← Chapters

ပျံသန်းခြင်း

Vol. 4 Ch. 46

ပျံသန်းခြင်း

Vol. 4 Ch. 46

ဖင်းလီ ခေါင်းချာချာလည်ကာ ပတ်ဝန်းကျင်တစ်ခုလုံး တစ်စက္ကန့်မျှ ဝေဝါးသွားသည်။

ဘာ.. ဘာလို့ အင်က ငါ့ကို ဖက်ထားတာလဲ..

ဖင်းလီမှာ အပြင်ပိုင်း၌ ကောင်လေးတစ်ဦးအသွင်ဖြစ်သော်ငြား စိတ်ဝိညာဉ်မှာမူ လူငယ်တစ်ဦးဖြစ်သည်။ ထို့ကြောင့် အင်စလေအနီး၌ ရှိချိန် ပျာယာခတ်နေခြင်း မရှိသည့် အကြောင်းမှာ သူမသည် ၃ နှစ်အရွယ်သာ ရှိသေးသောကြောင့် ဖြစ်သည်။

သို့သော် ကောင်မလေး၏ အမူအရာမှာ ထူးဆန်းနေသောကြောင့် ရင်တထိတ်ထိတ် ဖြစ်လာသည်။

“ဘာ.. ဘာဖြစ်လို့လဲ အင်..”

ဖင်းလီသည် အင်စလေအား အဝေးသို့ တွန်းလိုက်ပြီး ကလေးနှင့် အကွာအဝေးတစ်ခု ခြားလိုက်သည်။ ဤကလေးမှာ သူ့အတွက် အန္တရာယ်များလွန်းသည်ဟု မသိစိတ်မှ ခံစားနေရသည်။

“အွင်း.. လွမ်းနာ ဖွင်း (အင်း.. လွမ်းနေတာ ဖင်း)”

အင်စလေ သွားဖြီးပြလိုက်သည်။ ပုလဲလုံးနှင့်တူသည့် သွားဖွေးဖွေးလေးများမှာ နေရောင်အောက်တွင် တောက်ပလျက်ရှိပြီး ကလေးသည် ဖင်းလီအနီးသို့ တဖြည်းဖြည်းချင်း လေးဘက်ထောက်လာသည်။

“ဖွင်းး ကချားမား (ဖင်း ကစားမလား)”

သူမသည် ဖြူဖြူစင်စင်ဖြင့် အတူကစားရန် မေးနေခြင်းဖြစ်သောငြား သူမ၏ စိတ်အားထက်သန်မှုသည် ဖင်းလီအား ကြောက်ရွံ့စေသည်။

ယခင်က ကလေးများနှင့် မကစားဖူးသောကြောင့် မည်သို့ကစားရမည်ကို မသိချေ။

“အွန်.. အွန်.. ငါတို့ ဥယျာဉ်ထဲ သွားကြမလား..”

ဖင်းလီသည် ချွေးအေးများ စီးကျကာဖြင့် အင်စလေအား ပြုံးရယ်လာစေရန် ကြိုးစားနေသည်။

ဤကလေးမှာ သူ၏ ပထမဆုံးသော သူငယ်ချင်းအစစ် ဖြစ်သောကြောင့် စိတ်မပျက်သွားစေချင်ပါ။

“အုယဉ်လား ဟု.. တွား တွား (ဥယျာဉ်လား.. ဟုတ်.. သွား သွား)”

အင်စလေ ဖင်းလီ၏ လက်သန်းအားဆွဲရင်း ပျော်ရွှင်စွာ ခုန်ပေါက်လိုက်သည်။ ကလေးသည် မလှုပ်တလှုပ်ဖြစ်နေသည့် ဖင်းလီအား ချက်ချင်းဆိုသလို သူမနှင့်အတူ ဆွဲခေါ်သွားသည်။

“ဖွင်းး နတ်တမီးတွေကြောင်း များရီးကျောကျ (ဖင်း နတ်သမီးတွေအကြောင်း အများကြီး ပြောပြ)”

နှစ်ဦးသား ပြတင်းပေါက်ရှိရာသို့ လျှောက်သွားရင်း အင်စလေသည် ဖင်းလီအား နတ်သမီးများအကြောင်း ပိုပြောပြရန် မေးလိုက်သည်။

ဖင်းလီသည် သူမအား ပြတင်းပေါက်မှတဆင့် စာကြည့်တိုက်အပြင်သို့ တနည်းနည်းနှင့် ခေါ်ထုတ်သွားမည်ဖြစ်ကြောင်း ကလေးသိလိုက်သည်။

“နောက်မှပြောပြမယ်.. အခု သေချာလေးကိုင်ထား.. ငါတို့ ပျံတော့မှာ..”

ဖင်းလီသည် အင်စလေအား လက်မောင်းများဖြင့် ပွေ့ဖက်ထားပြီး ကလေး ပြုတ်မကျနိုင်ကြောင်း သေချာပြီးနောက် သူ၏စွမ်းရည်အား အသုံးပြုလိုက်သည်။

ပြတင်းဘောင်ပေါ်သို့ တက်လိုက်သည်နှင့် ပြင်းထန်သော လေဝဲတစ်ခု စုဝေးရောက်ရှိလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလေများသည် ဖင်းလီအတွက် အတောင်ပံများသဖွယ် ဖြစ်လာပုံရသည်။ ဖင်းလီ ပြတင်းပေါက်မှ ခြေလှမ်းလိုက်သည်အခါ ချက်ချင်းပင် လေထဲ၌ လွင့်မျောနေသည်။

“ဟွားးးး”

အင်စလေသည် ဖင်းလီ၏ အင်္ကျီအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ သူမခြေဖဝါးအောက်ရှိ မြင်ကွင်းအား ငုံ့ကြည့်လိုက်သည်။ ဖင်းလီသည် အလွန်မြင့်သည့်နေရာမှ ပျံသန်းခြင်း မဟုတ်သော်ငြား အင်စလေသည် သူမတို့ ရောက်ရှိနေသည့် နေရာနှင့် မနီးမဝေးရှိ စလိုအန်မိသားစု၏ ဥယျာဉ်တစ်ခုလုံးအား မြင်နေရသည်။

သောက်ခွေး.. လေစွမ်းအင်က.. အရမ်းပဲ..

ဖင်းလီ လေစွမ်းအင်သုံးကာ စတင်ရွေ့လျားချိန်တွင် အင်စလေ၏ မျက်လုံးများ တလက်လက်တောက်ပလာသည်။ သူ၏ စွမ်းအင်အား ထိန်းချုပ်နိုင်စွမ်းမှာ လေသည် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုသဖွယ် ဖြစ်လာသည်။

“ဖွင်းးး မိုက် မိုက်”

အင်စလေ ဖင်းလီအား အမှတ်မထင် ချီးကျူးလိုက်သည်။ လေနုအေးမှာ သူမ၏ ပါးဖောင်းဖောင်းလေးအား ညင်ညင်သာသာ ပွတ်သပ်လျက်ရှိပြီး ကလေးသည် ဖင်းလီအား မော့ကြည့်သည်။

မျှော်လင့်ထားသလိုပဲ နတ်သမီးတွေက ချောလွန်းတာတင် မကဘဲ စွမ်းရည်ကလည်း အမိုက်စား.. သူ့ရဲ့ စွမ်းရည်ထိန်းချုပ်ပုံက လုံးဝ ထိပ်တန်းအဆင့်..

“ဟားဟားဟား ငါ့ကို မျက်နှာချိုသွေးနေတာလား.. ဒီလိုမျိုး ထိန်းချုပ်တာလောက်ကတော့ တော်ဝင်နတ်သမီးတွေအတွက် ပုံမှန်ပါပဲ..”

ဖင်းလီ တောက်ပစွာပြုံးရင်း အင်စလေ၏ခေါင်းအား အသာပုတ်လိုက်သည်။

နတ်သမီးလေး ပြုံးလိုက်ချိန်တွင် အပြာရောင်ကောင်းကင်နောက်ခံတွင် မျက်နှာပေါ်‌ နေရောင်ထွန်းလင်းလာသည်။ လေတောင်ပံများနှင့် ရွှေရောင်ဆံပင်များသည်လည်း လွင့်ဝဲကာ နေရောင်ခြည်သည်လည်း တစ်ချက်တစ်ချက် ရောင်ပြန်ဟပ်နေသည်။

မြစိမ်းရောင်မျက်လုံးများသည် အင်စလေအား ဖမ်းစားထားသကဲ့သို့ စူးစူးစိုက်စိုက်ကြည့်နေသည်။

“...ဘာလို့ ဒီကောင်လေးက အရမ်းလှနေတာလဲ..”

အင်စလေသည် ဖင်းလီ၏ တလက်လက်တောက်ပနေသော မျက်လုံးများအားကြည့်ကာ ခါးသီးလာသည်။ ဤမျှ ကြည်လင်တောက်ပနေသော မြစိမ်းရောင်မျက်လုံးများမှာ မြကျောက်အစစ်အလားပင်။

အဲဒီမျက်လုံးတွေက တကယ်ကို ကျောက်မျက်ရတနာနဲ့ တူနေတာ.. တော်ဝင်နတ်သမီးတွေရဲ့ ထူးခြားတဲ့ အမှတ်အသားများလား..

ထိုသို့ပင် ဖြစ်ရမည်ဟု အင်စလေ ယုံကြည်သည်။ သို့သော် ယင်းမှာ ဖင်းလီသည် အချိန်နတ်သမီးနှင့် ပဋိညာဉ်ပြုထားသောကြောင့် ရရှိလာသော သက်ရောက်မှုတစ်ခုမျှသာဖြစ်သည်။

ဖင်းလီသည် ယခုအခါ နတ်သမီးနှင့် မျက်လုံးများအား မျှဝေအသုံးပြုနိုင်ပြီဖြစ်သည်။ သို့သော် သူသည် နတ်သမီးမဟုတ်ဘဲ လူသားတစ်ဦးသာ ဖြစ်သောကြောင့် သူ၏ မျက်လုံးများသည် ကျောက်မျက်ရတနာနှင့် ပိုတူနေရခြင်းဖြစ်သည်။ တော်ဝင်နတ်သမီး၏ မြစိမ်းရောင် မျက်လုံးများမှာမူ တည်ငြိမ်နေသော ကန်ရေပြင်အလား ဖြစ်သည်။

“ဖွင်း ရမ်းလှ (ဖင်း.. အရမ်းလှ)”

အင်စလေသည် ဖင်းလီ၏ ရင်ဘတ်အား ခေါင်းမှီရင်း ခပ်တိုးတိုးပြောသည်။ ဖင်းလီသည် သူမအား ပွေ့ကာ သယ်ဆောင်ပေးထားသောကြောင့် ထိုမျှလှပသည့် စီးတော်ယာဉ်နှင့် အလကား ခေါ်ယူခံရခြင်းမှာ အတော်လေး ကောင်းလှသည်။

အား.. အနံ့လေးလည်း ကောင်းတယ်..

သူမ၏ နှာဗူးဆန်ဆန် အပြုအမူများသည် အသက် ၁၀ နှစ်ပင် မပြည့်သေးသော ကောင်လေးတစ်ဦးအား ခြောက်လှန့်မိနေခြင်းဖြစ်ကြောင်း အင်စလေ သဘောမပေါက်ချေ။

“ဟမ်.. ဘာပြောလိုက်တာလဲ..”

ဖင်းလီသည် ဥယျာဉ်သို့ သွားနေရင်း အစောင့်များအား ရှောင်တိမ်းရန် အာရုံစိုက်နေရသဖြင့် အင်စလေ၏ စကားအား ရှင်းရှင်းလင်းလင်း မကြားလိုက်ရသောကြောင့် ပြန်မေးလိုက်သည်။

အင်စလေ၏ စကားအား ရှင်းရှင်းလင်းလင်း မကြားလိုက်သော်ငြား သူ၏ အသိစိတ်အရ သိမှဖြစ်မည်ဟု ခံစားရသည်။

“ဟုဝူး ဘာဟုဝူး (မဟုတ်ဘူး ဘာမှမဟုတ်ဘူး)”

အင်စလေ ခေါင်းယမ်းကာ ငြင်းဆိုလိုက်သည်။

ဖင်းက နတ်သမီးလှလှလေးဆိုရင်တောင် ယောက်ျားလေး တစ်ယောက်ပဲ.. သူ့ကို လှတယ်လို့ပြောရင် ကြိုက်ပါ့မလား.. ဂါးး သူက ချောတာထက်ပိုပြီး လှနေတာလေ..

အရွယ်ရောက်လာရင်တော့ ခံ့ချောတဲ့သူ ဖြစ်လာချင် လာမှာပေါ့.. အခုတော့ ကလေးအရွယ်ပဲ ရှိသေးတာ.. လှလှလေး..

အင်စလေသည် မည်သည့်စကားမှ မပြောမိသယောင် ဟန်ဆောင်လိုက်သည်။ ထို့ကြောင့် ဖင်းလီ မေ့လိုက်ရုံသာ ရှိတော့သည်။

“အမ်း.. ကောင်းပါပြီ.. ဒါနဲ့ ဥယျာဉ်ကို ရောက်ပြီ..”

ဖင်းလီသည် အင်စလေအား အသိပေးရင်း မြက်ခင်းထူထူရှိရာ မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းလိုက်သည်။ အစိမ်းရောင်မြက်ခင်းပြင်နှင့် ခြေထောက်ထိမှသာ ဖင်းလီ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချနိုင်တော့သည်။

အနောက်ဘက်ဥယျာဉ်မှာ အစောင့်တွေ မရှိဘူးဆိုတော့ လုံခြုံတယ်..

မည်သူမျှ မမြင်ကြောင်း သေချာပြီးမှသာ ဖင်းလီသည် အင်စလေအား မြေပေါ်သို့ ဆင်းခိုင်းလိုက်သည်။ အင်စလေ ကိုယ်တိုင်လမ်းလျှောက်နိုင်ချိန်တွင် ဖင်းလီသည် သူမ၏လက်အား ဆုပ်ကိုင်လိုက်သည်။

“အဲဒီသစ်ပင်ဆီ သွားကြမယ်.. ဟုတ်ပြီလား.. ငါ့ကို တခြားလူတွေ မြင်သွားလို့ မဖြစ်ဘူး.. မဟုတ်ရင် ရဲတိုက်အပြင်ကို ထွက်ရတော့မှာ မဟုတ်ဘူး..”

ဖင်းလီ မျက်တောင်တစ်ချက်မခတ် လိမ်လိုက်သည်။

ဖင်းလီသည် စံအိမ်အနောက်ဘက်ရှိ သစ်ပင်သစ်ရွက်များ အုံ့ဆိုင်းဝေဆာသော ဧရာမသစ်ပင်ကြီးအား ညွှန်ပြလိုက်သည်။ အဆိုပါ သစ်ပင်ကြီးမှာ အလွန်ကြီးမားသဖြင့် သစ်ပင်အိမ်အဖြစ် အသုံးပြုနိုင်သည်။

“အိုခေ”

အင်စလေ နာခံမှုရှိစွာ ခေါင်းညိတ်လိုက်သည်။ ဖင်းလီသည် သူမအား လက်ဆွဲကာ ကြီးကျယ်ခံ့ညားသည့် သစ်ပင်ရှိရာသို့ ဦးဆောင်သွားသည်။

တခြားလူတွေ မြင်သွားမှာစိုးလို့ ဖင်းက ငါနဲ့ အပြင်မှာ တွေ့လို့မရဘူး.. အဲဒါဆိုးတာပဲ..

သူ့ရဲ့ တည်ရှိမှုကို ဖုံးထားရမယ်..

အင်စလေသည် ဖင်းအား ထာဝရ ဖုံးဝှက်ထားရန် ဆုံးဖြတ်လိုက်သည်။ နတ်သမီးများနှင့် ပဋိညာဉ်ပြုနိုင်သည့် အနည်းငယ်သော လူသားများထဲ၌ပင် ဖင်း၏ တည်ရှိမှုအား သူမတစ်ဦးတည်းသာ သိရမည်။

All Chapters