← Chapters

စိတ်ဝိညာဉ်

Vol. 4 Ch. 48

စိတ်ဝိညာဉ်

Vol. 4 Ch. 48

ဖင်းလီ စကားပြောနေချိန်မှာပင် သူ၏ လက်ချောင်းများမှာ လေစွမ်းရည်အား ထိန်းချုပ်ခြင်း ရပ်တန့်မသွားချေ။ အင်စလေအနီးရှိ သစ်ခက်သစ်ရွက်များအား ဖြတ်တောက်နေခြင်းဖြစ်သည်။ ယခုအခါ ကလေး၏ ညာဘက်အခြမ်းတွ် နောက်ထပ် ‌ကျောမှီတစ်ခု ဖန်တီးပြုလုပ်ထားလေသည်။

ထိုသို့ဖြင့် အင်စလေသည် ဖင်းလီနှင့် မျက်နှာချင်းဆိုင် ထိုင်နိုင်သွားသည်။

အင်စလေသည် ဖင်းလီ၏ ထူးခြားသော အပြုအမူကြောင့် အံ့အားသင့်နေမိသည်။ သို့သော် ယင်းသည် သူမအား မေးခွန်းထုတ်ခြင်းမှ မရပ်တန့်စေနိုင်ပေ။

ပထမဆုံး သူမ၏ အစီအစဉ်အား ပြောင်းလဲလိုက်သည်။

“အွင်း.. ချိတ်ဝိနင်ကြောင်းပြောပြ (စိတ်ဝိညာဉ်အကြောင်း ပြောပြ..)”

အင်စလေသည် မူလက နတ်သမီးများအကြောင်းမေးရန် ရည်ရွယ်ထားသော်ငြား မမေးဖြစ်လိုက်ချေ။

ငါက ဝင်ပူးခံရသလို ဟန်ဆောင်မှာဆိုတော့ စိတ်ဝိညာဉ်နဲ့ ပတ်သက်ပြီး ပိုသိထားဖို့လိုတယ်..

ထို့နောက် အင်စလေ နေရာပြင်ထိုင်လိုက်ပြီး အနောက်ဘက်ရှိ သစ်ရွက်ပုံအား ကျောမှီလိုက်သည်။

သူမ၏ ဘယ်ဘက်ခြမ်း၌လည်း ကျောမှီတစ်ခု ရှိနေသောကြောင့် ပြုတ်ကျမည်ကို စိုးရိမ်ရန် မလိုဘဲ သူမစိတ်တိုင်းကျ လှုပ်ရှားနိုင်သည်။

“စိတ်ဝိညာဉ်လား.. ဟမ်.. မင်းက နတ်သမီးတွေနဲ့ ပတ်သက်ပြီး ပိုသိချင်မှာပဲလို့ ငါထင်ထားတာ..”

ဖင်းလီ အတော်လေး အံ့အားသင့်သွားမိသည်။ ကောင်လေးသည် အင်စလေ၏ တောင်းဆိုမှုကြောင့် မျက်ခုံးပင့်မိသော်ငြား များများစားစား မတွေးလိုက်ချေ။

ဒီကလေးက နတ်သမီးတွေကိုပဲ စိတ်ဝင်စားတယ်လို့ ထင်နေတာ.. သူမက မှော်ဆန်တဲ့ အရာရာတိုင်းကို စိတ်ဝင်စားနေပုံပဲ

အင်း.. သူမက တော်တော်များများကို နားလည်နိုင်အောင် ထက်မြက်တယ်လို့ထင်တယ်..

ဖင်းလီသည် သစ်ရွက်များနှင့် ပြုလုပ်ထားသော ခေါင်းအုံးတစ်လုံး ဖန်တီးရင်း စိတ်ထဲမှ တွေးလိုက်သည်။ လေစွမ်းအင်အား အသုံးပြုကာ သစ်ရွက်များ စုဆောင်းပြီးနောက် သစ်ကိုင်းများ၊ နွယ်ပင်များအား အသုံးပြုကာ ကျွမ်းကျင်သွက်လက်သော လက်ချောင်းများဖြင့် သစ်ရွက်များအား စုချည်လိုက်သည်။

“စိတ်ဝိညာဉ်လား.. ကောင်းပြီလေ.. ပထမဆုံး မင်းသိထားရမှာက စိတ်ဝိညာဉ်တွေကို နှစ်မျိုး ခွဲထားတယ် ဆိုတာပဲ..”

ဖင်းလီသည် သူလုပ်ထားသော ခေါင်းအုံးလေးများအား အင်စလေ၏ ပေါင်ပေါ်သို့ ပစ်တင်ပေးရင်း လေးနက်သော အမူအရာဖြင့် ပြောသည်။

ကောင်လေး၏ အပြုအမူမှာ သာမန်ကာလျှံကာဖြစ်သော်ငြား တစ်ခုခုလုပ်ပြီးချိန်တိုင်း၌ အင်စလေထံသို့ ပစ်ပေးလေသည်။

ဖင်းလီ စကားပြောနေသည့် မိနစ်ပိုင်းလေးအတွင်းမှာပင် အင်စလေထံ၌ လည်ပင်းအုံးတစ်လုံး၊ ဖက်လုံးတစ်လုံးနှင့် အောက်ခံတင်အုံးတစ်လုံး ရရှိသွားသည်။

ဖင်းလီသည် နောက်ထပ် သစ်ရွက်စောင်တစ်ထည် ပြုလုပ်နေသည်ဟု အင်စလေထင်သည်။

သစ်ရွက်များမှာ လတ်ဆတ်ကာ ချောမွေ့သဖြင့် ပုရွက်ဆိတ်များနှင့် အင်းဆက်ပိုးမွှားများ အကိုက်ခံရမည်ကို စိုးရိမ်ရန် မလိုချေ။

ဤအပင်ကြီးမှာ မှော်သစ်ပင်တစ်ပင်ဖြစ်မှာ သေချာသည်။

“ပထမဆုံး စိတ်ဝိညာဉ်အမျိုးအစားက သေဆုံးသွားပြီးသူရဲ့ စိတ်ဝိညာဉ်ပဲ..”

ဖင်းလီသည် အင်စလေအား သစ်ရွက်စောင်ဖြင့် ခြုံပေးပြီးနောက် စိတ်ဝိညာဉ်အကြောင်း စပြော၏။

“သေဆုံးသွားပြီးသူတွေရဲ့ စိတ်ဝိညာဉ်ကတော့ လူသေတွေရဲ့ ဝိညာဉ်လိုမျိုးပဲ.. ဒါပေမဲ့ နာမည်ကျော်ကြားတဲ့ လူတွေမှာပဲ သေပြီးတဲ့နောက် စိတ်ဝိညာဉ်ရှိလာနိုင်တာ.. ဒါကြောင့် ကျော်ကြားတဲ့ပုဂ္ဂိုလ်တွေရဲ့ စိတ်ဝိညာဉ်အနည်းငယ်ကိုပဲ ရှာတွေ့နိုင်တယ်..”

ဖင်းလီသည် အနည်းငယ်ခက်ခဲသော ရှင်းပြချက်အား အသုံးပြုလိုက်သော်ငြား အင်စလေ နားလည်နိုင်ဆဲဖြစ်သည်။

ဟူးးးး ဒီတော့ သူတို့ရဲ့ နာမည်တွေကို သမိုင်းမှတ်တမ်းတင်နိုင်တဲ့ လူတွေကပဲ သေပြီးတဲ့နောက် စိတ်ဝိညာဉ်ဖြစ်လာနိုင်တာပေါ့..

“အွမ်းး အွမ်းးး”

အင်စလေ ခေါင်းညိတ်ကာ ဖင်းလီ၏ စကားအား သူမနားလည်ကြောင်း အချက်ပြလိုက်သည်။ ၃ နှစ်အရွယ် ကလေးတစ်ယောက်မှ ထိုကဲ့သို့ နက်နဲသည့် အကြောင်းအရာအား နားလည်ခြင်းကို ဖင်းလီ အံ့ဩသွားခြင်း မရှိပေ။

အင်က ဉာဏ်ကြီးရှင်ပဲ.. ငါ့လိုပေါ့..

ဖင်းလီသည် စိတ်ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် နူးညံ့ညင်သာစွာ ဆက်ပြောသည်။

“နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ စိတ်ဝိညာဉ်တွေက ကမ္ဘာပေါ်မှာ ထာဝရ လျှောက်သွားနေလိမ့်မယ်.. အဲဒီ စိတ်ဝိညာဉ်တွေက သက်ရှိတွေကို အန္တရာယ်မပေးနိုင်ပေမဲ့ သူတို့ရဲ့ စွမ်းအင်တွေကိုတော့ ချေးငှားပေးနိုင်တယ်..”

“အင်.. တူညီတာ.. (ကူညီတာ)”

အင်စလေ ရှင်းရှင်းလင်းလင်း နားလည်သွားသည်။

ဒီတော့ ဂေါ့ဖားသားရဲ့ စိတ်ဝိညာဉ်က ငါ့ကို ကူညီနေတယ်ဆိုပြီး ဟန်ဆောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်က မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်နေတာပေါ့..

“ဟုတ်တယ်.. စိတ်ဝိညာဉ်တွေက ကူညီပေးနိုင်တယ်.. တစ်ချို့က သက်ရှိတွေက အစွမ်းတွေ ချေးငှားပေးနိုင်တယ်.. တစ်ချို့ သေဆုံးပြီးသား စိတ်ဝိညာဉ်တွေရဲ့ စွမ်းအားကို အသုံးပြုနိုင်ကြတဲ့ သူတွေကိုတော့ နတ်ဆရာ (ရှာမန်း) လို့ ခေါ်ကြတယ်..”

ဖင်းလီ၏ လက်ဖဝါးပေါ်၌ လေဝဲများ စုဝေးလာသည်။ အံ့ဩဖို့‌ကောင်းစွာပင် ထိုလေဝဲများသည် မှော်ဆရာဝတ်ရုံ ဝတ်ဆင်ကာ ကြီးမားသော မှော်တုတ်တံတစ်ခု ကိုင်ဆောင်ထားသည့် လူတစ်ဦးအသွင် ပေါ်လာသည်။

“ဒါက နတ်ဆရာပဲ.. စိတ်ဝိညာဉ်တွေရဲ့ စွမ်းအားကို ချေးငှားနိုင်တဲ့ တမူထူးတဲ့ စွမ်းရည်ရှိတဲ့သူတွေက နတ်ဆရာပဲ.. သူတို့က စိတ်ဝိညာဉ်တွေကို မြင်နိုင်ပြီး စကားပြောနိုင်ကြတယ်..”

“ဟွီးးး”

“မာဖီးယားမိသားစုတွေကတော့ သူတို့ကို နတ်ဆရာလို့ ခေါ်တယ်.. ဒါပေမဲ့ ထူးခြားစွမ်းရည်မရှိတဲ့ သာမန်လူတွေ (နော်မီ) ကတော့ သူတို့ကို အင်ဒီဂိုလို့ ခေါ်ကြတယ်..”

အင်ဒီဂို.. ငါသိတယ်.. ငါသိတယ်.. ထူးခြားစွမ်းရည် မရှိတဲ့သူတွေ.. အမ်... သူတို့ကို သာမန်လူတွေလို့ ခေါ်တယ်.. ရပြီ..

အင်စလေ စကားမပြောဘဲ ခေါင်းညိတ်လိုက်သည်။ ကလေးသည် ဖင်းလီ၏ အင်္ကျီလက်အားဆွဲကာ ဆက်ပြောရန် တိုက်တွန်းလိုက်သည်။

“ဟားဟား.. ကောင်းပြီ ကောင်းပြီ.. နောက်တစ်ခု စွမ်းအားကြီးနတ်ဆရာတွေက သူတို့နဲ့ ပဋိညာဉ်ပြုထားတဲ့ စိတ်ဝိညာဉ်တွေဆီက စွမ်းရည်အများကြီးကို သုံးနိုင်တယ်.. စိတ်ဝိညာဉ်တစ်ခုမှာ စွမ်းရည် တစ်ခုထက်ပိုပြီး ရှိတယ်လေ.. ဒီတော့ သူတို့က စိတ်ဝိညာဉ်နဲ့ ပဋိညာဉ်ပြုဖို့ပဲ လိုတယ်..”

ဖင်းလီ လက်ဖဝါးပေါ်ရှိ လေဝဲသဏ္ဌာန်အား ပြောင်းလဲလိုက်သည်။ ဤတစ်ကြိမ်တွင် နတ်ဆရာ၏နောက်၌ အမျိုးမျိုးသော တစ္ဆေသရဲနှင့်တူသည့် ပုံရိပ်များ ထပ်ပေါင်းထည့်လိုက်သည်။

“စွမ်းအားကြီးနတ်ဆရာတွေက ရှားပါးတယ်.. နတ်ဆရာအများစုက စွမ်းရည်တစ်ခုသာရှိတဲ့ စိတ်ဝိညာဉ်တစ်ခုနဲ့ပဲ ပဋိညာဉ်ပြုထားကြတာ များတယ်.. အလယ်အလတ်အဆင့် နတ်ဆရာကတော့ စွမ်းရည် ၂ မျိုးရှိတဲ့ စိတ်ဝိညာဉ်နဲ့ ပဋိညာဉ်ပြုနိုင်တယ်..”

“အိုးးး”

ဖင်းလီ၏ ရှင်းပြမှုကြောင့် အင်စလေ၏ မျက်လုံးများ အရောင်လက်လာသည်။

ဒီတော့ တစ်ခုထက်ပိုတဲ့ စိတ်ဝိညာဉ်တွေနဲ့ ပဋိညာဉ်ပြုထားနိုင်တဲ့ ‘နတ်ဆရာ’ တွေက အရမ်းပဲ ရှားပါးခက်ခဲတယ်ပေါ့..

ဒီတော့..

ငါလည်း ဂေါ့ဖားသားစိတ်ဝိညာည်က ငါ့ကို ကူညီပေးနေတယ်လို့ ဟန်ဆောင်ရမယ်.. သူ ငါ့ကို ချေးငှားပေးနိုင်တဲ့ စွမ်းရည်ကတော့ သူ့ရဲ့ အကြံဉာဏ်နဲ့ ဗဟုသုတပေါ့..

နိမိတ်ပြအိပ်မက်ကတော့ ဂေါ့ဖားသားက ငါ့အိပ်မက်ထဲကိုလာပြီး အကြံပေးတယ်လို့ ပြောရမယ်.. အနာဂတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တစ်ချို့တစ်လေပေါ့..

နောင်တစ်ချိန် သေဆုံးပြီးသား စိတ်ဝိညာဉ်နှင့် ပဋိညာဉ်ပြုထားသော သူမ၏ ‘စွမ်းရည်’ အား အခြားသူများ သိရှိသွားပါက မည်သို့သော အကြောင်းပြချက် ပေးရမည်ကို အင်စလေ စီစဉ်ထားပြီးဖြစ်သည်။

“အင်း.. ဒီလောက်ဆို သေဆုံးပြီးသား စိတ်ဝိညာဉ်တွေအကြောင်း နားလည်ပြီလို့ထင်တယ်.. အခု ဒုတိယ စိတ်ဝိညာဉ် အမျိုးအစားကတော့ သဘာဝဒြပ်စင်ပဲ..”

ဖင်းလီ လက်သီးဆုပ်လိုက်သည်။ လက်ဖဝါးအား ဖြန့်လိုက်ချိန်တွင် သာမန်ရုပ်ရည်နှင့် ကောင်လေးတစ်ဦး ပေါ်လာသည်။ ဖင်းလီသည် သူ့ကိုယ်သူ ပုံစံယူ၍ ထိုကောင်လေးအား ဖန်တီးထားခြင်းဖြစ်သည်။

“သေဆုံးပြီးသား စိတ်ဝိညာဉ်တွေနဲ့ မတူတာက စွမ်းရည်အသုံးပြုသူတိုင်းက သဘာဝဒြပ်စင်စိတ်ဝိညာဉ်နဲ့ ပဋိညာဉ်ပြုနိုင်ကြတယ်..”

ဖင်းလီ ပြုံးရင်း ဆက်ပြောသည်။

“သဘာဝဒြပ်စင် စိတ်ဝိညာဉ်တွေက ပဋိညာဉ်ပြုထားတဲ့သူရဲ့ စွမ်းရည်ကို ပိုပြီး မြန်မြန်ဆန်ဆန် အားပြည့်လာအောင် ကူညီပေးနိုင်တယ်.. သူတို့ရဲ့ ဒြပ်စင်တွေက တူညီနေရင်ပေါ့..”

ဖင်းလီသည် လက်ဖဝါးပေါ်ရှိ ပုံရိပ်ဘေး၌ မီးဝိညာဉ်တစ်ခု ပေါင်းထည့်လိုက်သည်။ ထိုအရာအားလုံးမှာ လေနှင့်ပြုလုပ်ထားခြင်း ဖြစ်သည်။

“ပဋိညာဉ်ပြုထားသူနဲ့ ဒြပ်စင်ခြင်း မတူညီရင်တော့ စိတ်ဝိညာဉ်က တိုက်ခိုက်ရာမှာ ကူညီပေးနိုင်တယ်..”

!

All Chapters