တရားမဝင် ဆဲရေးစကားများ
Vol. 4 Ch. 52
အဖိုးယိုဖန် လက်နောက်ပစ်ကာ အခန်းထဲရှိ စာရင်းကို ၁၅ ဦးအား စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ တင်းမာသော မျက်နှာထားဖြင့် ပါးစပ်ဖွင့်လိုက်သည်။
“မိသားစုခေါင်းဆောင်.. ကျေးဇူးပြုပြီ.. နောက်ဆုံး ဆုံးဖြတ်ချက်ကို ပြောပြပေးပါ..”
!
စာရင်းကိုင်များသည် အဖိုးယိုဖန်အား ကြောင်အစွာ စိုက်ကြည့်နေကြတော့သည်။ အဖိုးကြီး၏ ရူးကြောင်ကြောင် စကားများကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။
ဘာ.. ဘာဖြစ်တယ်.. နောက်ဆုံး ဆုံးဖြတ်ချက်က အဲဒီ မျိုးမစစ်လေးပေါ်မှာ ဟုတ်လား.. ယုတ္တိကော ရှိသေးလားကွ..
“ခဏလေး.. ဒါက အဓိပ္ပါယ် မရှိပါဘူး.. ကျွန်တော်တို့က ဘာလို့..”
စာရင်းကိုင်ချုပ် ဆန္ဒပြတော့မည် အချိန်မှာပင် အဖိုးယိုဖန်၏ သေစေနိုင်လောက်သော အကြည့်ဖြင့် အကြည့်ခံလိုက်ရသည်။
“တိတ်စမ်း.. မင်းက ငါ့ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ချင်တာလား.. ပြီးတော့ မိသားစုခေါင်းဆောင်မှာ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ အာဏာအပြည့်အဝ ရှိပြီးသား.. ဒါမှမဟုတ် မင်းတို့အားလုံးက မိသားစုခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ချင်တာလား..”
အဖိုးယိုဖန် မေးမော့ကာ စာရင်းကိုင်များထံသို့ ကြီးမားသော စွမ်းအင်အရှိန်အဝါများ ပို့လွှတ်လိုက်သည်။ သူ၏ စွမ်းအားမှာ နေရာရွှေ့ပြောင်းပို့ဆောင်ခြင်း တစ်ခုတည်း မဟုတ်ပေ။ အခြား ထိပ်တန်းစွမ်းရည်တစ်ခုလည်း ပိုင်ဆိုင်ထားသေးသည်။
မြေဆွဲအားထိန်းချုပ်ခြင်း။
“ချွတ်”
စာရင်းကိုင်များသည် အကြီးအကဲထံမှ စကားလုံး အနည်းငယ်နှင့်ပင် ကြီးမားသော တောင်တစ်လုံးနှင့် ဖိကြိတ်ခံရသလို ခံစားကြရသည်။ ချက်ချင်းဆိုသလို ခန္ဓာကိုယ်များ လေးလံလာပြီး အားနည်းသူ အချို့မှာ ယိမ်းထိုးကာာ ကြမ်းပြင်ပေါ် ပြုတ်ကျလုမတတ်ပင်။
လေထုမှာ မွန်းကြပ်လာပြီး ထိုလူများအတွက် အသက်ရှူရန်ပင် ခက်ခဲလာသည်။
ယင်းမှာ မြေဆွဲအားပင်ဖြစ်သည်။
“ကောင်း.. ကောင်းပါပြီ.. ကျွန်တော် တောင်းပန်ပါတယ် အကြီးအကဲ.. မိသားစုခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပါမယ်..”
စာရင်းကိုင်ချုပ် ချက်ချင်း နောက်ဆုတ်လိုက်ပြီး ခေါင်းငုံ့ကာ နှုတ်ခမ်းကိုက်လိုက်သည်။
တိုက်ခိုက်စွမ်းရည် မရှိသူ တစ်ဦးအနေနှင့် အကြီးအကဲ ယိုဖန်ကဲ့သို့သော စွမ်းအားကြီးသူ တစ်ဦးအား ဆန့်ကျင်နိုင်ခြင်း မရှိပေ။ ထိုမကောင်းဆိုးဝါး အဖိုးကြီးမှာ စွမ်းရည် ၃ ခုရှိပြီး ၂ ခုမှာ တိုက်ခိုက်စွမ်းရည်များ ဖြစ်သည်။
ကျွတ်.. အကြီးအကဲယိုဖန်က မိသားစုခေါင်းဆောင်ဘက်မှာ နေမယ်လို့ ဆုံးဖြတ်ထားတာဆိုရင်..
စာရင်းကိုင်ချုပ် အံကြိတ်လိုက်သည်။ ခြေထောက်ပိစိလေးများအား ချိတ်ထိုင်နေသော အင်စလေထံ တစ်ချက်ခိုးကြည့်လိုက်သည်။ ကလေးမှာ ခြေချိတ်ထိုင်ရင်း မိမိုက်ဟန် ဆောင်နေသော်ငြား သူမ၏ ခြေထောက်လေးများမှာ ကြမ်းပြင်နှင့် မထိသောကြောင့် ကြည့်ရသည်မှာ ရယ်စရာကောင်းလေသည်။
သို့သော် ကလေးအားကြည့်ရယ် ရယ်နိုင်သော စိတ်အခြေအနေ မဟုတ်ပေ။ အထူးသဖြင့် ကလေး၏ မျက်လုံးများမှာ ကျီစယ်လိုမှုတို့ ပြည့်နေချိန်၌ဖြစ်သည်။ သူမသည် ခပ်တိုးတိုး သီချင်းညည်းရင်း နှုတ်ခမ်းထောင့်လေးများ ပင့်တက်ကာ ကောက်ကျစ်ဆိုးသွမ်းသော အပြုံးတစ်ခု ပေါ်လာသည်။
ကလေးပေါက်စသည် သူတို့အား သူမစိတ်ကြိုက် ဆော့ကစားနိုင်သော အရုပ်များသဖွယ် ကြည့်နေခြင်းဖြစ်သည်။
စာရင်းကိုင်ချုပ် နှလုံးဖောက်တော့မလိုပင်။ အင်စလေအား မယုံကြည်နိုင်စွာ ကြည့်လိုက်မိပြီး မျက်လုံးထဲ၌ ကြောက်ရွံ့မှုတို့ ဝင်ရောက်လာသည်။
ဒီကလေး.. သူမက ဒီလိုမျိုးဖြစ်လာတာကို ပျော်နေတာ.. အသက်ကလေး ၃ နှစ်နဲ့ အဖိုးယိုဖန်ရဲ့ စွမ်းအားကိုလည်း ကြောက်ပုံမရဘူး..
သူမကဘာလဲ.. မကြောက်ဘူးလား..
ထိုအရာအား သတိပြုမိပြီးနောက် မိသားစုခေါင်းဆောင်မှာ မည်သည့်အရွယ် ဖြစ်စေကာမူ မိသားစုခေါင်းဆောင် ဖြစ်နေဆဲဖြစ်ပြီး မိသားစုအတွင်း၌ အမြင့်ဆုံး ရာထူးအာဏာ ရှိသူဖြစ်ကြောင်း စာရင်းကိုင်များ နားလည်သဘောပေါက်သွားကြသည်။
အုပ်ထိန်းသူတစ်ဦး လိုအပ်ခြင်းမှာ မိသားစုခေါင်းဆောင်မှာ အတွေ့အကြုံမရှိသူတစ်ဦး ဖြစ်သောကြောင့်ပင်။ သို့သော် ငယ်ရွယ်စဉ်မှစကာ အကြီးအကဲယိုဖန်၏ ဂရုတစိုက် သင်ကြားပေးခြင်း ခံရသူတစ်ဦး ဖြစ်လာပါက တူညီတော့မည် မဟုတ်ပေ။
ဤကလေးမှာ နှစ်အနည်းငယ်အတွင်း မကောင်းဆိုးဝါး တစ်ကောင်အဖြစ် ပြောင်းလဲသွားလိမ့်မည်။
ဤကလေးမှာ နောင်တစ်ချိန် အကြီးအကဲယိုဖန်ကဲ့သို့ လူတစ်ဦးအဖြစ် ပြောင်းလဲသွားမည်ဟု စိတ်ကူးကြည့်ရုံနှင့်ပင် စာရင်းကိုင်များအားလုံး ကျောရိုးတစ်လျှောက် အေးစက်လာသည်။ ဤကလေးမှာ ငယ်ရွယ်စဉ်မှာပင် အလွန်အမင်း အလိုလိုက် အကြိုက်ဆောင်ခံထားရသည်။
ကြီးလာရင် ဖိနှိပ်ညှင်းပမ်းတတ်တဲ့ အာဏာရှင်တစ်ယောက် ဖြစ်လာမှာလား..
ကလေးသည် သူတို့အား အကြီးအကဲယိုဖန် မြေဆွဲအားဖြင့် ဖိနှိပ်ထားသည်ကို ကြည့်ရင်း သဘောကျနှစ်ခြိုက်နေသေး၏။
ဒီကောင်မလေးက.. အကြမ်းဖက်တတ်တဲ့သူလား..
စာရင်းကိုင်များ မသိစိတ်အရ အလိုအလျောက် ပါးစပ်ပိတ်သွားကြပြီး မည်သည့်စကားမှ မပြောရဲတော့ချေ။ ယခုအခါ သူတို့မှာ အဖိုး ယိုဖန်အား ကြောက်ရွံ့နေရုံတင် မကဘဲ အနာဂတ် အင်စလေကိုပါ ထိတ်လန့်နေမိတော့သည်။
အဲဒီ မျိုးမစစ်လေးကို အထင်မသေးခဲ့သင့်ဘူး.. ပြီးတော့ အကြီးအကဲက သူ့ကို ထောက်ပံ့ပေးထားတာ..
စာရင်းကိုင်များ စကားထပ်ပြောမည့်ပုံ မရသည်ကို မြင်ပြီးနောက် အဖိုးယိုဖန် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“ကောင်းတယ်.. ဟုတ်ပြီ.. မိသားစုခေါင်းဆောင် ဆက်လို့ရပါပြီ..”
အကြီးအကဲ ယိုဖန်သည် အင်စလေအားကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ မိသားစုခေါင်းဆောင် အပေါ် အကြီးအကဲ၏ ရိုသေမှုသည် အခြားသူများအား အင်စလေကို မည်သို့ ဆက်ဆံရမည်ဟူသော ဥပမာတစ်ခုလည်း ဖြစ်သည်။
“ကျေးချူးပါ ဖိုးဖိုး..”
အင်စလေသည် အကြီးအကဲအား ခေါင်းညိတ်ပြီး တောက်ပစွာ ပြုံးပြလိုက်သည်။ ကလေးသည် သူမ၏ လက်ဖောင်းဖောင်းလေးများဖြင့် ကျေးဇူးတင်လက်ဆောင် အနမ်းတစ်ပွင့် ပေးလိုက်သေးသည်။
အဆိုပါ အနမ်းလေးများမှာ အကြီးအကဲအတွက် အကောင်းဆုံး လက်ဆောင်လည်းဖြစ်သည်။
အဟမ်း.. အဟမ်း..
“စိတ်မပူပါနဲ့ မိသားစုခေါင်းဆောင်.. ကျေးဇူးပြုပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ပြောပေးပါ..”
အဖိုးယိုဖန် အကြိမ်အနည်းငယ်ခန့် ချောင်းဟန့်ပြီးနောက် အင်စလေအား စကားပြောရန် တိုက်တွန်းလိုက်သည်။ ဂေါ့ဖားသားဝိညာဉ်သည် သူ၏ အကြံပေးချက်အား တတ်နိုင်သလောက် မြန်ဆန်စွာ ပြုလုပ်စေလိုမည် ဖြစ်သည်။
“အွင်း..”
အင်စလေ ခေါင်းညိတ်သည်။ နောက်လှည့်ကာ သူမရှေ့ရှိ စာရင်းကိုင်များအား ကြည့်လိုက်သည်။ ဤအမြင့်မှဆိုလျှင် အရပ်ပုနေသည့်တိုင်အောင် ထိုလူများအား ငုံ့ကြည့်နိုင်၏။
မြင့်မားသော စင်မြင့်နှင့် ခံ့ညားထည်ဝါသော ရွှေပုလ္လင်ကို ကျေးဇူးတင်ရမည်ပင်။
အားးး အခုလိုမျိုး ငုံ့ကြည့်ရတာ အရမ်း စိတ်ဝင်စားဖို့ ကောင်းတာပဲ..
အင်စလေသည် ညစ်ကျယ်ကျယ်ပြုံးရင်း သူမ၏ ပါးစပ်သေးသေးလေးအား ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
“နင်”
ကလေးသည် စာရင်းကိုင်ချုပ်အား လက်ညှိုးထိုးလိုက်သည်။ ထိုလူအား သူမ အရွံရှာဆုံး ဖြစ်သည်။
“ပြော.. ပြောပါ..”
စာရင်းကိုင်ချုပ်မှာ သူကိုယ်တိုင်ပင် မသိလိုက်ဘဲ တွန့်နေမိသည်။ နဖူး၌ ချွေးများစို့လျက်နှင့် ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။
ကလေး၏ အေးစက်စက်အသံမှာ သူစိတ်ကူးထားသည်ထက်ပင် ကြောက်မက်ဖွယ်ကောင်းနေသည်။
“ဟမ့်.. နင်..”
အင်စလေ အချိန်အတော်ကြာအောင် ပြောချင်နေခဲ့သော စကားများအား မပြောမီ အသက်ဝအောင် ရှူလိုက်သည်။
“နင် မားတားဖားတား ညိုးမစစ် အရူး ဖာ့ ဖီ”
အင်စလေ အဆုံးတွင် တံတွေးထွေးလိုက်သောကြောင့် လျှာကိုက်ကုမတတ်ပင် ဖြစ်သွားသော်ငြား မရပ်သေးချေ။ ကလေးသည် စာရင်းကိုင်ချုပ်အား စိုက်ကြည့်ပြီး လက်ခလယ် ထောင်ပြလိုက်သည်။
“နင် မကောင်းတဲ့တူ ရှက် ရှက် တထိုး ပက်ချံ တထိုး အင့် ပတ်ချံ (မကောင်းတဲ့သူ ရှက် ရှက် သူခိုး ပိုက်ဆံ သူခိုး အင့် ပိုက်ဆံ)”
အင်စလေ တောက်ခေါက်ပြီးနောက် မာဖီးယား အကြီးအကဲများသာ အသုံးပြုနိုင်သော ရိုင်းစိုင်းသည့် စကားများဖြင့် စာရင်းကိုင်ချုပ်အား စတင်ဆဲရေးတော့သည်။
"ဝက်ခေါင်းလိုအရူး ၈"
….
အင်စလေ စာရင်းကိုင်ချုပ်အား ကြမ်းတမ်းစွာ ဆဲရေးပြီးနောက် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
“အံ့ဩသွားလား မားသားဖားသား” ဟု ပြောရင်း ခေါင်းပေါ်မှ ရေအေးတစ်ပုံး လောင်းချခံလိုက်ရသလိုပင်။