တစ္ဆေစစ်သည်တော်များ
Vol. 17 Ch. 233
အခန်း (၂၃၃) တစ္ဆေစစ်သည်တော်များ
"ဆရာ့ကိုလာရှာတာ (၂)ခါတောင်ရှိပြီ ၊ ဒါပေမဲ့ မတွေ့ရဘူး… ဒီလိုကိစ္စမျိုးက ဖြစ်တောင့်ဖြစ်ခဲပဲ"
နဝမတောင်ထွတ်အစွန်းတွင် မော့ကျန်းသုန့် ရှိမနေသည့်အတွက် ကျန်းလန် အံ့အားသင့်နေမိသည်။
အခြားအချိန်များတွင် ဆရာ့ကိုမတွေ့ရလျှင် ပြဿနာမရှိသော်လည်း ယခုက သူ့တွင် ဆရာနှင့်တိုင်ပင်စရာ ပြဿနာတစ်ခု ရှိနေခဲ့သည်။
သူ အခြေအနေများကို စောင့်ကြည့်နေခဲ့သော်လည်း နဝမတောင်ထွတ်တင် မည်သည့်ပြဿနာမှ ဖြစ်မလာခဲ့ပေ။ ထို့ပြင် အစီအရင်များလည်း ပြုလုပ်ထားသောကြောင့် ငရဲတံခါးသည်လည်း စိတ်ချရသည့်အနေအထားတွင် ရှိသည်။
သို့သော် ကျောက်စိမ်းရေကန်မှ ပြဿနာကို ဆရာဖြစ်သူကို ပြောပြနိုင်မှသာ အခြားသောတောင်သခင်များလည်း ပြဿနာကို အဖြေရှာနိုင်မည် ဖြစ်သည်။
မဟုတ်ပါက ကျောက်စိမ်းရေကန်ပြဿနာကို ဖြေရှင်းရန် အချိန်နှောင်းသွားမည်ကို စိုးရိမ်ရသည်။
"အပြင်ထွက်ပြီး နည်းနည်းပါးပါး လေ့လာကြည့်ဦးမှ ထင်တယ်"
ကျန်းလန် တွေးလိုက်သည်။
"ငါလည်းဘာကိစ္စမှ စုံစမ်းလို့မရဘူး ၊ ပြီးတော့ ဆရာလည်း ပြန်မလာဘူးဆိုရင်တော့ အဋ္ဌမတောင်ထွတ်က ဆရာဦးလေးဆီသွားပြီး ဆရာဘယ်သွားလဲဆိုတာ စုံစမ်းရမှာပဲ"
ကျန်းလန်က ပဉ္စမတောင်ထွတ်မှ ဆရာဒေါ်လေးနှင့် ပိုမိုရင်းနှီးသော်လည်း သူမက သူ့အတွက် အန္တရယ်ရှိသည်ဟု ခံစားရသောကြောင့် အဋ္ဌမတောင်ထွတ်မှ ဆရာဦးလေးဆီသွားရောက်ရန် ဆုံးဖြတ်ရခြင်း ဖြစ်၏။
ထို့နောက် ကျန်းလန်က နဝမတောင်ထွတ်ပတ်ဝန်းကျင်တစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် တောင်ပေါ်မှ ဆင်းလာခဲ့သည်။
***
ခွန်လွန်တောင်အထက်ကောင်းကင်ယံ…
အင်မော်တယ်အများစုပင် ရောက်ရှိနိုင်ရန်ခက်ခဲသည့် အာကာသဟင်းလင်းပြင်ထဲတွင် အနက်ရောင်မြူခိုးများက တိမ်တိုက်များပမာ တလိမ့်လိမ့်ဖြင့် ဆင်းသက်လာလေသည်။
အနက်ရောင်မြူခိုးများအလယ်တွင် လူသားမျက်နှာကြီးတစ်ခု ရှိနေပြီး ထိုမျက်နှာကြီးက ပါးစပ်ကြီးကို ဖြဲကာ ခွန်လွန်တောင်တစ်ခုလုံးကို မျိုချတော့မည့်အလား ထင်မှတ်ရသည်။
အနက်ရောင်မြူခိုးများမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားများကလည်း ခွန်လွန်တောင်တစ်ခုလုံးကို ဖိနှိပ်တော့မည့်အလားပင်။
ရုတ်တရက်…
ထိုအနက်ရောင်မြူခိုးများရှေ့တွင် လူ (၄)ယောက် ပေါ်လာသည်။
ထိုသူ (၄)ယောက်က ချက်ချင်းပင် လိုက်ဖက်ညီစွာ လှုပ်ရှားလိုက်ကြပြီး အနက်ရောင်မြူခိုးများကို ပိတ်ဆို့ဟန့်တားလိုက်ကြသည်။
တန်ခိုးစွမ်းအားရိုက်ခတ်မှုက မပြင်းထန်လှသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွား၏။
"တစ္ဆေတိုင်းပြည်က တိုင်းပြည်ကံကြမ္မာချီစွမ်းအားကို စေလွှတ်လိုက်တာပဲ ၊ ကြည့်ရတာ ကျုပ်တို့ခွန်လွန်တောင်ကို အတော်လေး အထင်ကြီးနေပုံရတယ်"
အနက်ရောင်မြူခိုးများရှေ့တွင် ရပ်နေသူ (၄)ယောက်အနက် တစ်ယောက်က အသံတိုးတိုးဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
ထိုသူက အခြားသူမဟုတ်ပေ။ ဒုတိယတောင်ထွတ်၏တောင်သခင် လျိုကျင်းပင် ဖြစ်၏။
ပဉ္စမတောင်ထွတ် ၊ အဋ္ဌမတောင်ထွတ်နှင့် နဝမတောင်ထွတ်တို့၏ တောင်သခင်များက လျိုကျင်း၏နောက်ဘက်တွင် ရပ်နေကြသည်။
တစ္ဆေတိုင်းပြည်၏ တိုင်းပြည်ကံကြမ္မာချီစွမ်းအား ရုတ်တရက်ရောက်လာခြင်းက တောင်သခင်များကို အံ့အားသင့်သွားစေသည်။ ထို့ပြင် တစ်ဖက်လူ၏ လှုပ်ရှားမှုများကလည်း သာမန်သိစိတ်ဖြင့် ခန့်မှန်း၍ မရနိုင်ပေ။
တစ္ဆေတိုင်းပြည်က ခွန်လွန်တောင်ကို တိုက်ခိုက်ရန် အချိန်ယူဦးမည်ဟု တောင်သခင်များ မျှော်လင့်ခဲ့ကြသော်လည်း ယခုတော့ တစ်ဖက်လူ၏လှုပ်ရှားမှုက လျှင်မြန်လွန်းလှသည်။
ထို့ပြင် ရောက်လာသည်က တစ္ဆေတိုင်းပြည်၏အရေးပါသည့်အချိန်များတွင် အသုံးပြုသည့် တိုင်းပြည်ကံကြမ္မာချီစွမ်းအားဖြစ်နေလေရာ သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခု တိုက်ခိုက်လိုဟန် ရှိနေသည်။
ထိုအကြောင်းများကို သိသိချင်းပင် တောင်သခင် (၄)ပါး ရောက်ရှိလာပြီး ရန်သူကို ပိတ်ဆို့တားဆီးလိုက်ကြခြင်း ဖြစ်သည်။
မော့ကျန်းသုန့်လည်း မည်သို့မှ မရှောင်လွှဲနိုင်ဘဲ အခြားတောင်သခင်များနှင့်အတူ ရောက်လာရသည်။
အဘယ်ကြောင့်ဆိုသော် တစ္ဆေချီစွမ်းအားများက မရဏအငွေ့အသက်များနှင့် ဆင်တူလေရာ သူ၏ တန်ခိုးစွမ်းအားဖြင့် ရင်ဆိုင်တိုက်ခိုက်ရန် အသင့်တော်ဆုံး ဖြစ်နေသောကြောင့်ပင်။
မဟုတ်ပါက သူက နဝမတောင်ထွတ်မှ တစ်ဖဝါးမှခွာမည် မဟုတ်ပေ။
"ဟား ဟား ဟား…"
အနက်ရောင်မြူခိုးများထဲမှ ကြောက်မက်ဖွယ်ရာ ရယ်သံကြီးတစ်ခု ထွက်ပေါ်လာသည်။
"တစ္ဆေတိုင်းပြည်က တိုင်းပြည်ကံကြမ္မာချီစွမ်းအား ဆင်းသက်လာတာနဲ့ တောင်သခင် (၇)ပါးက ချက်ချင်းသိသွားကြတာပဲနော် ၊ ဒါပေမဲ့ တောင်သခင် (၇)ပါးလုံး ရောက်မလာဘဲ တောင်သခင် (၄)ပါးပဲ ရောက်လာတယ်ဆိုတော့… ဘာလဲ… ခွန်လွန်တောင်က ကျုပ်တို့ တစ္ဆေတိုင်းပြည်ကို အထင်သေးတာလား"
လျိုကျင်းက…
"မင်းတို့က ဘာဖြစ်ချင်တာလဲ"
ယခု အခြေအနေက ညှိနှိုင်းရမည့် အခြေအနေမဟုတ်ပေ။ ထိပ်တိုက်ရင်ဆိုင်ရမည့် အခြေအနေဖြစ်သည်။
ထို့ကြောင့် မြောင်ယွဲ့က ဦးဆောင်စကားပြောဆိုခြင်းမပြုဘဲ လျိုကျင်းက ဦးဆောင်နေခြင်း ဖြစ်သည်။
အနက်ရောင်တစ္ဆေချီစွမ်းအားများအတွင်းမှ မျက်နှာကြီးက ပြုံးရယ်လိုက်ရင်း…
"ကျုပ်တို့ ဘာဖြစ်ချင်တာလဲဆိုတော့… ကျုပ်လည်း မသိဘူးလေ"
လျိုကျင်း မျက်မှောင်ကြုတ်လိုက်သည်။
ထိုစဉ် တစ္ဆေချီစွမ်းအားအတွင်းမှ စကားသံတစ်သံ ထပ်မံထွက်ပေါ်လာသည်။
"ကျုပ်တို့ တစ္ဆေတိုင်းပြည်က လူတွေက အပြစ်ကင်းစင်ပြီး ရိုးသားတယ်ဆိုတာ မင်းတို့ ခွန်လွန်တောင်ကလူတွေလည်း သိကြပါတယ်လေ ၊ ဆိုတော့… ကျုပ်တို့က လူသားတွေရဲ့ ကောက်ကျစ်ယုတ်မာမှုတွေကို နားမလည်ဘူး"
ခဏနားပြီးမှ တစ္ဆေမျက်နှာကြီးက စကားဆက်ပြောသည်။
"ဘယ်အချိန်က စ နေမှန်း မသိပေမယ့် အခုဆိုရင် စွန့်ပစ်နယ်မြေအသီးသီးက အင်အားစုတွေ ဘာအကြောင်းပြချက်မှ မရှိဘဲ အချင်းချင်းတိုက်ခိုက်ဖို့ တာဆူနေကြပြီ ၊ သူတို့ ဘာလို့တိုက်ခိုက်ကြသလဲဆိုတာ မင်းတို့နားလည်ကြသလား ၊ ကျုပ်တို့တော့ နားမလည်ဘူး"
လျိုကျင်းက...
"အဲဒါ သူတို့ကိစ္စလေ ၊ သူတို့ကိုသွားမေးရမှာပေါ့"
အနက်ရောင်မြူခိုးများအတွင်းမှ မျက်နှာကြီးက…
"သူတို့ကိုသွားမေးဖို့က ဝေးလွန်းတယ် ၊ ဒီတော့ နီးနီးနားနားက မင်းတို့ကိုလာမေးရတာပေါ့ ၊ ပြီးတော့ ခွန်လွန်တောင်က လူသားတွေအပေါ် လွှမ်းမိုးမှုရှိတဲ့ အင်အားစုတစ်ခုပဲ မဟုတ်လား ၊ လူသားတွေက ဉာဏ်ကောင်းပေမယ့် စိတ်ထားက ညစ်ပတ်ပုပ်စပ်လွန်းတယ် ၊ ဒီတော့ လောကကြီးတစ်ခုလုံး ဘာတွေဖြစ်နေလဲဆိုတာ မင်းတို့တွေ သိကိုသိရမယ် ၊ မသိဘူးဆိုတာ လုံးဝမဖြစ်နိုင်ဘူး"
ထို့နောက် အနက်ရောင်မြူခိုးများအတွင်းမှ တစ္ဆေမျက်နှာကြီးက ပြုံးလိုက်ရင်း စကားဆက်ပြောသည်။
"မင်းတို့တွေ အကြောင်းရင်းကို ပြောပြမယ်ဆိုလည်း ကျုပ်တို့ဘက်က လက်ခံပါတယ် ၊ ပြောမပြဘူးဆိုရင်တော့ ကျုပ်တို့ဘက်က တိုက်ခိုက်ရလိမ့်မယ် ၊ ကျုပ်တို့ တစ္ဆေတိုင်းပြည်က မင်းတို့ကိုကြောက်ပြီး နောက်ဆုတ်သွားမယ်တော့ မထင်လေနဲ့ ၊ ဒီတော့ လောကကြီးတစ်ခုလုံး ဘာဖြစ်နေလဲဆိုတာ ပြောပြရင် ပြောပြကြ ၊ မဟုတ်လို့ကတော့ မင်းတို့ကို တိုက်ပြီပဲ"
တောင်သခင် (၄) ပါး...
"................"
တိုက်ခိုက်ရသည့်အကြောင်းရင်းက အခြေအမြစ်နည်းလွန်းသည်။
အမှန်ဆိုလျှင် ခွန်လွန်တောင်အနေဖြင့် တစ္ဆေတိုင်းပြည်နှင့် တိုက်ခိုက်လိုစိတ် မရှိပေ။
နတ်မိစ္ဆာများ ၊ နဂါးမျိုးနွယ်များနှင့် လူသားများကို တိုက်ခိုက်ရသည်က ပြဿနာ မရှိပေ။ ထိုသူများက ကြောက်စိတ်ရှိကြသူများ ဖြစ်ကြသည်။
သို့သော် တစ္ဆေတိုင်းပြည်ကတော့ သေရမည်ကို ကြောက်ရွံ့သူများ မဟုတ်ကြပေ။ သူတို့နှင့်တိုက်ခိုက်ခြင်းက အဆုံးမသတ်နိုင်သည့် တိုက်ပွဲတစ်ခုကို အချိန်ကုန်လူပန်းဖြင့် ရင်ဆိုင်ကြရပေလိမ့်မည်။
သို့ရာတွင် ရန်သူဘက်က တိုက်ခိုက်လိုသည်ဆိုလျှင်တော့ ခွန်လွန်တောင်အနေဖြင့်လည်း ကြောက်ရွံ့နေမည် မဟုတ်ပေ။
မြောင်ယွဲ့က...
"ဒါဖြင့် တိုက်ခိုက်ကြရင် ရှင်တို့ တစ္ဆေတိုင်းပြည်က ကျွန်မတို့ ခွန်လွန်တောင်ကို ရှုံးနိမ့်သွားမှ မကြောက်ဘူးလား ၊ ရှင်တို့ဘက်က စစ်ရှုံးပြီဆိုတာနဲ့ နဂါးမျိုးနွယ်တွေ ၊ နတ်မိစ္ဆာတွေက ရှင်တို့ကို လာပြီးတိုက်ခိုက်ကြလိမ့်မယ် ၊ ဒါဆို သူတို့လုပ်နေတဲ့အလုပ်တွေကို ရှင်တို့ ဘယ်တော့မှ သိခွင့်ရတော့မှာ မဟုတ်ဘူး"
တစ္ဆေမျက်နှာကြီးက…
"ကျုပ်တို့ကို ခြိမ်းခြောက်မနေပါနဲ့လေ ၊ တကယ်တမ်း ကြောက်ရမယ့်သူက ကျုပ်တို့မဟုတ်ဘူး… မင်းတို့ ခွန်လွန်တောင်ပဲ ၊ ပြီးတော့ နဂါးမျိုးနွယ်တွေ ၊ နတ်မိစ္ဆာတွေနဲ့ တခြားအင်အားစုတွေက ကျုပ်တို့တစ္ဆေတိုင်းပြည်ထက် မင်းတို့ခွန်လွန်တောင်ကို ပိုပြီးမုန်းတီးနေကြတာလေ"
ထို့နောက် တစ္ဆေဆန်လှသည့် လူသားမျက်နှာကြီးက ကြောက်မက်ဖွယ်ရာ ရယ်မောလိုက်၏။
"ပြီးတော့ ခွန်လွန်တောင်ဂိုဏ်းချုပ်က တံခါးပိတ်ကျင့်ကြံရာကနေ ထွက်မလာသေးသရွေ့ မင်းတို့တောင်သခင်တွေ ကျုပ်တို့ကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး ၊ ပြီးတော့ မင်းတို့ တောင်သခင် (၉)ပါးမှာ (၂)ပါးကလည်း တိုက်ခိုက်နိုင်မှာ မဟုတ်ဘူးလေ ၊ တကယ်တမ်း ခွန်လွန်တောင်ကို ဦးဆောင်နေတာ မင်းတို့ (၇)ယောက်ပဲ ရှိတာဆိုတော့ တိုက်ပွဲမှာ အနိုင်ရရင်တောင်မှ မင်းတို့ဘက်က ပေးဆပ်ရတဲ့တန်ဖိုးကလည်း နည်းမှာမဟုတ်ဘူး ၊ ဟက်… ခွန်လွန်တောင်က ဘယ်ကောင်အရင်ဆုံး အသက်ပျောက်မလဲဆိုတာတောင် မသိနိုင်ဘူး"
မြောင်ယွဲ့ မည်သည့်စကားမှ ဆက်မပြောတော့ပေ။
တစ္ဆေတိုင်းပြည်မှလူများက ငတုံးများမဟုတ်သည်ကိုတော့ ဝန်ခံရမည် ဖြစ်သည်။ သူတို့က အားလုံးအဆင့်သင့်ပြင်ဆင်ပြီးမှ ရောက်လာကြခြင်း ဖြစ်သည်။
မြောင်ယွဲ့က...
"ကြည့်ရတာ သူတို့မှာ အခြားအကြံအစည်ရှိပုံရတယ်"
လျိုကျင်းက ခေါင်းညိတ်လိုက်သည်။
ပြီးမှ သူက တစ္ဆေမျက်နှာကြီးကို လှမ်းကြည့်လိုက်ပြီး…
"မင်းတို့မှာ တခြားအကြံအစည် ရှိသေးတယ် မဟုတ်လား"
တစ္ဆေမျက်နှာကြီး ရှုံ့တွသွား၏။
"လူသားတွေက အရမ်းဉာဏ်ကောင်းတယ်"
ပြီးမှ တစ္ဆေမျက်နှာကြီးက ဆက်ပြော၏။
"ကျုပ်တို့တစ္ဆေတိုင်းပြည်က အင်အားကြီးမားသလို ခွန်လွန်တောင်ကလည်း အင်အားမနည်းဘူးလေ ၊ ဆိုတော့ တိုက်ပွဲကို ရှောင်လွှဲနိုင်မယ့် အခွင့်အရေးတစ်ခု ရှိတယ်"
ကျိုးကျုန်းထျန်းက…
"ဘာအခွင့်အရေးလဲ"
တစ္ဆေမျက်နှာကြီးက…
"အခု ကျုပ်တို့ရဲ့ တစ္ဆေစစ်သည်တော်တွေ ခွန်လွန်တောင်ကို လာကြလိမ့်မယ် ၊ မင်းတို့ ခွန်လွန်တောင်က တပည့်တွေက တစ္ဆေစစ်သည်တော်တွေရဲ့တိုက်ခိုက်မှုကို တားဆီးနိုင်မယ်ဆိုရင် ကျုပ်တို့က မင်းတို့ကို အန္တရယ်မပြုဘဲ နတ်မိစ္ဆာတွေကို သွားတိုက်မယ်"
ခဏနားပြီးမှ တစ္ဆေမျက်နှာကြီးက ဆက်ပြောသည်။
"မင်းတို့တပည့်တွေက တစ္ဆေစစ်သည်တော်တွေကို မတားဆီးနိုင်ဘူးဆိုရင်တော့ ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ မင်းတို့က ကျုပ်တို့ကို ပြောပြရလိမ့်မယ် ၊ အကြောင်းရင်းသိရပြီဆိုတာနဲ့ ကျုပ်တို့ဘက်က မင်းတို့ကို အန္တရယ်မပြုဘဲ တခြားကိုပဲ အာရုံစိုက်တော့မယ် ၊ ဘယ်လိုလဲ"
တောင်သခင် (၄)ပါး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
တစ်ဖက်လူ၏ အစီအစဉ်ကိုလည်း ချက်ချင်း သဘောပေါက်သွားကြသည်။
တစ္ဆေတိုင်းပြည်က အင်အားအသုံးပြုပြီး သူတို့ထံမှ လျှို့ဝှက်သတင်းများကို သိရှိရန် ကြိုးစားနေခြင်း ဖြစ်သည်။ ထို့ပြင် တစ္ဆေတိုင်းပြည်၏ တိုင်းပြည်ကံကြမ္မာချီစွမ်းအား ရောက်ရှိလာသည်ကို ကြည့်ခြင်းအားဖြင့် ဤကိစ္စကို အလေးအနက်ထားသည်မှာ သေချာသည်။
အတန်ကြာငြိမ်သက်နေပြီးမှ လျိုကျင်းက ပြောလိုက်သည်။
"ကောင်းပြီ ၊ မင်းစကားတည်ပါစေလို့ မျှော်လင့်တယ်"
"ဟားဟား… လူသားတွေက သိပ်ကို ကောက်ကျစ်တယ် ၊ စကားမတည်တာဆိုလို့ လူသားတွေဘက်ကပဲ စကားမတည်တာ ရှိလိမ့်မယ် ၊ ဟက်… ဒီကစားပွဲပြီးသွားရင် ကျုပ်တို့ တစ္ဆေတိုင်းပြည်က လူတွေကို မင်းတို့လူသားတွေက ကတိဖျက်ပြီး သတ်မပစ်ရဲဘူးလို့ ပြောနိုင်မလား ၊ မင်းတို့မလုပ်ရဲတာ ဘာရှိလို့လဲ"
တစ္ဆေမျက်နှာကြီးက ပြုံးနေဆဲ ဖြစ်သည်။
"အိုး… မင်းတို့အတွင်းရေးတွေကို မပြောချင်ပေမယ့် မင်းတို့ တောင်သခင် (၉)ပါးလုံးလည်း တိုက်ခိုက်နိုင်မှာ မဟုတ်ပါဘူးကွာ ၊ ဒီတော့ တိုက်ပွဲမဆင်နွှဲတာ အကောင်းဆုံးပါပဲ ၊ မင်းတို့ တပည့်တွေအတွက်တော့ စိတ်မပူပါနဲ့ ၊ ကျုပ်တို့ရဲ့ တစ္ဆေစစ်သည်တော်တွေက သိပ်ပြီး စွမ်းအားမကြီးမားကြပါဘူး ၊ ဒါပေမဲ့ သူတို့ကို တားဆီးဖို့တော့ မလွယ်ဘူးပေါ့"
လျိုကျင်းနှင့် အခြားသူများ မျက်မှောင်ကြုတ်လိုက်မိကြသော်လည်း မည်သည့်စကားမှ မပြောကြတော့ပေ။
သူတို့က နေရာတွင်သာ မတ်တတ်ရပ်နေကြသည်။
တစ္ဆေတိုင်းပြည်မှ တိုင်းပြည်ကံကြမ္မာချီစွမ်းအား တည်ရှိနေသရွေ့ သူတို့ ဤနေရာမှ ထွက်ခွာသွားရန် မဖြစ်နိုင်ပေ။ ထိုအရာကို တားဆီးထားရမည် ဖြစ်သည်။
မဟုတ်ပါက တစ္ဆေတိုင်းပြည်မှ မည်သို့ ပြဿနာရှာမည်ကို မသိရှိနိုင်ပေ။
ကစားပွဲကတော့ ခွန်လွန်တောင်မှ တပည့်များအပေါ်တွင် မူတည်နေပြီ ဖြစ်သည်။ သူတို့ကတော့ ကစားပွဲ အဖြေထွက်လာသည်အထိ စောင့်ဆိုင်းရပေလိမ့်မည်။
နောက်ပိုင်းကိစ္စများကတော့ အခြေအနေအပေါ် မူတည်ပြီး ဆုံးဖြတ်ရမည်ဖြစ်၏။
***
တတိယနေ့။
ကျန်းလန် နဝမတောင်ထွတ်အစွန်းသို့ ရောက်လာပြန်သည်။
သို့သော် ဆရာဖြစ်သူ၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။
"တစ်ခုခုများ ဖြစ်နေတာလား"
ကြီးကြီးမားမား ပြဿနာမရှိဘဲ ဆရာဖြစ်သူက နဝမတောင်ထွတ်မှ ထိုမျှရက်ကြာအောင် ထွက်ခွာမသွားတတ်ပေ။
မည်သို့သော ပြဿနာများ ဖြစ်နေပါသနည်း။ ထိုပြဿနာက ကျောက်စိမ်းရေကန်မှ အနက်ရောင်အခိုးအငွေ့များနှင့် ဆက်စပ်နေပါသလား။
သူပင်ထိုကိစ္စကိုရိပ်မိလျှင် ဆရာဖြစ်သူလည်း သိရှိမည်ပဲ ဖြစ်သည်။
"တောင်အောက်ဆင်းပြီး လေ့လာကြည့်ဦးမှပဲ ၊ တောင်သခင်တွေများ အစည်းအဝေးရှိတာလား မသိဘူး"
ဆရာတစ်ယောက်တည်း ပျောက်ဆုံးနေလျှင် ပြဿနာက မကြီးမားသော်လည်း အခြားသောတောင်သခင်များပါ ပျောက်ဆုံးနေလျှင်တော့…
သေချာပေါက် ကြီးမားသည့် ပြဿနာကြီးတစ်ခု ရင်ဆိုင်နေရပြီကို ညွှန်ပြသည်။
ထိုပြဿနာကြီးကို သိရှိရန် လိုအပ်လေသည်။