← Chapters

လျှို့ဝှက်စခန်း

Vol. 4 Ch. 47

လျှို့ဝှက်စခန်း

Vol. 4 Ch. 47

အင်စလေသည် စံအိမ်နောက်ဘက်ရှိ ဧရာမသစ်ပင်ကြီးနှင့် ပတ်သက်သည့် ကောလဟာလများဖြန့်ရန်ပင် အသင့်ဖြစ်နေပြီ ဖြစ်သည်။ သူမ စိတ်ကူးထားသည့် ကောလဟာလမှာ ထိုသစ်ပင်ကြီးနား ရောက်ရှိလာသူတိုင်း ဝိညာဉ်ကျိန်စာမိလိမ့်မည်ဟူသော တစ္ဆေသရဲနှင့်ဆိုင်သည့် ကောလဟာလမျိုး ဖြစ်လိမ့်မည်။

ထိုသိူ့ဆိုလျှင် သစ်ပင်ကြီးအား ဖင်းနှင့် တွေ့ဆုံနိုင်သော လျှို့ဝှက်စခန်းတစ်ခုအဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။

အင်စလေ သစ်ပင်ကြီးအား ကာကွယ်ရန်အတွက် လှည့်ကွက်များချရန် စီစဉ်နေစဉ်မှာပင် သူမတို့နှစ်ဦးသည် သစ်ပင်အိုကြီးရှေ့သို့ ရောက်ရှိလာကြပြီဖြစ်သည်။

“ရောက်ပြီ..”

ဖင်းလီ ခြေလှမ်းရပ်လိုက်သည်။ ကောင်လေးသည် အင်စလေအား ကောက်မကာ သူ၏ ဘယ်ဘက်လက်မောင်းပေါ် ထိုင်စေသည်။

“ဒီသစ်ပင်ကိုတွေ့လား.. သစ်ကိုင်တွေက ငါတို့နှစ်ယောက်အတွက် လုံလောက်အောင် ခိုင်ခံ့မှာပါ..”

ဖင်းလီ သူ့ထက် ၃ ဆ မဟုတ်.. အဆပေါင်းများစွာ မြင့်မားသော သစ်ပင်အား မော့ကြည့်လိုက်သည်။

သစ်ပင်၏အမြင့်မှာ စံအမ်၏ အမြင့်နှင့်ပင် တူညီလုနီးနီးဖြစ်သည်။

“အွမ်း.. ကြီးကြီးဘဲ”

အင်စလေသည်လည်း အကိုင်းအခက်အရွက်များ စိမ်းလန်းဝေဆာသော သစ်ပင်အား မော့ကြည့်လိုက်သည်။ သစ်ရွက်များမှာ ဖင်း၏ မျက်လုံးများကဲ့သို့ စိမ်းလဲ့နေသည်။ သစ်ရွက်များမှာ ပို၍ အစိမ်းရောင်သန်းသည်ဟု ဆိုရမည်ဖြစ်သော်ငြား နတ်သမီးလေး၏ မြကျောက်နှင့်တူသော မျက်လုံးများအတိုင်း လှပလေသည်။

ထူးဆန်းစွာပင် သစ်ပင်မှာ အကိုင်းအခက်အရွက်အလက်များ ထူထဲစွာ ရှိနေသည့်တိုင်အောင် နေပြောက်ထိုးနိုင်ဆဲဖြစ်သည်။ မြက်ခင်းစိမ်းပေါ်သို့ ရွှေရောင်အလင်းတန်း ဖြာကျနေသည်မှာ ကောင်းကင်ဘုံရှိ မြင်ကွင်းသဖွယ် လှပခမ်းနားလေသည်။

ဒါက နတ်သစ်ပင်များလား.. အရမ်းကို မှော်ဆန်တာပဲ..

မှော်ဆန်သည့် အရာမှန်သမျှအား ကြိုက်နှစ်သက်သော အင်စလေသည် သစ်ပင်ကြီးအား အလွန်အမင်း သဘောကျနှစ်သက်လျက်ရှိသည်။ သစ်ပင်တစ်ခုလုံးအား ချက်ချင်းပင် စူးစမ်းလေ့လာလိုစိတ် ဖြစ်ပေါ်လာပြီး မွန်းလွဲပိုင်း၌ အရည်အချင်းမပြည့်မီသည့် လူယုတ်မာတစ်သိုက်အား ဖြုတ်ရမည့် တာဝန်ကိုပင် မေ့လျော့သွားလေသည်။

အင်စလေ၏ စိတ်အားထက်သန်မှုအား အာရုံခံမိသဖြင့် ဖင်းလီ ရယ်မောကာ မြေပြင်ကို ခြေဆောင့်လိုက်သည်။

“သစ်ပင်ပေါ် တက်ကြစို့”

ဖင်းလီ၏ ခန္ဓာကိုယ်မှာ နောက်တစ်ဖန် လေဝဲများ ဝန်းရံလာပြီး အမြင့်ဆုံးသစ်ကိုင်းပေါ်သို့ အလွယ်တကူ ခုန်တက်သွားလိုက်သည်။ သစ်ကိုင်းမှာ အလွန်မြင့်သောကြောင့် မြေပြင်ပေါ်ရှိ မည်သူမျှ မမြင်နိုင်ချေ။ စိမ်းလန်းဝေဆာသော သစ်ရွက်များနောက်တွင် ပုန်းအောင်းရန် လုံးဝသင့်တော်သည်။

ဂျွတ်.. ဂျွတ်.. ဇွက် ဇွက်..

ဖင်းလီသည် လက်ချောင်းများ ဝှေ့ယမ်းကာ လမ်းပိတ်နေသည့် သစ်ရွက်များအား ဖယ်ရှားလိုက်သည်။ ဒါဇင်ပေါင်းများစွာသော လေကျည်ဆန်များသည် ဖင်းလီအား ကူညီကာ သစ်ရွက်များအား အထိအခိုက် မရှိဘဲ ဘေးသို့ ဖယ်ရှားပေးလိုက်သည်။

သူတို့သွားရာ လမ်းတစ်လျှောက်ရှိ သစ်ရွက်များ ကန့်လန့်ကာတစ်ခုသဖွယ် ဘေးတစ်ဖက်စီသို့ ကပ်သွားပြီးနောက် ဖင်းလီနှင့် အင်စလေတို့သည် ခိုင်ခံ့တောင့်တင်းပုံရသည့် သစ်ကိုင်းတစ်ခုအား ရှာတွေ့သွားကြသည်။ သစ်ကိုင်း၏ လုံးပတ်မှာ အလွန်ကြီးမားပြီး ခိုင်ခံ့မှုရှိသည်။

ဒါက ဆင်နှာမောင်းလောက်တောင်ရှိတယ်.. ပိုကြီးချင် ကြီးဦးမှာ..

“ဒီမှာ ထိုင်ကြမယ်..”

ဖင်းလီသည် ခိုင်ခံ့မာကြောသော သစ်ကိုင်းပေါ်သို့ ခြေချပြီးနောက် အင်စလေအား ဖြည်းဖြည်းချင်း ဆင်းခိုင်းလိုက်သည်။ ထို့နောက် အလျင်အမြန် ထိုင်ချပြီးနောက် အင်စလေ ထိုင်နိုင်အောင် ကူညီပေးလိုက်သည်။

“အွင့်..”

အင်စလေသည် ဖင်းလီ၏ လက်မောင်းအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း သစ်ကိုင်းပေါ်သို့ ဖြည်းညင်းစွာ ထိုင်ချလိုက်သည်။ သူမ၏ ခန္ဓာကိုယ်လေးမှာ သေးငယ်သောကြောင့် သစ်ကိုင်းသည် သူမအတွက် ထိုင်ခုံတစ်ခုပမာ ဖြစ်နေတော့သည်။

သူမ၏ ခြေထောက်များမှာ သစ်ကိုင်းပေါ်မှ တွဲလောင်းကျနေသင့်သော်ငြား ခြေထောက်ဆန့် နေနိုင်သည့်အပြင် အင်စလေ၏ ခြေထောက်မှာ သစ်ကိုင်းပေါ်၌ ရှိနေဆဲဖြစ်သည်။

“ဝါးးး”

အင်စလေသည် သစ်ကိုင်း၏ အရွယ်အစားကြောင့် အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။ ဟန်ချက်မညီပဲ ပြုတ်ကျမည်ကို စိုးရိမ်ရန် မလိုတော့ချေ။

မည်သည်ကြောင့်ရယ် မသိဘဲ သူမနောက်ကျောမှ သစ်ရွက်များမှာ သူမ၏ ကျောမှီသဖွယ် ပြုလုပ်ပေးနေကြသည်ဟု ခံစားရသည်။

သစ်ကိုင်းငယ်လေးများရှိ သစ်ရွက်များသည် မည်သည့်နည်းဖြင့် သူမ၏ ကျောမှီတစ်ခု ဖြစ်လာသည်ကိုမူ အင်စလေ မသိချေ။ သို့သော်..

ဖင်း လုပ်ပေးထားတာများလား..

“ကျေးချူးဘာ”

အင်စလေ သေချာမသိသည့်တိုင်အောင် ဖင်းလီအား ကျေးဇူးတင်လိုက်သည်။ ကလေးသည် ဖင်းလီ၏ လက်မောင်းအား ဆုပ်ကိုင်ထားရာမှ တဖြည်းဖြည်းချင်း လက်လွှတ်ကာ ချိုသာစွာ ပြုံးလေသည်။

ဟီးဟီး ငါက နတ်သမီးလေးနဲ့ သစ်ပင်အမြင့်ကြီးပေါ်မှာ ထိုင်နေတာတဲ့.. အတော်လေး မှော်ဆန်နေပြီ..

“ရပါတယ်..”

ဖင်းလီသည် အင်စလေ၏ ခေါင်းလေးအား ပုတ်လိုက်သည်။ ထို့နောက် လေစွမ်းအင်သုံးကာ သူတို့၏ မြင်ကွင်းအား ကာနေသည့် သစ်ရွက်များအား ရှင်းလိုက်သည်။ သစ်ရွက်များအား ဖယ်လိုက်သည်နှင့် နောက်ကွယ်ရှိ မြင်ကွင်းအား မြင်လိုက်ရသည်။

စလိုအန်စံအိမ်နှင့် ဥယျာဉ်..

“ဝွှားးး ချို့ဝက်ချခန်း (လျှို့ဝှက်စခန်း)”

အင်စလေ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

လျှို့ဝှက်စခန်း။ ဤအမြင့်ဆိုလျှင် အနောက်ဘက်ဥယျာဉ်တစ်ခုလုံးနှင့် စံအိမ်၏ အနောက်ဘက်အား မြင်နိုင်သည်။ ထိုနေရာ၌ အနောက်တံခါး ရှိနေသဖြင့် ဝင်လိုက်ထွက်လိုက် လုပ်နေသူများအားလည်း ကြည့်နိုင်သည်။

အနာဂါတ်အတွက် အသုံးဝင်သော ရှာဖွေတွေ့ရှိမှု တစ်ခုပင်။ ဤအတွက် ဖင်းအား ကျေးဇူးတင်ရမည် ဖြစ်သည်။

“ဟီးဟီးဟီးဟီး လှတာ”

အင်စလေ ခြေထောက်ကလေးများ ယမ်းခါရင်း အနောက်ဘက်ဥယျာဉ်၏ အလှအား ချီးကျူးလိုက်သည်။

သူမကြည့်မိသည့် နေရာတိုင်းမှာ အစိမ်းရောင်သန်းကာ စိမ်းလန်းစိုပြေနေပြီး မြေသင်းနံ့နှင့် အပင်နံ့များသည် သူမနှာခေါင်းအား ယစ်မူးနေစေသည်။ ထို့အပြင် အဝေးရှိ ကျေးငှက်အော်မြည်သံများနှင့် အင်းဆက်ပိုးမွှားများ၏ အသံများသည်လည်း နားထဲသို့ တိုးဝင်လာကြသည်။

ကောင်းကင်ဘုံအလားပင်။

အင်စလေ ပြုံးဖြီးနေခြင်းအား မရပ်နိုင်တော့ပေ။ ပျော်ရွှင်စွာ သီချင်းညည်းရင်း ဖင်းနှင့်အတူ သစ်ပင်ပေါ် ရှိချိန်တိုင်း၌ ပြုလုပ်ရမည့် အရာများအား စဉ်းစားနေတော့သည်။

ဖင်းကို သစ်ကိုင်းတွေကို နည်းနည်းပါးပါး ဖြတ်တောက်ပြီး လျှို့ဝှက်စခန်း ဖန်တီးကြမလားလို့ မေးရမယ်.. ဖင်းရဲ့ လေစွမ်းရည် ထိန်းချုပ်မှုက ကောင်းတယ်ဆိုတော့ အဲဒါကိုသုံးပြီး သစ်ရွက်တွေ သစ်ကိုင်းတွေကို ဖြတ်တောက်နိုင်မှာပဲ.. ဟုတ်တယ်မလား..

အင်စလေ မေးတော့မည့် အချိန်မှာပင် ဖင်းလီသည် သူမ၏ ဘယ်ဘက်ပါးဖောင်းဖောင်းလေးအား လက်ညှိုးဖြင့် ထိုးလိုက်သည်။

“အွမ်..”

အင်စလေ မျက်မှောင်ကြုတ်ကာ အလျင်အမြန် လှည့်ကြည့်လိုက်သည်။ မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုများ ပြည့်နေသော်ငြား ကြာကြာမခံလိုက်ချေ။

“ဘယ်လိုလဲ.. ကြိုက်ရဲ့လား.. မင်းလိုချင်ရင် သစ်ကိုင်းတွေကို ဖြတ်တောက်ပြီး ပုန်းစရာနေရာလေး လုပ်ပေးလို့ရတယ်..”

ဖင်းလီသည် ခပ်နောက်‌နောက် ကောင်ဆိုးလေးသဖွယ် သွားအဖြီးသား ဖြစ်နေသည်။ ယမန်နေ့ကကဲ့သို့ ရှက်ရွံ့သော အသွင်အပြင်နှင့် မဟုတ်ဘဲ ပို၍ သက်သောင့်သက်သာရှိကာ ခွန်အားပြည့်ဝနေသူတစ်ဦးနှင့် တူသည်။

ယနေ့၌ ဖင်းလီမှာ လုံးဝမတူညီသော လူတစ်ဦး ဖြစ်လာသည်။ အင်စလေသည် ထိုသို့သော ပုံစံအား မုန်းတီးခြင်း မဟုတ်ပေ။ သူမတွင် ရှေ့နေသော ဖင်းမှာ ပို၍ပင် စိတ်ဝင်စားဖွယ် ကောင်းလေသည်။

“ပုန်းချာလား.. ကောင်းတယ်.. ဒါမဲ့ ထုမုတ်ဝူး (ပုန်းစရာလား.. ကောင်းတယ်.. ဒါပေမဲ့ အခုမဟုတ်ဘူး..)”

အင်စလေ ဖင်းလီ၏ အကြံပြုချက်အား သဘောတူလိုက်သည်။ သို့သော် ယခု ပြုလုပ်ပေးရန် မတောင်းဆိုလိုက်ပေ။

အကြောင်းမှာ ဖင်းနှင့် နာရီအနည်းငယ်သာလျှင် တွေ့ဆုံရသောကြောင့် သစ်ကိုင်းများ ခုတ်ဖြတ်ခြင်းစား စောင့်ဆိုင်းရင်း အချိန်မဖြုန်းလိုပေ။

“အာ.. အိုခေ.. မင်းသွားတဲ့အချိန်ကျ လုပ်ထားလိုက်မယ်နော်..”

ဖင်းလီ လှည့်လိုက်ပြီး တင်ပလ္လင်ခွေ ထိုင်ချလိုက်သည်။ ကောင်လေးသည် သစ်ပင်၏ ပင်မပင်စည်အား စိတ်လက်ပေါ့ပါးစွာဖြင့် မှီလိုက်သည်။

“အခုက ဘာသိချင်လဲ ပြော..”

ဖင်းလီ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

အင်စလေသည် ဖင်းလီ၏ မေးခွန်းကြောင့် တံတွေးမျိုချလိုက်သည်။ ချက်ချင်း မေးချင်သော်ငြား...

အာ.. ဖင်း နင့်လက်ချောင်းထိပ်က လေတွေက ဘာလား..

All Chapters