← Chapters

အစောင့်ခွေးများ

Vol. 4 Ch. 54

အစောင့်ခွေးများ

Vol. 4 Ch. 54

အဖိုးယိုဖန်သည် တင်းမာသော မျက်နှာထားဖြင့် ခန်းမအတွင်းမှ ထွက်လာသည်။ လူအိုကြီးသည် ကလေး၏ ရှေ့ရေးအတွက် အတွေးနက်နေခြင်းဖြစ်ပြီး သူ့လက်ပေါ်ရှိ အင်စလေမှာ ရှေ့ရေးကိစ္စများအား ကြိုတင်စီစဉ်ပြီး ဖြစ်သည်ကိုမူ မသိဘဲ ရှိလေသည်။

‘အမ်.. ဒီညနေခင်းမှာ စံအိမ်နဲ့ တခြားနေရာတွေကို လှည့်ပတ်ကြည့်ရမယ်.. ပင်မမိသားစုဝင်တွေက စံအိမ်အနောက်မှာ နေကြတာ မဟုတ်လား.. အဲဒီနေရာမှာ ကောင်းမွန်တဲ့ လူသားအရင်းအမြစ်တွေ ရှာတွေ့ချင် တွေ့နိုင်တယ်..’

အရည်အချင်းရှိသူများအား မကြာမီ ရှာတွေ့နိုင်လိမ့်မည်ဟု အင်စလေ ယုံကြည်မှုရှိသည်။ အချိန်အတော်ကြာအောင် သွေးထားခဲ့ရသော စူးစမ်းလေ့လာနိုင်စွမ်းအား အကျိုးရှိရှိ အသုံးချနိုင်မည့် အချိန်သို့ ရောက်လာပြီဖြစ်သည်။

မွန်းလွဲ ၃ နာရီ။

အင်စလေ တစ်ရေးအိပ်ချိန် ဖြစ်သင့်သော်ငြား ကလေးသည် လေးလံနေသော မျက်ခွံများအား မနည်းပင့်တင်ပြီး အယ်လီယာနာအား ပင်မစံအိမ်ဘေးရှိ သီးခြားစံအိမ်အား လိုက်ပြပေးရန် အပျော့ဆွဲဆွဲလိုက်သည်။

“လာ.. တွားကြမယ်.. အယ်.. သွားမယ်လို့..”

အင်စလေသည် အယ်လီယာနာ၏ လည်ပင်းအား တင်းတင်းကြပ်ကြပ် ဖက်ထားပြီး သီးခြားစံအိမ်သို့ သွားရန် ပြောနေသည်။ ကံကောင်းစွာဖြင့် ပင်မစံအိမ်နှင့် အခြားအဆောက်အဦများအား ဆက်သွယ်ထားသော စင်္ကြံတစ်ခု ရှိနေသည်။

ဆိုလိုသည်မှာ ပင်မစံအိမ် ပတ်လည်ရှိ အဆောက်အဦးများမှာ စလိုအန်မိသားစု၏ ပိုင်ဆိုင်မှု ဖြစ်သည်။ ယင်းမှာ အိမ်ရာဝန်းတစ်ခုနှင့်တူသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် စလိုအန်မိသားစု၏ အိမ်ရာဝန်းမှာ ဝေါ်လ်တာမိသားစုနှင့် ဘေးချင်းကပ်ရပ် တည်ရှိသည်။

ထို့ကြောင့်ပင် ဖင်းလီသည် လေထဲမှ ၁၅ မိနစ်ခန့် ပျံလာရုံမျှနှင့် အင်စလေထံသို့ လာရောက်လည်ပတ်နိုင်ခြင်း ဖြစ်သည်။

“တွားမယ်လို့..”

အင်စလေသည် အယ်လီယာနာအား ခွေးပေါက်မျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။ ကလေးသည် အယ်လီယာနာ၏ ခပ်မြင့်မြင့် စီးနှောင်ထားသည့် ဆံပင်အား ဆွဲကာ ချစ်စဖွယ်ကောင်းစွာ ပူဆာနေခြင်းဖြစ်သည်။

အင်စလေ ထိုသို့ပြုမူလျှင် မလိုက်လျောပေးလိုသူဟူ၍ မရှိသေ။ စိတ်မမှန်သူ အချို့သာ ငြင်းဆန်လိမ့်မည် ဖြစ်သည်။ ကျေးဇူးတင်ဖို့ ကောင်းစွာပင် အယ်လီယာနာမှာ ဉာဏ်ရည်နိမ့်သူ ဖြစ်သောကြောင့် အင်စလေ၏ ထောင်ချောက်အတွင်းသို့ အလွယ်တကူ ကျရောက်သွားလေသည်။

“ကောင်း.. ကောင်းပါပြီ..”

အယ်လီယာနာ အသက်ပြင်းပြင်းရှူပြီး မှုတ်ထုတ်လိုက်သည်။ အမျိုးသမီးသည် စံအိမ်အတွင်းပိုင်းသို့ရှိ အခြားအဆောက်အဦများနှင့် ချိတ်ဆက်ထားသော တံခါး ၈ ချပ်ရှိရာ ခန်းမတစ်ခုသို့ လျှောက်လှမ်းသွားသည်။

စလိုအန်မိသားစု၏ အိမ်ရာဝန်း တည်ဆောက်ထားပုံမှာ အလယ်ဗဟို၌ ပင်မအူတိုင်ရှိပြီး ပတ်ပတ်လည်၌ ပွင့်လွှာများ ဝန်းရံနေသော ပန်းပွင့်ကဲ့သို့ ဖြစ်သည်။

ပင်မစံအိမ်၏ ရှေ့မျက်နှာစာမှာ အခြားမိသားစုများ၊ ဧည့်သည်များ လည်ပတ်ခြင်းအား ကြိုဆိုရန်အတွက် အခြားသော အဆောက်အဦးများနှင့် ပိတ်ဆို့ကာရံထားခြင်း မရှိချေ။

အင်စလေနှင့် အယ်လီယာနာသည် တံခါး ၈ ချပ်ရှိရာ ခန်းမသို့ အချိန်မဆိုင်း ရောက်လာကြသည်။ ခန်းမမှာ အဓိကခန်းမကဲ့သို့ပင် အနက်နှင့် ရွှေရောင်များသုံးကာ ခမ်းနားထည်ဝါစွာ အလှဆင်ထားသည်။

သို့သော် ကြမ်းပြင်မှာမူ ပတ္တမြားရောင်ကဲ့သို့သော အနီရောင်ကော်ဇောခင်းထားသည်။ ကော်ဇောဝိုင်းသည် ခန်းမတစ်ခုလုံးအား လွှမ်းခြုံထားနိုင်သည်။

“ဟိုး တံခါး..”

အင်စလေသည် တံခါးရွက်ပေါ် အမျိုးမျိုးသော သင်္ကေတများ ထွင်းထုထားသည့် တံခါး ၇ ချပ်အားကြည့်ရင်း ရေရွတလိုက်သည်။

တံခါးများသည် မိသားစုခွဲ ၆ ခုအား ရည်ညွှန်းခြင်းဖြစ်မည်။ နောက်ဆုံး တံခါးမှာမူ..

အင်စလေသည် ခန်းမဝင်ပေါ်၏ ဘယ်ဘက်ရှိ တံခါးအား ကြည့်လိုက်သည်။ အခြားသော မိသားစုခွဲများအား ကိုယ်စားပြုသည့် တံခါးချပ်များနှင့် မတူဘဲ ထိုတံခါးအား ရွှေရောင်ဆေး သုတ်ထားသည်။

‘အဲဒီ တံခါးက ဘာလဲ.. လေ့ကျင့်ဆောင်လား.. ဒါမှမဟုတ် ထောက်လှမ်းရေး အခြေစိုက်စခန်းလား.. ဒါမှမဟုတ် အကျဉ်းထောင်လား..’

အင်စလေ စူးစမ်းလိုသော်ငြား ကလေးမှာ အချိန်အတော်ကြာအောင် တွေးမနေနိုင်ချေ။ အယ်လီယာနာသည် တံခါးတစ်ခုအားဖွင့်ကာ ဝင်လိုက်သောကြောင့် ဖြစ်သည်။ သူမသည် ဒိုဘာမိသားစု၏ ဒိုဘာမင်တံခါးအား ရွေးလိုက်ခြင်းဖြစ်သည်။

“သခင်မလေး ဂရုစိုက်ပါ..”

အယ်လီယာနာသည် အင်စလေအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ရင်း သတိပေးလိုက်သည်။ ထိုအချိန်တွင် မည်သည့်အသံမှ မကြားရဘဲနှင့် တံခါးသေးတစ်ချပ် ပွင့်လာပြီး ခန္ဓာကိုယ် ထွားကျိုင်းသော အနက်ရောင်ဒိုဘာမင် ၂ ကောင် မြင်ကွင်းထဲ ထွက်ပေါ်လာသည်။

!

ခွေးလား.. အစောင့်ခွေးလား.. ဘာကိစ္စနဲ့ ဒီနေရာမှာ ခွေးတွေ ထားထားတာလဲ.. ဒီတံခါးက ပင်မစံအိမ်ကနေ လွယ်လွယ်ကူကူ ဝင်နိုင်အောင် ဆောက်ထားတာ မဟုတ်ဘူးလား..

အင်စလေ တံတွေးမျိုချလိုက်သည်။ အယ်လီယာနာ၏ လည်ပင်းအား ဖက်တွယ်ရင်း အယ်လီယာနာ၏ ဒူးအမြင့်လောက်ရှီသည့် ခွေးနက် ၂ ကောင်အား စူးစမ်းကြည့်လိုက်သည်။ အင်စလေ ထိုခွေးများအား စီးနိုင်လောက်သည်။

ဂါးးး ဂီးးး

ခွေး ၂ ကောင်သည် အင်စလေနှင့် အယ်လီယာနာအားကြည့်ကာ မာန်ဖီနေသော်ငြား တိုက်ခိုက်ခြင်း မရှိချေ။ အစွယ်ပြ ဟိန်းဟောက်ရုံသာဖြစ်ပြီး တိုက်ခိုက်ရန် အမိန့်ပေးမည်အား စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ခွေးများမှာ တိုက်ခိုက်ခြင်းမရှိသော်ငြား ကြောက်မက်ဖွယ်ကောင်းဆဲ ဖြစ်သည်။ အပြိုင်အဆိုင် ပါးစပ်ဖြဲကာ အလင်းမှိန်မှိန်အောက်တွင် အဖြူရောင် အစွယ်များအား ပြသနေကြသည်။

တောက်.. တောက်..

ပါးစပ်မှ သွားရည်များ တစက်စက် စီးကျကာ စကျင်ကျောက်များ ခင်းထားသည့် ကြမ်းပြင်အား စွန်းထင်းစေသည်။ ခရစ္စတယ်မီးအိမ်၏ အလင်းပြန်ခြင်းကြောင့် ခွေးမျက်လုံးများမှာ နီရဲကာ မိစ္ဆာတစ်ကောင်အလားပင်။

ဒိုဘာမင်မဟုတ်ဘဲ ငရဲခွေးများနှင့်ပင် တူလေသည်။

“အူးးး”

အင်စလေ အောက်နှုတ်ခမ်းအား ကိုက်လိုက်သည်။ ပါးဖောင်းဖောင်းလေးမှာ နဖူးမှ စီးကျလာသော ချွေးများဖြင့် ရွှဲနေပြီး နှလုံးခုန်သံများ မြန်လာကာ လက်များလည်း အေးစက်လာသည်။

ဖာ့.. ကြောက်ဖို့ကောင်းလိုက်တာ.. ထွက်ပြေးကြမယ်.. အခုပဲ..

အင်စလေသည် သူတို့အား လမ်းပိတ်ထားသည့် ခွေးများအား မည်သို့ ကျော်ဖြတ်ကြမည်နည်းဟု မေးမည်ပြင်စဉ်မှာပင် အယ်လီယာနာသည် ရင်းနှီးပြီးသား လည်ဆွဲတစ်ခုအား ရုတ်တရက် ထုတ်ယူလိုက်သည်။

ချွင်.. ချွင်..

လည်ဆွဲမှ ဆွဲသီး လှုပ်ယမ်းနေသောကြောင့် ကြိုးများပွတ်တိုက်သံ ထွက်ပေါ်လာသည်။ ဦးခေါင်းပေါ်ရှိ ခရစ္စတယ်မီးအိမ်မှ အလင်းရောင်သည် ဆွဲသီးပေါ်သို့ ဖြာကျလာသောကြောင့် အပြာရောင်အလင်းပြန်လာသည်။

ယင်းမှာ အင်စလေ အမွေဆက်ခံပွဲ၌ ဝတ်ဆင်ခဲ့သော လည်ဆွဲပင်။

'အာ.. အဲဒီ လည်ဆွဲ..'

အင်စလေ ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။ အယ်လီယာနာသည် လည်ဆွဲအား ခွေးများထံ ပြလိုက်ပြီး ထိုခွေးများ အနံ့ခံပြီးနောက် ဟိန်းဟောက်ခြင်း ရပ်တန့်သွားသည်ကို မျက်မြင်တွေ့လိုက်ရသည်။

ဝုဖ် ဝုဖ်..

ခွေးနက် ၂ ကောင်သည် ရုတ်တရက် အမြီးယမ်းကာ နောက်ဆုတ်ပြီး အင်စလေနှင့် အယ်လီယာနာအား လမ်းဖွင့်ပေးလိုက်ကြသည်။

အယ်လီယာနာသည် သူတို့အား ဆွဲသီးအား နမ်းရှုံ့ခိုင်းရုံမျှနှင့်ပင် အဆိုပါခွေးများမှာ ဒိုဘာမင်မှ ချီဟွားဟွားအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။

ဘယ်လိုလုပ်ပြီး မလန့်ဘဲ ရှိမှာလဲ..

ကလေးသည် အမြီးတယမ်းယမ်းဖြစ်နေသည့် ခွေး ၂ ကောင်အား မှင်တက်တွေဝေကာ ကြည့်နေမိသည်။

ဘယ်လို မှော်နက်မျိုးလဲ.. ဒီလည်ဆွဲက ဘာလား.. ခွေး‌တွေက လည်ဆွဲကို အနံ့ခံလိုက်ရုံနဲ့ ရန်သူမဟုတ်ဘူးဆိုတာ သိတယ်လို့ မပြောနဲ့နော်..

ဘယ်လိုတောင်လား..

အင်စလေ ခေါင်းတစ်ခုလုံး ချာချာလည်လာပြီး လည်ဆွဲနောက်ကွယ်ရှိ လျှို့ဝှက်ဆန်းကြယ်မှုအား ဖော်ထုတ်နိုင်ရန် ကြိုးစားနေသည်။ သို့သော် အယ်လီယာနာသည် သူမအား ခေါ်ဆောင်ကာ စင်္ကြံအတွင်းသို့ လျှောက်လှမ်းသွားနှင့်ပြီး ဖြစ်သည်။

စက္ကန့်ပိုင်းလေးအတွင်းမှာပင် အယ်လီယာနာသည် စံအိမ်အား ကြည့်ရှူနိုင်ရန် အင်စလေအား ခေါ်ဆောင်လာသည်။

ထူးဆန်းစွာပင် အယ်လီယာနာအား တွေ့လိုက်သည့် အကြိမ်တိုင်း၌ ချက်ချင်းဆိုသလို ဦးညွှတ်နှုတ်ဆက်ကြလေသည်။ ပင်မစံအိမ်မှ လူများကဲ့သို့ ပြက်ရယ်ပြုခြင်း မရှိကြချေ။

သူတို့သည် ကလေးငယ်လေးဖြစ်သော အင်စလေကိုပင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြသည်။

ဘုရားရေ.. ဒီမှာ နေတဲ့သူတွေက ပူးပေါင်းမှုမလုပ်ရင် အရည်အချင်းရှိတဲ့သူကို ရှာဖို့ခက်မယ်လို့ ထင်ခဲ့တာလေ.. အခုတော့ အဆင်ပြေပုံပါပဲ..

အင်စလေသည် လက်ရှိ ရလဒ်အပေါ် ကျေနပ်နေမိသည်။

All Chapters