စိန်ရိုင်း
Vol. 4 Ch. 55
အင်စလေ အချိန်ယူကာ စံအိမ်အား ကြည့်ရှုလေ့လာပြီး ဒိုဘာမိသားစုဝင် အများအပြားထံ သွားရောက်လည်ပတ်ခဲ့သည်။ စာရင်းကိုင်အဖွဲ့တွင် ခန့်အပ်ရန် သင့်တော်သူ အနည်းငယ်အားလည်း ရှာတွေ့ခဲ့သေးသည်။ သို့သော်..
‘စာရင်းကိုင်ချုပ် ရာထူးနဲ့ သင့်တော်မဲ့သူကို ရှာမတွေ့သေးဘူး..’
အင်စလေ စံအိမ်အတွင်း တစ်နာရီမျှ လည့်ပတ်ကြည့်ရှုပြီးနောက် သက်ပြင်းချလိုက်သည်။ ထိုလူများသည် ယဉ်ကျေးသော အပြုအမူများ ရှိကြသော်ငြား သူတို့ခန္ဓာကိုယ်ထဲမှ လာသော တင်းမာမှုအား ခံစားမိဆဲ ဖြစ်သည်။
သူတို့က မာဖီးယားတွေဆိုတော့ သွေးနံ့နဲ့ ဆေးလိပ်နံ့တွေ စွဲနေကြတာမျိုးလား.. (ကြမ်းကြမ်းတမ်းတမ်း နေထိုင်ကြတယ်လို့ ဆိုလိုချင်တာမျိုးပါ)
အင်စလေသည် စာရင်းကိုင်ချုပ်အဖြစ် အစားထိုးနိုင်မည့် သင့်တော်သူအား ရှာမတွေ့သဖြင့် ဒိုဘာမိသားစုမှ ထွက်ခွာသွားတော့သည်။ ဦးလေးဒိုဘာ ရှိမနေခြင်းမှာ ကံကောင်းသည်ဟု ဆိုရမည်။
သို့မဟုတ်ပါက ပင်မစံအိမ်၌ တစ်ခုခု မှားယွင်းနေကြောင်း သိရှိပြီး စုံစမ်းရန် ကြိုးစားလိမ့်မည်။
“ဟင်းးး”
အင်စလေသည် အဲလီမိသားစုတံခါးသို့ ဝင်ရောက်ရင်း ညည်းတွားလိုက်သည်။ ဒိုဘာမိသားစု တံခါးမှာ အနက်ရောင်ဖြစ်ပြီး အဲလီမိသားစုတံခါးမှာ အညိုရင့်ရောင်ဖြစ်သည်။
တံခါးရွက်၌ လင်းယုန်တစ်ကောင်ပုံ ထွင်းထုထားသည်။ ဒိုဘာမိသားစုတံခါးနောက်ရှိ ဒိုဘာမင် ၂ ကောင်အား မြင်တွေ့ပြီးနောက် အဲလီမိသားစု၏ တံခါး၌လည်း လင်းယုန်တစ်ကောင် ရှိမည်ဟု အင်စလေ မျှော်လင့်ထားပြီး ဖြစ်သည်။
အမှန်တကယ်ကိုပင် တံခါးဖွင့်လိုက်သည်နှင့် ကောင်းကင်တွင် ကြီးမားသော လင်းယုန် ၂ ကောင် ပျံဝဲနေကြသည်။ အလွန်ကြီးမားသော တောင်ပံများကြောင့် လင်းယုန်တစ်ကောင်သည် အရွယ်ရောက်ပြီးလူကြီး ၄ ဦးဆန့်သည့် စင်္ကြံတစ်ခုလုံးအား နေရာယူနိုင်သည်။
လင်းယုန်တစ်ကောင်သည် မျက်နှာကြက်အား စက်ဝိုင်းပုံ လှည့်ပတ်ပျံသန်းနေပြီး အခြားတစ်ကောင်မှာမူ အင်စလေနှင့် အယ်လီယာနာအား မြင်သောကြောင့် ထိုးဆင်းလာသည်။
လင်းယုန်မှာမှာ ဉာဏ်ရည်မြင့်ပုံရသည်။
သို့သော် အင်စလေ ဂရုမစိုက်ချေ။ သူမ အလေးထားသည့် တစ်ခုတည်းသော အရာမှာ ‘ဒီမိသားစုက တိရစ္ဆာန်ရုံလား..’။
အင်စလေ လျှာတောက်ရင်း အယ်လီယာနာ တောက်ပသည့် လည်ဆွဲအားထုတ်ပြကာ နောက်ထပ် ဖြတ်သန်းခွင့် ရယူသွားသည်ကို ကြည့်နေသည်။ သိမ်းငှက်ကြီးများသည် အတောင်ပံများအား ရုတ်သိမ်းကာ အယ်လီယာနာအား ဖြတ်သန်းခွင့်ပြုလိုက်ကြသည်။
‘.. ကြောင်တောင်တောင်နဲ့.. တခြားတံခါးတွေနောက်မှာလည်း အော်ခါတွေ ကျားတွေ ခြင်္သေ့တွေ ပုတ်သင်ညိုတွေ ရှိနေမယ်လို့ မပြောနဲ့နော်.. ရူးနေတာ မဟုတ်လား.. ဒါပေမဲ့ ဝံပုလွေသင်္ကေတရှိတဲ့ မိသားစုခွဲ မရှိတာ ဘုရားကိုပဲ ကျေးဇူးတင်ရမယ်..’
တံခါးနောက်ကွယ်၌ ဝံပုလွေတစ်အုပ် စောင့်နေမည့် မြင်ကွင်းအား မြင်ယောင်ပြီး အင်စလေ ခေါင်းယမ်းလိုက်သည်။
သို့တိုင်အောင် အင်စလေသည် စာရင်းကိုင်အဖွဲ့တွင် ခန့်အပ်နိုင်မည့် လူအနည်းငယ်ကို ရွေးချယ်နိုင်ခဲ့သည်။ သူမ၏ ရွေးချယ်ပုံမှာ အဲလီမိသားစုဝင်များအား ယူဆောင်လာခဲ့သော ဘဏ္ဍာရေးအစီရင်ခံစာအား ကြည့်ခွင့်ပေးလိုက်ခြင်း ဖြစ်သည်။
ထိုလူများထဲ၌ အစီရင်ခံစာအတွင်းရှိ အမှားအယွင်းများအား မြင်နိုင်သူ သို့မဟုတ် ဖြေရှင်းနိုင်သူများ ရှိလျှင် အင်စလေ ပြန်ပေးဆွဲ.. အာ.. လူသစ်အဖြစ် စုဆောင်းလိုက်သည်။
ကလေးသည် အခြားမိသားစုခွဲများထံသို့ သွားရောက်သည့် အခါတွင်လည်း ထိုသို့သော နည်းလမ်းကိုသာ ထပ်ခါတလဲလဲ အသုံးပြုခဲ့သည်။ ကျေးဇူးတင်ဖို့ ကောင်းစွာပင် ရာအော့စ်မိသားစု တံခါး၌ အော်ခါတစ်ကောင် ရှိမနေပေ။ သူတို့သည် အစောင့်တစ်ဦးကိုသာ ခန့်အပ်ထားသည်။ ချဲလ်မိသားစုသည်လည်း ထိုနည်းအတိုင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် လီယွန်နယ် မိသားစုနှင့် ရီဂါမိသားစုတို့မှာ ခြင်္သေ့ပျိုနှင့် ကျားပျိုတစ်ကောင်စီ စောင့်ကြပ်နေကြသည်။
လီယွန်နယ် မိသားစု၏ ခြင်္သေ့မှာ အမဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်မှာ ကြီးမားခြင်း မရှိသော်ငြား ခြင်္သေ့မအား မြင်လိုက်ရုံနှင့်ပင် အင်စလေ သေးထွက်ကျတော့သည်။
ဟုတ်သည်။ သေးထွက်ကျသွားခြင်းပင်။ သူမ၏ သေးခံမှာ စိုရွှဲသွားသော်လည်း အယ်လီယာနာ မသိလိုက်ချေ။
‘ဖာ့.. ဖာ့.. ဒီမိသားစုက မရိုးရှင်းဘူး..’
အင်စလေ အလောင်းအစားပြုကာ အနီရောင်ဆေးသုတ်ထားသော စံအိမ်အတွင်း ဝင်လိုက်သည်။ နေရာတိုင်း၌ ခြင်္သေ့သင်္ကေတများဖြင့် အလှဆင်ထားပြီး လီယွန်နယ်မိသားစု သင်္ကေတအား ကြွားဝါနေသယောင် ဖြစ်သည်။ သူတို့ထံတွင် အလှပြထားသော လက်နက်များလည်း ရှိနေသည်။
ထိုလက်နက်များမှာ ရီဂါမိသားစုမှ ဖြစ်ရမည်။
‘စာရင်းကိုင်ချုပ် နေရာမှာ ထားလို့ရမဲ့ လူတစ်ယောက်ကို ရှာရမယ်.. လူသစ်လေး ဆိုရင်တောင် အဆင်ပြေတယ်..’
ညနေ ၇ နာရီ ထိုးတော့မည် ဖြစ်သောကြောင့် အင်စလေ ရိုးရိုးသားသား ဆုတောင်းလိုက်သည်။ သူမ မွန်းလွဲ တစ်ရေး မအိပ်ရသလို ညစာ စားချိန်လည်း ရောက်တော့မည် ဖြစ်သည်။ သင့်တော်သူ တစ်ဦးဦးအား ရှာမတွေ့လျှင် သူမ၏ အကြံအစည်အား နောက်တစ်နေ့အထိ ဆိုင်းငံ့ရမည် ဖြစ်သည်။
အဲဒီ မိသားစုတွေကို ဖင်းနဲ့အတူ သွားလည်သင့်လား.. အာ.. မဖြစ်ဘူး.. ဖင်းက သူ့ကို လူသားတွေ မြင်လို့မရဘူးလို့ ပြောတယ်.. အဲဒီလိုဆို ပြဿနာတက်နိုင်တယ်တဲ့..
“ဟင်း..”
အင်စလေ သက်ပြင်းရှည် ချလိုက်ပြီးနောက် လက်မစုပ်လိုက်သည်။
ကလေးတစ်ဦးလို ပြုမူရခြင်းမှာ အတော်လေး ခက်ခဲလှသည်။ သို့တိုင်အောင် လက်မစုပ်နေခြင်းမှာ ချိုလိမ်ထက် ပိုကောင်းသော ရွေးချယ်မှုပင်။
အင်စလေ သက်ပြင်းချလိုက်ချိန်တွင် အယ်လီယာနာသည် ကလေးအား ကြည့်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူမသည် နဖူးအား လက်ဖြင့်သုတ်ပြီးနောက် မေးလိုက်သည်။
“သခင်မလေး.. ဆက်သွားဦးမလား..”
အယ်လီယာနာမှာ လူသစ်စုဆောင်းရန်အတွက် စံအိမ်တစ်ခုပြီးတစ်ခု လှည့်ပတ်သွားလာ နေရခြင်းကြောင့် ပျင်းရိနေပြီဖြစ်သည်။ အင်စလေ ပြုလုပ်နေသည့် အရာမှာ အရေးကြီးကြောင်း သိသဖြင့် မေးခွန်းမထုတ်ခဲ့ချေ။ သို့သော် ၄ နာရီကြာ လမ်းလျှောက်နေရခြင်းမှာ.. အတော်လေး ခက်ခဲပင်ပန်းလှသည်။ အယ်လီယာနာ ခေတ္တမျှ နားနိုင်ရန် ဆုတောင်းမိသည်။ သို့သော် ကလေးငယ်သည် သူမ၏ ဆန္ဒအား ပြည့်ဝခွင့် မပေးချေ။
“ချက်တွားမေ (ဆက်သွားမယ်)”
အင်စလေသည် အယ်လီယာနာ၏ ဆန္ဒအား ချိုးဖျက်ပစ်ရန် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေချေ။ ကလေးသည် စိတ်လှုပ်ရှားစွာဖြင့် အယ်လီယာနာ၏ မျက်နှာအား ရိုက်ကာ အားပေးလိုက်သည်။
“နည်းနည်းပိုတွားမေ”
အင်စလေသည် အယ်လီယာနာအား အားပေးစကားပြောသော်ငြား အယ်လီယာနာမှာမူ အားတက်မလာချေ။
‘ဟူးးး မိသားစုခေါင်းဆောင်က အရမ်းကို ဝီရိယရှိတာပဲ.. ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ.. သူမရဲ့ အိပ်မက်ထဲကနေ ရှေ့ဖြစ်နိမိတ်တွေ သိမြင်ထားမှန်းတော့ ငါသိပါတယ်.. ဒါပေမဲ့လည်း..’
အယ်လီယာနာ မျက်မှောင်ကြုတ်လိုက်မိသည်။ အင်စလေ၏ နိမိတ်ပြအိပ်မက်နှင့် ဂေါ့ဖားသား အိပ်မက်ထဲသို့ လာရောက်ပုံတို့အား သူမသိထားသည်။
အဖိုးယိုဖန်နှင့် အယ်လီယာနာတို့ ၂ ဦးတည်းသာလျှင် ထိုအကြောင်းအား သိထားကြခြင်း ဖြစ်သည်။ အယ်လီယာနာသည် အထိုအကြောင်းအား အခြားသူများထံ ဖွင့်မပြောရဲသလို အင်စလေအားလည်း မေးခွန်းမထုတ်နိုင်ချေ။
စိတ်ထဲမှသာ ကလေးမှာ ဉာဏ်ကြီးရှင်တစ်ဦးဖြစ်ကာ သူမနောက်သို့ လိုက်သင့်သည်။ သို့သော် ဤတစ်ကြိမ်၌မူ အင်စလေ မည်သည်ကြောင့် တစ်စုံတစ်ယောက်အား စာရင်းကိုင်ချုပ်အဖြစ် ရွေးချယ်ခြင်း မပြုကြောင်းကိုပင် သူမ နားမလည်နိုင်တော့ချေ။
‘ဒီနေ့ တွေ့ခဲ့သမျှ လူအားလုံးက ထက်ထက်မြက်မြက် ရှိကြပါတယ်..’
သာမန်ထက် နိမ့်ကျသော ဉာဏ်ရည်ပိုင်ရှင် အယ်လီယာနာသည် ထို သာမညောင်ည လူများအား ထက်မြက်သည်ဟု ခံစားနေရသည်။ ထို့ကြောင့် သူမစိတ်ထဲ၌ အင်စလေမှာ ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်သည်။
ကလေးမှာ ဉာဏ်ကြီးရှင်တစ်ဦးထက် ပိုသည်။ သူမသည် ရာစုနှစ်အတွင်း အထူးချွန်ဆုံးသော ဉာဏ်ကြီးရှင် ဖြစ်သည်။
အင်စလေ၏ အရည်အချင်းများအား ယုံကြည်ခြင်းမှအပ အယ်လီယာနာသည် ကလေး၏ အတွေးများကို နားမလည်နိုင်ပေ။ ကလေးသည် စာရင်းကိုင်ချုပ် တစ်ဦးရရှိရန် ၅ နာရီကြာအောင် မရပ်မနား ရှာဖွေနေ၏။
‘ဘာဖြစ်လို့ အခုထိ မကျေနပ်နိုင်သေးတာလဲ..’
အယ်လီယာနာသည် သူမ၏ မေးခွန်းအတွက် အဖြေရလိမ့်မည် မဟုတ်ပေ။ သို့သော် အခန်းအချို့သွားရန် ဆက်လက်လျှောက်လှမ်းနေရသည်။ ဤတစ်ကြိမ်တွင် အင်စလေသည် ဝါရင့်အဖွဲ့သားများရှိရာ အခန်းများသို့ သွားမည့်အစား လူသစ်များရှိရာသို့ သွားလေသည်။
ကလေးသည် မျှော်လင့်ချက်အပြည့်ဖြင့် လက်သီးတင်းတင်းဆုပ်လိုက်သည်။
'ဒီနေရာမှာ စိန်ရိုင်းတစ်ပွင့်လောက် ရှာတွေ့ရမယ်..'