သူမ၏ တာဝန်
Vol. 4 Ch. 60
‘အကြွေးဆပ်ဖို့အတွက် ပိုက်ဆံမြန်မြန်ရဖို့ လိုတယ်.. ဒါပေမဲ့ ဘယ်လိုရမလဲ.. အားး’
အင်စလေ လက်သီးဆုပ်လိုက်သည်။ သူမစိတ်ထဲ၌ အကြံအစည် အနည်းငယ် ရှိပြီးသား ဖြစ်သည်။ သို့သော် ထိုအကြံအစည်များထဲတွင် ပြိုလဲလုဆဲဆဲ မိသားစု စီးပွားရေးများ ပါဝင်နေသည်။
‘အချိန်တိုအတွင်း ငွေပေါ်ဖို့ လိုအပ်တယ်.. မိသားစု စီးပွားရေးက အချိန်တိုအတွင်း နာလန်ထူဖို့ ခက်ခဲလိမ့်မယ်.. အဲဒီအချိန်ကျ အကြွေးက အတိုးပေါ် အတိုးဆင့်ပြီး တဖြည်းဖြည်း များလာနိုင်တယ်..’
အင်စလေ မျက်မှောင်ကြုတ်လိုက်သည်။ ကလေးမှာ အတွေးနက်နေသဖြင့် သူမ မျက်နှာပေါ်သို့ ဖြာကျနေသည့် မီးအိမ်အလင်းရောင်ကိုပင် သတိမမူမိချေ။ အပြင်ဘက်ရှိ အနက်ရောင်ကောင်းကင်မှာ သူမ၏ စိတ်အားထက်သန်မှုအား လျော့ကျသွားစေခြင်း မရှိချေ။ သူမ၏ ဆန္ဒကိုသာ လှုံ့ဆော်ပေးလေသည်။
‘မိသားစု စီးပွားရေးကို မထိခိုက်စေဘဲနဲ့ အချိန်တိုအတွင်း ငွေပေါ်အောင်လုပ်ဖို့ လိုအပ်တယ်.. သိမ်းထားတဲ့ ပိုင်နက်တွေကို ရောင်းလိုက်သင့်လား.. ဒါပေမဲ့ ဘယ်တစ်ခုက အသုံးမဝင်တာလဲဆိုတာ မသိဘူး..’
အင်စလေ အောက်နှုတ်ခမ်းအား ကိုက်လိုက်သည်။ မိသားစုပိုင် နယ်မြေများအား ရောင်းချမည့် စိတ်ကူးသည် အလွန်အန္တရာယ်များလှသည်။ ရန်သူများသာ တစ်ဆင့်ခံဖြင့် ဝယ်ယူသွားပါက သူတို့အနေနှင့် ဘေးကြပ်နံကြပ် ဖြစ်လာနိုင်သည်။
မိသားစုဝင်များသည်လည်း ပိုင်နက်နယ်မြေအား ကာကွယ်ရန် အသက်များအား စတေးထားရခြင်း ဖြစ်သည်။ ထို့ကြောင့် နယ်မြေများအား လွယ်လင့်တကူ ရောင်းချလိုက်မည်ဆိုပါက သူတို့၏ အားထုတ်မှုများအား သစ္စာဖောက်သလို ဖြစ်သွားလိမ့်မည်။
“ဟူး..”
အင်စလေ နဖူးပေါ်လက်တင်လိုက်သည်။ ခေါင်းကိုက်စရာပဲ..။
မိသားစုကို အန္တရာယ် မဖြစ်စေဘဲ အချိန်တိုအတွင်း ငွေပေါ်မဲ့ နည်းလမ်း လုံးဝ မရှိတော့ဘူးလား.. အန္တရာယ်များမယ် ဆိုရင်တောင် နည်းလမ်းတစ်ခုတော့ ရှိသင့်တယ်..
အင်စလေ စဉ်းစားနေသော်ငြား ဤကမ္ဘာတွင် မည်သို့ ငွေရှာရမည်ကို မသိဘဲ ရှိလေသည်။
Idol တစ်ယောက်လုပ်ပြီး အယ်လ်ဘမ်တွေ ရောင်းရမလား.. ဘဏ်ကို ဓားပြတိုက်ရမလား.. ငါ့မိသားစုက မာဖီးယား မိသားစုပဲလေ.. မသမာမှုတွေ လုပ်သင့်တာပေါ့..
ဂါးး ဘာလုပ်ရမလဲ.. လူတွေကို ပြန်ပေးဆွဲပြီး ကိုယ်တွင်းအင်္ဂါတွေ ရောင်းရမလား.. ဒါ မဆိုးဘူး.. ဒါပေမဲ့ ရွံစရာကြီး..
အင်စလေ ညည်းညူလိုက်သည်။ ကောင်မလေး၏ ဆံပင်များမှာ ရှုပ်ပွလျက်ရှိပြီး မျက်နှာမှာလည်း ရှုံ့မဲ့နေသည်။ အနီးကပ်ကြည့်လျှင် ကလေးမှာ စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည်။
‘ဂါးးး ဘာမှ မစဉ်းစားနိုင်တော့ဘူး.. ဗိုက်ဆာပြီး အိပ်ငိုက်လာပြီ..’
အင်စလေသည် သူမ၏ ဝမ်းဗိုက်လေးအား လက်ဖြင့်ထိကာ အသာပွတ်လိုက်သည်။ ထို့နောက် အဖိုးယိုဖန်၏ ရုံးခန်းထဲရှိ နံရံပေါ်မှာ နာရီအား ကြည့်လိုက်သည်။
ညစာစားချိန် ရောက်တော့မှာပဲ.. နေ့ခင်းက တစ်ရေးမအိပ်ခဲ့ရတော့ ဒီခန္ဓာကိုယ်က အရမ်းပဲ လေးလံထိုင်းမှိုင်းပြီး အိပ်ငိုက်နေပြီ..
အိပ်ပျော်ရန် ကြိုးစားလိုက်သည်။
‘အာ့.. ဒီနေ့တော့ လက်လျော့လိုက်ပါတော့မယ်.. မနက်ဖြန်ကျ ဖင်းကို မေးရမယ်.. သူက ပညာရှိဆိုတော့ နည်းလမ်းတစ်ခုခုတော့ သိမှာပဲ..’
အင်စလေ ကိုယ်လုံးလေးစောင်းကာ စားပွဲနောက်ရှိ ထိုင်ခုံတွင် ထိုင်နေသော အဖိုးယိုဖန်အား မသိစိတ်မှ ကြည့်လိုက်မိသည်။ အဖိုးယိုဖန်အား ကြည့်လိုက်ချိန်တွင် မည်သည့်အတွေးမျှ မရှိသော်ငြား..
ထိုမြင်ကွင်းအား မြင်လိုက်ချိန်တွင် သူမ၏ နှလုံးသားအား တစ်ခုခုဖြင့် ကုတ်ခြစ်နေသယောင် ခံစားရသည်။
အဖိုးအိုမှာ လေးနက်တည်ငြိမ်စွာဖြင့် စာရွက်စာတမ်းများအား အမျိုးအစားခွဲနေပြီး စီးပွားရေးပိုင်း၌ မကျွမ်းကျင်သည့်တိုင်အောင် မိသားစုအား ကူညီရန် ကြိုးစားလျက်ရှိသည်။
မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာ ပြတင်းပေါက်မှတဆင့် ဝင်လာသော လရောင်အောက်တွင် ထင်သာမြင်သာရှိလှသည်။ မျက်လုံးများမှာ ပင်ပန်းနွမ်းနယ်နေပုံရပြီး လှပသည့် မျက်လုံးအောက်ရှိ မျက်ကွင်းများမှာ ညိုမဲနေသည်။
'အဖိုး ယိုဖန်..'
အင်စလေ လည်ပင်းထဲ၌ တစ်ဆို့လာသည်။ မည်သည့်စကားမျှ မပြောဘဲ စားပွဲပေါ်တွင် လဲလျောင်းကာ အဖိုးအိုအား ကြည့်နေမိသည်။
တိုက်ပွဲပြင်၌ ရှိနေသင့်သည့် အဖိုးအိုမှာ ဓားအစား ဖောင်တိန်ကိုင်ရန် ရွေးချယ်လိုက်ရသည်။
ယင်းကပင် သူတို့မိသားစု၏ အခြေအနေမှာ မည်မျှ အရေးကြီးနေကြောင်း ပြနေခြင်းပင်။
အဖိုးယိုဖန်အား သနားသည့်မျက်လုံးများဖြင့် စိုက်ကြည့်ပြီးနောက် အင်စလေသည် အကျဘက်သို့ ရောက်နေသည့် မိသားစုအား ကယ်တင်ရန် နောက်တစ်ဖန် ကျိန်ဆိုလိုက်သည်။
သူမ ကံတရားသာမက စလိုအန်မိသားစုဝင်များ၏ ကံတရားလည်းဖြစ်သည်။
အင်စလေသည် သူမ၏ မိသားစုဝင်များအား မိသားစုအား ပြန်လည်အသက်သွင်းရာတွင် ကူညီပေးမည့် အနင်းခံကျောက်တုံးများအဖြစ်သာ ရှုမြင်သော်ငြား ထိုသူများအား ဂရုမစိုက်ဟု မဆိုလိုပေ။
‘အယ်လီယာနာ.. အဖိုးယိုဖန်.. ကျူစယ်လီ.. ပြီးတော့ အပြစ်မဲ့တဲ့ မိသားစုဝင်တွေ..’
အင်စလေ နှုတ်ခမ်းကိုက်လိုက်သည်။ လက်တွေ့မှာ အန်နီမဲ သို့မဟုတ် မန်ဟွတစ်ခု မဟုတ်ကြောင်း အင်စလေ နားလည်သဘောပေါက်လိုက်သည်။
ဤသည်မှာ သူမ၏ ဘဝအသစ်ပင်။
မည်သို့ပင်ဖြစ်စေ သူမသည် လူ့အသက်များအား စာရွက်ပေါ်ရှိ ကိန်းဂဏန်းများသဖွယ် မဆက်ဆံနိုင်ပေ။ မည်မျှပင် ဆိုးသွမ်းသောသူ ဖြစ်နေပါစေ လူသားများမှာ စစ်တုရင်ခုံပေါ်ရှိ နယ်ရုပ်များ မဟုတ်ပေ။
ထုံထိုင်းသော အယ်လီယာနာပင်လျှင် စိတ်ခံစားချက်နှင့် အသိဉာဏ်ရှိသော လူတစ်ဦးဖြစ်သည်။ သူမ၏ ဉာဏ်ရည်မှာ နိမ့်ကျသည် ဆိုသော်ငြား မိသားစုအပေါ် အဆုံးမဲ့ သစ္စာရှိသည်ကို လူတိုင်းမြင်နိုင်သည်။
‘ဒီ.. ဒီလူတွေအတွက် ထည့်စဉ်းစားရမယ်.. အယ်လီယာနာကို ရုပ်သေးတစ်ရုပ်လို အသုံးမချသင့်ဘူးနဲ့ တူတယ်..’
အဖိုးယိုဖန်၏ အသွင်အပြင်ကြောင့်သာ အင်စလေ သူမ၏ အတွေးများအား အစမှ ပြန်လည်သုံးသပ်မိခြင်း ဖြစ်သည်။ အဖိုးယိုဖန်၏ ရုံးခန်းသို့သာ ရောက်မလာခဲ့လျှင် ထိုသို့ တွေးမိလိမ့်မည် မဟုတ်ပေ။
'ဖိုးဖိုး..'
အင်စလေသည် အဖိုးယိုဖန်၏ ကြမ်းတမ်းပြီး အရေတွန့်နေသောလက်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
‘သမီးက အားလုံးကို ဒုက္ခတွင်းကနေ ကယ်ထုတ်ပေးပါ့မယ်.. အားလုံးကို ဂရုစိုက်ပေးမှာမို့ အကောင်း.. အကောင်းဆုံး လုပ်ကြရအောင်..’
အင်စလေ ထိုစကားအား ထုတ်မပြောသော်ငြား သူမ၏ အတွေးအား နားလည်သကဲ့သို့ အဖိုးယိုဖန် လှုပ်ရှားမှုများ ရပ်သွားပြီးနောက် ကလေးအား နူးညံ့စွာ ပြုံးပြလိုက်သည်။
“သမီး ဗိုက်ဆာနေပြီလား.. စားကြစို့..”
အဖိုးယိုဖန်သည် ကလေးထံမှ စာရွက်စာတမ်းများအား ဝှက်လိုက်ပြီးနောက် အင်စလေအား ကောက်ချီလိုက်သည်။ အင်စလေအား လက်မောင်းထဲထည့်ကာ စားပွဲမှ ဝေးရာသို့ လျှောက်သွားပြီး ကလေး ညစာစားရန် အလုပ်များအား ထားပစ်ခဲ့သည်။
“အိုးးခွေ”
အင်စလေ ချည့်နဲ့စွာ ခေါင်းညိတ်ပြီး အဖိုးယိုဖန်၏ ရင်ဘတ်ပေါ်သို့ ခေါင်းမှီလိုက်သည်။ အဖိုး၏ လုံခြုံသော ပွေ့ဖက်မှုမှ နွေးထွေးမှုကို ခံစားမိသည်။
ကမ္ဘာကြီး ပြိုကျလျှင်ပင် အဖိုးအိုသည် သူမအား လက်မောင်းထဲ ပွေ့ဖက်ကာ ကာကွယ်ပေးထားဦးမည်ပင်။
“ဒီနေ့ ညစာကတော့ ဘေဘီအင် အကြိုက် ကြက်ပေါင်းတဲ့.. သမီး ကောင်းကောင်းစားလို့ရအောင် အသားလေးတွေ နွှာထားပေးတယ်တဲ့..”
အဖိုးယိုဖန် ရုတ်တရက် နွေးထွေးသော အသံဖြင့် ပြောသဖြင့် အင်စလေ၏ စိတ်အား ပို၍ ထိုးနှက်လိုက်သလိုပင်။
အင်စလေ အောက်နှုတ်ခမ်းအားကိုက်ကာ မျက်ဝန်းထောင့်၌ မျက်ရည်စများ တွဲလဲခိုလာသည်။
အဖွဲ့သားအသစ် စုဆောင်းရန် အချိန်အတော်ကြာ လှည့်ပတ်သွားလာခဲ့ရသောကြောင့် ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် ငွေကြေးအများအပြား ရရှိနိုင်မည့် နည်းလမ်းအား စဉ်းစားမရနိုင်ခြင်းကြောင့် စိုးရိမ်ပူပန်မိနေခြင်း ဖြစ်ကောင်းဖြစ်လိမ့်မည်။ သို့သော်...
အင်စလေသည် သူမ၏ တာဝန်များအား မထမ်းဆောင်မီ လက်ရှိအခိုက်အတန့်အား မွေ့လျော်ခံစားချင်မိသည်။
မာဖီးယားခေါင်းဆောင်တစ်ဦး ဖြစ်သော သူမ၏ တာဝန်..။