← Chapters

သိုသိုသိပ်သိပ်နေမှသာအသက်ရှင်သန်နိုင်မည်

Vol. 17 Ch. 235

သိုသိုသိပ်သိပ်နေမှသာအသက်ရှင်သန်နိုင်မည်

Vol. 17 Ch. 235

အခန်း (၂၃၅) သိုသိုသိပ်သိပ်နေမှသာအသက်ရှင်သန်နိုင်မည်

ကျန်းလန် သူ့ရှေ့မှ လူငယ်ကို ကြည့်လိုက်သည်။

သူ့စိတ်က အတက်အကျမရှိ တည်ငြိမ်နေ၏။

ခုနစ်စဉ်ကြယ်ဓားသိုင်း သန္ဓေတည်အစပြုခြင်းကို သူ သိပ်ပြီးနားမလည်သော်လည်း ဤကလေးကို အနည်းငယ် ပညာပေးသင့်သည်ဟု တွေးလိုက်သည်။

ကျန်းလန်က…

"ကျုပ်က ခုနစ်စဉ်ကြယ်ဓားသိုင်းကို သိပ်တော့ မကျွမ်းကျင်ပါဘူး"

ကျန်းလန်၏ စကားကိုကြားသည်နှင့် လူငယ်လေး၏ မျက်နှာက ကျေနပ်သွားဟန်ဖြင့် ပြုံးရွှင်သွား၏။

သို့သော် ကျန်းလန် ထပ်ပြောလိုက်သည့်စကားကြောင့် လူငယ်လေး ချက်ချင်းပင် အံ့အားသင့်သွားရသည်။

"ဒါပေမဲ့ မင်းကို အဲဒီဓားသိုင်းသရုပ်ပြပေးဖို့ လူတစ်ယောက်ကို ကျုပ်အကူအညီတောင်းပေးမယ်"

ချွိယွင်ကျီက တအံ့တသြဖြင့် မေးလိုက်သည်။

"ဂိုဏ်းတူအစ်ကိုကြီးက ခုနစ်စဉ်ကြယ်ဓားသိုင်းအသုံးပြုတတ်တဲ့သူတစ်ယောက်နဲ့ သိတယ်လား"

ကျန်းလန်က ခေါင်းခါယမ်းလိုက်ပြီး တိုးလျသည့်လေသံဖြင့်…

"မသိပါဘူး"

ကျန်းလန်နှင့်သိရှိသူများထဲတွင် ခုနစ်စဉ်ကြယ်ဓားသိုင်း လေ့ကျင့်ထားသူ တစ်ယောက်မှ မရှိပေ။ ဂိုဏ်းတူအစ်ကို လုကျန်းကတော့ သိရှိနိုင်သော်လည်း မသေချာသောကြောင့် အရမ်းမပြောရဲပေ။

ချွိယွင်ကျီက ကျန်းလန်ကို အနည်းငယ် ပဟေဠိ ဖြစ်ဟန်ဖြင့် ကြည့်လိုက်ရင်း…

"ဒါဖြင့် ကျွန်တော့်ကို ပြပေးဖို့ လူတစ်ယောက် ဘယ်လိုရှာမှာလဲ"

ဤဂိုဏ်းတူအစ်ကိုကြီးက သူမေးသည်ကို မဖြေနိုင်သောကြောင့် တမင်သက်သက် လွတ်လမ်းရှာနေသည်လား။

ဘေးပတ်ဝန်းကျင်မှလူများကလည်း စိတ်ဝင်တစားဖြင့် အဖြစ်အပျက်ကို ကြည့်နေကြသည်။

ခုနစ်စဉ်ကြယ်ဓားသိုင်းကို လေ့ကျင့်ထားသူမရှိပါက ဓားသိုင်းကို မည်သို့ သရုပ်ပြပေးနိုင်ပါမည်နည်း။

တပည့်အများစုက ခုနစ်စဉ်ကြယ်ဓားသိုင်းအကြောင်းကို သိပင်မသိကြပေ။ ချွိယွင်ကျီ လျှောက်ပြီးကြွားဝါနေသောကြောင့်သာ ကြားဖူးနေကြခြင်း ဖြစ်သည်။

အချို့တပည့်များဆိုလျှင် ချွိယွင်ကျီ မေးခွန်းထုတ်သည်ကိုခံရပြီး အူကြောင်ကြောင်ဖြင့် အရှက်ပင် ကွဲခဲ့ကြရသည်။

ကျန်းလန်က ဘေးပတ်ဝန်းကျင်မှတပည့်များကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူ့အကြည့်က လူငယ်လေးတစ်ယောက်ထံတွင် ရပ်တန့်သွားသည်။

"ဂိုဏ်းတူညီလေး ၊ မင်းလာလို့ရလား"

ထိုလူငယ်လေး၏နာမည်က ပန့်လော်ဖြစ်၏။

ပန့်လော် က တအံ့တသြဖြင့် သူ့ကိုယ်သူလက်ညှိုးညွှန်ပြလိုက်ရင်း…

"ဂိုဏ်းတူအစ်ကို ကျွန်တော့်ကို ခေါ်တာလား"

ကျန်းလန်က ခေါင်းညိတ်ပြလိုက်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ၊ ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူ့ထံမှ ခုနစ်စဉ်ကြယ်ဓားသိုင်း လေ့ကျင့်ထားသည့် သဲလွန်စများကို တွေ့မြင်နေရသည်။ ထိုမျှဖြင့် ကျန်းလန်အတွက် လုံလောက်ပြီ ဖြစ်သည်။

ပတ်ဝန်းကျင်မှတပည့်များကလည်း အနည်းငယ်အံ့အားသင့်သွားကြ၏။

ခုနစ်စဉ်ကြယ်ဓားသိုင်းနှင့်ပတ်သက်ပြီး ချွိယွင်ကျီ ပညာစမ်းမေးမြန်းစဉ်က ရိုးသားသည့် ပန့်လော်က အကြောင်းမသိဘဲ ကူညီပေးခဲ့သည်။

သို့သော် ချွိယွင်ကျီ၏ ပညာစမ်းသည့်မေးခွန်းများကြားတွင် သူ ပိတ်မိနေခဲ့ပြီး နောက်ဆုံးတော့ အရှက်ကွဲကာ အံတင်းတင်းကြိတ်ထားခဲ့ရသည်။

ယခုလည်း သူ ထပ်မံလှောင်ပြောင်ခံရပြန်ပြီလား။

ချွိယွင်ကျီကတော့ ကျန်းလန်မှာလည်း ခုနစ်စဉ်ကြယ်ဓားသိုင်းကို သိရှိခြင်းမရှိသဖြင့် တမင်သက်သက် လွတ်လမ်းရှာနေသည်ဟု ထင်လိုက်မိသည်။

သူက…

"ဂိုဏ်းတူအစ်ကို ၊ ကျွန်တော့်ကိုပြပေးဖို့ သူ့ကိုပြောမလို့လား"

ဟု မေးလိုက်၏။

ပန့်လော်ကလည်း အခက်တွေ့သွားဟန်ဖြင့်…

"ဂိုဏ်းတူအစ်ကို အဲဒီဓားသိုင်းကို ကျွန်တော် သိပ်မသိပါဘူး"

သူ တကယ်လည်း အများကြီး သိရှိခြင်း မရှိပေ။

ကျန်းလန်က...

"ကျုပ်ပြောတဲ့အတိုင်းသာ လုပ်စမ်းပါ"

ပန့်လော်က မည်သည့်စကားမှ မပြောတော့ဘဲ ငြိမ်သက်နေသည်။

ကျန်းလန်က သူ့ကို ခုနစ်စဉ်ကြယ်ဓားသိုင်းနှင့်ပတ်သက်သည့် အခြေခံဓားကွက်များနှင့် ခြေလှမ်းသိုင်းကွက်များအကြောင်း ပြောပြလိုက်သည်။

"မင်း ဓားသိုင်းသရုပ်ပြကစားတဲ့အခါ နည်းနည်းနှေးပြီးကစားပါ ၊ ခြေလှမ်းသိုင်းကွက်တွေက တည်ငြိမ်ဖို့လိုသလို ဓားကွက်တွေလည်း မှန်ကန်ဖို့လိုတယ် ၊ ပြီးရင်း ချီစွမ်းအားကို ဖြည်းဖြည်းချင်းလှည့်ပတ်ရမယ် ၊ စိတ်မရှုတ်ထွေးစေနဲ့ ၊ တည်တည်ငြိမ်ငြိမ်ထား"

ပန့်လော် အနည်းငယ် အံ့အားသင့်သွားသည်။

မတူညီသည့် ဓားသိုင်းနိယာမတစ်ခုကို ကြားလိုက်ရသလို ခံစားလိုက်ရပြီး ကျန်းလန်ပြောသည့်အတိုင်း ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အခြားသူများကလည်း မည်သို့ဖြစ်မည်ကို သိချင်နေကြသည်။

တပည့်တစ်ယောက်က…

"ဂိုဏ်းတူအစ်ကိုပန့်လော်ကိုကြည့်ရတာ တစ်ခုခုကို စိုးရိမ်နေသလိုပဲ ၊ ဘာလို့လဲ မသိဘူး"

အခြားတပည့်တစ်ယောက်က…

"မသိဘူးလေ ၊ ဂိုဏ်းတူအစ်ကို ပန့်လော်က စောစော အလှောင်ပြောင်ခံထားရတော့ အခုလည်း ခံရမှာကြောက်နေတာ နေမှာပေါ့"

"ချွိယွင်ကျီကတော့ တွေ့သမျှလူကို ပညာလိုက်စမ်းနေတာပဲ ၊ အေးလေ… သူက ပါရမီရှင်ကိုးကွာ"

"ရှူး… အဲဒါက သူ အင်မော်တယ်မဖြစ်ခင် အချိန်တစ်ခုထိပါပဲကွာ"

ချွိယွင်ကျီက ပန့်လော်ကို စိုက်ကြည့်လိုက်သည်။

ပန့်လောက်က ဓားသိုင်းကို သရုပ်ပြကစားနိုင်မည်ဟု သူ မထင်ခဲ့ပေ။

ထို့ပြင် ကျန်းလန်ပြောနေသည့် ခုနစ်စဉ်ကြယ်ဓားသိုင်းအကြောင်းကိုလည်း သူ ကြားလိုက်ရသည်။ သူပြောနေသည်က ခုနစ်စဉ်ကြယ်ဓားသိုင်း၏ သာမန်သော့ချက်တစ်ခုမျှသာ ဖြစ်သည်။

ကျန်းလန်က…

"ကဲ… စလိုက်ကြစို့…"

ပန့်လော်က အားလုံး၏အလယ်တွင်ရပ်နေပြီး တပည့်များက သူ့ကို ဝိုင်းကြည့်နေကြသည်။

နောက်မှ ပန့်လော်ကို လှောင်ရယ်စရာ ဖြစ်လာဦးမည်လားဟု သူတို့ တွေးနေကြသည်။

ချွိယွင်ကျီသည်လည်း ပန့်လော်ကို ကြည့်နေ၏။

ပန့်လော်က ခုနစ်စဉ်ကြယ်ဓားသိုင်းကို အဆုံးထိ သရုပ်ပြကစားနိုင်မည် မဟုတ်သော်လည်း သူ အဆုံးထိ စောင့်ကြည့်ချင်သေးသည်။

ပြီးလျှင်တော့ ဂိုဏ်းတူအစ်ကိုကို ကျေးဇူးတင်စကားပြောကာ အရှက်မခွဲတော့ဘဲ လွှတ်ပေးလိုက်ပြီး ပန့်လော်ကိုတော့ ထပ်မံအရှက်ခွဲရန် ကြံစည်ထားသည်။

ထို့နောက် ပန့်လော်က ဓားကွက်များ စတင်ဖော်ထုတ်လိုက်သည်။

အမှန်တကယ်ပင် ခုနစ်စဉ်ကြယ်ဓားသိုင်းကို သရုပ်ပြခြင် ဖြစ်သော်လည်း ခြေလှမ်းသိုင်းကွက်များရော ဓားကွက်များကပါ အတော်လေး နှေးကွေးသည်။

ကျန်းလန် ခေါင်းတစ်ချက် ညိတ်လိုက်၏။

ပန့်လော်၏ အခြေခံအဆင့်က သူ မျှော်လင့်ထားသည်ထက် တည်ငြိမ်သောကြောင့် ပြဿနာ မရှိနိုင်ဟု ယူဆလိုက်သည်။

ကျန်းလန် သင်ပြပေးလိုက်သည်က သာမန်ခုနစ်စဉ်ကြယ်ဓားသိုင်းမျှာ ဖြစ်သော်လည်း ချွိယွင်ကျီ အသုံးပြုသည့် ဓားကွက်များထက် ပိုမိုနားလည်ရလွယ်ကူသည်။

မကြာမီ ချွိယွင်ကျီ နားမလည်ဟု ပြောခဲ့သည့် ဓားကွက်နေရာသို့ ရောက်ရှိသွားသည်။

အားလုံးက ပန့်လောက် ဆက်လက်ဓားသိုင်းကစားနိုင်တော့မည်မဟုတ်ဟု ထင်ခဲ့ကြသည်။

ထိုအချိန်တွင် ပန့်လော်၏ဓားကွက်က ရုတ်တရက်နှေးကွေးသွားသည်ဟု ထင်မှတ်လိုက်ရသော်လည်း ဓားကွက်ပြောင်းလဲသွားပြီး သာမန်ခုနစ်စဉ်ကြယ်ဓားသိုင်းမဟုတ်တော့ဘဲ အဆင့်မြင့်ခုနစ်စဉ်ကြယ်ဓားသိုင်းအဖြစ် ပြောင်းလဲသွားသည်။

ချွိယွင်ကျီ အံ့သြတုန်လှုပ်သွား၏။

အပြောင်းအလဲအနည်းငယ် ဖြစ်သွားသော်လည်း ဓားကွက် နှေးကွေးသွားသဖြင့် ကလေးကစားသကဲ့သို့ပင် ဖြစ်နေသည်ဟု သူက ဝေဖန်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ပန့်လော်၏ ဓားကွက်များက စတင်မြန်ဆန်လာသည်။

လေလှိုင်းများက အဆက်မပြတ်တုန်ခါနေသည်။

ဤသည်က…

လေထဲတွင် ခုနစ်စဉ်ကြယ်ဓားကွက်များက ခုတ်ဖြတ်လှုပ်ရှားနေပြီး ဓားချက်က အေးစက်နူးညံ့သည့်တိုင် သတ်ဖြတ်လိုသည့် အငွေ့အသက်များနှင့် ပြည့်နက်နေသည်။

ထို့နောက် ဓားဝိညာဉ် ထွက်ပေါ်လာလေသည်။

ထိုဓားဝိညာဉ်က စောစောက ချွိယွင်ကျီ ထုတ်လွှတ်ခဲ့သည့် ဓားဝိညာဉ်ထက ်အဆပေါင်းများစွာ သာလွန်သည်။

"ဝှစ်…"

ဓားက အဆုတ်အတက်ညီညာသည်။

ဓားဝိညာဉ်က အေးစက်နေပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များနှင့် ပြည့်နက်နေသည်။

ဓားက လေထုကို ဖြတ်သန်းသွားသည့်အခါ ပြင်းထန်လှသည့် ဓားဝိညာဉ်ကြောင့် ပတ်ဝန်းကျင်တွင် ကြည့်နေကြသူများနှင့် ချွိယွင်ကျီပင် နောက်သို့ ဆုတ်သွားကြရသည်။

အားလုံး အံ့သြမှင်တက်လျှက်ရှိကြသည်။

ချွိယွင်ကျီက ပို၍ပင် မယုံကြည်နိုင် ဖြစ်နေရသည်။

"အဆင့်မြင့်ခုနစ်စဉ်ကြယ်ဓားသိုင်း"

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဤဓားသိုင်းက ထိုမျှ ပေါ့ပေါ့ပါးပါးဖြင့် သင်ယူနိုင်သည့် အရာတစ်ခုလား။

ချွိယွင်ကျီမှာ ချက်ချင်းပင် ရှက်ရွံ့ပြီး မျက်နှာများလည်း ပူလောင်လာရသည်။

ပန့်လော်မှာလည်း စိတ်ထဲတွင် ပရမ်းပတာလှုပ်ရှားလျှက် ရှိသည်။

သူ မယုံကြည်နိုင် ဖြစ်နေသည်။ သူက အဆင့်မြင့်ခုနစ်စဉ်ကြယ်ဓားသိုင်းကို အသုံးပြုနေခဲ့သည်လား။

သို့တည်းမဟုတ် ဤသည်က ခုနစ်စဉ်ကြယ်ဓားသိုင်း၏ သန္ဓေတည်အစပြုခြင်းပုံသဏ္ဍန်မျိုးလား။

"အဲဒီဓားကွက်တွေက ခုနစ်စဉ်ကြယ်ဓားသိုင်း သန္ဓေတည်အစပြုခြင်းအစပိုင်းပုံစံပဲ ၊ ဒါပေမဲ့ မင်း အများကြီး လေ့ကျင့်လို့တော့မရဘူး ၊ မဟုတ်ရင် မင်းရဲ့ အခြေခံကျင့်ကြံခြင်းကို ထိခိုက်စေလိမ့်မယ်"

ကျန်းလန်၏ အသံ ထွက်ပေါ်လာသည်။

ထို့နောက် သူ လှည့်ထွက်သွားလေတော့သည်။ ပတ်ဝန်းကျင်မှ တုံ့ပြန်မှုများကို အရေးမစိုက်တော့ဘဲ ကျန်းလန် ထွက်ခွာသွားလေသည်။

ဤဂိုဏ်းတူညီငယ် (၂)ယောက်တွင် တစ်ယောက်က ပါရမီအလွန်ကောင်းပြီး တစ်ယောက်ကတော့ ပါရမီနည်းသည်။ သို့သော် ပါရမီနည်းသည်ဆိုခြင်းက မထူးချွန်ဟု ပြော၍မရပေ။

သူတို့ (၂)ယောက်တွင် မည်သူက ပိုပြီးအသက်ရှည်ရှည်နေရမည်လဲဟု ကျန်းလန် သိချင်မိသည်။

ပြိုင်ဘက်များအကြား စွမ်းအားကြီးမားလာသည့်အခါ စိတ်မထိန်းနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ်အထင်ရောက်ကာ မြောက်သွားတတ်ကြသည်။

သူ့ကို ဓားသိုင်းသင်ပြခိုင်းသည့် ဂိုဏ်းတူညီငယ်လေးကဲ့သို့ပင် ဖြစ်သည်။

သူက ငယ်ငယ်ရွယ်ရွယ်နှင့် ချီစွမ်းအားသန့်စင်ခြင်းအဆင့် အောင်မြင်ထားပြီး မွေးရာပါ ဓားသိုင်းကျင့်ကြံသူခန္ဓာကိုလည်း ရရှိထားသူ ဖြစ်သည်။

သူက ခုနစ်စဉ်ကြယ်ဓားသိုင်းကို သင်ယူနိုင်ခဲ့ပြီး အဆင့်မြင့်ခုနစ်စဉ်ကြယ်ဓားသိုင်းကိုပင် နားလည်နိုင်စွမ်း ရှိခဲ့သည်။ ထိုသို့သောလူမျိုးက အလွန်ရှားပါးသည်။

ထို့ကြောင့်လည်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ ကြွားဝါမာန်တက်မိခြင်း ဖြစ်ပေလိမ့်မည်။ ဘဝတွင် အရာရာတိုင်းချောမွေ့နေသဖြင့် ယုံကြည်မှုကလည်း လွန်ကဲလျှက် ရှိသည်။

သို့သော် ဤအတိုင်းသာဆက်သွားလျှင် ထိုညီငယ်လေးအနေဖြင့် လွယ်လွယ်နှင့် ဒုက္ခရောက်သွားနိုင်သည်။ မာန်တက်ခြင်းက လူတစ်ယောက်ကို ချောက်နက်အတွင်း ပြုတ်ကျစေမည် ဖြစ်သည်။

ထိုသို့ဆိုလျှင် ပြန်လည်ကယ်တင်ရန်ပင် အချိန်မီနိုင်တော့မည် မဟုတ်ပေ။

ယနေ့ ဂိုဏ်းတူညီငယ်လေးနှင့် ဆုံတွေ့ခဲ့ရပြီးနောက် သိုသိုသိပ်သိပ်သာနေရန် ဆုံးဖြတ်ထားသည့် ကျန်းလန်၏ သဘောထားများ ပို၍ပင် ခိုင်မာလာသည်။

သူ၏တန်ခိုးစွမ်းအားကို အခြားသူများရှေ့ ထုတ်ဖော်ပြသခြင်းက ရန်သူကို လက်ရပ်ခေါ်ခြင်းသာ ဖြစ်လေရာ အလွန်အန္တရယ်များသည်။

ထို့ကြောင့် ရန်သူကို တိုက်ခိုက်သည့်အခါ နှုတ်ဆိတ်နေခြင်းက အကောင်းဆုံးဖြစ်၏။ ထို့ပြင် သူ၏ တန်ခိုးစွမ်းအားအစစ်အမှန်ကို မည်သို့ဖုံးကွယ်ထားရမည်ကိုလည်း သင်ယူရမည် ဖြစ်သည်။

ရန်သူက ကိုယ့်အကြောင်း အသိနည်းလေ သူ့အနေဖြင့် ဝှက်ဖဲများကို ပိုမိုအသုံးပြုနိုင်ပြီး အသက်ရှင်သန်ရန် အခွင့်အရေး ပိုမိုရရှိလေ ဖြစ်ပေမည်။

ကျန်းလန် အတွေးများကို ရပ်တန့်လိုက်ပြီး ပဉ္စမတောင်ထွတ်မှ ဆရာဒေါ်လေးမြောင်ယွဲ့ကို ရှာဖွေရန် ထွက်လာခဲ့သည်။ ဆရာဒေါ်လေးနှင့်တွေ့ဆုံခွင့်ရလျှင် ဆရာပျောက်သွားသည့်ကိစ္စကို စုံစမ်းနိုင်မည် ဖြစ်သည်။

သို့ရာတွင် ဆရာဒေါ်လေးလည်း တောင်ပေါ်တွင် မရှိဘူးဆိုလျှင်တော့ သူ ခွန်လွန်တောင်အပြင်ဘက်သို့သွားပြီး တစ်စုံတစ်ခုကို သိရှိအောင် စုံစမ်းရမည် ဖြစ်သည်။

အထူးသဖြင့် အခြေအနေဆိုးရွားနေသည်ဟု ကောလဟလများထွက်နေသည့် နေရာများသို့ ဦးတည်ရမည် ဖြစ်သည်။

***

ပဉ္စမတောင်ထွတ် တောင်ခြေသို့ ရောက်ရှိလာသည်နှင့် တပည့်အချို့ ပြောနေသည့်စကားများကို ကျန်းလန် ကြားလိုက်ရသည်။

"လွန်ခဲ့တဲ့ (၂)ရက်က အစီအရင်တောင်ကုန်းမှာ ပြဿနာလေး နည်းနည်းဖြစ်တယ် ၊ အကြီးအကဲတွေ အခုထိ ဖြေရှင်းနေရတုန်းပဲ ၊ တောင်သခင်မ မရှိလို့ပေါ့ကွာ ၊ မဟုတ်ရင် ဒီလိုမျိုး ဖြစ်မှာမဟုတ်ဘူး"

"ဟုတ်တယ် ၊ ပဉ္စမတောင်ထွတ်က တောင်သခင်မက အစီအရင်ပညာ ကြောက်စရာကောင်းလောက်အောင် တော်လွန်းတယ်"

"အမှန်ပဲ အမှန်ပဲ ၊ ကျုပ်ကြားတာတော့ ပဉ္စမတောင်ထွတ်ရဲ့နေရာတိုင်းမှာ အစီအရင်တွေ ရှိနေတယ်တဲ့ ၊ သာမန်နေရာလို့ထင်ရပေမယ့် တကယ်တမ်းမှာ လူသတ်အစီအရင်လည်း ဖြစ်နေတတ်တယ်"

"ဒါကြောင့် ပဉ္စမတောင်ထွတ်ကိုလာရင် လျှောက်မသွားတာအကောင်းဆုံးပဲ ၊ မဟုတ်ရင်တော့ သေသွားရင်တောင် ဘယ်သူမှ သိလိုက်မှာမဟုတ်ဘူး"

ကျန်းလန် ပဉ္စမတောင်ထွတ်ဆီသို့ မော့ကြည့်လိုက်သည်။ ဤနေရာတွင် သူရေးသားထားခဲ့သည့်စာကြောင်းက ရှိနေဆဲ ဖြစ်သော်လည်း စိတ်အနှောက်အယှက် မဖြစ်မိတော့ပေ။

"ဒါဆို ပဉ္စမတောင်ထွတ်က ဆရာဒေါ်လေးလည်း တောင်ပေါ်မှာ ရှိမနေဘူးပေါ့ ၊ ဆရာနဲ့ အဋ္ဌမတောင်ထွတ်က ဆရာဦးလေးတို့လည်း တောင်ပေါ်မှာ မရှိကြဘူးဆိုတော့…"

ကျန်းလန် တွေးလိုက်သည်။

ခွန်လွန်တောင်တွင် သေချာပေါက် တစ်ခုခု ဖြစ်နေလေပြီ။

ကျန်းလန် ပဉ္စမတောင်ထွတ်ထက်သို့ မတက်တော့ဘဲ ခွန်လွန်တောင်အပြင်သို့ ထွက်ခွာလာခဲ့သည်။ သူ အပြင်သို့ တစ်ခေါက်မျှ သွားကြည့်ရမည် ဖြစ်သည်။

ထို့နောက် သူ ခြေတစ်လှမ်းချင်းလှမ်းကာ ထွက်ခွာလာခဲ့လေတော့သည်။

အချိန်ကား မိုးချုပ်စပြုနေပြီ ဖြစ်လေ၏။

***

ကောင်းကင်ထက်ရှိ ဟင်းလင်းပြင်တွင်တော့…

တစ္ဆေမျက်နှာကြီးက…

"ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ အင်အားစုတွေ တိုက်ခိုက်ဖို့တာဆူနေကြပေမယ့် ဘယ်သူမှ ခွန်လွန်တောင်ကို အာရုံမစိုက်ကြဘူးနော်"

အနက်ရောင်မြူခိုးများကြားမှ တစ္ဆေမျက်နှာကြီးက လျိုကျင်းနှင့် ကျန် (၃)ယောက်ကို ကြည့်လိုက်ရင်း စကားဆက်ပြောလိုက်သည်။

"မင်းတို့လူသားတွေ တစ်ခုခု လှည့်စားထားကြတာ မဟုတ်လား"

ကျိုးကျုန်းထျန်းက ပါးစပ်အပြည့် သေရည်တစ်ငုံသောက်လိုက်ရင်း…

"မင်းတို့တွေက ဦးနှောက်လေးဘာလေးသုံးပြီး မတွေးကြဘူးလားကွ… ဟေ ၊ ကျုပ်တို့ကို မင်းတို့တွေပဲ အာရုံစိုက်မိပြီး အခုတိုက်ခိုက်ဖို့ လုပ်နေတာ မဟုတ်ဘူးလား"

ခဏနားပြီးမှ သူက ဆက်ပြောသည်။

"မင်းတို့ရဲ့ တစ္ဆေစစ်သည်တော်တွေ ကျုပ်တို့ဆီ ကျူးကျော်လာဖို့ စီစဉ်နေတာကိုလည်း ဘယ်သူမှ မသိကြဘူးလေ ၊ အေးပေါ့ကွာ ၊ မင်းတို့တွေမှာ အရည်အချင်းရှိတယ်ဆိုရင် ခွန်လွန်တောင်ကို ကျော်ဖြတ်နိုင်အောင် ကြိုးစားကြပေါ့ကွာ"

အနက်ရောင်မြူခိုးများထဲမှ မျက်နှာကြီးက ပြုံးရင်းဖြင့် ပြောလိုက်သည်။

"မင်းတို့လေသံတွေကိုကြည့်စမ်း ၊ အထက်စီးဆန်လိုက်တာ ၊ ကျုပ်တို့မှာသာ ဦးနှောက်ရှိရင် ဒီလိုပျင်းစရာကောင်းတဲ့ ကစားပွဲမျိုး မင်းတို့နဲ့ ကစားမနေဘူး"

ခဏနားပြီးမှ တစ္ဆေမျက်နှာကြီးက ပြောလိုက်သည်။

"ဒီည ကျုပ်တို့ တစ္ဆေစစ်သည်တော်တွေ မင်းတို့ ခွန်လွန်တောင်ကို ဖြတ်ကျော်နိုင်မလားဆိုတာ စောင့်ကြည့်တာပေါ့"

All Chapters