အချိန်တိုအတွင်း ငွေပေါ်ရန်
Vol. 4 Ch. 59
အင်စလေ ပြားကပ်နေသည့် ရင်ဘတ်အား လက်ဖြင့်ပုတ်လိုက်ရင်း မာနကြီးသယောင် ဟန်ဆောင်လိုသော်ငြား ခပ်ဆိုးဆိုး ကလေးတစ်ဦးဟုသာ ထင်မြင်ရသည်။
“အမ်း.. ဒါပေမဲ့ ဒီကောင်လေးက..”
အဖိုးယိုဖန် မျက်လုံးများ မှေးကျဉ်းကာ မုတ်ဆိတ်ဖြူများအား လက်ဖြင့်သပ်ရင်း ကျူစယ်လီအား ခေါင်းအစ ခြေအဆုံး အပြန်ပြန်အလှန်လှန် စစ်ဆေးနေတော့သည်။ အံ့ဩလွန်းသောကြောင့် မျက်နှာမဲ့လာသည်။
ငါ့ရဲ့ ဉာဏ်ကြီးရှင်လေး အင်က ဒီလိုမျိုး သံသယဖြစ်စရာကောင်းတဲ့ ကောင်ကို ဘယ်လိုစိတ်နဲ့ ရွေးခဲ့တာလဲ..
“ဘာမှားရို့ရဲ.. စယ်က တော်တယ်..”
အင်စလေ ခေါင်းကလေး စောင်းကာ ပြောလိုက်ပြီး အဖိုးယိုဖန်မှာ မည်သည်ကြောင့် ယင်ကောင်မျိုချမိသကဲ့သို့ ဖြစ်နေမှန်း နားမလည်ဘဲ ရှိလေသည်။
ဒီကမ္ဘာက လူတွေက ကျူစယ်လီလို လူတွေကို လက်မခံကြတာများလား..
အဖိုးယိုဖန်သည် သူ၏ခွင့်ပြုချက်အား တောင်းခံနေသော အင်စလေ၏ မျှော်လင့်တကြီး မျက်လုံးများကြောင့် မြင်သည့်အခါ စိတ်မမာနိုင်တော့ချေ။ အင်စလေအနောက်ရှိ ရှက်ရွံ့တုန်လှုပ်နေသော ကျူစယ်လီအားကြည့်ကာ သက်ပြင်းချမိသည်။
“ကောင်းပါပြီ.. ဒါဆိုလည်း ဖိုးဖိုးသူ့ကို စာရင်းကိုင်ချုပ် အသစ်အဖြစ် တံဆိပ်ပေးလိုက်မယ်နော်.. စာရင်းကိုင် အဖွဲ့ဝင်တွေက သူ့အမိန့်ကို နာခံရမယ်.. မဟုတ်ရင် ဖိုးဖိုးကိုယ်တိုင် တိုက်ရိုက် အပြစ်ပေးရလိမ့်မယ်..”
အဖိုးယိုဖန်သည် အင်စလေအား ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။
ယခင် စာရင်းကိုင်များအား အလုပ်ဖြုတ်ပစ်သည့် ကိစ္စရပ်အားလည်း သူကိုယ်တိုင် သေသေချာချာ စုံစမ်းစစ်ဆေးခဲ့သည်။ အဆုံးတွင် ထိုသူများမှာ အမှန်တကယ်ကိုပင် အကျင့်ပျက်ခြစားနေကြ၏။
စလိုအန်မိသားစုဝင်များသည် မိသားစုဝင်ငွေအား အလွဲသုံးစား လုပ်နေကြသည်ဟူသော ကောလဟာလမှာ အမှန်ဖြစ်နေသည်။ အင်စလေသည် သူမ၏ ကိုယ်ကျိုးရှုလိုစိတ်ကြောင့် ထိုပြဿနာအား တစ်ခါတည်း ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ကလေးသည် သူမ၏ အိပ်မက်ထဲသို့ လာရောက်သော ဂေါ့ဖားသားဝိညာဉ်၏ လမ်းညွှန်မှုအတိုင်း ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ကြောင့်ပင် အဖိုးယိုဖန်သည် အင်စလေ၏ ခပ်ကြောင်ကြောင် လူတစ်ဦးအား စာရင်းကိုင်ချုပ်အဖြစ် ခန့်အပ်မည်ဟူသော ဒုတိယဆုံးဖြတ်ချက်အား ဝန်လေးစွာဖြင့် ယုံကြည်လိုက်ခြင်းဖြစ်သည်။
“ဒီမှာ တံဆိပ်.. ဒါနဲ့ဆိုရင် အဖွဲ့ဝင်အသစ်တွေက စာရင်းကိုင်ချုပ်ကို မနာခံဘဲ မနေရဲဘူး..”
အဖိုးယိုဖန်သည် ငန်းတောင်ကလောင်တံ ဘေး၌ ရွှေဒင်္ဂါးသင်္ကေတ ထွင်းထုထားသော ရွှေပဉ္စဂံပုံ တံဆိပ်ပြားတစ်ခုအား ပြသလိုက်သည်။
ထို့နောက် အင်စလေအား တံဆိပ်ပြား ပေးလိုက်သည်။ အင်စလေသည် တံဆိပ်ပြားအား ကြောက်အနေသော ကျူစယ်လီထံ ချက်ချင်း ပစ်ပေးလိုက်သည်။
ထိုသို့ဖြင့် ကိစ္စရပ်အား မြန်ဆန်စွာ ဖြေရှင်းပြီးသွားသည်။ ကျူစယ်လီ နှလုံးရောဂါ မရမီ မြန်မြန်ဆန်ဆန် ပြီးဆုံးသွားခြင်း ဖြစ်သည်။
“စာ.. စာရင်းကိုင်ချုပ်လား.. ကျွန်တော်ကလေ.. အာ.. အမ်..”
ကျူစယ်လီ တုန်ယင်စွာဖြင့် တံဆိပ်ပြားလေးအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် မဝံ့မရဲဖြင့် ရင်ဘတ်တွင် တပ်ဆင်လိုက်သည်။
ကျူစယ်လီ၏ အပြုအမူကြောင့် အင်စလေ သက်ပြင်းချလိုက်သည်။
‘ဒီလူကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် အရင်ဆုံး လုပ်ပေးရမဲ့ပုံပဲ.. မဟုတ်ရင် ခေါင်းဆောင်တစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး.. ဒီလူကို လေ့ကျင့်ပေးဖို့ အယ်လီယာနာကို ပြောရမယ်..’
အင်စလေ အယ်လီယာနာ၏ ဆံပင်အား ဆွဲလိုက်သည်။ အယ်လီယာနာ၏ ပွေ့ချီထားမှုအပေါ် ပျော်ပိုက်နေဆဲဖြစ်သော အင်စလေသည် တီးတိုးပြောပြီးနောက် ကြမ်းပြင်ပေါ်သို့ ခုန်ဆင်းလိုက်သည်။
“ဟုတ် ဘောစ့်”
အယ်လီယာနာ ခေါင်းညိတ်ပြီးနောက် လျှပ်တပြက်အတွင်း လှည့်ထွက်သွားသည်။ မည်သူမျှ မတုံ့ပြန်နိုင်ခင်မှာပင် သူမသည် ကျူစယ်လီအား ကော်လံမှ ဖမ်းကိုင်ကာ ရုံးခန်းအပြင်သို့ တရွတ်တိုက် ဆွဲခေါ်သွားသဖြင့် အဖိုးယိုဖန်ပင်လျှင် ကြောင်အသွားတော့သည်။
“ဒါ.. သူတို့ ဘာလုပ်ကြတာလဲ..”
အဖိုးယိုဖန် သိလိုစိတ်ဖြင့် အင်စလေအား မေးလိုက်သည်။ ကလေးသည် သူ၏စားပွဲပေါ်သို့ တက်ကာ စာရွက်များပြည့်နေသည့် စားပွဲပေါ်၌ ထိုင်လိုက်သည်။
“ရေ့ကျင့်ဖို့ (လေ့ကျင့်ဖို့)”
အင်စလေ ပေါ့တန်တန် ပြန်ဖြေလိုက်သည်။ သူမ၏ ချစ်စဖွယ် မျက်နှာပေါ်ရှိ ညစ်ကျယ်ကျယ် အပြုံးကိုပင် မြင်နိုင်သည်။
ဟုတ်တယ်.. လေ့ကျင့်ရေး..။ အယ်လီယာနာ၏ ခရမ်းရောင် သန့်စင်မီးတောက်ဖြင့် ရိုက်နှက်ခံရပါက စိတ်ဓာတ်မာကျောကာ အခြားသူများ၏ ထင်မြင်ယူဆချက်ကြောင့် လွယ်လင့်တကူ တွန့်ဆုတ်ယိုင်လဲတတ်သူ ဖြစ်လာတော့မည် မဟုတ်ပေ။
အင်း.. ကောင်းတယ်..
အင်စလေ စားပွဲပေါ်လှဲရင်း ပျော်ရွှင်စွာ သီချင်းညည်းလိုက်သည်။ သာမန်ကာလျှံကာဖြင့် စာရွက်စာတမ်း အချို့အား ကောက်ယူလိုက်ပြီးနောက် မျက်နှာကြက်အား မျက်နှာမူရင်း ဖတ်နေတော့သည်။
ကလေး၏ အပူအပင်မဲ့ အပြုအမူသည် အဖိုးယိုဖန်အား နောက်ကျောတစ်လျှောက် အေးစက်သွားစေသည်။ သို့တိုင်အောင် အဖိုးယိုဖန်မှာ ထိုင်ကြည့်နေရုံကလွဲ ဘာမှမလုပ်နိုင်ချေ။
အဖိုးယိုဖန်သည် ကူကယ်ရာမဲ့သော အပြုံးတစ်ခုနှင့် ခုံပေါ်တွင်ထိုင်ကာ အင်စလေ စိတ်တိုင်းကျ လုပ်ရန်သာ ခွင့်ပြုထားရတော့သည်။
ဘုရား ဘုရား.. ငါတို့ရဲ့ ဘောစ့်အသစ်က ဉာဏ်ကြီးရှင်တော့ ဟုတ်ပါရဲ့.. ဒါပေမဲ့ အတော်လေး ထိန်းရခက်တယ်လို့ မထင်ဘူးလား.. အနာဂတ်မှာ လက်ထပ်နိုင်ပါ့မလား စိတ်ပူမိနေပြီ..
အဖိုးယိုဖန်သည် ကျော့ရှင်းတင့်တယ်မှု အနည်းငယ်မျှပင် မရှိဘဲ စားပွဲပေါ်၌ ခြေကားယား လက်ကားယား ဖြစ်နေသည့် ကလေးအား ကြည့်လိုက်သည်။
လူကြမ်းလိုပဲ..
အဖိုးယိုဖန် အတွေးများနေချိန် ရုတ်တရက် အင်စလေ၏ တဟီးဟီးရယ်သံ ထွက်ပေါ်လာသည်။ သူမ၏ ရယ်သံမှာ မကောင်းဆိုးဝါး ဆန်လှသဖြင့် အဖိုးယိုဖန်ပင် တွန့်သွားမိသည်။
“ဟီးဟီး ဟီးဟီးဟီး”
အင်စလေ ကျယ်လောင်စွာ ရယ်မောပြီး စာရွက်များအား လေပေါ်ပစ်တင်လိုက်ပြီး ထိုစာရွက်ဖြူများ သူမမျက်နှာပေါ်သို့ ပြန်မကျမီ လေထဲတွင် လွင့်နေသည်ကို ကြည့်နေမိသည်။
အဟက်
နောက်ဆုံးတော့ မိသားစုထဲမှာ ပထမဆုံးခြေလှမ်းကို လှမ်းလိုက်နိုင်ပြီ.. နောက်ထပ်က မိသားစုထဲမှာ ကျင့်ပျက်ခြစားနေတဲ့သူတွေ အများကြီးပဲ.. ဒါပေမဲ့ အခုပဲ သူတို့ကို ဖြုတ်လိုက်မယ်ဆိုရင် အဲဒီလူတွေက စိတ်အနှောင့်အယှက် ပေးကြလိမ့်မယ်..
ငါ ဂရုမစိုက်မိတဲ့ အချိန်တွေမှာ တိုက်ခိုက်တာတောင် လုပ်နိုင်သေးတယ်..
အင်စလေသည် စာရင်းကိုင်အဖွဲ့ တစ်ဖွဲ့လုံးအား အလုပ်ဖြုတ်ခဲ့သော ဖြစ်ရပ်အား ပြန်စဉ်းစားမိသည်။
ထိုသတင်းမှာ အခြားမိသားစုခွဲများထံသို့ ပြန့်သွားလောက်ပြီ ဖြစ်သည်။ အကြောင်းမှာ သူမသည် ထိုမိသားစုခွဲများထံမှ စာရင်းကိုင်အသစ်များစွာ ရွေးချယ်ခဲ့သောကြောင့်ဖြစ်သည်။ ထိုလူများသည် သူလျှိုအနေနှင့် သက်ဆိုင်ရာ မိသားစုခွဲများထံသို့ ပြန်လည် အစီရင်ခံကြလိမ့်မည်။
‘ဖြုတ်ပစ်မဲ့ ကိစ္စကို ခဏလောက် ရပ်ထားသင့်တယ်လို့ ထင်တယ်.. နောက်ပိုင်းကျ ရှင်းပစ်နိုင်တာပဲ.. ငွေကြေးပိုင်း လုံခြုံစိတ်ချရပြီဆိုတော့ ရုတ်တရက်ကြီး ဒေဝါလီခံမှာကို စိတ်ပူနေဖို့ မလိုတော့ဘူး..’
အဓိကသော့ချက်မှာ စာရင်းကိုင်ချုပ်ဖြစ်ကြောင်း အင်စလေ သေချာသည်။ ယခုအခါ စာရင်းကိုင်ချုပ်အား ပြောင်းလဲပြီး ဖြစ်သောကြောင့် အခက်အခဲများနှင့် ရင်မဆိုင်လိုသူများမှာ အကျင့်ပျက်ခြစားရဲတော့မည် မဟုတ်ပေ။
ယင်းသည် မိသားစုအတွင်းရှိ အကျင့်ပျက်ခြစားနှုန်းအားလည်း လျော့ချနိုင်ပေလိမ့်မည်။
ကလေးသည် သွားအဖြီးသားဖြင့် သစ်သားစားပွဲပေါ်၌ လက်ကားယားဖြင့် အဝေးရှိ အဖြူရောင် မျက်နှာကြက်အား လေးနက်စွာ ကြည့်နေသည်။
‘နောက်တစ်ဆင့်ကတော့.. ဖိအားအများဆုံးကိစ္စက အကျဘက်ရောက်နေတဲ့ စီးပွားရေး မဟုတ်ဘူးလို့ ထင်တယ်.. အချိန်ကျရင် မိသားစု စီးပွားရေးကို နာလန်ထူအောင် လုပ်နိုင်တယ်.. ဒါပေမဲ့ အကြွေးတွေကတော့..’
အင်စလေသည် ဖခင်ဖြစ်သူ ချန်ထားခဲ့သည့် အကြွေးများအား စဉ်းစားမိသည်။ ဆိုးဝါးသည့် ဖခင်ဖြစ်သူမှာ အခြားသူများထံ ငွေကြေးမည်မျှ အကြွေးတင်နေကြောင်း သူမမသိချေ။ သို့သော် ထိုအကြွေးများမှာ သေချာပေါက် များပြားလိမ့်မည်။
အကြွေးများမှာ မိသားစုအား လည်ပင်းညှစ်ထားသလို ဖြစ်သည့်အပြင် ဝင်ငွေများကိုလည်း စုပ်ယူနေခြင်းဖြစ်မည်။ မိသားစု၌ ငွေကြေးမည်မျှ ရှိနေစကာမူ တောင်လိုပုံနေသည့် အတိုးများ ဆပ်ရင်းဖြင့်သာ ကုန်ဆုံးသွားလိမ့်မည်။
ထို့ကြောင့် ထိုအပေါက်အား ပြန်ဖို့နိုင်ရန် မိသားစုအား ချည်နှောင်ထားသည့် ကြွေးမြီများအား ဖြတ်တောက်ပစ်ရန် လိုအပ်သည်။
တစ်ခုတည်းသော နည်းလမ်းမှာ များပြားသော ငွေကြေးဖြင့် အကြွေးများ တစ်ခါတည်းဆပ်ရန်ဖြစ်သည်။ နောက်ပိုင်းတွင် ပြဿနာဖြစ်စေနိုင်သည့် အတိုးများကိုပါ ထပ်ပေါင်း ဆပ်ပစ်ရန်လည်း လိုအပ်သည်။
ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ..