← Chapters

စကြစို့

Vol. 4 Ch. 51

စကြစို့

Vol. 4 Ch. 51

အယ်လီယာနာ အနား၌ မိနစ်အနည်းငယ်ခန့် နေပြီးနောက် အိမ်အကူများသည် အင်စလေအား နေ့လယ်စာစားရန် လာရောက်ခေါ်ဆောင်ကြသည်။ ယနေ့ နေ့လယ်စာမှု ရိုးရိုးရှင်းရှင်း မဟုတ်ပေ။ နေ့လယ်စာ စားပြီးနောက် သစ္စာမရှိသည့် လူယုတ်မာတစ်စုအား ဖြုတ်ထုတ်ပစ်နိုင်မည် ဖြစ်သည်။

‘ဟီးဟီးဟီး.. အဖိုးယိုဖန်ကို ကျေးဇူးတင်သင့်တယ်.. သူသာ မရှိရင် အဲဒီဝက်တွေကို အဖြုတ်ခံရတာတောင် ငါ့စကားကို နားထောင်ကြမှာ မဟုတ်ဘူး..’

အယ်လီယာနာသည် သူမအား ထမင်းစားခန်းသို့ ခေါ်ယူသွားစဉ် အင်စလေ သီချင်းညည်းကာ လိုက်ပါလာသည်။

အလိုအလျောက် သယ်ဆောင်သွားပေးမဲ့ ယာဉ်တစ်ခုရလာတော့ မပင်ပန်းတော့ဘူးပေါ့.. မဟုတ်ရင် ထမင်းစားခန်းကိုရောက်အောင် ၁၅ မိနစ်လောက် လမ်းလျှောက်နေရမှာ.. မလျှောက်ချင်ပေါင်..

အယ်လီယာနာ၏ အရှိန်စွမ်းရည် ကျေးဇူးဖြင့် အဖွဲ့သည် ထမင်းစားခန်းသို့ စက္ကန့်ပိုင်းလေးနှင့် ရောက်လာခဲ့ကြသည်။

ပုံမှန်အတိုင်းပင် အယ်လီယာနာသည် တံခါးဖွင့်ကာ ထမင်းစားပွဲရှိရာသို့ ခပ်မြန်မြန် လျှောက်သွားသည်။ ထို့နော်က အင်စလေအား မိသားစုခေါင်းဆောင်နေရာ၌ ထိုင်စေပြီးနောက် ကလေး၏ဘေး၌ ထိုင်လိုက်သည်။

ယခင်နှင့် မတူသည်မှာ ယနေ့၌ အယ်လီယာနာနှင့် အင်စလေတို့အပြင် အဖိုးယိုဖန်သည်လည်း ထမင်းစားပွဲ၌ စောင့်ဆိုင်းနေခြင်းဖြစ်သည်။

“ဟေး.. အင်.. မနေ့ညက ကောင်းကောင်းအိပ်ပျော်လား..”

အဖိုးယိုဖန်၏ အပြာရောင်မျက်လုံးများမှာ တလက်လက် တောက်ပနေပြီး အင်စလေ၏ ဦးခေါင်းအား ချစ်မြတ်နိုးစွာဖြင့် ပွတ်သပ်လိုက်သည်။

အဖိုးယိုဖန်သာ အင်စလေ၏ သွေးရင်းဖခင် ဖြစ်ပါက မည်မျှပျော်စရာကောင်းလိမ့်မည်နည်း။

“အိပ်ပျော်တယ်.. ဖိုးဖိုးဒေ့ ထပ်ရောက်လာတာ..”

အင်စလေသည် ကလေးသုံး ဇွန်း၊ ခရင်းများအား ကိုင်ကာ သူမရှေ့ရှိ ကလေးဆန်ပြုတ်အား စတင်ခပ်ယူလိုက်သည်။

မျက်စိရှေ့မှာပင် ကလေး၏ မျက်နှာမှာ အဝါရောင်ဆန်ပြုတ်များနှင့် ပေပွသွားသည်။

‘ဂါးးး ကလေးဆိုတော့ အခုထိ အသားမစားရသေးဘူးပေါ့ ဟုတ်လား.. ၃ နှစ်တောင် ရှိနေပြီနော်.. နူးနူးညံ့ညံ့ အသားလေးဘာလေး စားချင်တယ်လို့.. သူတို့က ဆန်ပြုတ်ချည်း ကျွေးနေကြတယ်.. အနည်းဆုံး ထမင်းကျွေးဟ.. ထမင်းးးးး’

သူမရောက်ရှိနေသည့် နေရာမှာ အနောက်နိုင်ငံများထဲမှ တစ်ခုဖြစ်ပြီး အာရှနိုင်ငံမဟုတ်ကြောင်းကိုမူ အင်စလေ မေ့လျော့သွားသည်။

အင်စလေ အစားအသောက်စာရင်း ပြောင်းဖို့ စဉ်းစားနေစဉ် အဖိုးယိုဖန်သည် ကလေးအား စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေသည်။

‘‌ဒေ့.. ဒေ့ဗ်.. အာ.. ဂေါ့ဖားသားက မနေ့ကလည်း အင်ရဲ့ အိပ်မက်ထဲကို ရောက်လာသေးတာပေ့ါ.. ဒါဆို သေချာပေါက် အဲဒီ စာရင်းကိုင်တွေကို ဖြုတ်ပြီးပြီလား မေးမှာပဲ..’

အဖိုးယိုဖန် ပျော်ရမည်လား၊ စိတ်ဓာတ်ကျရမည်လား မသိတော့ချေ။ တစ်ကြိမ်တည်းနှင့် စာရင်းကိုင် အများအပြားအား ဖြုတ်ပစ်ရမည်မှာ မိသားစု၏ စီးပွားရေး အခြေအနေအတွက် မကောင်းနိုင်ချေ။ သို့သော် ယင်းမှာ ဂေါ့ဖားသားထံမှ အကြံဉာဏ်ဖြစ်နေသည်။

စာရင်းကိုင်တွေကြားမှ မသင်္ကာစရာ တစ်ခုခု ရှိနေတာပဲ ဖြစ်ရမယ်.. သူတို့က ပိုက်ဆံတွေ ခိုးပြီး အစီရင်ခံစာကို အတုလုပ်ကြလို့လား..

အဖိုးယိုဖန် အသက်ပြင်းပြင်းရှူကာ သက်ပြင်းချလိုက်သည်။ မာလင်၏ မုတ်ဆိတ်မွှေးနှင့်တူသော အဖြူရောင် မုတ်ဆိတ်ရှည်များမှာ သူ၏ သက်ပြင်းကြောင့် လွင့်ဝဲလျက်ရှိသည်။

‘ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကို အင် ကိုပဲ ဆုံးဖြတ်ခိုင်းလိုက်မယ်.. ဂေါ့ဖားသားက သူမကို ကူညီပေးနေတယ်ဆိုတော့ သူမကို ယုံကြည်လို့ ရမှာပါ.. ဟုတ်တယ်မလား.. သူမက ၃ နှစ်ပဲ ရှိသေးပေမဲ့ ဂေါ့ဖားသားရဲ့ ဝိညာဉ်က နှစ်ပေါင်း ၁၀၀ ကျော်လောက်တောင် ရှိနေပြီ.. ဂေါ့ဖားသားကို ယုံရမယ်..’

အဖိုးယိုဖန်သည် ဂေါ့ဖားသားဝိညာဉ်ထံမှ အကြံပေးချက် ဖြစ်နေသမျှ အင်စလေ ဆန္ဒရှိသလို ပြုလုပ်ခွင့်ပေးမည်ဟု တိတ်တဆိတ် ကျိန်ဆိုလိုက်သည်။

ထိုသို့ဖြင့် အဖိုးယိုဖန်နှင့် အင်စလေတို့သည် မွန်းလွဲ ၁ နာရီ မထိုးမီအထိ နေ့လယ်စာ စားလိုက်ကြသည်။ စားပြီးချိန်၌ သူတို့ ၂ ဦးသည် မိသားစုခေါင်းဆောင် အရေးကြီးကိစ္စရပ်များ ကြေညာလေ့ရှိသည့် အဓိကခန်းမသို့ သွားကြသည်။

ဤသို့သော် ဖြစ်ရပ်မျိုး၌ စာရင်းကိုင်ချုပ်နှင့် စာရင်းကိုင်အဖွဲ့ဝင်များကိုသာ ဆင့်ခေါ်ရန် လိုအပ်သည်။ စုစုပေါင်း အမျိုးသား ၁၅ ဦးသည် မည်းမှောင်သော မျက်နှာများဖြင့် အဓိကခန်းမအတွင်း စုဝေးလျက်ရှိသည်။

“မဟာအကြီးအကဲက အကြောင်းအရင်း မရှိဘဲတော့ ကျုပ်တို့ကို မဖြုတ်လောက်ဘူး မလား..”

စာရင်းကိုင်တစ်ဦး ပြောလိုက်သည်။ ထိုလူသည် စိုးရိမ်ပူပန်စွာဖြင့် လက်သည်းကိုက်နေခြင်းဖြစ်သည်။

“မဟုတ်ဘူး.. သူ မလုပ်ပါဘူး.. ဒီကိစ္စက အဲဒီ မျိုးမစစ်လေးရဲ့ ရုတ်တရက် တောင်းဆိုမှုကြောင့် ဖြစ်လာတာ.. အဓိပ္ပါယ်မရှိတာ..”

နောက်ထပ် စာရင်းကိုင်တစ်ဦးသည် ယုံကြည်မှုအပြည့်ဖြင့် ခေါင်းယမ်းလိုက်သည်။

အဖိုးယိုဖန်မှာ ထိုသို့သော မိုက်မဲသူမဟုတ်ကြောင်း သေချာပေါက်သိသည်။

“အင်း.. ဒါပေမဲ့ ခင်ဗျားလည်း မြင်တာပဲ.. အဲဒီ အကြီးအကဲက မိသားစုခေါင်းဆောင် အသစ်ကို အတော်လေး သဘောကျပုံရတယ်.. ကျွန်တော်တို့ အရမ်းကြီး သေချာနေလို့ မရဘူး..”

အငယ်ဆုံး စာရင်းကိုင်သည် အောက်နှုတ်ခမ်းအား ကိုက်လိုက်သည်။ သူ၏ မျက်လုံးထဲ၌ စိုးရိမ်သောကတို့ ပြည့်နှက်နေသည်။

ဤ စုဝေးပွဲနှင့် ပတ်သက်၍ မကောင်းသည့် ခံစားချက်များ ရှိလာသည်။

“အဓိပ္ပါယ် မရှိတာတွေကွာ.. ဘာပဲဖြစ်ဖြစ် အကြီးအကဲ ယိုဖန်က ကျုပ်တို့ဘက်မှာ ရှိသင့်တယ်.. အဲဒီ မျိုးမစစ်လေးက ကျုပ်တို့ကို ဖြုတ်မယ်ဆိုပြီး ပြောနေတာကို သဘောတူရအောင် ကျုပ်တို့က ဘာအမှားတွေ လုပ်ခဲ့လို့လဲ..”

နောက်ထပ် စာရင်းကိုင်တစ်ဦးသည် အရှက်မဲ့စွာဖြင့် ဆံပင်သပ်တင်ရင်း အပြစ်မဲ့သယောင် ပြုမူနေသည်။

စာရင်းကိုင်အဖွဲ့ဝင် တစ်ဦးမကျန် အကျင့်ပျက်ခြစားမှု ပြုလုပ်ထားကြောင်း သိထားသည့်တိုင်အောင် အလွန်အမင်း ဖြောင့်မတ်မှန်ကန်သော လေသံဖြင့် ပြောဆိုနေခြင်း ဖြစ်သည်။

“မှန်တယ်.. ကျုပ်တို့ ဘာအမှားမှ မလုပ်ထားဘူး..”

“အမှားလုပ်ထားရင်တောင် သိတဲ့လူ မရှိဘူး..”

ပါးစပ်ဖွာသော စာရင်းကိုင်တစ်ဦးသည် ကျယ်လောင်စွာ နှာမှုတ်လိုက်ပြီး အဆင့်အတန်းမြင့်သော လူဖြောင့်လူမှန်တစ်ဦးကဲ့သို့ ပြုမူလေသည်။ သူ၏ အပြုအမူအရ သူတို့ စာရင်းကိုင်အဖွဲ့၏ အလွဲသုံးစား လုပ်မှုအား မည်သူမျှ မသိနိုင်ဟု ထင်နေခြင်းဖြစ်သည်။

အခြားအဖွဲ့ဝင်များသည် ပါးစပ်ဖွာသော စာရင်းကိုင်အား ချက်ချင်းပင် ဆူပူကြိမ်းမောင်းကြသည်။

“ရှူး.. တိတ်တိတ်နေစမ်း.. တစ်ယောက်ယောက် ကြားသွားရင် ဘယ်လိုလုပ်မလဲ.. မမေ့နဲ့.. စွမ်းရည်အသုံးပြုသူတွေက ငါတို့ပြောသမျှကို ချောင်းနားထောင်နိုင်တယ်..”

လေးလေးနက်နက်ရှိသော အဖွဲ့သားတစ်ဦးသည် ပါးစပ်ဖွာသော စာရင်းကိုင်အား ပါးစပ်ပိတ်ရိုက်ပြီးနောက် ခန်းမတစ်ခုလုံးအား အပြန်ပြန်အလှန်လှန် ကြည့်လိုက်သည်။

ခန်းမထဲ၌ မည်သူမျှ ရှိမနေသေးသော်ငြား အချို့ စွမ်းရည်အသုံးပြုသူများသည် မျက်နှာကြက်များ တံခါးရွက်များနောက်၌ ပုန်းအောင်းနေနိုင်ကြသည်။ ထက်မြက်သည့် အကြားအာရုံရှိသူများ၊ ထွင်းဖောက်မြင်နိုင်သော အမြင်အာရုံ ရှိသူများမှာမူ အခန်းတွင်းရှိ လူများအား မြင်နိုင်ကြားနိုင်ကြသည်။

“ဟုတ်ပါပြီ.. ဟုတ်ပါပြီ.. ကျုပ်အမှားပါ..”

ပါးစပ်ဖွာသော စာရင်းကိုင်သည် လျှာတောက်လိုက်ပြီးနောက် ချက်ချင်းပင် ဆေးလိပ်တစ်လိပ် ထုတ်ယူလိုက်သည်။ ဆေးလိပ်အား လက်ချောင်းထိပ်မှ ထွက်လာသော မီးတောက်ဖြင့် မီးညှိပြီးနောက် ရှူရှိုက်လိုက်သည်။

“ဟူးးး အဖိုးကြီးနဲ့ မျိုးမစစ်လေးက ဘယ်တော့မှ ရောက်လာမှာလဲ..”

ထိုသူ စကားပြောမပြီးခင်ပင် ရုတ်တရက် အဓိကခန်းမ၏ တံခါးတွန်းဖွင့်သံအား ကျယ်လောင်စွာ ကြားလိုက်ရသည်။

ဒေါက် ဒေါက် ဒေါက်

ခန်းမအတွင်း၌ ခြေသံများ ထွက်ပေါ်လာသောကြောင့် စာရင်းကိုင်များအားလုံး ချောက်ချားသွားကြသည်။

သူတို့ ရောက်လာပြီ..

စာရင်းကိုင်များသည် ခန်းမအတွင်းသို့ ဝင်လာသူများအား မြင်တွေ့နိုင်ရန် မသိစိတ်မှ အလိုအလျောက် နောက်လှည့်ကြည့်လိုက်ကြသည်။ ခန့်မှန်းထားကြသလိုပင် အဖိုးယိုဖန်သည် ကလေးအား လက်မောင်းထဲ၌ ထွေးပွေ့ရင်း ခန်းမထဲသို့ ဝင်လာသည်ကို မြင်တွေ့လိုက်ရ၏။

နောက်ဆုံးတော့ ရောက်လာကြပြီ..

စာရင်းကိုင်များ တံတွေးမျိုချမိလိုက်ကြသည်။ ရာထူးမှ အဖြုတ်မခံရဟု ယုံကြည်ချက် ရှိနေသည့်တိုင်အောင် စိတ်ထဲမှာမူ စိုးရိမ်ပူပန်စိတ် ခိုအောင်းနေဆဲဖြစ်သည်။

ယင်းမှာ အင်စလေဟုခေါ်သော ခန့်မှန်းမရသည့် ကိန်းရှင်လေးကြောင့် ဖြစ်သည်။

အဲဒီ မျိုးမစစ်လေးက ဘယ်လိုမျိုး ယုတ္တိမရှိတဲ့ တောင်းဆိုမှုတွေ လုပ်ဦးမလဲ မသိဘူး..

ထိုအကြောင်း တွေးမိချိန်တွင် စာရင်းကိုင်များအားလုံး ချွေးအေးများ ထွက်လာကြသည်။ အချို့သည် လက်ကိုင်ပဝါများဖြင့် နဖူးမှ ချွေးများအား သုတ်လိုက်သလို အချို့မှာမူ လက်သီးတင်းတင်း ဆုပ်ထားကြသည်။

သူတို့သည် အဖိုးယိုဖန် အင်စလေအား ရွှေပုလ္လင်ပေါ် နေရာချလိုက်သည်ကို ရင်တထိတ်ထိတ်ဖြင့် ကြည့်နေကြ၏။

"စကြစို့"

All Chapters