← Chapters

အသက်ကန့်သတ်ချက်

Vol. 4 Ch. 49

အသက်ကန့်သတ်ချက်

Vol. 4 Ch. 49

အင်စလေသည် ဖင်းလီ၏ ပြောစကားအား စိတ်ဝင်တစား နားထောင်နေသည်။

စိတ်ဝိညာဉ်က စွမ်းရည်မရှိတာတောင် တိုက်ခိုက်တဲ့နေရာမှာ အကူအညီပေးနိုင်တယ်ပေ့ါ.. ဒါက မရိုးသားတာပဲ မဟုတ်ဘူးလား..

စွမ်းရည်အသုံးပြုသူတစ်ဦးက စိတ်ဝိညာဉ်ရဲ့ အကူအညီနဲ့ဆိုရင် ဒြပ်စင်စွမ်းရည် ၃ မျိုးတောင် ရှိနိုင်တာပေါ့..

အင်စလေသည် သဘာဝဒြပ်စင်ဝိညာဉ်အား မြင်တွေ့ရရန် စိတ်အားထက်သန်လာသည်။ သို့သော် ဖင်းလီ၏ ရှင်းပြချက်မှာ မပြီးဆုံးသေးပေ။

“ဒီလိုတွေးကြည့်ရအော်.. သဘာဝဒြပ်စင်စိတ်ဝိညာဉ်နဲ့ ပဋိညာဉ်ပြုတာက အိမ်မွေးတိရစ္ဆာန်တစ်ကောင် မွေးလိုက်သလိုပဲ.. အဆင့်မြင့်လေလေ့ ပဋိညာဉ်ပြုထားသူကို ကူညီနိုင်စွမ်း များလေလေပဲ..”

ဖင်းလီသည် လက်ဖဝါးပေါ်ရှိ လေအား ဝေ့ဝဲစေပြီးနောက် ရယ်မောလိုက်သည်။

အင်က ဒီလောက်တော့ နားလည်သင့်တယ် မဟုတ်လား.. ၃ နှစ်ကလေးတစ်ယောက်က ငါပြောတာကို နားလည်နေတယ် ဆိုတာကတင် အတော်လေး ထူးခြားဆန်းကြယ်နေပြီ.. ဒါပေမဲ့ သူမက ဉာဏ်ကြီးရှင်ပဲ.. နားလည်လောက်မှာပါ..

ဖင်းလီသည် အင်စလေအား မျှော်လင့်ချက်ကြီးစွာ ကြည့်လိုက်သည်။ ဉာဏ်ကြီးရှင်တစ်ဦးမှာ အခြားဉာဏ်ကြီးရှင်တစ်ဦးနှင့် သူငယ်ချင်းမဖြစ်လိုဟူ၍ မရှိပေ။

“အင်.. ငါပြောတာ နားလည်လား..”

ဖင်းလီ ဂရုတစိုက် မေးလိုက်သည်။

“အွင်းး နားလည်..”

အင်စလေ၏ အဖြေသည် ဖင်းလီအား စိတ်မပျက်စေခဲ့ချေ။ သူပြောသမျှ စကားလုံးတိုင်းအား အမှန်တကယ် နားလည်ပုံရသည့် အင်စလေအားကြည့်ကာ ဖင်းလီ နှုတ်ခမ်းများ ကွေးတက်သွားသည်။

ကောင်းတယ်.. အင်က အများကြီး လေ့လာနိုင်မယ်ဆိုရင် သူမရဲ့ ကံကြမ္မာကနေ လွတ်မြောက်နိုင်လိမ့်မယ်.. ငါ့ကိုပါ လွတ်မြောက်ဖို့ ကူညီပေးနိုင်လောက်တယ်..

ဖင်းလီ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ အင်စလေအား ပြန်လည်မွေးဖွားလာသူ သို့မဟုတ် ဝိညာဉ်ကူးပြောင်းလာသူ တစ်ဦးဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ သို့သော် ကလေးမှာ အတိတ်ဘဝ၌ မြင်တွေ့ခဲ့ဖူးသည့် မိန်းကလေးနှင့် လုံးလုံးလျားလျား ကွဲပြားနေသည်။

ယင်းမှာ သူသည်လည်း ဤတစ်ကြိမ်၌ ကောင်းမွန်သော ဘဝတစ်ခု ရရှိနိုင်သည်ဟူသော သင်္ကေတပင်။

“ကောင်းတယ်.. ကောင်းတယ်.. အင်က တော်လိုက်တာ.. ငါ့သူငယ်ချင်းက ဉာဏ်ကြီးရှင်လေး..”

ဖင်းလီ ရယ်မောကာ အင်စလေအား ခေါင်းပုတ်လိုက်သည်။ ကောင်လေးသည် သူကိုယ်တိုင်ပင် မသိလိုက်ဘဲ ရင့်ကျတ်သူတစ်ဦးအသွင် ပြမိလိုက်သည်။

ထိုအချိန်၌ ဖင်းလီမှာ ၁၀ နှစ်ပင် မပြည့်သေးသော ကောင်လေးတစ်ဦးနှင့် မတူချေ။

အင်စလေ ကြောင်အသွားသော်ငြား မြန်မြန်ဆန်ဆန်ပင် ခေါင်းထဲမှ ထုတ်လိုက်သည်။ ဖင်းလီမှာ ပညာရှိတစ်ဦးဟုသာ မှတ်ယူလိုက်သည်။

ဖင်းလီသည် သူစိမ်းတစ်ဦးနှင့် ပထမဆုံး စတင်တွေ့ဆုံချိန်၌ ရှက်ရွံ့နေခဲ့သော်ငြား ရင်းနှီးလာချိန်၌မူ ရှက်ရွံ့ကြောက်လန့်ခြင်း မရှိတော့ချေ။ ထိုသို့သာလျှင် ဖြစ်ရမည်။

အင်စလေ သူမကိုယ်သူမ အယုံသွင်းလိုက်သည်။

“အိုး. ဟုတ်သားပဲ.. နောက်တစ်ခုက သဘာဝဒြပ်စင် စိတ်ဝိညာဉ်တွေက နတ်သမီးတွေလိုမျိုးပဲ.. ဒါပေမဲ့ စိတ်ဝိညာဉ်က စကားမပြောနိုင်ဘဲ နတ်သမီးတွေလောက်လည်း ဉာဏ်ရည်မြင့်မားခြင်း မရှိဘူး.. ဒါကြောင့် နတ်သမီးနဲ့ ပဋိညာဉ်ပြုတာက ပိုပြီး အကျိုးကျေးဇူးများရတာပေါ့..”

ဖင်းလီသည် အင်စလေအား တုန်လှုပ်ထိတ်လန့်စေသော သတင်းတစ်ခု ပြောလိုက်သည်။

“အာ.. ပါရို့ရဲ (ဘာလို့လဲ)”

အင်စလေ မမေးဘဲ မနေနိုင်တော့‌ချေ။ သဘာဝဒြပ်စင် စိတ်ဝိညာဉ်များမှာ စကားပြောနိုင်စွမ်း မရှိသည်မှာ သေချာသည်။ သို့သော် မည်သည်ကြောင့် နတ်သမီးများထက် ဉာဏ်ရည်နိမ့်ပါးရသနည်း။

ပြီးတော့..

သဘာဝဒြပ်စင် စိတ်ဝိညာဉ်တွေက စွမ်းရည်အသုံးပြုသူတွေကို ကူညီနိုင်စွမ်း ရှိကြတယ်လေ.. သူတို့ စိတ်လိုတဲ့ အချိန်မှ ကူညီတတ်ကြတဲ့ နတ်သမီးတွေနဲ့ ယှဉ်ကြည့်ရင် သဘာဝဒြပ်စင် စိတ်ဝိညာဉ်တွေနဲ့ ပဋိညာဉ်ပြုတာက ပိုပြီးတော့ အကျိုးကျေးဇူး မများဘူးလား..

စိတ်ဝိညာဉ်များစွာ စုဆောင်းနိုင်မည်ဆိုလျှင် နတ်သမီးတစ်ဦးနှင့် ပဋိညာဉ်ပြုထားခြင်းထက်ပင် ပိုမိုကောင်းမွန်နိုင်မည်။

“အင်း.. သဘာဝဒြပ်စင် စိတ်ဝိညာဉ်တွေက နတ်သမီးတွေရဲ့ သားရဲပုံစံလို့ ပြောရမယ်.. တစ်ချိန်တည်းမှာပဲ ငါတို့လိုမျိုး နတ်သမီးတွေကကျ လူသားနဲ့ တူတယ်လေ..”

ဖင်းလီသည် ပါးအား လက်ဖြင့်ကုတ်ကာ ‘နတ်သမီး’ တစ်ဦးအနေဖြင့် သူ၏ တန်ဖိုးအား မြှင့်တင်ရန် ကြိုးစားလေသည်။

“သူတို့က ဉာဏ်ရည်နိမ့်တာကြောင့် သဘာဝဒြပ်စင် စိတ်ဝိညာဉ် ဘုရင်အဆင့်တောင်မှ အဆင့်နိမ့် နတ်သမီးနဲ့ ယှဉ်လို့မရဘူး.. စိတ်ဝိညာဉ်တွေက သူတို့ကို အမိန့်ပေးဖို့နဲ့ တခြားအရာတွေအတွက် ပဋိညာဉ်ပြုထားသူတွေ လိုအပ်တယ်..”

ဖင်းလီသည် သူ့အား စိတ်ပျက်မှု အထင်းသားဖြင့် စိုက်ကြည့်နေသော အင်စလေအား ခါးသီးစွာ ပြုံးပြလိုက်သည်။

“စိတ်ဝိညာဉ်တွေ အများကြီးကို သုံးဖို့ဆိုတာ တစ်ချိန်တည်းမှာ လက်တွေအများကြီးကို ရွေ့လျားဖို့ ကြိုးစားသလိုပဲ.. အရမ်းကို သန်မာတဲ့ အာရုံစူးစိုက်မှု ရှိဖို့လိုအပ်တယ်.. ပုံမှန်ကတော့ ပဋိညာဉ်ပြုထားသူတွေကို စိတ်ဝိညာဉ်တွေကို အကူအနေနဲ့ပဲ သုံးတတ်ကြတယ်..”

“အာ..”

အင်စလေ နားလည်သွားသောကြောင့် အာမေဋိတ် ပြုလိုက်သည်။ ထို့နောက် ကလေးသည် မျက်နှာမသာမယာဖြင့် ရှုံ့မဲ့လိုက်သည်။

သောက်ခွေး.. ဒီတော့ အဆင့်မြင့်တဲ့ သဘာဝဒြပ်စင် စိတ်ဝိညာဉ် ရှိရင် ပိုကောင်းတာပေါ့.. သေဆုံးပြီးသား စိတ်ဝိညာဉ်ကတော့ သူတို့က လူဖြစ်ခဲ့ဖူးတယ်.. အဲတော့ များများရှိလေ ပိုကောင်းလေပဲ..

ဒါက သဘာဝဒြပ်စင် စိတ်ဝိညာဉ်နဲ့ ဆန့်ကျင်ဘက်ပဲ..

“ဒါကြောင့် စိတ်ဝိညာဉ်တွေ ပိုင်ဆိုင်ထားသူတွေ အများကြီးရှိပေမဲ့ အများစုက နတ်သမီးတွေကို မမြင်ဖူးကြဘူး.. ဒါက သူတို့ရဲ့ တန်ဖိုးချင်း ကွာခြားတာကြောင့်ပဲ..”

ဖင်းလီသည် နတ်သမီးများ၏ တန်ဖိုးအား မြင့်တက်သွားစေမည့် စကားအား ထပ်ပေါင်းထည့်လိုက်သည်။ ဖင်းလီ နတ်သမီးတစ်ယောက် မဟုတ်သည့်တိုင်အောင် ယခုမှစ၍ အင်စလေသည် ကွဲပြားသည့် အမြင်မျိုးဖြင့် ကြည့်လာရန် ဆန္ဒရှိသည်။

“အာ.. တိပီ တိပီ..”

အင်စလေ မသာမယာဖြင့် ခေါင်းညိတ်လိုက်သော်ငြား ဖင်းလီ၏ မျက်လုံးများမှာမူ တောက်ပလျက်ရှိသည်။ မျက်နှာပေါ်တွင် ဂုဏ်ယူနေဟန်လည်း အတိုင်းသားပင်။

ဟ.. ဒီတော့ နတ်သမီးတွေက ပိုကောင်းနေတာပေါ့.. သဘာဝဒြပ်စင် စိတ်ဝိညာဉ်တွေက နတ်သမီးတွေအတွက်တောင် အိမ်မွေးတိရစ္ဆာန်သာသားပဲ ရှိတာ..

အင်း.. ဒါပေမဲ့လည်း စွမ်းရည်အသုံးပြုသူတိုင်းက သဘာဝဒြပ်စင် စိတ်ဝိညာဉ်ကို တွေ့တာနဲ့ ပဋိညာဉ်ပြုနိုင်ကြတယ်ဆိုတော့ ငါလည်း အဆင့်မြင့် သဘာဝဒြပ်စင် စိတ်ဝိညာဉ်တစ်ခုကို ရနိုင်တာ‌ပေါ့..

သူမ၏ လက်ရှိ စွမ်းရည်များမှာ တိုက်ခိုက်နိုင်သော စွမ်းရည်မဟုတ်ကြောင်း အင်စလေသိထားသည်။ သူမထံ၌ သဘာဝဒြပ်စင် စိတ်ဝိညာဉ် တစ်ခု သို့မဟုတ် နှစ်ခု ခန့်သာရှိလျှင် ဖင်းလီကဲ့သို့ စိတ်ဝိညာဉ်၏ အကူအညီဖြင့် လေအား ထိန်းချုပ်နိုင်လိမ့်မည်။

သို့မဟုတ် မီးစွမ်းအင် အသုံးပြုသော အယ်လီယာနာကဲ့သို့ ရေ၊ မီးနှင့် အခြား ဒြပ်စင်များအား အသုံးပြုနိုင်မည်။

ဖင်းပြောတာတော့ စိတ်ဝိညာဉ်တွေ အများကြီးကို ထိန်းချုပ်ဖို့ဆိုတာ ခက်ခဲတယ်တဲ့.. ငါကတော့ နှစ်ခုလောက်ကို အကျိုးရှိရှိ အသုံးချနိုင်လောက်မယ်လို့ ထင်တယ်..

နတ်သမီးများနှင့်ယှဉ်လျှင် သဘာဝဒြပ်စင် စိတ်ဝိညာဉ်များမှာ အဆင့်နိမ့်သော်ငြား အင်စလေသည် တစ်ခု၊ နှစ်ခုခန့် လိုချင်နေဆဲဖြစ်သည်။

ဒါက သူမဆန္ဒရှိတိုင်း နတ်သမီးနဲ့ တွေ့လို့ရမည် မဟုတ်ပေ။ ထို့အပြင် သူမရှေ့မှာ ရှိနေတဲ့ နတ်သမီးသည်..။

အင်စလေသည် သူမအား မျှော်လင့်စောင့်စားနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည့် ဖင်းလီအား ကြည့်လိုက်သည်။ ဖင်းသည် အင်ရှေ့၌ သူ၏စွမ်းရည်အား ကြွားဝါလိုခြင်းဖြစ်ကြောင်း ချက်ချင်း သိလိုက်၏။

ဒါပေမဲ့ ဒီကောင်လေးက စာကြည့်တိုက်နတ်သမီးလေ.. အား.. သူ့မှာ တော်ဝင်နတ်သမီးတိုင်းမှာရှိတဲ့ လေစွမ်းရည်လောက်ပဲ ရှိမှာကို.. သူ့ရဲ့ ဗဟုသုတနဲ့ အနာဂတ်ကြိုတင်သိမြင်စွမ်းရည်က ကောင်းတယ်ဆိုတော့ ဖင်းက ငါ့ကို ကူညီနိုင်မလားပဲ..

သူက ဗဟုသုတတွေကို မျှဝေပေးနိုင်ပေမဲ့ အနာဂတ်ကြိုတင်သိမြင် စွမ်းရည်ကတော့ အရေးကြီးတာမို့ တခြားသူတွေကို မျှဝေပေးမယ်လို့ မထင်ဘူး..

“အွမ်.. ဖွင်း.. အင်က ချိတ်ဝိနင် လိုချင်တုန်းပဲ (အင်က စိတ်ဝိညာဉ် လိုချင်တုန်းပဲ)”

အင်စလေသည် သူမစိတ်ထဲရှိ အတွေးများကို ဖင်းလီအား ပြောရင်း ညည်းတွားလိုက်သည်။

ထိုစကားအား ဖင်းလီ အတော်လေး ထိတ်လန့်သွားသည်ကိုမူ သူမ မသိလိုက်ချေ။

“အာ.. အမ်.. အသက် ၁၀ နှစ် ပြည့်မှ သဘာဝဒြပ်စင် စိတ်ဝိညာဉ်နဲ့ ပဋိညာဉ်ပြုလို့ရမှာ..”

ဖင်းလီ ခါးသီးစွာ ပြောလိုက်သည်။ သူ၏ စကားလုံးများမှာ အင်စလေ၏ စိတ်ကူးအိပ်မက်အား ချေမွပစ်လိုက်သလိုပင်။

ဘာ.. ဒီ အသက်ကန့်သတ်ချက်က ဘာလား..

All Chapters