ပြတာ"
လင်စီးယာ မျက်မှောင်ကြုတ်လိုက်သည်။
ဂိုဏ်းတူအစ်မလုန်ယွိက ခပ်ကျပ်ကျပ်အဝတ်အစားများကို ဝတ်ဆင်မထားသောကြောင့် ကျန်းလန်က မြင်သင့်မြင်ထိုက်သည်များကို မမြင်လေသည်လား။
မဖြစ်နိုင်ပေ။ ခါးကိုကော့လိုက်သည်နှင့် အနည်းနှင့်အများတော့ ပုံမှန်အနေအထားနှင့် ကွဲပြားမည် ဖြစ်၏။ သို့ဆိုလျှင် အဘယ့်ကြောင့် ဂိုဏ်းတူမောင်လေး၏မျက်နှာအမူအရာက မပြောင်းလဲရပါသနည်း။
လင်စီးယာက ခဏမျှ တွေးနေပြီးနောက်…
"အဲဒါဆိုရင်တော့ ကျွန်မလည်း မသိတော့ဘူး ဂိုဏ်းတူအစ်မ…"
ခဏနားပြီးမှ သူမက ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ခါးကိုဘာလို့ ကော့ခိုင်းရလဲဆိုတဲ့အကြောင်းရင်းကို ဂိုဏ်းတူအစ်မကို ပြောပြမယ် ၊ နောက်တစ်ခါ ဂိုဏ်းတူမောင်လေးနဲ့တွေ့တဲ့အခါ အဆင်ပြေအောင် ထပ်ကြိုးစားကြည့်ပေါ့…"
လုန်ယွိက ခေါင်းညိတ်ပြလိုက်သည်။
သူမမျက်နှာတွင် မည်သည့်ခံစားချက်မှ ရှိမနေသော်လည်း သူမပုံစံက ခါတိုင်းလို အေးစက်စက် မဟုတ်တော့ပေ။ စကားများများမပြောသည်ကတော့ လုန်ယွိ၏ အမူအကျင့်ပင် ဖြစ်သည်။
လင်စီးယာက အသေးစိတ်ရှင်းပြလိုက်၏။
"တကယ့်အဓိကအချက်က အစ်မရဲ့ ရင်ဘတ်………"
"ပြီးတော့ ဂိုဏ်းတူအစ်မရဲ့ ပခုံးတွေကို ဂိုဏ်းတူမောင်လေးရှိတဲ့ဘက်ကို ဖွင့်ပြထားလိုက် ၊ လေတိုက်တဲ့ဘက်ကို မျက်နှာမူလိုက်ရင် သက်ရောက်မှုက နှစ်ဆဖြစ်လိမ့်မယ် ၊ အဲဒီလိုလုပ်လေ"
လင်စီးယာ စကားများကို နားထောင်ရင်း လုန်ယွိ မျက်ခုံးလေးများ တွန့်ချိုးထားမိသည်။
သူမပုံစံက အေးစက်ခြင်းလည်းမရှိသလို အတွေးထဲ နစ်မျောနေခြင်းလည်း မရှိပေ။ သို့သော် သူမမျက်ဝန်းများက မှုံမှိုင်းနေပြီး အသက်မဲ့နေ၏။
သူမ…
သူမ အရင်က ကျောကိုဆန့်ကာ ခါးကော့ခြင်း၏ အဓိပ္ပါယ်ကို သေသေချာချာ မသိရှိခဲ့ပေ။
ယခုတော့ ဒီလိုအပြုအမူမျိုးက အမှန်တကယ်ပင် အရှက်ကင်းမဲ့သည့် အပြုအမူမျိုးပါလားဆိုသည်ကို သိလိုက်ရပြီ ဖြစ်သည်။
ထို့ပြင် သူမ ခါးကိုကော့ပြစဉ် ကျန်းလန်၏ မျက်နှာအမူအရာမပြောင်းလဲရသည့်အကြောင်းရင်းကိုလည်း သိရှိသွားခဲ့ပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော်…
ထိုစဉ်က…
သူမက လုန်ယွိ ပုံစံနှင့်မဟုတ်ဘဲ ရှောင်ယွိပုံစံနှင့်ဖြစ်နေလေရာ ကျန်းလန်ကို အဘယ်မှာ စွဲဆောင်နိုင်ခဲ့ပါမည်နည်း။
သို့သော် ယခုတော့ သူမ ရှက်လွန်းသဖြင့် တွင်းထဲသာ ဝင်ပုန်းနေလိုက်ချင်တော့သည်။
သူမက လင်စီးယာကိုပင် ထိုအကြောင်းများ မေးမြန်းနေခဲ့လေရာ လင်စီးယာကိုယ်တိုင်ပင် သူမကို အရှက်မရှိသူဟု ထင်မှတ်သွားနိုင်သည်။
ထို့ပြင် နောက်တစ်ခေါက် ကျန်းလန်နှင့် ဆုံတွေ့သည့်အခါ ခါးကော့သည့်ကိစ္စကို မေးမြန်းလာပါလျှင် မည်သို့အဖြေပေးရပါမည်နည်း။
လုန်ယွိမှာ မျက်နှာကသာ တည်ငြိမ်နေသည် ၊ ရင်ထဲတွင် ခံစားချက်များဖြင့် ဗလောင်ဆူနေပြီး မည်သည့်စကားမှ ပြောမထွက်နိုင်ရှာတော့ပေ။
***
နဝမတောင်ထွတ်…
ကျန်းလန် ခြံဝန်းထဲတွင် ထိုင်နေလေသည်။
တောင်ပေါ်ပြန်ရောက်သည်နှင့် ကျင့်ကြံရန်သာ အရင်ဆုံးတွေးမိသည်။
သူ့အနေဖြင့် ကျင့်ကြံခြင်းအဆင့်တက်ရန် နှစ်ပေါင်း (၃၀၀)ခန့် ထပ်မံအချိန်ယူရဦးမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကိုယ်ပိုင်တာအိုလမ်းကို လျှောက်လှမ်းနိုင်ရန် ခပ်မြန်မြန် လှုပ်ရှားရပေမည်။
သို့သော် တာအိုကို နားလည်ရန်ဆိုသည်က ကြိုးစားတိုင်းလည်း မဖြစ်နိုင်သလို တစ်ခါတစ်ရံ ကံတရားအပေါ်တွင်လည်း မူတည်သေးသည်။ ဆန္ဒရှိတိုင်း နားမလည်နိုင်သလို လိုချင်တိုင်းလည်း မရရှိနိုင်သည့်အရာတစ်ခုပင် ဖြစ်သည်။
တာအိုဆိုသည်က စိတ်ထဲတွင် နားလည်သော်ငြား ထုတ်ဖော်ပြောပြနိုင်ရန် ခက်ခဲသည်။
သို့ရာတွင် သူ့အနေဖြင့် အလျှင်လိုစရာ အကြောင်း မရှိပေ။ ဖြည်းဖြည်းမှန်မှန်ဖြင့် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ရန် လိုအပ်သည်။
ယခု သူက အစစ်အမှန်အင်မော်တယ်အဆင့်ဖြစ်လေရာ အခြားသူများထက် များစွာသာလွန်နေပြီ ဖြစ်သည်။
အစစ်အမှန်အင်မော်တယ်အဆင့်ဆိုသည်က အခြားသော ကျင့်ကြံခြင်းအဆင့်များနှင့် အနည်းငယ် ကွဲပြားသည်။ အစစ်အမှန် အင်မော်တယ်အဆင့်အောင်မြင်သည်နှင့် မိုးကောင်းကင်အင်မော်တယ် ဖြစ်လာမည် မဟုတ်ပေ။
အစစ်အမှန်အင်မော်တယ်နှင့် မိုးကောင်းကင်အင်မော်တယ်ကြားတွင် ဖြတ်သန်းရမည့် တံခါးတစ်ချပ်ရှိသည်။ ထိုတံခါးကို ဖြတ်ကျော်ရန် မိုးနဲ့မြေတာအိုတရားကိုနားလည်ရန် လိုအပ်သည်။
ကျန်းလန် မရှိမှုအာကာသအဆင့်ရောက်စဉ်က အင်မော်တယ်တံခါးကို ရှာဖွေရခြင်းမျိုးနှင့် ဆင်တူ၏။
ယခု ကျန်းလန်က မိုးနဲ့မြေတာအိုတရားကို စတင်ထိတွေ့နိုင်ပြီဖြစ်ရာ အဆင့်တက်ရန် သိပ်မခက်ခဲတော့ပေ။
တာအိုကိုလည်း နားလည် ၊ အစစ်အမှန်အင်မော်တယ်အဆင့်လည်းအောင်မြင်မည်ဆိုလျှင် သေချာပေါက် မိုးကောင်းကင်အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
ကျန်းလန် ခေါင်းတစ်ချက်ခါယမ်းရင်း အတွေးများကို ဖယ်ထုတ်လိုက်သည်။ သူ့အနေဖြင့် ကျင့်ကြံရန်သာ လိုအပ်သည်။
ထို့ပြင် ကျင့်ကြံခြင်းဆိုသည်က နေ့ချင်းညချင်း အောင်မြင်သွားမ်ညမဟုတ်လေရာ တစ်ဆင့်ခြင်းသွားခြင်းကသာ အန္တရယ်အကင်းဆုံး ဖြစ်၏။
***
နွေဦးရာသီ ကုန်ဆုံးပြီး ဆောင်းဦးရာသီသို့တိုင် ရောက်ရှိလာသည်။
ကျန်းလန် ခြံဝန်းထဲတွင်ထိုင်ရင်း လှပသည့် ရှုမျှော်ခင်းများကို ငေးမျှော်ကြည့်နေမိသည်။
ပန်းပွင့်လေးများ ပွင့်လန်းလာလိုက် ကြွေကျသွားလိုက်ဖြင့် နွေဦးရာသီမိုးရေစက်များ ၊ နွေရာသီနေပူပူ ၊ ဆောင်းဦးလေပြေနှင့် ဆောင်းရာသီနှင်းပွင့်များကို ခံစားခဲ့ရသည်။
ယခုနှစ်ဆိုလျှင် ကျန်းလန် ခွန်လွန်တောင်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၂၇၀) တင်းတင်းပြည့်ပြီ ဖြစ်၏။
လွန်ခဲ့သည့်နှစ်များအတွင်း သူက ညဘက်တွင်ကျင့်ကြံမှုပြုလုပ်ပြီး နေ့ဘက်တွင်တော့ ခြံဝန်းထဲတွင် အေးအေးဆေးဆေး ရှုမျှော်ခင်းကြည့်ရင်း စိတ်လက်အပန်းဖြေလေ့ရှိသည်။
နာမ်ဝိညာဉ်ရောင်ပြန်ပညာကို လေ့လာခြင်းက တာအိုနှင့်ပတ်သက်သည့် ဉာဏ်အလင်းပွင့်သောခံစားချက်ကို ပေးစွမ်းသည်။
သူ့ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသည့် တာအိုအာဟာရရေစီးဆင်းမှုများက ပိုမိုများပြားလာပြီး ရေစီးဆင်းသံကလည်း ပိုမိုကျယ်လောင်လာသည်။
သူ၏ ကျင့်ကြံခြင်းအရှိန်အဟုန်ကလည်း မြင့်တက်လာသလို တန်ခိုးစွမ်းအားများကလည်း တစ်နေ့တခြား ပိုမိုမြင့်မားလာသည်။
နဂါးမျိုးနွယ်များကတော့ မည်သည့်ပြဿနာမှမရှာဘဲ ပြန်သွားကြပြီ ဖြစ်သည်။ သူတို့က ခွန်လွန်တောင်ကို စိန်ခေါ်ရန်သက်သက် ရောက်လာသူများပမာ ဟန်ဆောင်ကောင်းကြ၏။
မပြန်ခင် လုန်မန်က သူ့ကို လာရောက်နှုတ်ဆက်သေးသည်။ သူနှင့်လုန်ယွိ၏လက်ထပ်ပွဲကို စိတ်အားထက်သန်စွာ အားအပေးဆုံးသူမှာ အဋ္ဌမမင်းသားတစ်ယောက်သာ ရှိသည်။
သို့သော် လုန်မန်တွင် သူ့ကို မေးချင်သော်လည်း မမေးရဲသည့်ကိစ္စများရှိကြောင်း ကျန်းလန် ရိပ်မိခဲ့သည်။
လူသားအင်မော်တယ်အဆင့် အောင်မြင်ထားသည့် အဋ္ဌမမင်းသားက အစစ်အမှန်အင်မော်တယ်ဖြစ်လာရန် အတော်လေး နီးစပ်နေပြီ ဖြစ်ပြီး အချိန်တိုအတွင်း အဆင့်တက်နိုင်တော့မည် ဖြစ်သည်။
အရင်အချိန်များက သူနားလည်ထားသည့် နာမ်ဝိညာဉ်ရောင်ပြန်ပညာကို လေ့လာရန်အတွက် ကျန်းလန် သေရည်ဆိုင်သို့ မကြာခဏ သွားရောက်လေ့ရှိသည်။
ထိုအချိန်များတွင် လုန်မန်နှင့် ကလေးငယ်တို့ တိုက်ခိုက်နေကြသည်ကို မကြာခဏတွေ့မြင်ရလေ့ရှိသည်။ ကြည့်ရသည်မှာ လုန်မန်က ကလေးငယ်ကို တိုက်ခိုက်ရေးနှင့်ပတ်သက်ပြီး လေ့ကျင့်သင်ပြပေးနေဟန် ရှိသည်။
ကလေးငယ်ကတော့ လုန်မန်ကို အမြဲတမ်းနီးပါး ရှုံးနိမ့်ရသည်ပင်။
ဤနှစ်များအတွင်း စိတ်အနှောက်အယှက် ဖြစ်ရသည်မှာ ရှောင်ယွိက ကျန်းလန်ကို တစ်စုံတစ်ခု ဖုံးကွယ်ထားဟန် ရှိနေခြင်း ဖြစ်၏။
သူမစိတ်ထဲ မည်သို့သောအတွေးများရှိကြောင်း ကျန်းလန်လည်း မသိရှိနိုင်ပေ။
သို့သော် ကျန်းလန်က သူမကို စိုက်ကြည့်လာလျှင် သူမက ချက်ချင်းပင် ကိုယ်ကိုကျုံ့ထားတတ်၏။ တစ်ခါတစ်ရံ ထိတ်လန့်တခြားဖြင့် ထပင်ခုန်တတ်သေးသည်။
သို့သော် သူ စိုက်ကြည့်နေသည်ကိုတော့ သူမက တားဆီးခြင်း မပြုပေ။
ထိုအချက်က အတော်လေး ထူးဆန်းလှသည်။ သို့သော် ရှောင်ယွိ၏ ထူးခြားသည့်အပြုအမူများအတွက် ကျန်းလန် စိတ်မကောင်းတော့ မဖြစ်မိပေ။
***
နေဝင်လုပြီ ဖြစ်လေသည်။
ကျန်းလန် မရဏဂူသို့ ထွက်ခွာလာခဲ့သည်။
ယခုနှစ်များအတွင်း ရေသဖန်းပင်လေးနှင့် သားရဲဥလေးကို မရဏဂူထဲသို့ မယူခဲ့တော့ဘဲ ခြံဝန်းအတွင်းတွင်သာ ထားတော့သည်။
မရဏအငွေ့အသက်များ ပေါက်ကွဲထွက်သည့်အခါ ထိုအရာလေးများ ညှိုးနွမ်းသေဆုံးသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။
ယခု ငရဲတံခါးမှ မရဏအငွေ့အသက်များက အလွန်ပင်ထူထပ်သိပ်သည်းနေပြီ ဖြစ်သည်။ နောက်နှစ်အနည်းငယ်ဆိုလျှင် မရဏအငွေ့အသက်များ ပေါက်ကွဲထွက်မှု ထိပ်ဆုံးအဆင့်သို့ ရောက်ရှိပေတော့မည်။
သို့သော် မရဏအငွေ့အသက်များ မည်မျှပင်များပြားပါစေ ကျန်းလန်၏ စိတ်အခြေအနေကို လွှမ်းမိုးနိုင်ခြင်း မရှိတော့ပေ။
"ဒီတစ်ခါတော့ ပိုပြီးအချိန်ကြာကြာ ကျင့်ကြံနိုင်အောင် ကြိုးစားရမယ်"
ကျန်းလန် တွေးလိုက်သည်။
မရဏအငွေ့အသက်များ ပေါက်ကွဲထွက်သည့်အချိန်တွင် မကျင့်ကြံမိပါက သူ့အတွက် ကျင့်ကြံခြင်းရင်းမြစ်များကို ဖြုန်းတီးသလို ဖြစ်ပေလိမ့်မည်။
ယနေ့ သူ အပြင်မသွားတော့ဘဲ တောင်ပေါ်တွင်သာ တစ်ယောက်တည်း ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။
သူက တာအိုတရားကို လျှင်မြန်စွာ နားလည်နေသည့်တိုင် လျှောက်လှမ်းရမည့်ခရီးက ရှည်လျားပေဦးမည်။ ထို့ကြောင့် တစ်ချက်လေးပင် မပျင်းရိဘဲ ကျင့်ကြံသင့်၏။
"တာအိုနားလည်ခြင်းလက်ဖက်ခြောက်လည်း နည်းနည်းကျန်နေသေးတယ် ၊ ဉာဏ်အလင်းပွင့်ဖို့အတွက် ဘယ်အချိန် အသုံးပြုရမလဲမသိဘူး"
တာအိုနားလည်ခြင်းလက်ဖက်ခြောက်ကို အမှန်ကန်ဆုံးအခြေအနေတွင် အကျိုးကျေးဇူး အများဆုံးရရှိရန် အသုံးပြုရမည် ဖြစ်သည်။
ယခုအချိန် စားသုံးလိုက်လျှင် သက်ရောက်မှုက သိသာမည် မဟုတ်ပေ။
ထို့နောက် ကျန်းလန်က ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားကို ထုတ်ယူပြီး ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။
ပြဒါးဆေးများ ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားနှင့် မရဏအငွေ့အသက်များက သူ့အတွက် ကျင့်ကြံခြင်းအဆင့်တက်ရန် လျှင်မြန်စေသည့် ရင်းမြစ်များ ဖြစ်သည်။
ထိုအရာများကို အသုံးပြုကျင့်ကြံရင်းဖြင့် နောင်နှစ်ပေါင်း (၃၀၀)အတွင်း အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်မည် ဖြစ်သည်။
သူက အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့်သို့ရောက်ရှိရန်ပင် အလှမ်းဝေးနေသေးသော်လည်း နဝမတောင်ထွတ်တွင် ဂူအောင်းကျင့်ကြံနေမည်ဆိုပါက မကြာမီ အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်သွားမည် ဖြစ်၏။
ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားကို ဖွင့်လိုက်သည်နှင့် ကျောက်စိမ်းရေကန်နံဘေးတွင် လဲလျောင်းနေသည့် အဖြူရောင်နဂါးလေးကို တွေ့ရသည်။ နဂါးငယ်က မြီးကို ရေကန်ထဲ တန်းလန်းချထား၏။
ထိုပုံစံကိုမြင်တော့ ယခုအချိန် လုန်ယွိ ဘယ်လိုပုံစံနဲ့များ ရှိနေပါလိမ့်ဟု ကျန်းလန် သိချင်သွားမိသည်။
ပန်းချီကားထဲမှ နဂါးဖြူလေးကို မြင်တိုင်း ကျန်းလန်မှာ ငါးတစ်ကောင်မွေးထားသလို ခံစားရပြီး အစာကျွေးချင်စိတ်ပင် ပေါက်မိသည်။
သို့သော် သူ့မှာ ပန်းချီကားထဲမှနဂါးကို အစာကျွေး၍ မရနိုင်ခဲ့ပေ။
ကျန်းလန်က ပန်းချီကားကို ဆက်မကြည့်တော့ဘဲ ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူ အမှတ်တမဲ့ဖြင့်ပင် ပန်းချီကားကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်မိသည်။
ကျောက်စိမ်းရေကန်ထဲတွင် မှိန်ဖျော့ဖျော့ အနက်ရောင်အခိုးအငွေ့များကို ကျန်းလန် တွေ့မြင်လိုက်ရ၏။
"ဒီအခိုးအငွေ့တွေ ဘယ်တုန်းက ရောက်လာတာလဲ ၊ မနေ့ကတောင် မရှိသေးပါဘူး"