← Chapters

ချေမှုန်းခြင်း

Vol. 4 Ch. 50

ချေမှုန်းခြင်း

Vol. 4 Ch. 50

“၁၀ နှစ်လား.. ရဝူးးးးးး”

အင်စလေ ရုတ်တရက် ငိုတော့မလို ဖြစ်သွားသည်။ သူမ၏ စိတ်ဝိညာဉ်မှာ အသက် ၂၀ ရှိပြီ ဖြစ်သော်ငြား ငိုကြွေးချင်ဆဲဖြစ်သည်။

၁၀ နှစ် မပြည့်ခင် ဘာလို့ မရတာလဲလို့.. အဲဒါက ဘာဖြစ်လို့လဲ..

အင်စလေ ငိုတော့မလို ဖြစ်နေသည်ကို မြင်သည့်အခါ ဖင်းလီ အလျင်အမြန် သူမ၏ ခေါင်းလေးအား ပုတ်လိုက်သည်။

“ဟေး.. မငိုပါနဲ့.. ဒါက စိတ်ဝိညာဉ်တစ်ခုနဲ့ ပဋိညာဉ်ပြုဖို့ လိုအပ်တဲ့ အခြေခံအချက်လေ.. ကလေးနတ်ဆရာတွေက သေဆုံးပြီးသား စိတ်ဝိညာဉ်တွေကို မြင်နိုင်ပေမဲ့ အသက် ၁၀ နှစ်အောက်ငယ်တဲ့ ကလေးတွေက သဘာဝဒြပ်စင် စိတ်ဝိညာဉ်တွေက မမြင်နိုင်ဘူး..”

အာ.. ငါက အသက် ၁၀ နှစ် မပြည့်မချင်း စိတ်ဝိညာဉ်တွေကို မမြင်နိုင်လို့ ပဋိညာဉ် မပြုနိုင်တာပေါ့.. ဒါပေမဲ့ နတ်သမီးတွေကျ.. အခု မြင်နိုင်နေတာပဲ မဟုတ်လား..

အင်စလေ မည်သည့်စကားမျှ မဆိုသော်ငြား သူမ၏ မျက်နှာအမူအရာမှာ အရာအားလုံး အထင်းသားပင်။ စိတ်ရှုပ်ထွေးနေသည့် ကလေးကြောင့် ဖင်းလီ သက်ပြင်းချမိတော့သည်။

“ငါပြောခဲ့တယ်လေ.. သဘာဝဒြပ်စင် စိတ်ဝိညာဉ်တွေက နတ်သမီးတွေထက် အဆင့်နိမ့်တယ်လို့.. သူတို့ကို မြင်ချင်တယ်ဆိုရင် စွမ်းရည်အသုံးပြုသူပဲဖြစ်ဖြစ် သာမန်လူပဲဖြစ်ဖြစ် အသက် ၁၀ နှစ် ပြည့်ဖို့ လိုတယ်.. အသက် ၁၀ နှစ်ပြည့်ရင် မျက်စိရဲ့ မြင်နိုင်စွမ်းက ပိုပြီးတော့ အားကောင်းလာလို့ပဲ..”

ဖင်းလီသည် အင်စလေအား နှစ်သိမ့်ပေးနိုင်ရန် ကြိုးစားသော်ငြား ကလေးမှာ မယုံကြည်ဘဲ ရှိသည်။

ဘယ်လိုဖြစ်ပြီး ငါတို့ရဲ့ အမြင်အာရုံက ၁၀ နှစ်ပြည့်မှ ပိုပြီးအားကောင်းလာရမှာလဲ.. ကလေးပေါက်စတွေက မျက်စိမကောင်းဘူးလို့ ပြောချင်တာလား..

ဤကမ္ဘာမှာ ကမ္ဘာမြေနှင့် ဆင်တူသော်ငြား ကမ္ဘာမြေ မဟုတ်ကြောင်း အင်စလေ မေ့လျော့နေသည်။

ဤကမ္ဘာ၌ အသက် ၁၀ နှစ်အောက် ကလေးများထံတွင် သဘာဝဒြပ်စင် စိတ်ဝိညာဉ်များနှင့် အဆင့်နိမ့် တစ္ဆေသရဲများအား မမြင်ရန် ကာကွယ်ပေးထားသော မျက်ကြည်လွှာကဲ့သို့ အလွှာတစ်ထပ် ရှိသည်။

ထို့ကြောင့် ၁၀ နှစ်အောက် ကလေးများမှာ အမြင်အာရုံ မကောင်းခြင်း မဟုတ်ပေ။ နတ်သမီးများ၊ နတ်သူငယ်များနှင့် ‘တိကျသော ပုံသဏ္ဌာန်ရှိသည့်’ အခြားအရာများအပြင် ဒဏ္ဍာရီလာ ထူးခြားဆန်းပြား သက်ရှိများအား မြင်နိုင်သည့် စွမ်းရည်နှင့် သက်ဆိုင်သည်။

စိတ်ဝိညာဉ်ဟူသည်မှာ စွမ်းအင်ထုထည် တစ်ခုဖြစ်သည်။ ယင်းတို့မှာ တစ္ဆေသရဲများကဲ့သို့ သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ သို့သော် ကလေးများ အသက် ၁၀ နှစ် ပြည့်သည်နှင့် ထိုအရာများအား မမြင်နိုင်အောင် ကာရံပေးထားသည့် အလွှာ ပျောက်ကွယ်သွားပြီး သဘာဝဒြပ်စင် စိတ်ဝိညာဉ်များအား မြင်နိုင်မည်ဖြစ်သည်။ သေဆုံးပြီးသား စိတ်ဝိညာဉ်နှင့် တစ္ဆေသရဲများကဲ့သို့သော ပိုမိုအားကောင်းသည့် စိတ်ဝိညာဉ်များမှာမူ ယင်းတို့အား မြင်နိုင်ရန် ထူးခြားသော စွမ်းရည်များ ရှိရန် လိုအပ်သည်။

ဥပမာ နတ်ဆရာများ။

မူလက အင်စလေ ထိုအရာအား မသိသော်ငြား ဖင်းလီ ပြောပြသည်။ အဆုံးတွင် ဖင်းလီသည် ယင်းအား သေသေချာချာ ရှင်းလင်းပြောပြသဖြင့် အင်စလေမှာ သူမ၏ ကံကြမ္မာအား လက်ခံလိုက်ရတော့သည်။

ဝါးးး ငါက ၁၀ နှစ် မပြည့်မချင်း သဘာဝဒြပ်စင် စိတ်ဝိညာဉ်တွေကို မရတော့ဘူးပေါ့.. သေဆုံးပြီးသား စိတ်ဝိညာဉ်ကကော.. တစ်ခုလောက် ရရင်ကောင်းမယ်.. ဂေါ့ဖားသားတို့ ဘာတို့ပေါ့..

အင်စလေ ဖင်းလီအား မျက်ရည်အဝိုင်းသားဖြင့် ကြည့်လိုက်သည်။

“အာ့ချို တေပီးတား ချိတ်ဝိနင်နဲ့ ဒြပ်ချင် ချိတ်ဝိနင်ကို ဘယ်မာတွေ့ရမာလဲ (အဲဒါဆို သေပြီးသား စိတ်ဝိညာဉ်နဲ့ ဒြပ်စင်စိတ်ဝိညာဉ်ကို ဘယ်မှာတွေ့ရမှာလဲ..)”

အင်စလေသည် ဖင်းလီအား ရိုးသားမှုအပြည့်ဖြင့် မေးလိုက်သည်။ သူမ၏ မေးခွန်းကြောင့် ဖင်းလီ အဆင်မပြေဖြစ်မည်ကို ဂရုမစိုက်ချေ။ သူမသည် နတ်သမီးများအကြောင်း မေးနေခြင်းလည်း မဟုတ်ပေ။

အခုတော့ သဘာဝဒြပ်စင် စိတ်ဝိညာဉ်ကိုပဲ လိုချင်တယ်..

“အမ်.. သဘာဝဒြပ်စင် စိတ်ဝိညာဉ်တွေကတော့ တောအုပ်တွေထဲ ရှိတတ်တယ်.. ဘယ်လို တောအုပ်မျိုးမဆိုပေါ့.. သေဆုံးပြီးသား စိတ်ဝိညာဉ်တွေကတော့ သူတို့ကို မြှုပ်နှံထားတဲ့ သင်္ချိုင်းတွေမှာ ရှိတတ်ကြတယ်.. တစ်ခါတစ်ရံတော့ သူတို့ဘဝနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်မှုရှိတဲ့ နေရာတွေကို ခရီးဆန့်တတ်ကြတယ်..”

ဖင်းလီ ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည်။

တစ်နည်းဆိုရသော် သေဆုံးပြီးသား စိတ်ဝိညာဉ်များသည် ထိုဝိညာဉ်များ အသက်ရှင်စဉ် သူတို့နှင့် ဆက်နွယ်မှုရှိသော နေရာများ၌ နေတတ်ကြသည်။

“ဟူးးး”

အင်စလေ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သဘာဝဒြပ်စင် စိတ်ဝိညာဉ်များအား ရှာဖွေရန်မှာ သူမ တွေးထားသည်ထက်ပင် လွယ်ကူနေသေးသည်။

သေဆုံးပြီးသား စိတ်ဝိညာဉ်များအတွက်မူ နာမည်ကျော်ပုဂ္ဂိုလ်များ၏ သင်္ချိုင်းများသို့ သွားရန်မှာ မလွယ်ကူပေ။ ထိုနေရာများသို့သွားပြီး ဝိညာဉ်ဖမ်းရန်မှာလည်း ကြောက်ဖို့ကောင်း၏။

သဘာဝဒြပ်စင် စိတ်ဝိညာဉ်တွေကို ၁၀ နှစ် မပြည့်မချင်း မမြင်နိုင်တာတော့ ဆိုးတာပဲ.. ငါ့ အစီအစဉ်အတိုင်းပဲ ဆက်သွားရတော့မှာပေါ့..

အင်စလေ လက်သီးတင်းတင်းဆုပ်လိုက်ပြီး စလိုအန်မိသားစုအား ရှင်းလင်းရမည် ဟူသည့် ပထမဆုံးအဆင့်အား အမှတ်ရလိုက်သည်။

အခုတော့ အဲဒီ စာရင်းကိုင်တွေကို ဖြုတ်ပြီး အသစ်ခန့်ဖို့ လုပ်ရမယ်..

အင်စလေ သူမ၏ အစီအစဉ်အကြောင်း တွေးနေစဉ် ဖင်းလီသည် အင်စလေ၏ အာရုံအား ဆွဲဆောင်နိုင်ရန် သဘာဝဒြပ်စင် စိတ်ဝိညာဉ်များနှင့် ပတ်သက်သည့် အရာများအား စပြောတော့သည်။

အဆင့်နိမ့် သဘာဝဒြပ်စင် စိတ်ဝိညာဉ်များ ပိုင်ဆိုင်သည် ဒြပ်စင်များအား ပြောပြသည်။ တော်ဝင်သဘာဝဒြပ်စင် စိတ်ဝိညာဉ်များသာလျှင် ဒြပ်စင်တစ်ခုထက်ပို၍ ရှိနိုင်ကြောင်း အင်စလေ သိလိုက်ရသည်။

ထို့ကြောင့် သဘာဝဒြပ်စင် စိတ်ဝိညာဉ် အများစု၌ လေ၊ မြေ၊ ရေ၊ မီး စသည့် ဒြပ်စင်စွမ်းရည် တစ်ခုတည်းသာ ရှိတတ်ကြသည်။

ရေခဲ၊ လျှပ်စီး၊ သစ်သား၊ အလင်းနှင့် အမှောင် ဒြပ်စင်များမှာမူ အချို့ ထူး‌ခြားသော စိတ်ဝိညာဉ်များ၌သာ တွေ့ရသည်။

ထိုမျှသာမကဘဲ အဆင့်တူများကြားတွင်ပင် စိတ်ဝိညာဉ်များ၏ သန်မာမှုအပေါ် မူတည်၍ အဆင့်ခွဲခြား သတ်မှတ်ကြသည်။ သားရဲအမျိုးအစားတူများအကြား အဆင့်ခွဲခြားခြင်းနှင့် တူညီသည်။

ထိုသို့ဖြင့် ပဋိညာဉ်ပြုမည့်သူ၏ လိုအပ်ချက်နှင့် ကိုက်ညီမည့် စွမ်းအားကြီး စိတ်ဝိညာဉ်အား ရှာဖွေရန်မှာ အတော်လေး ခက်ခဲသော အလုပ်တစ်ခုပင်။

“အင်း.. အင်း.. တိပီ..”

ဖင်းလီ၏ စကားများအား နားထောင်ရင်း အင်စလေ အဆက်မပြတ် ခေါင်းညိတ်လိုက်သည်။ လက်ရှိအချိန်၌ ဖင်းလီမှာ အင်စလေ၏ သူငယ်ချင်းတစ်ဦးထက် ဆရာတစ်ဦးနှင့်ပင် တူလေသည်။ သူတို့နှစ်ဦးမှာ ဆော့ကစားနေကြခြင်းလည်း မဟုတ်ပေ။

လေ့လာသင်ယူနေကြခြင်း ဖြစ်၏။

ထို့အပြင် ၃ နှစ်အရွယ်သာရှိသေးသည့် အင်စလေမှာ ဆော့ကစားခြင်းထက် ယခုလိုမျိုး သင်ယူလေ့လာခြင်းအား ပိုမိုနှစ်ခြိုက်သည်။ သူမ၏ အသက်အရွယ်အရ စံအိမ်အပြင်သို့ပင် မထွက်နိုင်သေးပေ။

အလွန်ငယ်ရွယ်ကာ အားနည်းလှသည်။ စွမ်းအားကြီးသော သက်တော်စောင့်တစ်ဦး ရရှိလာလျှင် စံအိမ်မှ ခိုးထွက်ကာ အပြင်ဘက်၌ ခြေဆန့်နိုင်လောက်၏။

တစ်နေ့တာအဆုံး၌ အင်စလေသည် သူမပြုလုပ်ရမည့် ဦးစားပေး ကိစ္စများအား စာရင်းပြုစုလိုက်သည်။

အကျင့်ပျက်ခြစားသူများအား ရှင်းလင်းရန် (ကန်ထုတ်ပစ်)

လူဟောင်းများအား လူသစ်များဖြင့် အစားထိုးရန်

ငွေကြေးပြဿနာအား ဖြေရှင်းရန် (လိုအပ်ရင် စံအိမ်အပြင်ကို ထွက်မယ်)

စွမ်းအားကြီးပြီး သန်မာတဲ့ လက်အောက်ငယ်သားတွေ သက်တော်စောင့်တွေ ခန့်အပ်ရန်

စွမ်းရည်ကို ဘယ်လိုထိန်းချုပ်ရမလဲ သင်ယူရန်

အင်စလေသည် သူမ၏ စွမ်းရည်မှာ တိုက်ခိုက်စွမ်းရည် မဟုတ်မှန်း သိသောကြောင့် နောက်ဆုံးတစ်ခုမှာ မလိုအပ်ဟု ထင်သည်။ သူမ၏ စွမ်းရည်မှာ လက်ဖဝါးဖြန့်လိုက်သလို အသုံးပြုရန် လွယ်ကူနေသောကြောင့် ထိန်းချုပ်ရန် သင်ယူဖို့ မလိုအပ်ဟု ထင်မိသည်။

များမကြာမီ သူမ၏အတွေးများ ပြောင်းလဲသွားမည်ကိုမူ မသိလိုက်ချေ။

ကောင်းပြီလေ.. အခုကတော့ ပြန်ပြီး နေ့လယ်စာစားဖို့ စောင့်ရတော့မှာပေါ့..

ဖင်းလီနှင့် စကားပြောနေသည်မှာ နာရီအနည်းငယ်ခန့် ကြာပြီဖြစ်သည်။ ယနေ့တွင် အင်စလေသည် စိတ်ဝိညာဉ်များ၊ နတ်သမီးများနှင့် အခြားသော စွမ်းရည်အသုံးပြုသူ အချို့နှင့် ပတ်သက်သည့် ဗဟုသုတများအား သိရှိခဲ့ရသည်။

နေ့လယ် ၁၂ နာရီ ထိုးတော့မည် ဖြစ်သောကြောင့် မွန်းလွဲပိုင်းတွင် ဖျော်ဖြေမည့် ပြဇာတ် စတင်တော့မည် ဖြစ်သည်။

အဆုံးတွင် အင်စလေ၏ တောင်းဆိုချက်အတိုင်း ဖင်းလီသည် သူမအား စာကြည့်တိုက်သို့ ပြန်လည်ပို့ဆောင်ပေးပြီးနောက် ယမန်နေ့ကအတိုင်း ကလေး၏ရှေ့မှ ပျောက်ကွယ်သွားလေသည်။

“ဟူးးး”

အင်စလေ စကပ်လေးအား ဖုန်ခါပြီး ဆံပင်သပ်တင်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် သစ်ရွက်စများ တင်ကျန်ခြင်းမရှိကြောင်း သေချာအောင် စစ်ဆေးလိုက်သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် သစ်ရွက်များအား တွေ့မြင်သွားလျှင် အားလုံး သံသယဝင်သွားကြလိမ့်မည်။

သပ်ရပ်သန့်ရှင်းအောင် ပြုလုပ်ပြီးနောက် အင်စလေသည် ယုံကြည်မှုရှိသော ခြေလှမ်းများဖြင့် စာကြည့်တိုက်လှေကားထစ်မှ ဆင်းလာသည်။

သူမ၏ မျက်နှာထပ်တွင် ခပ်ဆိုးဆိုး အပြုံးတစ်ပွင့် ချိတ်ဆွဲလျက်ရှိသည်။

အဲဒီမျိုးမစစ်တွေကို ချေမှုန်းရမဲ့ အချိန်ပဲ..

All Chapters