မေးခွန်း : မဖြစ်နိုင်တဲ့အရာ
Vol. 4 Ch. 56
အင်စလေသည် သပ်ရပ်ကျော့ရှင်းစွာဖြင့် လူသစ်များရှိရာ အခန်းသို့ ဝင်ရောက်သွားသည်။ အယ်လီယာနာနှင့် အင်စလေ လူသစ်များဌာနချုပ်အတွင်းသို့ ခြေချလိုက်သည်နှင့် အတွင်းရှိ လူများမှ မသိစိတ်ဖြင့် အလိုအလျောက် ခေါင်းလှည့်ကြည့်ကြသည်။
ထိုလူများသည် အဖြူအနက် ဝတ်စုံကို ဝတ်ဆင်ထားပြီး သမားရိုးကျ မာဖီးယားဦးထုပ် ဆောင်းကာ တင်းမာခက်ထန်သော မျက်နှာထားဖြင့် ဝင်ပေါက်သို့ စိုက်ကြည့်နေကြသည်။ ထိုလူများမှာ လူသစ်များဖြစ်သော်ငြား ငယ်ရွယ်သည်ဟု မဆိုလိုပေ။
အချို့ လူသစ်များမှာ အသက် ၂၀ အောက် ငယ်ရွယ်နုပျိုသော ဆယ်ကျော်သက် ကောင်ငယ်လေးများ မဟုတ်ဘဲ အသက် ၃၀၊ ၄၀ ခန့်ရှိ လူလတ်ပိုင်းအရွယ်များဖြစ်ကြသည်။
ထိုသူများမှာ စာရင်းကိုင်များအဖြစ် လေ့ကျင့်ပေးထားခြင်း ဖြစ်သော်ငြား သွေးမစွန်းဖူးဘူးဟု မဆိုနိုင်ချေ။
ထိုလူများမှာ သွေးနံ့များ စွဲထင်နေပြီး သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများ ပါဝင်သော အကြည့်များဖြင့် သူတို့၏ ရုံးခန်းနှင့်တူသော အခြေစိုက်စခန်းဆီသို့ ဝင်ရောက်လာကြသော အမျိုးသမီးအား စိုက်ကြည့်လိုက်သော်ငြား နောက်တစ်စက္ကန့်မှာပင် အံ့ဩထိတ်လန့်ကာ အသက်ရှူမှားသွားကြသည်။
က.. ကလေးလား..
ထိုသူများ၏ မျက်လုံးများမှာ အယ်လီယာနာ၏ လက်မောင်းထဲရှိ အင်စလေထံသို့ တစ်ပြိုင်နက်တည်း ရောက်ရှိလာကြသည်။ ကလေးသည် သူမ၏ လည်ဆွဲဖြင့် တည်ငြိမ်စွာ ဆော့ကစားရင်း တစ်ချိန်တည်းမှာပင် သူမ၏ ရာထူးနေရာအား ကြွားဝါပြသနေခြင်းလည်း ဖြစ်သည်။
ကလေး ဆော့ကစားနေသော အပြာရောင်နှင့် ငွေရောင် စပ်ထားသည့် လည်ဆွဲမှာ ခရစ္စတယ် မီးအိမ်အောက်တွင် တလက်လက် တောက်ပနေပြီး အခန်းအတွင်းရှိ လူများ၏ အာရုံစိုက်မှုအား ရရှိသွားလေသည်။
အစပိုင်းတွင် ထိုလူများမှာ သူတို့စခန်းသို့ ကလေးတစ်ဦး ဝင်လာသောကြောင့် အံ့အားသင့်နေကြရုံသာ ဖြစ်သည်။ ထို့နောက် လည်ဆွဲအား မြင်လိုက်ချိန်တွင်မူ...
မျက်နှာများ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဖြူဖျော့သွားကြသည်။ အချို့သူများမှာ ဘဲတစ်ကောင်ကဲ့သို့ ပါးစပ်အဟောင်းသား ဖြစ်ကာ ကြောင်အလျက်သား ရှိနေကြသည်။
ဒီ.. ဒီလည်ဆွဲ.. မိသားစုခေါင်းဆောင်လား..
လူသစ်များ၏ စိတ်ထဲ၌ အသိတစ်ခု ဝင်လာပြီး ချက်ချင်းပင် အလျင်စလို မတ်တတ်ရပ်လိုက်ကြသည်။
“နှုတ်.. နှုတ်ဆက်ပါတယ်..”
အခန်းအတွင်းရှိ လူသစ် အယောက် ၃၀ သည် အထက်လူကြီးများအား ပေးသင့်သော အမြင့်ဆုံး လေးစားမှုကို ပြသရင်း ၉၀ ဒီဂရီ ဦးညွှတ်ကာ ကျယ်လောင်စွာ နှုတ်ဆက်လိုက်ကြသည်။
ထိုသူများ၏ နားကွဲလုမတတ် ကျယ်လောင်သော အသံများသည် အင်စလေအား နှလုံးဖောက်လုမတတ် ဖြစ်စေသည်။ အယ်လီယာနာသည် ကလေး၏ နားများအား အချိန်မီ ကာဆီးနိုင်ခြင်း မရှိလျှင် အင်စလေ ထိတ်လန့်ကာ မေ့လဲသွားနိုင်လောက်သည်။
သောက်ခွေး.. ဒီလူကြမ်းတွေကတော့..
ကလေးသည် သူမအား ခေါင်းမဖော်တမ်း ဦးညွှတ်နှုတ်ဆက်နေကြသော လူများအား စိုက်ကြည့်လိုက်သည်။ ထိုလူများသည် စာရင်းကိုင်အသစ်များထက် လေ့ကျင့်ရည်ပြည့်ဝနေသော စစ်သားများနှင့် ပိုတူလေသည်။
ထိုလူများမှာ စာရင်းကိုင်တစ်ဦးအဖြစ် ခန့်အပ်ခံထားရသူများဖြစ်ကြောင်း အင်စလေ မယုံနိုင်ဘဲ ဖြစ်နေသည်။
မိသားစုက ပညာတတ် စာရင်းကိုင်တွေကို ရှာဖို့ လူသားအရင်းအမြစ်တွေ အဲလောက်တောင် ပြတ်လပ်နေတာလား.. အဲဒါကြောင့် ဒီလူကြမ်းတွေကို စာရင်းကိုင်အဖြစ် လေ့ကျင့်ပေးထားကြတာလား..
အမျိုးသမီး တစ်ယောက်တစ်လေပင် မရှိသည့်နေရာ၌ ကလေးသည် သန်မာထွားကြိုင်းသည့် လူများအားကြည့်ကာ လည်ပင်းညှစ်ချင်စိတ်ပင် ဖြစ်လာသည်။
‘ဒီနေရာမှာ ကောင်းမွန်တဲ့ အရင်းအမြစ်တွေ ရှာနိုင်ပါ့မလား.. အားးး’
အင်စလေ သက်ပြင်းချကာ ထိုလူသစ်များအား ကြည့်လိုက်သည်။ ထိုလူများသည် သူမအား ယဉ်ကျေးစွာဖြင့် ဦးညွှတ်နေကြဆဲဖြစ်သည်။ အင်စလေ အမိန့်ပေးမည်ကို စောင့်နေကြခြင်းဖြစ်သည်။
အင်စလေ အချိန်ဆွဲမနေတော့ချေ။ ကလေးသည် အေးစက်စွာဖြင့် လက်ယမ်းလိုက်ပြီးနောက် အခန်းအတွင်းရှိ လူကုန်ကြားနိုင်မည့် အသံဖြင့် ပြောသည်။
“ရပ်ရို့ရဖီ (ရပ်လို့ရပြီ..)”
အင်စလေ ထိုလူများအား အမိန့်ပေးလိုက်သည်နှင့် ချက်ချင်းဆိုသလို ကျောမတ်ကာ အလေးအနက် ခေါင်းညိတ်ကြသည်။
“ကောင်းပါပြီ ဘော့စ်..”
လူ ၃၀ လုံး တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြပြီး အခန်းအတွင်း၌ တည်ကြည်လေးနက်သော အငွေ့အသက်များ ဖြစ်ပေါ်လာစေသည်။
ဤနေရာမှာ ယာကူဇာရုံးချုပ်တစ်ခုအလား ခံစားရသည်။
‘ဟ.. အဲဒီလူအိုကြီးတွေက ငါ့ကို ကလေးဆိုပြီး ယဉ်ယဉ်ကျေးကျေး မဆက်ဆံကြဘူး.. ဒါပေမဲ့ ဒီလူသစ်လေးတွေကတော့ အရမ်းကို စိတ်အားထက်သန်နေကြတာပဲ.. ငါ့ကို သစ္စာရှိမဲ့ တစ်ယောက်လောက်တော့ ရှာတွေ့နိုင်မှာပဲ..’
အင်စလေ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် အယ်လီယာနာ၏ အင်္ကျီလက်အား ဆောင့်ဆွဲလိုက်သည်။ အယ်လီယာနာ ခေါင်းငုံ့လာချိန်၌ ကလေးသည် လေသံဖြင့် ဘာလုပ်ရမည်ကို ရှင်းပြလိုက်သည်။
အင်စလေ ယခင်က လုပ်ခဲ့သလိုပင် အယ်လီယာနာသည် ထိုလူများ၏ စာရင်းကိုင်ကျွမ်းကျင်မှုအား အကဲဖြတ်ရန် ရိုးရှင်းသော မေးခွန်းများ ပေးလိုက်သည်။
အင်စလေ ရိုးရှင်းတယ်ဟု ထင်နေသော ကိစ္စရပ်များမှာ ကမ္ဘာပေါ်ရှိ လူကြီးများအတွက်ပင် ခက်ခဲသော ကိစ္စတစ်ခု ဖြစ်နေသည်မှာ ဘာကြောင့်ပါလဲ။
အကြောင်းမှာ ဤကမ္ဘာပေါ်ရှိ စာရင်းကိုင်များ တတ်မြောက်ရမည့် ပညာရေးမှာ ကမ္ဘာမြေပေါ်မှ ပညာရေးနှင့် နှိုင်းယှဉ်၍မရပေ။
အင်စလေသည် ကမ္ဘာမြေပေါ်မှ နောက်ဆုံးစာမေးပွဲ မေးခွန်းများထဲမှ အခက်ခဲဆုံး မေးခွန်းများအား ရွေးထုတ်ထားခဲ့ခြင်းဖြစ်ကြောင်း မပြောရသေးချေ။
ကလေးသည် အယ်လီယာနာ လူသစ်များထံ မေးခွန်းများ ဝေပေးနေသည်ကိုကြည့်ရင်း ဘဝင်ခိုက်စွာဖြင့် ပြုံးလိုက်သည်။
အင်စလေသည် အနောက်ဘက်ရှိလူများအား မမြင်နိုင်သဖြင့် မေးခွန်းများ ဖြေမည်ဆိုလျှင် လက်မြှောက်ခိုင်းရန် အယ်လီယာနာမှတဆင့် ပြောလိုက်သည်။
ထိုသို့ဖြင့် အယ်လီယာနာ မေးခွန်းများ ဝေပြီးချိန်၌ မည်သူများ တောက်ပလာမည်ကို ကြည့်ရမည့်အချိန် ဖြစ်သည်။
‘ဟီးဟီး နင်တို့ အရည်အချင်းတွေကို ပြစမ်း.. အသစ်လေးတွေ’
အင်စလေနှင့် အယ်လီယာ အရှေ့၌ စောင့်နေကြသည်။ လူသစ်လေးများသည် သူတို့၏ စားပွဲများရှိရာသို့သွားကာ အယ်လီယာနာ၏ စကားအား နားထောင်ရင်း စာရွက်ပေါ်ရှိ ပုစ္ဆာကို စတင်စဉ်းစားကြသည်။
အစပိုင်း၌ ထိုလူများမှာ အားမာန်အပြည့်နှင့်ဖြစ်သည်။ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ ခပ်ရဲရဲဖြစ်နေပြီး မျက်လုံးထဲ၌လည်း မီးတောက်များ တောက်လောင်လျက်ရှိကြသည်။
ငါတို့ရဲ့ စွမ်းရည်ကို ဘောစ့်မြင်အောင် ပြရမယ်..
ထိုလူသစ်များသည်၏ အတွေးမှာလည်း ဘော့စ်သည် သူတို့ထဲမှ တစ်ယောက်အား ရွေးချယ်သွားပြီး ရာထူးကြီး တစ်နေရာ ခန့်အပ်ရန် ဆန္ဒရှိကြသည်။
ပင်မမိသားစုရဲ့ စာရင်းကိုင်ချုပ်တောင် ဖြစ်လာနိုင်လောက်တယ်..
လူသစ်များသည် တထိတ်ထိတ်ခုန်နေသော ရင်အစုံဖြင့် မေးခွန်းအား ဖတ်နေကြသည်။ ထိုထဲမှ ဉာဏ်ကြီးရှင် အနည်းငယ်သည် ထိုမေးခွန်းအား ဖြေဆိုနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေကြသည်။ သို့သော် ထိုအချိန်မှာပင်..
မျက်စိတစ်မှိတ် အတွင်းမှာပင် မျက်နှာများ ပြာနှမ်းလာကြသည်။
ဒီ.. ဒီ မေးခွန်းက ဘာလား..
လူသစ်များ ကြောင်အကာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ နဖူးမှ ချွေးများစီးကျလာပြီး မျက်လုံးထဲရှိ စိတ်အားထက်သန်မှုများ ပြည့်ဝနေသော မီးတောက်များမှာလည်း ရေဖြန်းခံရသလို ငြိမ်းသတ်သွားသည်။
အခန်းအတွင်းရှိ လူငယ်လေးများနှင့် လူအိုကြီးများ တစ်ယောက်ပြီးတစ်ယောက် မျက်မှောင်ကြုတ်လာကြသည်။ မျက်နှာများမှာလည်း အပြာမှ အနီ၊ အစိမ်း စသဖြင့် ပြောင်းလဲနေပြီး နောက်ဆုံးတွင် ဖြူဖျော့သွားကုန်ကြသည်။
စိတ်အားထက်သန်စွာဖြင့် မီးတောက်နေခဲ့သော မျက်လုံးများသည်လည်း တဖြည်းဖြည်းနှင့် ဗလာသက်သက် မျက်လုံးများအဖြစ်သို့ ပြောင်းလဲသွား၏။
လူသစ်များအားလုံး အံ့ဩတုန်လှုပ်နေကြသည်။ မေးခွန်းကိုပင် ရှင်းရှင်းလင်းလင်း နားမလည်နိုင်သောကြောင့် လက်ရှိအချိန်၌ သူတို့မှာ အရူးများသဖွယ် ခံစားရသည်။
ဒီ.. ဒီ မေးခွန်းက ဘာလား.. စာရင်းကိုင်တစ်ယောက်အတွက် မေးခွန်းကော ဟုတ်ရဲ့လား.. ဘာဖြစ်လို့ ဒီလောက်တောင် ခက်ရတာလဲ..
ထိုလူများ မည်သို့သော မေးခွန်းမျိုး မြင်တွေ့လိုက်ကြသနည်း။
အမေးခံရသူများနှင့် အင်စလေသာ အမှန်တရားအား သိပေသည်။