← Chapters

သူတို့မှာ ဘဏ်တိုက်ငွေသယ်ပို့ရေးယာဉ်တွေ ပြတ်လပ်နေပြီ

Vol. 10 Ch. 136

သူတို့မှာ ဘဏ်တိုက်ငွေသယ်ပို့ရေးယာဉ်တွေ ပြတ်လပ်နေပြီ

Vol. 10 Ch. 136

"ဟွာရှားလူမျိုးတွေလား။ ဟွာရှားလူမျိုးတွေက ဘယ်လိုလုပ်ပြီး ငါတို့ချင်းချိုးဘဏ်မှာ ဒီလောက်ပိုက်ဆံအများကြီး လာအပ်မှာလဲ"

ပြောင်ကွမ်ကျီးတစ်ယောက် ဦးနှောက်ခြောက်သွားရသည်။ သူတို့မှာ ပိုက်ဆံရှိလျှင် ချင်းချင်းဘဏ်တွင် ဘာလို့လာအပ်ထားမှာတဲ့လဲ။ ဟွာရှားမှာပဲ အပ်ထားလိုက်တာ ပိုမကောင်းဘူးလား။ ဒီဘဏ်မှာ ပိုက်ဆံလာအပ်ထားပြီး ချင်းချိုးကို ပိုက်ဆံရှာနိုင်အောင် ကူညီပေးမတဲ့လား။

သာမန်အချိန်မျိုးသာဆိုပါက ပြောင်ကွမ်ကျီးလည်း မျက်ရည်ထွက်လုမတတ် အော်ရယ်မိမည်ဖြစ်၏။ ဘယ်လူမျိုးပင်ဖြစ်နေပါစေ သူတို့ဘဏ်တွင် ပိုက်ဆံလာအပ်ထားခြင်းမှာ သတင်းကောင်းသာဖြစ်၏။

သို့သော် ငွေထုတ်ယူမှုကိစ္စနှင့် ပတ်သက်လာပါက ၎င်းမှာ အိပ်မက်ဆိုးတစ်ခုသာ။

"အဲ့ဒီဟွာရှားလူမျိုးတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိထားတာများရှိလား"

"ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒါက အဓိပ္ပာယ်တော့မရှိပါဘူး"

မန်နေဂျာဂင်က ထိုသို့ဆိုလာလေသည်။

"ဒီဟွာရှားလူမျိုးတွေက စွန့်ဦးလုပ်ငန်းရှင်တွေလည်း မဟုတ်သလို ရင်းနှီးမြှုပ်နှံသူတွေလည်း မဟုတ်ပါဘူး။ သူတို့ပုံစံက ချင်းချိုးမှာနေနေတဲ့ သာမန်လူတွေလိုပါပဲ။ တချို့ဆိုရင် အိမ်ငှားနေနေကြတာပါ။ ဒါပေမဲ့ သူတို့ရဲ့ဘဏ်ကတ်ကို ထုတ်လိုက်တဲ့အချိန်မှာတော့ စုစုပေါင်းငွေက ချင်းချိုးငွေကြေးသန်းတစ်ရာအောက်လျော့တာ တစ်ယောက်မှမပါပါဘူး"

"အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီဟွာရှားလူမျိုးတွေက ဘာလို့ ဒီလောက်တောင်ချမ်းသာနေရတာလဲ"

ဤသတင်းကိုကြားသောအခါ ပြောင်ကွမ်ကျီးခမျာ အေးဆေးတည်ငြိမ်မှုကို ဆက်ထိန်းမထားနိုင်တော့ပေ။

"အခု ဘယ်လိုအ​ခြေအနေဖြစ်သွားပြီလဲ"

"အခြေအနေက အရမ်းစိုးရိမ်ရပါတယ်။ ဒီမနက်မှာပဲ ကျွန်တော်တို့ဘဏ်ရဲ့အပ်နှံငွေက ၂၀၀ထရီလီယံကျော် လျော့သွားပါပြီ"

"ဘာ? တစ်မနက်တည်းနဲ့ ၂၀၀ထရီလီယံတောင် ကုန်သွားတာပေါ့"

ပြောင်ကွမ်ကျီး၏မျက်နှာထက်တွင် တစ်ခဏမျှအ​ကြောဆွဲသွားချေသည်။ သူတို့၏အပ်နှံငွေမှာ သုံးလမှ ၇၀၀ထရီလီယံကျော် မြင့်တက်ရုံမျှသာရှိသည်။ ယခုတော့ဖြင့် သုံးနာရီတည်းနှင့် သုံးပုံတစ်ပုံက ကုန်သွားပြီတဲ့လား။

"ကျွန်တော်တို့မှာ ဘဏ်တိုက်ငွေသယ်ပို့ရေးယာဉ်တွေလည်း ပြတ်လပ်နေပါပြီ။ နိုင်ငံအနှံ့က ဘဏ်တွေအကုန်လုံးကလည်း အကူအညီတောင်းခံနေကြပါတယ်။ အ​ခြေအနေက ဆိုးသထက်ဆိုးလာနေပါပြီ"

မန်နေဂျာဂင်က ပြောလိုက်လေသည်။

"ငွေလာထုတ်တဲ့ အဲ့ဒီဟွာရှားလူမျိုးတွေကလွဲရင် ဖောက်သည်တော်တော်များများကတော့ ငွေလာအပ်ကြပါတယ်။ ဘဏ်မှာ ရန်ပုံငွေပြတ်လပ်သွားတယ်ဆိုတာကိုသာ သူတို့သိသွားရင် ဘယ်သူက ကျွန်တော်တို့ဆီမှာ အပ်ရဲတော့မှာလဲ"

"အဲ့ဒါတင်မကဘူး။ ဒီသတင်းက ပေါက်ကြားသွားပါပြီ။ ဖောက်သည်တွေတော်တော်များများကလည်း ငွေထုတ်ဖို့ ဘဏ်ရှေ့မှာ စောင့်နေကြပါတယ်။ ဘဏ်မှာ ငွေလက်ကျန်ပြတ်သွားပြီး အရေးကြီးတဲ့အချိန်မှာ သူတို့ပိုက်ဆံတွေ ထုတ်လို့မရတော့မှာကို သူတို့ကကြောက်နေကြတာ။ အခုလောလောဆယ်မှာ သူတို့အတွက်တော့ ပိုက်ဆံတွေ လက်ထဲရောက်လာဖို့က အဓိကဖြစ်နေကြပြီ"

"ဆိုးလိုက်တာ"

ဤသတင်းသာ ထပ်ပြန့်သွားပါက အကုန်အထိတ်တလန့်ဖြစ်ကုန်ကြတော့မည်။

ဘဏ်များတွင် စုငွေအမြောက်အများကို ထိန်းသိမ်းထားသော်ငြား သူတို့သည် အကြွေးစနစ်ဖြင့် လည်ပတ်နေခြင်းဖြစ်၏။ သူတို့၏ပိုင်ဆိုင်မှုများမှာ ချေးငှားထားခြင်း၊ ရင်းနှီးမြှုပ်နှံထားခြင်း သို့မဟုတ် အခြားရည်ရွယ်ချက်များအတွက် အသုံးပြုထားခြင်းတို့ ရှိသည်။

ချင်းချိုးဘဏ်တွင် ချင်းချိုးငွေ၂၀ထရီလီယံကျော်ရှိသည်။ တစ်နိုင်ငံလုံးရှိ ဘဏ်များမှာ ချင်းချိုးငွေ၂၀ထရီလီယံကို ငွေသားထုတ်ပေးနိုင်လေသလား။ ၁၀ထရီလီယံပင် ထုတ်မပေးနိုင်ပေ။

လူတွေ ထိတ်ထိတ်ပျာပျာဖြစ်ကုန်ကြပါလျှင် ပေါက်ကွဲအားပြင်းသောအကျပ်အတည်းတစ်ခု ဖြစ်ပေါ်လာနိုင်သည်။ နိုင်ငံအနှံ့ရှိ ဘဏ်ငွေအပ်နှံသူများသာ ဘဏ်အပေါက်ဝတွင် ငွေထုတ်ဖို့ဝိုင်းအုံလာပါက ဘဏ်လည်း ဒေဝါလီခံသွားရလိမ့်မည်သာ။

သို့သော် နိုင်ငံတော်ဘက်ကလည်း အုတ်မြစ်အခိုင်အမာရှိသော ဘဏ်တစ်ခု ပြိုလဲသွားမည့်အရေးကို သည်အတိုင်းထိုင်ကြည့်မနေနိုင်ချေ။ ဘဏ်ကသာ ပိုက်ဆံထုတ်မပေးနိုင်တော့ပါက နိုင်ငံတော်ဘက်ကလည်း ဘဏ်၏ဘဏ္ဌာရေးကွာဟမှုကို ဖြည့်တင်းပေးရန်အတွက် ငွေစက္ကူများ ထုတ်လုပ်ရပေလိမ့်မည်။

သို့သော် ငွေစက္ကူထုတ်ရုံဖြင့် ပြီးမသွားပေ။ ဈေးကွက်ထဲသို့ ငွေပမာဏအများကြီး စီးဆင်းသွားလျှင် ငွေကြေးဖောင်းပွမှုကလည်း မလွဲမသွေဖြစ်ပေါ်လာမည်။ ထို့နောက် ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့်အတူ ကုန်ကြမ်းပစ္စည်းများလည်း ဈေးတက်လာပေတော့မည်ဖြစ်၏။ ဤသည်မှာ စီးပွားရေးအကျပ်အတည်းစတင်တော့မည့် လက္ခဏာတစ်ခုပင်တည်း။

ထို့ကြောင့် မရှိမဖြစ်လိုအပ်ချိန်ကလွဲလျှင် နိုင်ငံတော်ကလည်း ငွေစက္ကူထုတ်လုပ်ဖို့အတွက် လုံးဝစဉ်းစားမည်မဟုတ်။

"ငါတို့ ဒီအခြေအနေကို ထိန်းထားနိုင်မလား"

ဤအဖြစ်ကြောင့် အစောပိုင်းကဖြစ်ပေါ်နေသော ပြောင်ကွမ်ကျီး၏လိုအင်ဆန္ဒမှာလည်း လုံးဝပျောက်ကွယ်သွားရသည်။ ပိုက်ဆံလာထုတ်သည့် လူအရေအတွက်ပိုများလာပါက လက်ရှိအ​ခြေအနေကို မထိန်းချုပ်နိုင်တော့သည့်အတိုင်းအတာအထိ ရောက်သွားမှာကို သူစိုးရိမ်နေသည်။

"ထိန်းတော့ထိန်းထားနိုင်ပါတယ်။ ဒါပေမဲ့ အကြာကြီးတော့မရဘူးဗျ"

မန်နေဂျာဂင်က ပြောလိုက်သည်။

"အပ်နှံငွေဆုံးရှုံးမှုကသာ ရပ်တန့်လို့မရနိုင်ဘူးဆိုရင် အစားထိုးလို့မရတဲ့အခြေအနေကို ရောက်သွားပါလိမ့်မယ်"

"ဒါဆိုလည်း စတင်ပြင်ဆင်မှုတွေလုပ်လိုက်တော့လေ"

ပြောင်ကွမ်ကျီးက အတိအလင်းကြေညာလိုက်သည်။

"အရင်ဆုံး တခြားဘဏ်တွေကို ဆက်သွယ်လိုက်။ ငါတို့ ပိုက်ဆံပြတ်သွားရင်တောင် သူတို့မှာ နည်းနည်းတော့ရှိဦးမှာပဲမလား။ ချင်းချိုးနိုင်ငံမှာ ဒီလောက်ဘဏ်တွေအများကြီးရှိတာ။ ဒီကွာဟချက်ကိုဖာထေးဖို့အတွက် ပိုက်ဆံရှာမရနိုင်ဘူးဆိုတာ ငါမယုံဘူး"

လောလောဆယ်တွင် ပြောင်ကွမ်ကျီးစိတ်ဝင်စားသောအရာမှာ အပ်နှံငွေများမဟုတ်တော့ဘဲ ဤအခြေအနေကို လျော့ပါးသွားစေဖို့အတွက်ပင်။ ထိုအ​နေအထားအထိ ရောက်သွားပါလျှင် နိုင်ငံတော်ကပင် သူ့ကို သက်ညှာပေးမည်မဟုတ်။

"ကျွန်တော် သူတို့ကို ချက်ချင်းဆက်သွယ်လိုက်ပါ့မယ်"

မန်နေဂျာဂင်က သူ့ဖုန်းကို ချက်ချင်းထုတ်ပြီး လျန်ဘဏ်၏အကြီးအကဲကို ဆက်သွယ်လိုက်သည်။

"ဘာ?"

မန်နေဂျာဂင်၏မျက်နှာကား အင်အားအလုံးစုံ ဆုတ်ယုတ်သွားသည့်အလား ရုတ်ခြည်းဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။ ကိုင်ထားသောဖုန်းပင် ကြမ်းပြင်ပေါ်သို့ လွတ်ကျသွားရလေတော့သည်။

"ဘာဖြစ်တာလဲ။ သူတို့က ငါတို့ကိုမကူညီပေးချင်ဘူးတဲ့လား"

ပြောင်ကွမ်ကျီးက လိုအပ်လာလျှင် သူ့မာနကိုခဝါချထားပြီး ကိုယ်တိုင်အကူအညီသွားတောင်းဖို့ အသင့်ပြင်လျက် မေးလိုက်လေသည်။ သူတို့ဘဏ်က နိုင်ငံထဲရှိ အကြီးဆုံးဘဏ်ဖြစ်သည့်အတွက် တကယ်တမ်း ပြဿနာတစ်ခုခုရှိလာခဲ့ပါက အခြားဘဏ်များလည်း များများစားစားကူညီနိုင်မည်မဟုတ်ချေ။

"သူတို့က အဲ့လိုပြောတာမဟုတ်ဘူး ဥက္ကဋ္ဌ.. သူတို့ရဲ့လျန်ဘဏ်လည်း ဒီပြဿနာကိုရင်ဆိုင်နေရတယ်တဲ့"

မန်နေဂျာဂင်၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေချေသည်။

"ပြီးတော့ သူတို့အခြေအနေက ကျွန်တော်တို့ထက်တောင် ပိုဆိုးနေတယ်။ သူတို့ ဒီမနက်ကတည်းက ချင်းချိုးငွေ၂၈ဘီလီယံနီးပါး ဆုံးရှုံးသွားပြီတဲ့"

"အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ရှင်းပြ၍မရနိုင်သော အကြောက်တရားတစ်မျိုးက သူ့စိတ်ထဲဝယ် ပျံ့နှံ့သွားရလေသည်။ ယနေ့အချိန်အထိ ပြောင်ကွမ်ကျီးသည် ယခုလိုအကြောက်တရားမျိုးကို မခံစားခဲ့ဖူးပေ။ ဤအရာအားလုံးကို မမြင်ရသည့်လက်တစ်စုံက ကြိုးကိုင်ထိန်းချုပ်နေသည့်အလားပင်။ ထိုသို့မဟုတ်လျှင် ဤမျှနေရာအနှံ့အပြားမှာ ယခုလိုဖြစ်ရပ်မျိုး ဘယ်လိုလုပ်ပြီးကြုံနိုင်မည်လဲ။

"တခြားဘဏ်တွေကိုလည်း မြန်မြန်မေးကြည့်လိုက်ဦး"

ပြောင်ကွမ်ကျီးက လောဆော်လိုက်ချေသည်။

"ထားလိုက်တော့။ ငါပဲခေါ်လိုက်တော့မယ်"

"ဥက္ကဋ္ဌကျန်း.. ခင်ဗျားတို့ဟာနာဘဏ်မှာ ငွေသားဘယ်လောက်ကျန်သေးလဲ"

"ဘာ? ဒီမနက်တင် ၂၅ထရီလီယံထုတ်သွားကြပြီလား"

"ဥက္ကဋ္ဌလျူ.. ခင်ဗျားတို့ရဲ့ချင်းချိုးမင်ရှန့်ဘဏ်မှာရော ဒီလိုပြဿနာမျိုးကြုံနေရတာလား"

"ခင်ဗျားက ၁၈ထရီလီယံပါသွားပြီပေါ့"

ပြောင်ကွမ်ကျီး ဖုန်းထပ်ခေါ်ကြည့်လေလေ သူ့လက်များ ပိုမိုတုန်ယင်လာရလေလေပင်။ ချင်းချိုးရှိ ဘဏ်အားလုံးနီးပါးမှာ အလားတူပြဿနာများ ကြုံတွေ့နေရပေသည်။ ချင်းချိုးဘဏ်၏ဆုံးရှုံးမှုကမှ ထိခိုက်မှုအနည်းဆုံးဖြစ်နေချေသည်။

"ဘာတွေဖြစ်နေတာလဲ"

ပြောင်ကွမ်ကျီး၏မျက်နှာကား အကြောင်သားဖြစ်သွားလေတော့သည်။

"မဟုတ်သေးဘူး။ ဒီကိစ္စက အဲ့လောက်မရိုးရှင်းဘူး။ ငါ ဒီကိစ္စကို ဘဏ္ဍာရေးဝန်ကြီးဌာနကို တင်ပြရမယ်"

...

ထိုညနေခင်းတွင် ကိုယ်ပိုင်လေယာဉ်တစ်စင်းက ချင်းချိုနိုင်ငံထဲရှိ မြို့တော်၏ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သက်ဆင်းလာခဲ့သည်။ အနွေးထည်ခပ်ထူထူတစ်ထည်ကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က လေယာဉ်ပေါ်က ဆင်းဆင်းချင်း ခိုက်ခိုက်တုန်နေချေသည်။

"ဟက်ချိုး..သောက်ကျိုးနည်း.. ဒါက ဘယ်လိုတောင်ဆိုးဝါးလိုက်တဲ့နေရာမျိုးလဲ။ တအားအေးတာပဲ"

ကျန်းမုန့်လောင်က လေယာဉ်ပေါ်ကဆင်းရင်း ညည်းတွားလိုက်သည်။

"အေးလွန်းလို့ သေတောင်သေနိုင်တယ်။ နိုင်ငံခြားခရီးသွားချင်လို့သာမဟုတ်ရင် ငါ ဒီနေရာကိုလာမှာမဟုတ်ဘူး"

ထိုနေ့တုန်းက ဟုန်းရီကို တာဝန်ပေးပြီးနောက် ကျန်းမုန့်လောင်သည် ချင်းချိုးနိုင်ငံသို့ ခရီးသွားရန် စီစဉ်နေခဲ့သည်။ တိတိကျကျပြောရပါလျှင် ဤသည်မှာ ဟွာရှားနိုင်ငံထဲမှ သူ ပထမဆုံးအကြိမ်ထွက်ဖူးခြင်းဖြစ်သဖြင့် နိုင်ငံခြားလေထုနှင့် နေသားတကျမရှိသေးပေ။

"ဒီမှာရှိတဲ့အရာတိုင်းက ကင်မ်ချီနံ့ရနေတယ်လို့ ငါ ဘာလို့ခံစားမိနေတာပါလိမ့်"

ကျန်းမုန့်လောင်က ဝေဖန်ပြောဆိုလိုက်သည်။

"မစ္စတာကျန်း.. ရှင်အခုလေးတင်စားလိုက်တဲ့ဟာက ကင်မ်ချီဆန်မုန့်လေ"

"အိုး.. အဲ့လိုလား။ ဟားဟားဟား.. အဲ့ဒါတွေကို အချဉ်စိမ်ထားတဲ့အသီးအရွက်ဆန်ကိတ်လို့ ထင်လိုက်တာ"

ကျန်းမုန့်လောင်က ရှက်ကိုးရှက်ကန်းဖြင့် ရယ်လိုက်လေသည်။

"ဟုတ်သားပဲ။ အခု အခြေအနေဘယ်လိုရှိလဲ။ သူတို့ရဲ့ဘဏ်တွေ သွေးရူးသွေးတန်းဖြစ်နေကြပြီလား"

"မစ္စတာကျန်း.. ဒီနေ့တစ်နေ့လုံး ချင်းချိုးဘဏ်ရဲ့စုငွေတွေက ၅၈ထရီလီယံ ထိုးကျသွားပါတယ်။ လျန်ဘဏ်ကတော့ ၅၄ထရီလီယံ၊ ဟာနာဘဏ်က ၄၇ထရီလီယံ။ ချင်းချိုးမင်ရှန့်ဘဏ်က ၄၉ထရီလီယံအသီးသီးပါပဲ.. စုစုပေါင်းဆိုရင် ကျွန်မတို့ ဘဏ်တွေဆီကနေ ချင်းချိုးငွေကြေး၅၀၀ထရီလီယံထုတ်ပြီးပါပြီ"

"အာ.. အဲ့ဒါပဲလား"

ကျန်းမုန့်လောင်၏အသံကား စိတ်ပျက်နေဟန်တူသည်။

"ငါ့မှာရှိတဲ့ပိုက်ဆံက ဒါအကုန်ပဲလား"

"အကုန်မဟုတ်ပါဘူး မစ္စတာကျန်း"

ဟုန်းရီက ပြုံးလိုက်၏။

"ရှင့်မှာ ပိုက်ဆံလုံလုံလောက်လောက်မရှိလို့မဟုတ်ပါဘူး။ အဲ့ဒီဘဏ်သေးသေးလေးတွေမှာ ငွေသားတွေအများကြီးမရှိကြလို့ပါ။ အဲ့ဒါကြောင့် သူတို့ အဆင့်တစ်ဘဏ်တွေကနေ ထုတ်မှဖြစ်မှာလေ။ ဒါပေမဲ့ ဒီနေ့လယ်နှစ်နာရီကတည်းက အဆင့်နှစ်ဘဏ်တွေမှာတောင်မှ ပိုက်ဆံတွေပြတ်သွားခဲ့တယ်။ အခုဆိုရင် ချင်းချိုးတစ်နိုင်ငံလုံးမှာ ငွေစီးဆင်းမှုမြန်နေပြီ"

"ဟားဟားဟား.. ဒါဆို ဒီမြင်ကွင်းကတော့ တော်တော်ကြည့်ကောင်းတော့မှာပဲ"

ကျန်းမုန့်လောင်က ရယ်မောလိုက်၏။

"ဟုတ်ပါတယ်။ အခုဆိုရင် သူတို့မှာ ဘဏ်တိုက်ငွေသယ်ပို့ရေးယာဉ်တွေလည်း လုံလုံလောက်လောက်မရှိတော့ဘူး"

*************

All Chapters