အာဏာသိမ်းခြင်း
Vol. 4 Ch. 53
ဟုတ်သည်။ ယင်းမှာ အံ့ဩဖွယ်ကောင်းလှသော်ငြား အနည်းငယ် မနှစ်မြို့ဖွယ်လည်း ဖြစ်သည်။
အခန်းအတွင်းရှိလူများမှာ ပါးစပ် မဖွင့်နိုင်ဘဲ ကျောက်ရုပ်ဖြစ်သွားသည့် စာရင်းကိုင်ချုပ်အား ကြည့်ကာ မျက်လုံးများပင် မဖွင့်ရဲကြတော့ချေ။
၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ ဆဲရေးခံရခြင်းမှာ ကိုင်တွယ်ရန် မလွယ်ပေ။ ထိုအရာမှာလည်း တရားမဝင်သော လုပ်ရပ်လည်းဖြစ်သည်။
“အ.. အင်..”
အဖိုးယိုဖန် ခါးကိုင်းလိုက်ပြီး ကလေး၏ ဦးခေါင်းအနီးသို့ တိုးကပ်သွားသည်။
“ဒါ.. ဒါက..”
ထိုသို့သော ကြမ်းတမ်းသည့် ဆဲရေးစကားမျိုး မည်သို့ သိသနည်းဟု မေးချင်သည့်တိုင်အောင် အဖိုးယိုဖန်၏ စိတ်ထဲ၌ အဖြေရှိပြီးသား ဖြစ်သည်။
ဂေါ့ဖားသားဝိညာဉ်က အင်ကို သင်ပေးထားတာများလား.. ဂေါ့ဖားသားက ပါးစပ်ကြမ်းပြီး ရိုင်းစိုင်းတဲ့ အပြုအမူတွေကြောင့်လည်း နာမည်ကြီးတယ်လေ..
အဲဒီ အဆဲစကားတွေကို သူသင်ပေးတာဆို ဘယ်လိုလုပ်မလဲ..
ယိုဖန်၏ စိတ်ထဲ၌ မြင်ကွင်းတစ်ခု ပေါ်လာသည်။
ဂေါ့ဖားသား : ဟေ့.. အင်.. အသည်းလေး.. မုန်းစရာကောင်းတဲ့ လူတစ်ယောက်ယောက်ကို တွေ့ပြီဆိုရင် ဒီလိုမျိုး လက်ခလယ်သာ ထောင်ပြလိုက်..
အင်စလေ : ဟု
ဂေါ့ဖားသား : ပြီးရင် ဒီလိုပြောဖို့လည်း မမေ့နဲ့.. မျိုးမစစ် အရူး မားသားဖားသား ငရဲကိုသွားပြီးတော့ သေလိုက် *အသက်ပြင်းပြင်းရှူ*
အင်စလေ : ဝိုးးးး မိုက်တယ် ဖိုးဖိုး.. ဟုတ်.. အင် အာ့ရိုပြောမေ (အဲလိုပြောမယ်)
ထိုသို့ဖြင့် ကလေးငယ်လေးမှာ အကျင့်စာရိတ္တ ပျက်သွားခြင်း ဖြစ်ရမည်။
အဖိုးယိုဖန်၏ မျက်နှာမှာ ချက်ချင်းပင် စိတ်ပင်ပန်း နွမ်းလျသွားသည်။ မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာလည်း တစ်မိနစ်အတွင်း ၂ ဆခန့် တိုးသွားသည်။
အင်.. ငါတို့ရဲ့ ချစ်ဖို့ကောင်းပြီး ဖြူစင်တဲ့ နတ်သမီးလေး.. သူမ.. သူမ ကျိန်ဆဲနေတယ်.. လက်ခလယ်တောင် ထောင်လိုက်သေးတယ်..
အားးးး အားးးးး
အဖိုးယိုဖန် နှလုံးဖောက်ကာ ကြမ်းပြင်ပေါ်သို့ လဲကျကာ သေဆုံးလုနီးနီးပင်။ အင်စလေအား မျက်ရည်များဝဲကာ ကြည့်လိုက်၏။
အင်.. ဂေါ့ဖားသားက ဘာတွေများ သင်ပေးလိုက်တာလဲ သမီးရယ်..
အင်စလေအား အဆဲစကားများ သင်ပေးသူ မရှိပေ။ သို့သော် အင်စလေသည် ရည်ရွယ်ချက်ရှိရှိဖြင့် ထိုစကားများအား တမင်ရည်ရွယ်ကာ ပြောခဲ့ခြင်း ဖြစ်သည်။
သူမ၏ အိပ်မက်ထဲ၌ ဂေါ့ဖားသားဝိညာဉ် အမှန်တကယ် လာရောက်သည်ဟူသော အဖိုးယိုဖန်၏ ယုံကြည်မှု ခိုင်မာစေရန် ဖြစ်သည်။
ဂေါ့ဖားသား ဝိညာဉ်သာ အမှန်တကယ် ရှိနေမည်ဆိုလျှင် ထိုလူများအား သတ်ဖြတ်ရန်၊ ရိုက်နှက်ရန် ပိုမိုရက်စက် ကြမ်းတမ်းသော သင်ခန်းစားများပင် သင်ကြားပေးဦးမည် ဖြစ်သည်။ ထိုအဖိုးကြီးမှာ မိစ္ဆာဒိဌိတစ်ဦး ဖြစ်သောကြောင့် ထိုသို့ပြုလုပ်ရန် အလားအလာ အလွန်များသည်။
ယခုအခါ စာရင်းကိုင်များ၏ ဖြူဖျော့နေသော မျက်နှာများအပြင် အဖိုးယိုဖန်၏ ပူပင်သောက ရောက်နေသော မျက်နှာအား မြင်တွေ့ရသဖြင့် အင်စလေ စိတ်ကျေနပ်မိသည်။ နောက်ဆုံးသော အဓိကအပြစ်ဒဏ်အား မပြောမီ မာနကြီးသော ကလေးတစ်ဦးသဖွယ် နှာမှုတ်လိုက်သည်။
“အားရုံး ပြုတ် (အားလုံး ဖြုတ်)”
သူမ၏ ကျယ်လောင်သော အသံမှာ ခေါင်းလောင်းထိုးသံအလားပင်။ သို့သော် ကောင်းကင်ဘုံမှ ကြည်လင်သာယာသော ခေါင်းလောင်းသံတော့ မဟုတ်ချေ။ ငရဲမှ ခေါင်းလောင်းသံ ဖြစ်သည်။
“မိ.. မိသားစုခေါင်းဆောင်..”
စာရင်းကိုင်ချုပ်၏ မျက်နှာ ဖြူဖျော့သွားသည်။ ကျယ်လောင်စွာ ဒူးထောက်ချပြီးနောက် အက်ကွဲနေသော အသံဖြင့် ပြောသည်။
“ကျေး.. ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါ.. ကျုပ်တို့ ဘာအမှားမှ မလုပ်ထားပါဘူး.. ပြီးတော့ ကျုပ်တို့နေရာကို ဘယ်သူနဲ့ အစားထိုးမှာလဲ.. ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးဖို့ တောင်းပန်ပါတယ်..”
စာရင်းကိုင်ချုပ်နှင့် ကျန်စာရင်းကိုင်များအားလုံး ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ကြပြီး အရွယ်ရောက်ပြီး မာဖီးယားတစ်ဦး၏ မာန်မာနတို့အား စွန့်ပစ်လိုက်ကြသည်။ အကြောင်းတစ်ခုကြောင့် ငယ်ရွယ်သော ကလေးရှေ့၌ ဒူးထောက်ရန် ဆန္ဒရှိကြသည်။
မိသားစုခေါင်းဆောင်၏ အမိန့်မှာ အကြွင်းမဲ့ဖြစ်သည်။
“ဟွန့်.. ရဝူး.. လူလိမ်တွေ ထွက်သွား”
အင်စလေ စိတ်မရှည်စွာဖြင့် လက်ယမ်းလိုက်ပြီး ထိုသူများအား သူတို့၏ ပစ္စည်းများ ထုပ်ပိုးပြီး ထွက်သွားရန် ပြောလိုက်သည်။
ဘာကို သနားညှာတာရမှာလဲ.. စားလို့ရလား.. ဒီလူတွေက မကောင်းတာတွေ လုပ်ထားတာတောင် ဘယ်သူကမှ မသိဘူးလို့ အရှက်မရှိ ပြောနေသေးတာ..
စလိုအန်မိသားစုထဲက ဘယ်သူမှ သူတို့ရဲ့ ကြောင်တောင်တောင် အစီရင်ခံစာတွေကို သတိမထားမိဘူးလားဆိုတာ တကယ်သိချင်လာပြီ.. ဒါမှမဟုတ် မသိချင်ယောင် ဆောင်နေကြတာလား.. လူတစ်ထောင်ကျော်ထဲမှာ ဒီလို ထူးဆန်းတဲ့ အစီရင်ခံစာတွေကို သတိထားမိတဲ့သူ တစ်ယောက်မှ မရှိဘူးဆိုတာတော့ မဖြစ်နိုင်ဘူး..
ခေါင်းဆောင်ပိုင်းက လူတွေပဲ အစီရင်ခံစာတွေကို စစ်ဆေးနိုင်တာ.. သူတို့က မသိဘဲ နေမှာတဲ့လား..
မိသားစုထဲ၌ အကျင့်ပျက်ခြစားမှုများ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခြင်းဖြစ်မည်ဟု အင်စလေ ခံစားမိသည်။ ယနေ့ စာရင်းကိုင်များအား ဖြုတ်ပစ်ပြီး အနာဂတ်တွင် ခေါင်းဆောင်ပိုင်းမှ လူများအား ဖြုတ်ပစ်ရနိုင်ချေ ရှိသည်။
စွမ်းအား လိုအပ်တယ်..
အင်စလေသည် စာရင်းကိုင်များနှင့် တောင်းပန်တိုးလျှိုး အော်ဟစ်သံများအား မကြားဟန်ပြုပြီး စိတ်လက်ပေါ့ပါးစွာဖြင့် အနာဂတ်အကြောင်း တွေးနေသည်။
များမကြာမီမှာပင် အရှေ့တံခါးမှ အစောင့်များသည် ထိုလူများအား တစ်ဦးချင်းစီ ဆွဲခေါ်ထုတ်သွားပြီး ဆူညံနေသည့် ခန်းမမှာ ပြန်လည်တိတ်ဆိတ်သွားလေသည်။
ဘန်း
အဓိကခန်းမ၏ တံခါးမကြီးမှာ အဆိုပါ စာရင်းကိုင်များ၏ ဘဝတစ်ခုလုံးအတွက် ပိတ်လိုက်ပြီဖြစ်သည်။
အင်စလေ ခန်းမအတွင်း၌ ရှိနေစဉ် အဖိုးယိုဖန်အား တာဝန်ထမ်းဆောင်သော အစောင့်များသည် မိနစ်အနည်းငယ် အတွင်းမှာပင် စာရင်းကိုင်များအား အဝေးသို့ နှင်ထုတ်လိုက်သည်။
စာရင်းကိုင်များအား ဆွဲထုတ်သွားသည့် အစောင့်များအားကြည့်ကာ အင်စလေသည် သူမ၏ ကိုယ်ပိုင်အင်အားစုရှိရန် လိုအပ်သည်ဟု နောက်တစ်ဖန် ခံစားမိသည်။
‘ငါ့နောက်မှာ သန်မာအားကောင်းတဲ့ အင်အားတစ်ခု ရှိမယ်ဆိုရင် ဘယ်သူကမှ ဆန့်ကျင်ရဲမှာ မဟုတ်ဘူး.. မိသားစုကိုလည်း ငြိမ်းငြိမ်းချမ်းချမ်း အုပ်ချုပ်နိုင်မယ်.. အကြံပေးတစ်ယောက်လည်း လိုလိမ့်မယ်.. ငါ အမှားလုပ်ခဲ့မိရင် ပြန်ပြင်လို့ရအောင်..’
အင်စလေ သူမ၏ အစီအစဉ်အား ပြန်လည်ဖွဲ့စည်းပြီးနောက် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။
“ဟူးးး ကျေးချူးပါ ဖိုးဖိုး အားရုံး ပီးတွားပီ”
အင်စလေ ပုလ္လင်ပေါ်မှ ခုန်ဆင်းပြီးနောက် အဖိုးယိုဖန်၏ ခြေထောက်အား ဖက်တွယ်လိုက်သည်။
“အမ်း.. အင် ကောင်းကောင်းလုပ်ခဲ့တယ်..”
အဖိုးယိုဖန်သည် ကလေးအား ကောက်ချီကာ ကျောသပ်ပေးလိုက်သည်။
သူ၏ ခန့်မှန်းချက်အရ ထိုလူများမှာ မိသားစု၏ ဝင်ငွေအား အလွဲသုံးစားလုပ်ကြသူများ ဖြစ်လိမ့်မည်။ ထိုသို့ဆိုလျှင် သေချာပေါက် အားလုံးကို တစ်ပြိုင်နက်တည်း ဖြုတ်ပစ်ခြင်းမှာ မှန်ကန်သော လုပ်ရပ်ဖြစ်သည်။ ကလေးမှာ အမှန်ကိုပင် ကောင်းကောင်း လုပ်ဆောင်ခဲ့ခြင်းပင်။
အကျင့်ပျက်ခြစားသူများအား ဖယ်ရှားပြီးနောက် မိသားစု၏ အခြေအနေမှာ ယခင်ထက် ပိုကောင်းလာသင့်သည်။
သို့သော် မဖြေရှင်းရသေးသော ကိစ္စတစ်ခု ကျန်နေသေးသည်။
‘စာရင်းကိုင်ချုပ်နဲ့ စာရင်းကိုင်အဖွဲ့ကို အစားထိုးဖို့..’
အဖိုးယိုဖန်သည် အင်စလေအား ပွေ့ချီသယ်ဆောင်သွားရင်း တွေးနေမိသည်။ လူဟောင်းများနေရာ အစားထိုးရန်အတွက် အင်စလေအား လူသစ်ခေါ်ယူခွင့်ပြုရန် ရည်ရွယ်ချက် မရှိပေ။
၃ နှစ်အရွယ် ကလေးတစ်ဦးမှာ မိသားစုစီးပွားရေး ကိစ္စများအား စိုးရိမ်ပူပန်နေမည့်အစား ပြေးလွှားဆော့ကစား နေသင့်သည်။ ယခုကဲ့သို့ ပါဝင်ပတ်သက်နေရခြင်းမှာ ဂေါ့ဖားသား ဝိညာဉ်ကြောင့် ဖြစ်သည်။
‘မိသားစုထဲက လူတွေကို စုဆောင်းပြီး စာရင်းကိုင်အဖွဲ့အသစ် ခန့်နိုင်မဲ့ နည်းလမ်းရှိမလား.. ဒါပေမဲ့ အင် စာရင်းကိုင်အဖွဲ့ကို ဖြုတ်ပစ်လိုက်တဲ့ သတင်းကို ထိန်းထားသင့်တယ်..’
အဲဒီလိုဆိုရင် လူသစ်စုဆောင်းဖို့ ခက်ခဲနိုင်တယ်.. ဒီတော့ သတင်းပြန့်အောင်ပဲ ထားလိုက်မယ် ဆိုရင်ကော.. မဖြစ်နိုင်ဘူး.. အင်က အကြောင်းအရင်းမရှိဘဲ စာရင်းကိုင်တွေကို ဖြုတ်ပစ်တာ တခြားသူတွေ သိသွားတာနဲ့ သူမကို မကျေမနပ် ဖြစ်လာကြလိမ့်မယ်..
အဲဒီအချိန်ကျ သူမရဲ့ နေရာပါ မတည်ငြိမ်ဖြစ်လာနိုင်တယ်.. တစ်ယောက်ယောက်ကများ သစ္စာဖောက်တာမျိုး ဒါမှမဟုတ် အဲဒီထက် ပိုဆိုးတာတစ်ခုခု ကျူးလွန်လာမယ် ဆိုရင် ဘယ်လိုလုပ်မလဲ..
အာဏာသိမ်းတာမျိုးပေါ့..