← Chapters

အကူအညီတောင်းသူ

Vol. 17 Ch. 234

အကူအညီတောင်းသူ

Vol. 17 Ch. 234

အခန်း (၂၃၄) အကူအညီတောင်းသူ

ကျန်းလန် အဋ္ဌမတောင်ထွတ်သို့ သွားရာလမ်းတွင် လမ်းလျှောက်လာသည်။

သူ့ဆရာသာမက အခြားသောတောင်သခင်များလည်း တောင်ပေါ်တွင် မရှိကြဘူးဆိုလျှင် ဆရာဖြစ်သူအတွက် သူ စိတ်ပူစရာ မရှိတော့ပေ။

တိုက်ခိုက်ရမည့်ကိစ္စများ ရှိလာပါက အဋ္ဌမတောင်ထွတ်၏ တောင်သခင်က သေချာပေါက် ရှေ့တန်းထွက်ရမည်ဖြစ်သည်။

ကျိုးကျုန်းထျန်းက အားနည်းချက်မရှိသည့် တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်သည်။

ထို့ကြောင့် ဤရက်ပိုင်း အဋ္ဌမတောင်ထွတ်၏ တောင်သခင် တောင်ပေါ်တွင် ရှိနေသည်လားဆိုသည့်အချက်ကို ကျန်းလန် အရေးတကြီး သိချင်မိသည်။

အဋ္ဌမတောင်ထွတ်သို့ သွားရာလမ်းက ကျယ်ကျယ်ဝန်းဝန်းရှိပြီး ပတ်ဝန်းကျင်တစ်ခုလုံး သစ်ပင်များဖြင့် အုံ့ဆိုင်းလျှက် ရှိသည်။

တောင်ပေါ်စမ်းချောင်းလေးက စီးဆင်းနေပြီး ကြည့်မြင်ရသည်က မျက်စိပသာဒ ဖြစ်စေသည်။

သစ်ပင်ပန်းပင်များ၏ လတ်ဆတ်သည့်ရနံ့သင်းသင်းများကလည်း စိတ်ကိုလန်းဆန်းစေသည်။ အဋ္ဌမတောင်ထွတ်၏ နေရာတိုင်းတွင် သစ်ပင်ပန်းပင်များက စိမ်းလန်းလျှက် ရှိလေသည်။

ထိုသစ်ပင်များက ရုတ်တရက်ကြည့်လျှင် သာမန်ဟုပင် ထင်စရာရှိသော်လည်း တကယ်တမ်းတွင် ဓားဝိညာဉ်အငွေ့အသက်များ စီးဆင်းလျှက် ရှိနေသည်။

အမှန်တော့ ဤသစ်ပင်များက စွမ်းအားမြင့်မားသည့် ဓားဝိညာဉ်အစီအရင်တစ်ခု ဖြစ်သည်။

ခွန်လွန်တောင်၏ အဓိကတောင်ထွတ်များအားလုံးတွင် အကာအကွယ်အစီအရင်များစွာ ပြုလုပ်ထားကြသည်။ သို့သော် နဝမတောင်ထွတ်တွင်တော့ အစီအရင်အနည်းငယ်သာ ရှိသည်။

ကျန်းလန် တောင်ပေါ်ရောက်စကဆိုလျှင် အစီအရင် တစ်ခုတစ်လေပင် မရှိပေ။ ယခုမှသာ တဖြည်းဖြည်းများပြားလာခြင်း ဖြစ်သည်။

ယခင်က အစီအရင်များ မရှိသည်မှာ ဆရာဖြစ်သူက မလိုအပ်သောကြောင့် ပြုလုပ်မထားခြင်းလည်း ဖြစ်နိုင်သလို ဆရာဖြစ်သူကိုယ်တိုင်ကလည်း အစီအရင်ပညာတွင် အားနည်းသောကြောင့် ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ နဝမတောင်ထွတ်အတွက် အရေးကြီးဆုံးမှာ ငရဲတံခါးဖြစ်လေရာ ထိုနေရာကို သတိထားစောင့်ကြည့်နိုင်သရွေ့ အခြားမည်သည့်ပြဿနာမှ ရှိမည် မဟုတ်ပေ။

သို့ရာတွင် ကျန်းလန်က တန်ခိုးစွမ်းအားနည်းပါးသူတစ်ယောက်ဖြစ်လေရာ အစီအရင်များ ပြုလုပ်ထားခြင်းက သူ့ကို စိတ်သက်သာရာရစေသည်။

မမျှော်လင့်သည့် အန္တရယ်ကျရောက်လာပါက အစီအရင်များက ယာယီတားဆီးထားနိုင်မည် ဖြစ်သည်။

ဆရာဖြစ်သူက တောင်ပေါ်တွင် အမြဲရှိနေသည့်တိုင် သူကလည်း သတိမရှိဘဲ မနေဝံ့ပေ။

နဝမတောင်ထွတ်တွင် ဆရာမရှိသည့် နေ့ရက်များအတွက် သူကြိုတင်ပြင်ဆင်ထားရမည် ဖြစ်သည်။

ယခုကဲ့သို့ ဆရာပျောက်နေသည့် နေ့ရက်များတွင် ကျန်းလန်တစ်ယောက်တည်းသာ ငရဲတံခါးကို စောင့်ရှောက်ရမည် ဖြစ်သည်။

ယခုဆိုလျှင် ဆရာမရှိသည်မှာ အချိန် (၃)ရက်ပင် ကြာမြင့်ခဲ့ပြီ မဟုတ်ပါလား။

အဋ္ဌမတောင်ထွတ် ၊ ဓားဝိညာဉ်တောင်ကမ်းပါး…။

ဓားဝိညာဉ်တောင်ကမ်းပါးဆိုသည်က အဋ္ဌမတောင်ထွတ်မှ တပည့်များ ကျင့်ကြံခြင်းပြုလုပ်ရာနေရာဖြစ်သည်။

ဤနေရာတွင် ဓားသိုင်းလေ့ကျင့်နေသူများလည်းရှိသလို ဓားပေါ်တွင် ပျံသန်းရန် ကြိုးစားနေကြသူများလည်း ရှိသည်။ အချို့ကျင့်ကြံသူများကလည်း စကားစမြည်အတင်းအဖျင်း ပြောဆိုနေကြသည်။

ကျင့်ကြံခြင်းအဆင့်မြင့်မားသည့် တပည့်များကို သိပ်မတွေ့ရဘဲ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသည့် တပည့်ငယ်များကိုသာ အများဆုံးတွေ့ရသည်။

ကျန်းလန် ဓားဝိညာဉ်တောင်ကမ်းပါးသို့ ရောက်ရှိလာသည်။

သူက စကားစမြည်ပြောဆိုနေကြသည့် တပည့်များအနားတွင် ယောင်လည်လည်လုပ်ရင်း အဋ္ဌမတောင်ထွတ်၏ တောင်သခင် တောင်ပေါ်တွင် ရှိ မရှိ သတင်းစုံစမ်းကြည့်လိုက်သည်။

သို့သော် မည်သည့်သတင်းမှ မရသည့်အတွက် မိစ္ဆာနဂါးနေထိုင်ရာ ရေကန်သို့ သွားရောက်ပြီး ဂိုဏ်းတူအစ်ကိုလုကျန်းကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

ကျန်းလန် ထွက်ခွာရန်ဟန်ပြင်လိုက်စဉ်မှာပင် လူငယ်လေးတစ်ယောက်ကို ရုတ်တရက်တွေ့လိုက်ရသည်။

သူ့မျက်ဝန်းများက စူးရှတောက်ပနေပြီး ခန္ဓာကိုယ်ထက်တွင်လည်း ထူးခြားသည့် ဓားဝိညာဉ်အငွေ့အသက်ကို တွေ့မြင်ရသည်။

ကြည့်ရသည်မှာ မွေးရာပါ ဓားခန္ဓာဖြင့်မွေးဖွားလာဟန် ရှိသည်။ အလွန်ပါရမီကောင်းလွန်းလှသည့် တပည့်အသစ်လေး ဖြစ်၏။

ယခုမှ ချီစွမ်းအားသန့်စင်ခြင်းအဆင့် အောင်မြင်ထားရုံမျှသာ ရှိသေးသည်။ မကြာမီ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်ရောက်တော့မည် ဖြစ်သည်။

ထိုတပည့်လေးနာမည်က ချွိယွင်ကျီ ဖြစ်၏။

သူက ကျန်းလန်ကို ဂါရဝပြုနှုတ်ဆက်လိုက်သည်။

"ဂိုဏ်းတူအစ်ကိုကြီးကို နှုတ်ဆက်ပါတယ်"

တပည့်အငယ်တစ်ယောက်က သူ့ကို အာရုံခံနိုင်ပြီး နှုတ်ဆက်စကားဆိုလိုက်သည်ကို ကျန်းလန် အံ့အားသင့်သွားခြင်း မရှိပေ။

ခွန်လွန်တောင်တွင် ပါရမီရှင်များစွာ ရှိလေရာ သူ့ကို အာရုံခံနိုင်စွမ်းရှိသူ များစွာရှိကြသည်ပင်။

အရင်က သူ၏တည်ရှိမှုကို အာရုံခံမိသူ ရွှေပြဒါးအမြုတေအဆင့် တပည့်တစ်ယောက်ကတော့ တောင်သခင် (၂)ပါး လက်ချက်ဖြင့် ဇာတ်သိမ်းသွားခဲ့ပြီ ဖြစ်သည်။

အမှန်တော့ တောင်သခင် (၂)ပါး တကူးတက လာရောက်သတ်ဖြတ်ခြင်းကို ခံရသည်မှာ ဂုဏ်ယူစရာပင် ကောင်းလှသည်။

ကျန်းလန်ကတော့ ထိုသို့သော ဂုဏ်အသရေမျိုးကို မလိုချင်မိပေ။ သေရုံကလွဲပြီး ဘာမှမရနိုင်သည့် ဂုဏ်အသရေမျိုး ဖြစ်နေသည် မဟုတ်ပါလား။

ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူ မပြောနှင့် ၊ ကျန်းလန်သည်ပင် တောင်သခင် (၂)ပါးကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ တောင်သခင်များတွင် မည်သည့်တောင်သခင်မှ တန်ခိုးစွမ်းအားနည်းပါးခြင်း မရှိပေ။

ကျန်းလန်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…

"ဂိုဏ်းတူညီလေး ဘာကိစ္စများရှိလို့လဲ"

ဟု မေးလိုက်၏။

သူ့အသံက အေးဆေးပြီး ရင်းရင်းနှီးနှီးရှိသည်။

ချွိယွင်ကျီက နှိမ့်ချဟန်ဖြင့်…

"ကျွန်တော်က ဂိုဏ်းတူအစ်ကိုကြီးကို ဓားသိုင်းပညာနဲ့ပတ်သက်ပြီး မေးစရာလေးနည်းနည်းရှိလို့ပါ ၊ ကျွန်တော့်စိတ်ထဲ မရှင်းလင်းတာတွေကို ဂိုဏ်းတူအစ်ကိုကြီးများ သင်ပြပေးနိုင်မလားလို့ပါ"

သူက ဆက်ပြောသည်။

"အခုရက်ပိုင်း ဆရာကလည်း တောင်ပေါ်မှာ မရှိဘူးလေ ၊ အခြားဂိုဏ်းတူအစ်ကိုတွေကလည်း တံခါးပိတ်ကျင့်ကြံတဲ့သူနဲ့ ၊ မအားတဲ့သူနဲ့  ၊ ဒါကြောင့် ဂိုဏ်းတူအစ်ကိုကြီးကို မေးရတာပါ"

ကျန်းလန်က…

"ဂိုဏ်းတူညီလေးရဲ့ ဆရာက အဋ္ဌမတောင်ထွတ်က အကြီးအကဲတစ်ယောက်လား"

ချွိယွင်ကျီက…

"ကျွန်တော့်ဆရာက အဋ္ဌမတောင်ထွတ်ရဲ့ တောင်သခင်ပါ"

ပြောပြီးသည်နှင့် ချွိယွင်ကျီက ကျန်းလန် မနာလိုဖြစ်သွားမည်လားဟု အကဲခတ်လိုက်သည်။

သို့သော် ကျန်းလန်မျက်နှာတွင် မည်သည့်အရိပ်အယောင်မှ မတွေ့မြင်ရပေ။

ကျန်းလန်က…

"ကျုပ်က ဓားသိုင်းသိပ်မကျွမ်းကျင်ပါဘူး ၊ ဒါကြောင့် မင်းမေးတဲ့မေးခွန်းတွေကို ဖြေနိုင်မှာ မဟုတ်ဘူး"

ကျန်းလန်က လိမ်ညာပြောခြင်း မဟုတ်ပေ။ သူက အမှန်တကယ်လည်း ဓားသိုင်းကျွမ်းကျင်သူ မဟုတ်ပေ။

အဋ္ဌမတောင်ထွတ်မှတပည့်များက သူ့ထက်ပိုပြီး ဓားသိုင်း ထူးချွန်ကြလေရာ သူက ဤလူငယ်လေးကို ကူညီနိုင်စွမ်းရှိမည် မဟုတ်ပေ။

ထို့ပြင် ဤလူငယ်လေးက တောင်သခင်၏တပည့်ဖြစ်လေရာ အလွန်ပါရမီထူးခြားသူဖြစ်သည်မှာ ထင်ရှားသည်။

ခွန်လွန်တောင်ရှိ တောင်ထွတ်များတွင် တောင်သခင်၏ တပည့်ဖြစ်ခွင့်ရခြင်းနှင့် တပည့်ရင်းဖြစ်ခွင့်ရခြင်းတို့မှာ ခပ်ရှားရှားကိစ္စ ဖြစ်သည်။

ပထမတောင်ထွတ်နှင့် အဋ္ဌမတောင်ထွတ်တွင် တပည့်များစွာ ရှိသော်လည်း တပည့်ရင်းများကတော့ များများစားစား မရှိကြပေ။

ထို့ပြင် ဤလူငယ်လေး၏ စကားမှတစ်ဆင့် အဋ္ဌမတောင်ထွတ်မှ တောင်သခင်သည်လည်း အခုရက်ပိုင်း တောင်ပေါ်တွင် မရှိကြောင်း ကျန်းလန် သိလိုက်ရသည်။

သို့ဆိုလျှင် သူ ဂိုဏ်းတူအစ်ကိုလုကျန်းကို သွားရောက်မေးမြန်းနေစရာ မလိုတော့ပေ။

ချွိယွင်ကျီက ပြုံးလိုက်ရင်း…

"ဂိုဏ်းတူအစ်ကိုက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေပြန်ပါပြီ ၊ ဒါက ကိစ္စသေးသေးလေးပဲကိုဗျာ"

နောက်ဆုံးတော့ ပညာစမ်းရန် သင့်တော်သည့် ဂိုဏ်းတူအစ်ကိုတစ်ယောက်ကို ရှာတွေ့ပြီဟု လူငယ်လေး တွေးလိုက်မိသည်။

ကျန်းလန်၏ အဝတ်အစားများကို ကြည့်ခြင်းအားဖြင့် ဤဂိုဏ်းတူအစ်ကိုသည် ဂိုဏ်းထဲရောက်သည်မှာ အနည်းဆုံး နှစ်ပေါင်း (၂၀၀) ကျော်ပြီဖြစ်ကြောင်း သူ ရိပ်မိသည်။

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

"ဒါဖြင့် ဘာသိချင်တာလဲ ပြောလေ"

ဤလူငယ်မေးသည်ကို ဖြေပြီးလျှင် သူ ပဉ္စမတောင်ထွတ်သို့ သွားရောက်ပြီး သတင်းစုံစမ်းရဦးမည် ဖြစ်သည်။

ပဉ္စမတောင်ထွတ်မှ တောင်သခင်မပါ မရှိဘူးဆိုလျှင်တော့ ခွန်လွန်တောင်တွင် ကိစ္စကြီးတစ်ခု ဖြစ်နေသည်မှာ သေချာသည်။

ထိုကိစ္စကြီးက သေချာပေါက် အနက်ရောင်အခိုးအငွေ့များနှင့် သက်ဆိုင်နေပေလိမ့်မည်။ သို့သော် ထိုကိစ္စက မည်သို့ အန္တရယ်ကြီးမားသည်ကို သူ မသိရှိနိုင်သေးပေ။

ခွန်လွန်တောင်အပြင်ဘက်သို့ထွက်ပြီး တစ်ချက်လောက် လေ့လာကြည့်ရန် လိုအပ်သည်။ လိုအပ်ပါက တိုက်ခိုက်မှု ပြုလုပ်ရမည် ဖြစ်၏။

ကျောက်စိမ်းရေကန်ကို တိုက်ခိုက်နေသည့် အနက်ရောင်အခိုးအငွေ့များက ရှောင်ယွိအတွက်လည်း အန္တရယ်ရှိသလို သူ ကျင့်ကြံရာတွင် အသုံးပြုရမည့် ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားကိုလည်း အန္တရယ်ပြုလာနိုင်သည်။

ပုန်းကွယ်နေသည့် အန္တရယ်ကို သည်အတိုင်းထား၍ မဖြစ်ပေ။

ချွိယွင်ကျီက ခပ်တိုးတိုးလေသံဖြင့်....

"ခုနစ်စဉ်ကြယ်ဓားသိုင်းနဲ့ပတ်သက်တာလေး နည်းနည်းလောက်မေးချင်လို့ပါဗျာ"

သူက ဆက်ပြောသည်။

"ကျွန်တော်က ဂိုဏ်းတူအစ်ကိုကြီးကို တစ်ကြိမ် ဓားသိုင်းကစားပြမယ် ၊ အဲဒီမှာ ကျွန်တော် နားမလည်တဲ့အချက်တစ်ခု ရှိနေတယ်"

ထို့နာက် ချွိယွင်ကျီက ခုနစ်စဉ်ကြယ်ဓားသိုင်းကို စတင်ကစားပြသည်။

ခုနစ်စဉ်ကြယ်ဓားသိုင်းက တော်ရုံလူသင်ယူနိုင်သည့် ဓားသိုင်း မဟုတ်ပေ။

ဤတပည့်လေးကတော့ ဓားသိုင်းပညာ ပါရမီရှိသလို သင့်တော်သည့်ရင်းမြစ်များလည်း ပြည့်စုံသူ ဖြစ်သည်။

ချွိယွင်ကျီက ခုနစ်စဉ်ကြယ်ဓားသိုင်းကို ကစားပြရင်း လက်ထဲမှဓားကို ဝှေ့ယမ်းလိုက်ရာ အလင်းရောင်များ ဖြာထွက်လာသည်။

သူက ခုနစ်စဉ်ကြယ်ဓားသိုင်းကို အတော်လေးကောင်းကောင်းမွန်မွန် ကစားပြနိုင်ပြီး အထင်ကြီးစရာလည်း ကောင်းလှသည်။

အရင်ကဆိုလျှင် ကျန်းလန် အချိန်များစွာပေးပြီး ထိုဓားသိုင်းကို ကြိုးစားလေ့ကျင့်ခဲ့ရသည်။ လေ့ကျင့်ရင်းဖြင့်သာ ကျွမ်းကျင်သည့်အဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

"ဝှစ်..."

ဓားက လေကိုထိုးခွင်းသွားသည်။

ထိုစဉ်မှာပင် ချွိယွင်ကျီ၏ ဓားကွက်များက မချောမွေ့တော့ဘဲ ရပ်တန့်သွားသည်။

"ကျွန်တော် နားမလည်တာ ဒီဓားကွက်နေရာပဲ"

ချွိယွင်ကျီက ကျန်းလန်ကို ပြောလိုက်သည်။

"ဒီနေရာကို ရောက်လာတာနဲ့ ဓားကွက်က မချောမွေ့တော့ဘူး ၊ အဲဒါ ဂိုဏ်းတူအစ်ကိုကြီး နည်းနည်းလောက်များ လမ်းညွှန်ပေးနိုင်မလား"

ဤကိစ္စကို ပတ်ဝန်းကျင်မှ တပည့်အတော်များများက ပြဇာတ်ကြည့်သလိုပင် အာရုံစိုက်နေကြသည်။

ကျန်းလန်က အခြားသူများကို အရေးမစိုက်ဘဲ သိမ်မွေ့သည့်လေသံဖြင့် ပြောလိုက်သည်။

"မင်းက စိတ်ကိုတင်းထားတာကိုး... စိတ်လျှော့ထားလေ"

ကျန်းလန်၏ စကားကိုကြားသည့်အခါ ချွိယွင်ကျီက အံ့အားသင့်သွားဟန်ဖြင့်…

"ကျွန်တော် ချီစွမ်းအားလှည့်ပတ်တာ တစ်ခုခု မှားနေတာလား ၊ အိုး ဒါနဲ့… ကျွန်တော် ခွန်လွန်တောင်ရောက်စတုန်းက ချီစွမ်းအားလှည့်ပတ်မှု ကျင့်စဉ်အသစ်တစ်ခုကို လေ့လာထားတာရှိတယ် ၊ အဲဒီချီစွမ်းအားလှည့်ပတ်တဲ့ပညာနဲ့ ဂိုဏ်းတူအစ်ကိုကို ဓားသိုင်းထပ်ကစားပြမယ် ၊ အဲဒီမှာမှ ပြဿနာရှိနေသေးရင် ကူညီပေးပါဗျာ"

ကျန်းလန် မျက်မှောင်ကြုတ်လိုက်သည်။

ဤတပည့်ငယ်လေးက နားမလည်သည်ကို မေးမြန်းရန် ကြိုးစားနေခြင်း မဟုတ်ပေ။ သူမည်မျှတော်ကြောင်း အခြားသူများကို ကြွားဝါလိုခြင်းသာ ဖြစ်သည်။

ထိုစဉ်မှာပင် လူငယ်လေးက ခုနစ်စဉ်ကြယ်ဓားသိုင်း စတင်ကစားပြ၏။ ယခုတစ်ကြိမ်တွင် ဓားသိုင်းက ပိုမိုလျှင်မြန်လာသည်။

မူလက နူးညံ့သိမ်မွေ့သည့် ခုနစ်စဉ်ကြယ်ဓားသိုင်းက အနည်းငယ်အေးစက်လာပြီး ဓားစွမ်းအားများလည်း တိုးတက်လာသည်။

"ဝှစ်…"

ဓားဝိညာဉ်ထွက်ပေါ်လာပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားနှင့် ညီမျှသည့် ဓားစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ဤသည်က ခုနစ်စဉ်ကြယ်ဓားသိုင်း၏ သန္ဓေတည်အစပြုခြင်းပုံစံ ဖြစ်သည်။

လူငယ်လေးက ခုနစ်စဉ်ကြယ်ဓားသိုင်း၏ သန္ဓေတည်အစပြုခြင်းပုံစံကိုပင် ထိတွေ့နားလည်နေပြီ ဖြစ်လေရာ ကျန်းလန် အနည်းငယ် အံ့အားသင့်သွားမိသည်။

ကျန်းလန်သည်ပင် ခုနစ်စဉ်ကြယ်ဓားသိုင်းကို ထိုလူငယ်လေးလောက် သေသေချာချာ လေ့လာမထားခဲ့ပေ။ သူက ဓားသိုင်း၏ တိုက်ရိုက်ဖွဲ့စည်းမှုကိုလေ့လာပြီး ဓားကွက်များကိုသာ ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။

သူ အလေးထား လေ့ကျင့်သည်က ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားနှင့် နွားရိုင်းကိုးကောင်စွမ်းအားသာလျှင် ဖြစ်သည်။

ဓားသိုင်းကစားခြင်း ပြီးဆုံးသွားတော့မှ ချွိယွင်ကျီက ကျန်းလန်ကို ကြည့်လိုက်ရင်း…

"ဂိုဏ်းတူအစ်ကိုကြီး ဘယ်လိုထင်လဲ ၊ ဒီဓားသိုင်းက ပြဿနာရှိနေတာလား ၊ ဒါမှမဟုတ် ကျွန်တော်က တကယ်ပဲ စိတ်တင်းကျပ်နေလို့ အဆင်မပြေဖြစ်နေတာလား"

သူက နှိမ့်ချစွာမေးနေခြင်းဖြစ်သော်လည်း စကားသံထဲတွင် မာနအရိပ်အငွေ့လေးများ ပါဝင်နေသည်။

ပတ်ဝန်းကျင်မှလူများကတော့ တီးတိုးပြောဆိုနေကြ၏။

တပည့်တစ်ယောက်က…

"သူက တမင်သက်သက် ဂိုဏ်းတူအစ်ကိုတစ်ယောက်ကို ဒုက္ခပေးပြန်ပြီ ၊ ပြောတာတော့ ခုနစ်စဉ်ကြယ်ဓားသိုင်းက လေ့ကျင့်ရခက်တယ်တဲ့ ၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတွေတောင် မလေ့ကျင့်နိုင်ဘူး ၊ ချီစွမ်းအားသန့်စင်ခြင်းအဆင့် ကျင့်ကြံသူဆိုရင် ပြောစရာတောင် မလိုဘူး ၊ ဒီဂိုဏ်းတူအစ်ကိုကြီးလို မူလဝိညာဉ်အဆင့် ကျင့်ကြံသူဆိုရင်လည်း နည်းနည်းပါးပါးလောက်ပဲ သိနိုင်မှာ"

အခြားတပည့်တစ်ယောက်က…

"တောင်သခင်ကလည်း မျက်နှာသာပေးတော့ ဂိုဏ်းတူအစ်ကိုတွေကိုတောင် မထီမဲ့မြင်ပြုရဲနေတာပေါ့"

"ဘယ်တတ်နိုင်မလဲ ၊ ဒီကောင်က တကယ်လည်း ထူးခြားတဲ့ပါရမီရှင်ဖြစ်နေတာကိုး ၊ ဒီဂိုဏ်းတူအစ်ကိုလည်း ဘယ်လို လက်လျှော့သွားမလဲဆိုတာ သိချင်လိုက်တာ"

ပတ်ဝန်းကျင်မှ စကားသံများကြားလိုက်ရသည်နှင့် ကျန်းလန် အခြေအနေကို သဘောပေါက်သွားသည်။

ဤဂိုဏ်းတူညီလေးသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်လျှင် သေချာပေါက် အသက်ရှည်နိုင်မည် မဟုတ်ပေ။

"ဂိုဏ်းတူအစ်ကိုကြီး ၊ သေသေချာချာ မြင်ရလား ၊ ကျွန်တော် ထပ်ကစားပြရမလား"

ချွိယွင်ကျီက ကျန်းလန်ကိုကြည့်ပြီး မေးလိုက်သည်။

All Chapters