စယ်လီလား.. ကျူစယ်လီလား
Vol. 4 Ch. 57
ရုံးခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူသစ်များမှာ ခေါင်းပင် မထောင်ရဲဘဲ သူတို့၏ အရည်အချင်းများကြောင့် ရှက်ရွံ့နေမိကြသည်။ အပြစ်မဲ့သည့် လူသစ်လေးများမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကိုယ်ပိုင် ဂုဏ်ယူဝံ့ကြွားမှုများအား ချေမှုန်းခံလိုက်ကြရသည်။
ပင်မ မိသားစုသည် မည်မျှ ကြီးကျယ်ခမ်းနားကြောင်း စတင်မြင်ယောင်မိလာကြသည်။
‘ပင်မမိသားစုက စာရင်းကိုင်တွေက ဒီလိုမေးခွန်းမျိုးကို ဖြေနိုင်ကြတာလား..’
‘ပင်မမိသားစုရဲ့ စာရင်းကိုင်တွေက ဒီမေးခွန်းကို လွယ်လွယ်လေး ဖြေနိုင်တယ်လို့ ငါ့ကို မပြောကြနဲ့နော်..’
‘ဘော့စ်က ငါတို့ကို စစ်ဆေးဖို့ဆိုပြီး ဒီမေးခွန်းကို ပေးတာလေ.. ဆိုလိုတာက မေးခွန်းက ဒီလောက်တောင် ခက်သင့်ရဲ့လားလို့..’
‘ဘာဖြစ်လို့ အဲလောက်တောင် ခက်နေရတာလဲ.. ငါတို့က လူသစ်တွေ ဖြစ်နေတာကြောင့်လား.. ဝိုးးး စီနီယာတွေက အံ့ဩဖို့ကောင်းလိုက်တာ..’
မေးခွန်းအားဖြေရန် လက်လျော့လိုက်ကြသော လူသစ်များသည် သူတို့၏ ဆိုးဝါးသော စွမ်းရည်များအား ညည်းတွားရင်း စီနီယာများအား လေးစားကြည်ညိုနေကြတော့သည်။ ထိုမေးခွန်းအား ဖြေနိုင်မည့် စီနီယာများမှာ သာမန်လူများ မဟုတ်နိုင်ချေ။
ဉာဏ်ကြီးရှင်များသာ ဖြစ်လိမ့်မည်။
အင်စလေ၏ မေးခွန်းမှာ ဤကမ္ဘာ၏ ပညာရေးအဆင့်အတန်းကို သုံး၍ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ချေ။ မေးခွန်းအား စေ့စေ့စပ်စပ် လေ့လာသုံးသပ်သူများသာလျှင် ဖြေရှင်းနည်းအသစ်ဖြင့် အဖြေထုတ်နိုင်မည် ဖြစ်သည်။
ပြောရမည်ဆိုလျှင် မေးခွန်းမှာ ဤကမ္ဘာ၏ ဉာဏ်ကြီးရှင်များအတွက်သာ ဖြစ်သည်။ မှန်သည်။ အင်စလေသည် စာရင်းကိုင်ချုပ်အဖြစ် ဉာဏ်ကြီးရှင်တစ်ဦးကိုသာ လိုချင်သည်။ ထူးချွန်သော စာရင်းကိုင်စွမ်းရည်သည် မိသားစု၏ အကျိုးစီးပွားကို ဆောင်ယူပေးနိုင်လိမ့်မည်။
ထို့အပြင် ထိုဉာဏ်ကြီးရှင်အား ရိုးသားကာ သစ္စာရှိသူလည်း ဖြစ်စေချင်သည်။
ထို့ကြောင့် ကလေးသည် အခြားသော ဉာဏ်ကြီးရှင်များနှင့် ပတ်သက်၍ စိတ်တိုင်းမကျခြင်းမှာ သူတို့၏ စရိုက်လက္ခာဏာမှာ မကောင်းသောကြောင့်ပင်။
အက်သလေ ခေါင်းယမ်းလိုက်ပြီး စီနီယာများရုံးချုပ်သို့ သွားရောက်စဉ် သူမအား မျက်နှာလိုအားရလုပ်ရန် ကြိုးစားကြသော ဉာဏ်ကြီးရှင် စာရင်းကိုင်များအား တွေးမိသည်။
‘ထက်မြက်ပြီး သစ္စာရှိရိုးသားတဲ့ လူတစ်ဦးကို ရှာဖို့က အတော်လေး များတဲ့ တောင်းဆိုချက် ဖြစ်နေတာလား..’
အင်စလေ သူမရှေ့ရှိ လူသစ်များအား စေ့စေ့စပ်စပ် ကြည့်လိုက်ပြီး စိတ်ပျက်ကာ မျက်နှာရှုံ့မဲ့လာသည်။
အာ.. မျှော်လင့်ထားသလိုပဲ.. လူသစ်ထဲက ဉာဏ်ကြီးရှင်တွေအတွက် ဒီမေးခွန်းက အတော်လေး ခက်တာပဲ..
အင်စလေ သက်ပြင်းချလိုက်သည်။ ကလေးသည် သူမ၏ အစီအစဉ်အား ရပ်တန့်ရတော့မည်ဟု ခံစားမိလာသည်။ ရိုးသားသူ ဖြစ်နေသရွေ့ အကောင်းဆုံးများထဲမှ အကောင်းဆုံးတစ်ဦးအား ရွေးထုတ်သင့်သည်။
အယ်လီယာနာအား စစ်ဆေးခြင်း ရပ်လိုက်ရန် ပြောမည်ပြင်စဉ်မှာပင် အနောက်ဘက်အတန်းများမှ အနည်းငယ် မိန်းမဆန်သော ကျယ်လောင်သည့် ဩရှရှအသံ ထွက်ပေါ်လာသည်။
“အ.. အာ.. ဘော့စ်.. ဒီဟာကို စယ်လီ ဖြေလို့ရမလား..”
အရပ်မြင့်မြင့်နှင့် လူတစ်ဦးသည် လက်မြှောက်ကာ မတ်တတ်ရပ်လိုက်သည်။
အင်စလေ ချက်ချင်းပင် ထိုလူထံသို့ အကြည့်ရောက်သွားသည်။ သူ၏ သွင်ပြင်သဏ္ဌာန်အား မြင်ပြီးနောက် ကလေးမှာ နှလုံးရောဂါ ရလုမတတ်ပင်။
ဒီ.. ဒီလူက ဘယ်သူလား..
မီးတောက်ကဲ့သို့ နီစွေးနေသော တင်ပါးအထိရှည်သည့် ဆံပင်ရှည်များမှာ ငရဲမီးတောက်အလားပင်။ စူးရှထက်မြက်သော အစိမ်းရောင်မျက်လုံးများမှာ အချိန်နတ်သမီး ဖင်း ကိုပင် အမှတ်ရစေသည်။ ဤလူ၏ မျက်လုံးများမှာမူ ပို၍ နက်မှောင်သည်။
အယ်လီယာနာထက် ပိုမိုနက်မှောင်သော အညိုရင့်ရောင် အသားရောင်သည် တင်းကြပ်သော အနက်ရောင်ဝတ်စုံမှ ပေါက်ထွက်လုမတတ် ဖြစ်နေသည့် ကြွက်သားများနှင့် လိုက်ဖက်ညီလေသည်။
အင်စလေအား ထိတ်လန့်စေသည်မှာ ထိုလူ၏ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ကြောင့် မဟုတ်ပေ။
ကြောင်တောင်တောင်နိုင်သော အနက်ရောင် အိုင်းရှဲဒိုး၊ ခပ်ထူထူနှုတ်ခမ်းများ၌ ဆိုးထားသော အနက်ရောင် နှုတ်ခမ်းဆိုးဆေးနှင့် ပါးရိုး၌ ခြယ်ထားသော မီးခိုးရောင်ပါးနီများမှာ အတော်လေး ကိုးရိုးကားယား နိုင်လေသည်။
ဟုတ်သည်။ ထိုလူငယ်မှာ ဂေါ့သစ်ပုံစံ မိတ်ကပ် လိမ်းခြယ်ထားခြင်း ဖြစ်သည်။ ထိုမျှမကဘဲ အနက်ရောင်ဘောင်းဘီအစား အနက်ရောင်စကပ်ကိုလည်း ဝတ်ဆင်ထားသေးသည်။
ထိုမြင်ကွင်းသည် အင်စလေကိုသာမက အယ်လီယာနာကိုပါ ဆွံ့အသွားစေသည်။
ဒါ.. ဒါက..
အင်စလေ တံတွေးမျိုချလိုက်သည်။ သူမ၏ မျက်လုံးများမှာ ကြက်ဥတစ်လုံးအရွယ်ခန့် ကြီးမားစွာ ပြူးကျယ်နေတော့သည်။
ထ.. ထရက်ပ်လား..
အာ.. ထရက်ပ်က ဘာလဲဆိုရင် တခြားဆန့်ကျင်ဘက်လိင်ရဲ့ အဝတ်အစားတွေကို ဝတ်ဆင်တဲ့လူတွေကို ခေါ်တာပေါ့.. ဥပမာ ချစ်ဖို့ကောင်းတဲ့ မိန်းကလေးပုံစံ ဝတ်ထားပေမဲ့ တကယ်တမ်းကျ ယောကျ်ားကြီးတစ်ယောက် ဖြစ်နေတာမျိုး.. တခြားလူတွေကတော့ ခံ့ညားချောမောတဲ့ ယောက်ျားတစ်ယောက် ဖြစ်နေပေမဲ့ လက်တွေ့ကျ အမျိုးသမီး ဖြစ်နေတတ်တယ်..
သူတို့က လိင်ပြောင်းထားသူတွေ မဟုတ်ဘူး.. ဆန့်ကျင်ဘက်လိင်နဲ့ အရမ်းတူတဲ့ အသွင်အပြင်ကို ပိုင်ဆိုင်ထားကြတဲ့ ကောင်းချီးကို ရရှိထားကြတဲ့ လူတွေပေါ့..
ဒါ့ကြောင့်ပဲ သူတို့ကို ထရက်ပ် (ထောင်ချောက်) လို့ ခေါ်ကြတာ..
အမျိုးသား၊ အမျိုးသမီး ထရက်ပ်များ ပါဝင်သည့် အနီမဲများစွာ ကြည့်ခဲ့ဖူးခြင်းမှအပ မာဖီးယားလောက၌ ဤကဲ့သို့သော အရာမျိုး ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။
သူမသည် လက်စဘီယံများ၊ ဂေးများ၊ လိင်ပြောင်းထားသူများနှင့် ထူးခြားသည့် လူများအား မြင်ဖူးခဲ့သည်။ သို့သော် ထရက်ပ်တစ်ဦးကို မြင်ဖူးခြင်းမှာမူ ပထမဆုံးဖြစ်သည်။
အန်နီမဲချစ်သူတစ်ဦး အနေနှင့် ထရက်ပ်များ သို့မဟုတ် cross-dresser များအား သဘောမကျဘဲ နေမည်လား။
အင်စလေ မျက်လုံးများ တလက်လက်တောက်ပလာသည်။ ကမ္ဘာမြေမှာကဲ့သို့ လိင်အမျိုးအမည် မရှိသူ ဖြစ်နိုင်သဖြင့် တစ်ဖက်လူ၏ လိင်အမျိုးအစားအား ခန့်မှန်းရန် မကြိုးစားချေ။ ထို့အပြင် လိင်အမျိုးအစားဆိုသည်မှာလည်း စကားစု တစ်စုမျှသာဖြစ်သည်။
အင်စလေသည် ဤကမ္ဘာရှိ crossdresser ထရက်ပ်တစ်ဦးနှင့် စကားပြောရန်လည်း အလွန်အမင်း စိတ်အားထက်သန်နေသည်။ အကြောင်းမှာ အပြင်လောက၌ ထရက်ပ်တစ်ဦးနှင့် မဆုံတွေ့ဖူးသောကြောင့်ပင်။
“အင်း.. နာမည် ဘရိုထော်ရဲ (နာမည် ဘယ်လိုခေါ်လဲ)”
အင်စလေ ထိုလူ၏ နာမည်အား မေးလိုက်သည်။ ယင်းမှာ ထိုလူ၏ ထူးခြားသော ပုံစံကြောင့်သာ မကဘဲ မေးခွန်းဖြေရန် မတ်တတ်ရပ်လာသောကြောင့်လည်း ဖြစ်သည်။
“နာ.. နာမည်လား..”
အရပ်မြင့်မြင့်နှင့်လူသည် ခါးကိုင်းကာ စကားထစ်ထစ်အအ ဖြစ်နေသည်။ လုံခြုံရေးအစောင့် တစ်ဦးကဲ့သို့ အသွင်အပြင်မှလွဲ၍ သူ၏ စရိုက်မှာ ‘ဟယ်လိုကစ်တီ’ ကြောင်လေး အတိုင်းပင်။
အင်စလေသည် ထိုလူအား ပြေးဖက်ချင်စိတ်များ ပေါ်လာပြီး လူကြောက်တတ်သည့် ထိုလူအား ပျိုးထောင်ပေးနိုင်မလား သိချင်မိသည်။
“ဟုတယ်.. နာမည်..”
အင်စလေ မောက်မာသော လေသံဖြင့် ထပ်ပြောလိုက်သည်။ သူမသည် ထိုလူထံသို့ ပြေးသွားကာ အနီးကပ် စစ်ဆေးကြည့်လိုသော်ငြား ခမ်းနားကြီးကျယ်သော ဘော့စ်တစ်ဦးအဖြစ် သူမ၏ ရာထူးဂုဏ်ပုဒ်ကိုလည်း ထိန်းသိမ်းထားလိုသည်။
“စ.. စယ်လီ..”
အသက် ၂၀ ဝန်းကျင်သာ ရှိဦးမည့် ထိုလူငယ်မှာ ကြောက်ရွံ့ထိတ်လန့်စွာ ပြန်ဖြေသည်။ ခေါင်းငုံ့ကာ ခန္ဓာကိုယ်အား တတ်နိုင်သမျှ ကွေးထားပြီး သခင်ဖြစ်သူ၏ သနားကြင်နာမှုအား တောင်းခံနေသော သနားဖွယ် လူထွားကြီးလိုပင်။
ဂါးးး ချစ်စရာကြီးး
အင်စလေသည် ထိုလူ၏ ကြောင်တောင်တောင် မိတ်ကပ်အပြင်အဆင်၊ ဘောင်းဘီအစား စကပ် ဝတ်ထားခြင်းတို့ကို ဂရုမစိုက်ချေ။ ကလေးသည် စိတ်လှုပ်ရှားစွာဖြင့် နှာမှုတ်လိုက်ပြီး မေးခွန်းများ ထပ်မေးရန် ပြင်စဉ်မှာပင် လူသစ်များထံမှ ရုတ်တရက် တီးတိုးသံများ ထွက်ပေါ်လာသည်။
“စယ်လီလား.. အဲဒီကောင်နာမည်က ကျူစယ်လီ မဟုတ်ဘူးလား..”
မျက်ပေါက်ကျဉ်းကျဉ်းနှင့် ပိန်ညောင်ညောင် လူတစ်ဦးမှ မယုံကြည်နိုင်စွာဖြင့် ပြောသည်။
ထိုလူဘေးရှိလူသည် ချက်ချင်းပင် တံတောင်နှင့် တွတ်လိုက်သည်။
“ဟ.. သူက ခေါင်းထိထားတာ မင်းမသိဘူးလား.. ရူးနေတာကွ..”
ထိုသို့ဖြင့် အတင်းအဖျင်းများ စတင်ထွက်ပေါ်လာသည်။
“ဒီကောင်က ဘာဖြစ်နေတာလဲ.. မိန်းမလား ယောကျ်ားလား.. ဘာကိစ္စနဲ့ စကပ်ဝတ်ထားတာလဲ..”
“ကျက်သရေတုံးတာကွာ.. ဒီလိုကောင်မျိုးကို မိသားစုထဲဝင်ဖို့ ဘယ်လိုလူက လက်ခံလိုက်တာလဲ မသိဘူး..”
“သောက်ခွေး.. သူ့အသံက တော်တော်ဆိုးတာပဲ.. ကြက်သီးတောင် ထလာပြီ.. ဂါးးး”
ကံမကောင်းစွာဖြင့် စကားသံများမှာ ထိုမျှလောက်နှင့် ရပ်မသွားချေ။