ဆရာပျောက်သွားပြီ
Vol. 17 Ch. 232
အခန်း (၂၃၂) ဆရာပျောက်သွားပြီ
ကျောက်စိမ်းရေကန်နတ်ဘုရားမပန်းချီကားထဲတွင် တွေ့မြင်နေရသည့် အနက်ရောင်အခိုးအငွေ့များက ကျောက်စိမ်းရေကန်တွင် ပြဿနာတစ်ခုခု ရှိနေကြောင်း ပြသနေသည်။
အရင်နေ့များကဆိုလျှင် ပုံစံမျိုးစုံဖြင့် နေရာပြောင်းရွှေ့နေသည့် အဖြူရောင်နဂါးလေးလုန်ယွိမှလွဲပြီး မည်သည့် ထူးခြားမှုမှ မတွေ့ရှိခဲ့ပေ။
ယခုတော့ ရုတ်ချည်းပင် အနက်ရောင်အခိုးအငွေ့များထွက်ပေါ်လာလေရာ ပုံမှန်မဟုတ်သည်ကတော့ ထင်ရှားသည်။
ထိုအနက်ရောင်အခိုးအငွေ့များက ကျောက်စိမ်းရေကန်တည်ရှိရာ တောင်ထွတ်အစွန်းမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ကျောက်စိမ်းရေကန်အတွင်းသို့ စိမ့်ဝင်နေကြသည်။
အခိုးအငွေ့များက အားနည်းသော်လည်း ပျောက်ကွယ်သွားခြင်း မရှိပေ။
အချိန်တိုအတွင်းတော့ လုန်ယွိကို ထိခိုက်စေမည်မဟုတ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဆိုးရွားသည့် အပြောင်းအလဲများကို ဖြစ်ပေါ်လာစေပေလိမ့်မည်။
"ဒီအခိုးအငွေ့တွေက ကျောက်စိမ်းရေကန်ကို ထိခိုက်စေတာပဲ ၊ တစ်ယောက်ယောက်က လုပ်နေတာလား ၊ ဒါမှမဟုတ် သဘာဝအတိုင်းဖြစ်လာတာလား မသိဘူး"
ကျန်းလန်က ကျောက်စိမ်းရေကန်နတ်ဘုရားမပန်းချီကားကို ပေါင်ပေါ်တင်ထားရင်း တွေးနေမိသည်။
"သဘာဝအတိုင်း ဖြစ်လာတာဆိုရင်တော့ ပြဿနာမရှိဘူး ၊ ဒါပေမဲ့ တစ်ယောက်ယောက်က အန္တရယ်ပေးတာမျိုး ဖြစ်မှာ စိတ်ပူရတယ် ၊ ကျောက်စိမ်းရေကန်ကိုတောင် တိုက်ခိုက်ရဲတယ်ဆိုရင်တော့ ရန်သူက တကယ့်ကို မယုံနိုင်စရာပဲ ၊ ရှောင်ယွိရော အဲဒီကိစ္စ ရိပ်မိရဲ့လား မသိဘူး ၊ သူရိပ်မိတယ်ယ်ဆိုရင်တော့ တောင်သခင်တွေလည်း ဒီအကြောင်း သိမှာပဲ"
ဤပြဿနာက နတ်မိစ္ဆာများတိုက်ခိုက်သည့်ပြဿနာထက် ပိုပြီး အန္တရယ်များနိုင်သည်။
ကျန်းလန် မျက်မှောင်များကြုတ်ထားမိ၏။
နတ်မိစ္ဆာများကတော့ ခွန်လွန်တောင်အထိလာရောက် တိုက်စစ်ဆင်လေ့မရှိပေ။ သူတို့က ခွန်လွန်တောင် ပြင်ပတွင်သာ လှုပ်ရှားကြသူများ ဖြစ်သည်။
သူတို့ပစ်မှတ်ထားသည်ကတော့ ကျန်းလန် ဖြစ်၏။
သို့သော် ယခု အနက်ရောင်အခိုးအငွေ့များကတော့ အခြားအရာများနှင့်မတူညီပေ။ ထိုအခိုးအငွေ့များက အရာအားလုံးကို ဖြတ်ကျော်သွားပြီး ကျောက်စိမ်းရေကန် အလယ်ဗဟိုသို့ ဝင်ရောက်သွားခြင်း ဖြစ်သည်။
တစ်စုံတစ်ယောက်၏ တိုက်ခိုက်မှုဖြစ်မည်ဆိုလျှင် ရန်သူက ကျောက်စိမ်းရေကန်ကို တိုက်ရိုက်အန္တရယ်ပြုလိုခြင်း ဖြစ်သည်။
ကျန်းလန်က ပန်းချီကားထက်သို့ လက်ကိုတင်လိုက်ပြီး အနက်ရောင်အခိုးအငွေ့များကို အာရုံခံကြည့်လိုက်သည်။ သို့သော် မည်သည့်အရာမှ အာရုံခံ၍ မရခဲ့ပေ။
လောလောဆယ်တွင် ထိုအခိုးအငွေ့များက ပန်းချီကားကို ထိခိုက်စေခြင်းမရှိနိုင်သေးသော်လည်း မည်သည့်အချိန်တွင် ထိခိုက်လာမည်ကို မသိရှိနိုင်ပေ။
အတန်ကြာမှ ကျန်းလန်က လက်ကို ပြန်လည်ရုတ်သိမ်းလိုက်ရင်း ရေရွတ်လိုက်၏။
"ဒီကိစ္စ ငါ သတိထားဖို့လိုတယ်"
ကျောက်စိမ်းရေကန်ဆိုသည်က ခွန်လွန်တောင်တန်းတစ်ခုလုံး၏ အနှစ်သာရစွမ်းအားများဖြင့် ပေါင်းစပ်ဖြစ်တည်လာသည့် ရေကန်တစ်ခု ဖြစ်သည်။
ယခု အနက်ရောင်ချီစွမ်းအားများက ကျောက်စိမ်းရေကန်အတွင်းသို့ တိတ်တဆိတ်ကျူးကျော်ဝင်ရောက်လာခဲ့လေပြီ။
ကြည့်ရသည်မှာ ရန်သူက ခွန်လွန်တောင်အနီးပတ်ဝန်းကျင်တွင် လှုပ်ရှားမှု ပြုလုပ်နေဟန် ရှိသည်။ မနက်ဖန်မှ အပြင်ထွက်ပြီး သွားရောက်စစ်ဆေးကြည့်ရမည် ဖြစ်သည်။
မည်သည့်ထူးခြားချက်မှ မတွေ့လျှင်တော့ ဆရာဖြစ်သူကိုပြောပြပြီး အဖြေရှာရပေမည်။
***
နောက်တစ်နေ့နံနက်။
ကျင့်ကြံခြင်းကို လက်စသတ်ပြီးသည်နှင့် ကျန်းလန်က ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းကျင့်စဉ်ကို စတင်ကျင့်ကြံလိုက်သည်။
မိုးနဲ့မြေတာအိုတရားကို နားလည်သွားပြီးနောက် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားသည်လည်း အသစ်တစ်ခုပမာ တန်ခိုးစွမ်းအားများ မြင့်တက်လာခဲ့သည်။
တန်ခိုးစွမ်းအားပြောင်းလဲမှုအားလုံးကို နားလည်နိုင်ရန်ကတော့ အချိန်တစ်ခု ယူရဦးမည် ဖြစ်သည်။
အန္တရယ်ကိုးသွယ်စွမ်းအားကတော့ အသုံးပြုရ အနည်းငယ် ခက်ခဲနေဆဲ ဖြစ်သည်။ ထိုစွမ်းအားက နွားရိုင်းကိုးကောင်စွမ်းအားကဲ့သို့ ချောမွေ့လွယ်ကူခြင်း မရှိသေးပေ။
သို့ရာတွင် နွားရိုင်းကိုးကောင်စွမ်းအား အခြေခံခိုင်မာနေသရွေ့ အန္တရယ်ကိုးသွယ်စွမ်းအားကိုလည်း ထိန်းချုပ်နိုင်စွမ်း ရှိနေသည်ဖြစ်ရာ ပြဿနာကြီးကြီးမားမားတော့ မရှိသေးပေ။
ကောင်းကင်တစ်ခုလုံး ကြည်လင်တောက်ပလျှက် ရှိသည်။
ကျန်းလန် မရဏဂူထဲမှ ထွက်လာခဲ့၏။
ခြံဝန်းအတွင်းမှ သားရဲလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးပြီးနောက် သူ နဝမတောင်ထွတ်မှ ထွက်ခွာလာခဲ့သည်။
ခွန်လွန်တောင်တပည့်များပြောဆိုနေကြသည့် ပျက်သုဉ်းတစ်စပြင်လောကကြီးအကြောင်း အရင်ဆုံး နားထောင်ရမည်။ သူတို့သတင်းများထဲတွင် အနက်ရောင်အခိုးအငွေ့များနောက်ကွယ်မှ ကြိုးကိုင်နေသူအကြောင်း ပါရှိကောင်းပါရှိပေမည်။
ပြဒါးဆေးကျိုသည့်နေရာသို့ ကျန်းလန် ထွက်လာခဲ့သည်။
နံနက်ခင်းအချိန်ဆိုလျှင် ဤနေရာတွင် လူစည်တတ်၏။
တပည့်တစ်ယောက်က…
"ဆေးကျိုတဲ့ရင်းမြစ်တွေက ပေါပါလျှက်နဲ့ ခုတလော ပြဒါးဆေးတွေ သိပ်မရတော့ဘူးနော်"
အခြားတပည့်တစ်ယောက်က…
"အေးလေ ၊ တစ္ဆေတိုင်းပြည်က လှုပ်ရှားမှုတွေလုပ်နေတော့ ကျုပ်တို့ ခွန်လွန်တောင်လည်း တိုက်ပွဲအတွက် ပြင်ဆင်နေပုံရတယ်"
"တိုက်ပွဲသာဖြစ်လို့ကတော့ နှစ်ပေါင်းရာနဲ့ချီပြီးကြာမှာ မဟုတ်လား"
"ဘယ်သိနိုင်မှာလဲ ၊ မြန်မြန်ကျင့်ကြံပြီး အင်မော်တယ်ဖြစ်အောင်လုပ်မှ ၊ မဟုတ်ရင် တိုက်ပွဲမှာ အသုံးမကျတဲ့သူ ဖြစ်ရတော့မယ်"
စကားအနည်းငယ် နားထောင်ပြီးနောက် ကျန်းလန် နောက်တစ်နေရာသို့ ထွက်ခွာသွားသည်။
ဆက်ပြောမည့်စကားများက သူတို့အင်မော်တယ်ဖြစ်လာရန် အိပ်မက်များဖြစ်နေလေရာ ကျန်းလန်အတွက် အသုံးမဝင်တော့ပေ။
သူတို့ အင်မော်တယ်ဖြစ်လာလျှင်လည်း မည်သို့သောဘဝဖြင့် နေထိုင်ကြမည်နည်း။
အင်မော်တယ်ဖြစ်လာပြီးသည့်နောက် လူသားအင်မော်တယ်အဆင့်ဆိုသည်က လမ်းလျှောက်သင်ခါစ ကလေးငယ်ပမာသာဖြစ်ကြောင်း ကျန်းလန် နားလည်ခဲ့ရသည်။
အင်မော်တယ်များကြားတွင် လူသားအင်မော်တယ်က အားအနည်းဆုံး ဖြစ်၏။
အစစ်အမှန်အင်မော်တယ်ကတော့ အင်မော်တယ်ခန္ဓာ ရရှိပြီးဖြစ်သဖြင့် အနည်းငယ်ဆင်ပြေသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် မိုးနဲ့မြေတာအိုတရားကို နားလည်ခဲ့ပြီးနောက် အစစ်အမှန်အင်မော်တယ်အဆင့်သည်လည်း ဘာမှမဟုတ်သေးကြောင်း ကျန်းလန် ခံစားလာရသည်။
နေ့လည်ခင်းတွင်တော့ ကျန်းလန် အကြီးအကဲများ ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး သင်ကြားပို့ချပေးလေ့ရှိသည့် ရင်ပြင်သို့ ရောက်ရှိလာသည်။
ယနေ့ အကြီးအကဲများ သင်ကြားပို့ချပေးခြင်းများ မရှိသော်လည်း တပည့်များစွာ ကျင့်ကြံလျှက် ရှိကြသည်။
တပည့်တစ်ယောက်က…
"ဝူထုန်တောင်တော့ အကြီးအကျယ်ကို ရှုံးနိမ့်သွားပြီတဲ့ကွာ ၊ နတ်လူသားမျိုးနွယ်တွေရဲ့ ပါရမီရှင်ဆိုတဲ့သူ ခံစားချက်ကင်းမဲ့တဲ့အဆင့်ကို ရောက်နိုင်ဖို့ နတ်လူသားမျိုးနွယ်တွေက ဝူထုန်တောင်ကို တိုက်ခဲ့ကြတာလေ ၊ အခု အဲဒီ ပါရမီရှင် အဆက့်တက်သွားပြီလား မသိဘူး ၊ တိုက်ပွဲမှာပဲ အဲဒီလူကောင်းကင်ထက်က ထူးထူးဆန်းဆန်း သက်ဆင်းလာတာကို တွေ့တဲ့သူလည်း တွေ့လိုက်ကြတယ်တဲ့"
အခြားတပည့်တစ်ယောက်က…
"ဟုတ်တယ်… ဝူထုန်တောင်က လူအချို့လည်း တခြားကိုရှောင်တိမ်းသွားကြတယ်လို့ ကြားတယ် ၊ အခုဆိုရင် ကျန်ခဲ့တဲ့သူတွေက သူသေကိုယ်သေ ခုခံတိုက်ခိုက်နေကြတယ်တဲ့ ၊ ဒါပေမဲ့ ကျုပ်စိတ်ထဲထူးဆန်းနေတာက ဇာမဏီမျိုးနွယ်တွေက အင်အားနည်းတဲ့သူတွေ မဟုတ်ပါဘူး ၊ နတ်လူသားမျိုးနွယ်တွေက သူတို့ကို ဘယ်လိုလုပ် အနိုင်ရသွားရတာလဲ"
"နတ်လူသားမျိုးနွယ်တွေရဲ့ ပါရမီရှင်ဆိုတဲ့သူက အတော်လေး တန်ခိုးစွမ်းအား မြင့်မားလွန်းတာလည်း ဖြစ်နိုင်တယ် ၊ ဒါမှမဟုတ် ဝူထုန်တောင်က အစကတည်းက တိုက်ပွဲအတွက် အဆင်သင့်မဖြစ်တာလဲ ဖြစ်နိုင်တယ် ၊ ဘယ်သိမလဲကွာ…"
"အမှန်ပဲ ၊ ဒီကိစ္စတွေကို ကျုပ်တို့ ဘယ်လိုလုပ်သိနိုင်မှာလဲ ၊ ဒါပေမဲ့ မှော်ဝိညာဉ်တောင်က မှော်ဆရာတွေနဲ့ နတ်ဆိုးတွေလည်း တိုက်ခိုက်ကြတော့မယ်လို့ သတင်းကြားတယ် ၊ တိုက်ပွဲသတင်းတော့ မကြားသေးဘူး"
"နတ်မိစ္ဆာတွေနဲ့ နဂါးမျိုးနွယ်တွေကတော့ လောလောဆယ် ငြိမ်နေကြတယ် ၊ နတ်မိစ္ဆာတွေဆိုရင် ဘာသံမှတောင် မကြားရဘူး"
"အဲဒီကိစ္စတွေ အသာထား ၊ ကျုပ်တို့နဲ့နီးစပ်တာတစ်ခု ပြောကြရအောင် ၊ မင်းတို့တွေ တစ္ဆေတိုင်းပြည်ကို သိကြလား"
"တစ္ဆေတိုင်းပြည်… ဟုတ်လား ၊ သိတယ်လေကွာ ၊ ကျုပ်ကြားတာတော့ သူတို့တွေလည်း လှုပ်ရှားနေကြတယ်တဲ့ ၊ သူတို့အဓိကပစ်မှတ်ထားတာက ကျုပ်တို့ခွန်လွန်တောင် ဖြစ်ဖို့များတယ်"
"ဟုတ်တယ် ၊ ကျုပ်လည်း အဲဒီသတင်းကြားထားတယ် ၊ လက်ရှိအခြေအနေတွေအရဆိုရင် တစ္ဆေတိုင်းပြည်က ကျုပ်တို့ကို တိုက်ခိုက်လာနိုင်တယ် ၊ ဒါပေမဲ့ ဘယ်တော့တိုက်ခိုက်ကြမလဲတော့ မသိနိုင်ဘူး"
"သိပ်မကြာတော့ဘူးထင်တယ် ၊ ခွန်လွန်တောင်အပြင်ဘက်က ရေခဲပုဇဉ်းရင်ကွဲတောအုပ်မှာဆိုရင် တစ္ဆေချီစွမ်းအားတွေနဲ့ ပြည့်နေတာပဲ"
စကားပြောရင်း တပည့်များအားလုံးသက်ပြင်းချလိုက်ကြသည်။
ယခင်က အခြေအနေများကို ဝေဖန်သုံးသပ်ရာတွင် ဘေးလူအဖြစ် ကြည့်မြင်ရသည်ဖြစ်သောကြောင့် ကျိုးကြောင်းဆီလျော်စွာ ဝေဖန်နိုင်ကြသည်။
ယခု ကိုယ်တိုင်ရင်ဆိုင်ရမည်ဖြစ်လေရာ အနည်းငယ် ကြောက်ရွံ့မိကြသည်ကတော့ အမှန်ပင် ဖြစ်သည်။ မည်သို့သော အဖြစ်အပျက်များ ဖြစ်ပျက်လာမည်ကို အတိအကျ မပြောနိုင်ပေ။
အင်မော်တယ်မဖြစ်သေးသရွေ့ တိုက်ပွဲတွင် ပါဝင်ရမည်မဟုတ်သော်လည်း စစ်မြေပြင်တွင် ထောက်ပို့တာဝန် ထမ်းဆောင်ရမည်ဆိုလျှင် မည်သို့ရှိပါမည်နည်း။
ခွန်လွန်တောင်တပည့်တစ်ယောက်အနေဖြင့် ရှေ့တန်းစစ်သည်တော် ဖြစ်မလာနိုင်လျှင်တောင်မှ ထောက်ပို့တော့ လုပ်ပေးရမည် ဖြစ်သည်။
နဝမတောင်ထွတ်သို့ မပြန်ခင် ကျန်းလန် ဟိုဟိုဒီဒီ တစ်ချက်လျှောက်ကြည့်လိုက်သည်။ ညနေစောင်းနေပြီဖြစ်ရာ သူ ခွန်လွန်တောင်ပြင်ပသို့ မသွားလိုတော့ပေ။
အနက်ရောင်အခိုးအငွေ့များနောက်ကွယ်မှအရာမှာ တစ္ဆေတိုင်းပြည်ဖြစ်ကြောင်း အကြမ်းဖျင်း သိရှိခဲ့ရသည်။ ကျောက်စိမ်းရေကန်အတွင်းဝင်ရောက်နေသည့် အနက်ရောင်အခိုးအငွေ့များမှာ တစ္ဆေချီစွမ်းအားများ ဖြစ်နိုင်သည်။
တစ္ဆေတိုင်းပြည်ဆိုသည်က အချိန်ကြာမြင့်စွာ ရပ်တည်ခဲ့သည့် တိုင်းပြည်တစ်ခု ဖြစ်သည်။
သူတို့က အေးအေးဆေးဆေးပင် နေထိုင်ကြပြီး ပြင်ပလောကသို့ ထွက်လာလေ့ မရှိကြပေ။ သူတို့ထွက်လာလျှင်လည်း သွားလေရာနေရာတိုင်းတွင် အလောင်းချင်းထပ်သွားသည်သာပင်။
နတ်မိစ္ဆာများပင် တစ္ဆေကျင့်ကြံသူများကို သွားရောက်ရန်မစရဲကြပေ။
သူတို့က လူသားအသွင်ဖြစ်သော်လည်း တကယ်တမ်းတွင် လူသားများမဟုတ်ပေ။ နတ်မိစ္ဆာအသွင်ဖြစ်သော်လည်း တကယ်တမ်းတွင် နတ်မိစ္ဆာလည်း မဟုတ်ပေ။
သူတို့တွင် သံမဏိအရိုးများနှင့် ထက်ရှသည့်အစွယ်များ ရှိကြသည်။ သူတို့က ငရဲမှလာသည့် မိစ္ဆာဝိညာဉ်များပမာ လူမဆန်ရက်စက်သူများ ဖြစ်ကြသည်။
တကယ်တမ်း တစ္ဆေတိုင်းပြည်နှင့် ခွန်လွန်တောင် တိုက်ခိုက်ကြမည်ဆိုလျှင် တိုက်ပွဲက နှစ်ပေါင်းများစွာ ကြာမြင့်ပေလိမ့်မည်။
ကျန်းလန်အနေဖြင့် ယခုကတည်းက နဝမတောင်ထွတ်ကို ကာကွယ်ရန် ပြင်ဆင်မှုများ ပြုလုပ်ထားရမည် ဖြစ်သည်။
ထို့ပြင် ဤကိစ္စနှင့်ပတ်သက်ပြီး ဆရာဖြစ်သူနှင့် အခြားသောတောင်သခင်များ၏ သဘောထားကို သိရှိအောင်ကြိုးစားရမည် ဖြစ်သည်။
ထို့နောက် ကျောက်စိမ်းရေကန်ကိစ္စကိုလည်း မေးမြန်းရမည် ဖြစ်၏။
သူနှင့်စေ့စပ်ထားသည့် မိန်းမပျိုအတွက် စိတ်ပူပန်သောကြောင့် မေးမြန်းသည်ဟု ပြောလိုက်လျှင် ဆရာဖြစ်သူကလည်း မည်သို့မှ သံသယဝင်တော့မည် မဟုတ်ပေ။ အကြောင်းပြချက်က ခိုင်လုံပြီးသားဖြစ်သည်။
သို့သော် ဆရာဖြစ်သူ ကျောက်စိမ်းရေကန်ကို သွားရောက်လေ့လာပြီးနောက် မည်သည့်ပြဿနာမှ မတွေ့မည်ကိုလည်း သူ စိုးရိမ်နေမိသည်။
ထိုသို့ဖြစ်လာလျှင်တော့ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆက်လက်လှုပ်ရှားရပေလိမ့်မည်။
သူက ကျောက်စိမ်းရေကန်၏ပြောင်းလဲမှုကို နားအလည်ဆုံးသူတစ်ယောက် မဟုတ်ပါလား။ အခြားသူများအနေဖြင့် ကျောက်စိမ်းရေကန်၏ ပြောင်းလဲမှုကို အာရုံခံနိုင်ရန် မလွယ်ကူလှပေ။
ကျောက်စိမ်းရေကန်နတ်ဘုရားမဖြစ်သည့် လုန်ယွိပင်လျှင် ထိုအနက်ရောင်အခိုးအငွေ့များကို အာရုံခံနိုင်မည် မဟုတ်ပေ။
အတန်ကြာပြီးနောက်…
ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်ရောက်လာပြီး ဆရာဖြစ်သူကို သွားရောက်ရှာဖွေလိုက်သည်။
သို့သော်…
နဝမတောင်ထွတ်အစွန်းတွင် မည်သူမှ ရှိမနေခဲ့ပေ။
"ဆရာ မရှိဘူးလား"
ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။
ယခုကာလသည် ငရဲတံခါးမှ မရဏအငွေ့အသက်များပေါက်ကွဲထွက်စပြုနေသည့်ကာလဖြစ်လေရာ ဆရာဖြစ်သူက အဘယ့်ကြောင့် နဝမတောင်ထွတ်မှ ထွက်ခွာသွားရပါသနည်း။
"ဆရာ မရဏဂူထဲမှာ ရှိနေမလားပဲ"
ထိုအချက်က ဖြစ်နိုင်ခြေရှိသောကြောင့် ကျန်းလန် ချက်ချင်းပင် မရဏဂူသို့ လိုက်လာခဲ့သည်။
သို့သော် မရဏဂူထဲတွင်လည်း ဆရာဖြစ်သူကို မတွေ့ရှိရပေ။
ကျန်းလန် ဆရာဖြစ်သူကို ဆက်မရှာတော့ဘဲ မရဏဂူထဲတွင်ပင် ဆက်လက်ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။
တစ်ချိန်တည်းမှာပင် ကျောက်စိမ်းရေကန်နတ်ဘုရားမပန်းချီကားကို ထုတ်ယူလိုက်ပြီး ပြောင်းလဲမှု တစ်စုံတစ်ရာ ရှိ မရှိ စစ်ဆေးကြည့်လိုက်သည်။ သို့ပေသိ ပန်းချီကားတွင် မည်သည့်အပြောင်းအလဲမှ ဖြစ်ပေါ်မနေခဲ့ပေ။
ထိုသို့ဖြင့် တစ်ညတာ ကုန်ဆုံးသွားခဲ့သည်။
နောက်တစ်နေ့နံနက်စောစောတွင်တော့ ကျန်းလန် မရဏဂူထဲမှ ထွက်ခွာလာပြီး နဝမတောင်ထွတ်အစွန်းသို့ ရောက်လာပြန်သည်။
သို့သော်…
ဆရာဖြစ်သူက ယခုထိတိုင် ပြန်ရောက်မလာသေးပေ။