ချင်းချိုးငွေကြေးငါးရာထရီလီယံက စထုတ်လိုက်ရအောင်
Vol. 10 Ch. 138
"ဦးလေးမောင့် ခဏနားပါဦး။ မစ္စတာကျန်းကို လမ်းလွဲသွားအောင်မလုပ်နဲ့လေ။ ရှင့်ဘာသာ ပျော်ပါးနေတာ ကိစ္စမရှိဘူး။ ဒါပေမဲ့ ဦးလေးရှောင်ယွင်သာသိသွားရင် ဦးလေးပြဿနာတက်လိမ့်မယ်နော်"
ဟုန်းရီလည်း နောက်ထပ်ဆက်နားမထောင်နိုင်တော့ပေ။ ကမ္ဘာပေါ်ရှိ ယောက်ျားများမှာ တစ်ပုံစံတည်းပင်။ မိန်းမလှလေးများအကြောင်း ပြောကြသည့်အခါတိုင်း ကပျက်ကချော်နိုင်လာတတ်သည်။
"အဟွတ် အဟွတ်.. ကျုပ်က ကိုးရိုးကားရားနိုင်နေတာကို ချေဖျက်ချင်လို့ စနောက်နေရုံသက်သက်ပါ"
ဤနာမည်ကို ကြားလိုက်ရသောအခါ မောင့်ရှုန်းဟွေ့လည်း ချက်ချင်းဆိုသလို စိုးရိမ်ကြောင့်ကြသွားချေသည်။ သူ့နှလုံးသားထဲဝယ် ကျန်းမုန့်လောင်၏ဖခင်သည် ဘာသာရေးဆိုင်ရာယုံကြည်မှုတစ်ခုကဲ့သို့ အလွန်လေးစားဖွယ်ရာပုံရိပ်တစ်ခုဖြစ်၏။
"ဦးလေး ဒီလိုဆက်လုပ်နေမယ်ဆိုရင် ကျွန်မ အဒေါ်ဖန်းကို ပြောပြလိုက်မယ်နော်"
"မလုပ်ပါနဲ့။ မလုပ်နဲ့။ မလုပ်နဲ့"
မောင့်ရှုန်းဟွေ့ခမျာ ချက်ချင်းပင် ထိတ်လန့်သွားရှာလေသည်။
"မင်းရဲ့အဒေါ်ဖန်းကို မပြောသရွေ့တော့ မင်းပြောသမျှ ငါလက်ခံပါ့မယ်"
"ဟားဟားဟား"
ဟုန်းရီလည်း မနေနိုင်တော့ဘဲ အော်ရယ်လိုက်မိတော့သည်။ ချင်းချိုးနိုင်ငံတွင် ဧကရာဇ်တစ်ပါးနီးပါး ဖြစ်နေသော ဤလူသည် တကယ်တမ်းမှာတော့ မိန်းမကြောက်ရသော ယောက်ျားတစ်ယောက်သာဖြစ်၏။
"စကားမစပ် မစ္စတာကျန်း.. ဒီတစ်ခေါက် ဒီကိုဘာလို့ရောက်လာတာလဲ။ ဒီကလေးမလေးဟုန်းရီကလည်း ကျုပ်ကို ဘာမှမပြောပြထားဘူး"
မောင့်ရှုန်းဟွေ့က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလေသည်။
"ဘာရယ်မဟုတ်ပါဘူး။ နိုင်ငံတကာစီးပွားရေးပညာရှင်တချို့က ကျွန်တော့်ကို ရေဆိုးရေညစ်ကြီးနဲ့ လာညစ်နွမ်းအောင်လုပ်နေကြလို့လေ။ ကျွန်တော့်အဘိုးက ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကို ဖန်တီးခဲ့တယ်ဆိုတာ လုပ်ကြံဇာတ်တွေပါဆိုပြီးတော့လေ။ သူတို့က အဲ့ဒါကိုမယုံကြဘူးမလား။ ဒီတော့ ကျွန်တော်ကလည်း သူတို့ကို သက်သေမပြဘဲနေနိုင်မှာတဲ့လား"
"ဟားဟားဟား ဒီငတုံးတွေက သူတို့ဘယ်သူ့ကိုမေးခွန်းထုတ််နေလဲဆိုတာကို တကယ်မသိရှာဘူး"
မောင့်ရှုန်းဟွေ့က သရော်လိုက်ချေသည်။
"မစ္စတာကျန်းကိုယ်တိုင်မပြောနဲ့။ မစ္စတာကျန်းရဲ့လက်အောက်က မိသားစုတစ်စုစုကသာ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းတစ်ခုကို ဖန်တီးပြီး နိုင်ငံတစ်နိုင်ငံကို ကျွမ်းထိုးမှောက်ခုံဖြစ်အောင်လုပ်ဖို့ဆိုတာ ဘာပြဿနာမှမရှိဘူး"
"အဟွတ် အဟွတ် အဟွတ် အဲ့ဒီအကြောင်း မပြောနဲ့တော့ ဟုတ်ပြီလား"
"ဟားဟားဟား"
မောင့်ရှုန်းဟွေ့က ဆက်လက်ရယ်မောနေလေသည်။
"ဒါဆို မစ္စတာကျန်းက ချင်းချိုးနိုင်ငံကို ဘာလို့ရွေးလိုက်ရတာလဲ။ ပုံမှန်ဆိုရင် ဒီလိုကိစ္စမျိုးကို လုပ်ပြဖို့အတွက် အမေရိကန်လိုနိုင်ငံမျိုးကမှ ပိုသိသာတာမဟုတ်ဘူးလား။ ကြည့်ရတာတော့ သူတို့တွေက အဲ့ဒီတုန်းက မင်းရဲ့အဘိုး သူတို့ကို ဘယ်လိုဖိနှိပ်ခဲ့လဲဆိုတာကို မေ့သွားတဲ့ပုံပဲ"
"အံ့ဩစရာတော့မရှိပါဘူး။ အဲ့ဒီဘေးဒုက္ခကို တွေ့ကြုံခံစားခဲ့ရတဲ့လူတော်တော်များများက မရှိတော့ဘူးကိုး"
ကျန်းမုန့်လောင် ခန့်မှန်းတွက်ချက်ကြည့်လိုက်သည်။
"ချင်းချိုးနိုင်ငံက ဒီစီးပွားရေးအကျပ်အတည်းကြီးဖြစ်ရတာဟာ သူတို့ရဲ့စီးပွားရေးဖွဲ့စည်းမှုပုံစံအသစ်ကြောင့်ဖြစ်ရတာလို့ ပြောခဲ့တယ်။ သူတို့က အကြွားသန်ပြီး ပါးစပ်သရမ်းနေကြတုန်းပဲ"
"ချင်းချိုးက အမြဲဒီလိုပါပဲ"
မောင့်ရှုန်းဟွေ့က ပြောလိုက်လေသည်။
"ဒီနိုင်ငံက သင်ခန်းစာပေးခံရသင့်နေတာတော့ အမှန်ပဲ။ ကြည့်ရတာ ဒီတစ်ခေါက်တော့ ကျုပ် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ပွဲကြီးတစ်ခု ကြည့်ရတော့မယ်ထင်တယ်"
"ချင်းချိုးနိုင်ငံရဲ့ စီးပွားရေးစနစ်ကြီးတစ်ခုလုံး ပြိုလဲသွားရင် ဦးလေးကိုတော့ မထိခိုက်လောက်ပါဘူးနော်"
ကျန်းမုန့်လောင်က မေးလိုက်၏။
"အကျိုးသက်ရောက်မှုတစ်ခုကတော့ သေချာပေါက်ရှိမှာပါ"
မောင့်ရှုန်းဟွေ့ ပြောလာသည်။
"ဒါပေမဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ပိုက်ဆံတွေကတော့ ဒီအတိုင်းပျောက်ကွယ်သွားမှာမဟုတ်ဘူးလေ။ ကျုပ်ရဲ့ပိုက်ဆံကလည်း မင်းရဲ့ပိုက်ဆံပါပဲ မစ္စတာကျန်း။ မင်းရဲ့တစ်ဖက်အိတ်ကပ်ထဲကနေ နောက်ထပ်အိတ်ကပ်ထဲကို ပြောင်းထည့်လိုက်သလိုပါပဲ။ ဆုံးရှုံးမှုသေးသေးလေးကိုတော့ ငွေလွှဲခလို့သာ သဘောထားလိုက်ပါ။ ကျုပ် အဲ့ဒီငွေကို အမြန်ဆုံးပြန်ရှာနိုင်ပါတယ်"
"မစ္စတာကျန်း.. စိတ်မပူပါနဲ့။ ဦးလေးမောင့်က ချင်းချိုးမှာ စွမ်းအင်ထောက်ပံံ့မှု၈၀ရာခိုင်နှုန်းကို ထိန်းချုပ်ထားတာလေ။ ဒီနိုင်ငံကြီးတည်ရှိနေသရွေ့တော့ သူ ငတ်သွားမှာမဟုတ်ပါဘူး"
"ဘာတွေပြောနေတာလဲ ကလေးမ"
"ဟားဟားဟား"
...
မောင့်ရှုန်းဟွေ့က ကျန်းမုန့်လောင်အတွက် နေရာထိုင်ခင်းကို ကြိုတင်ပြင်ဆင်ပေးထားပြီးဖြစ်၏။ တည်နေရာကား ချိုးယွမ်မြို့တော်ထဲရှိ လူကုံထံဧရိယာတစ်ခုတွင် ရှိ၏။ ဗီလာတစ်လုံးမဟုတ်သော်လည်း ပထမအဆင့်Tomsonကဲ့သို့သော အဆင့်မြင့်တိုက်ခန်းများနှင့်ပင် ယှဉ်နိုင်စွမ်းရှိပြီး မြို့တော်တစ်ခုလုံးနီးပါးကို မြင်နိုင်သော ရှုခင်းကြီးတစ်ခုလည်းရှိ၏။
"နင် ဘာလို့ ချင်းချိုးကိုသွားတာလဲ"
ကျန်းမုန့်လောင်သည် ပုံမှန်အတိုင်း လုရီယောင်နှင့် ဗီဒီယိုကောပြောနေခြင်းပင်။ လုရီယောင်မှာ ယခုမှရေချိုးပြီးခါစဖြစ်ဟန်တူ၏။ နှင်းဖြူရောင်သမ်းနေသော သူ(မ)၏ညှပ်ရိုးများမှာ ကျန်းမုန့်လောင်ကို မကောင်းသောအတွေးများ တွေးမိအောင် လှုံ့ဆော်နေချေသည်။
"ပါးစပ်သရမ်းတဲ့လူတချို့ကို သင်ခန်းစာသွားပေးမလို့လေ။ ရက်ပိုင်းလောက်နေရင် ပြန်လာခဲ့မယ်။ ပြီးရင် အနုပညာရှင်တွေနောက် လိုက်ချင်လည်းလိုက်မှာပေါ့"
"စတားနောက်လိုက်မှာလား။ တကယ်လို့ နင် လီဂျီအွန်းနဲ့ လီဆာတို့ကိုတွေ့ခဲ့ရင် ငါ့အတွက် လက်မှတ်တောင်းခဲ့ပေးနော်"
လုရီယောင်က ထိုစကားကိုကြားပြီးနောက် ရုတ်တရက်ဆိုသလို စိတ်လှုပ်ရှားသွားချေသည်။
လုရီယောင်၏အကြိုက်က ကျန်းမုန့်လောင်၏အကြိုက်နှင့် ထပ်တူကျ၏။ ဤချင်းချိုးနိုင်ငံအနုပညာရှင်နှစ်ယောက်က သူ(မ)အကြိုက်ဆုံးများထဲမှ နှစ်ယောက်ဖြစ်သည်။
"ဟားဟားဟား.. ငါ သူတို့ကို တော်ကောက်လိုက်မှာမကြောက်ဘူးလား"
ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။
"နင့်မှာ အဲ့လိုလုပ်နိုင်စွမ်းရှိတယ်ဆိုရင် ငါကတော့ စိတ်ထဲမထားပါဘူး။ လီဂျီအွန်းတို့ လီဆာတို့နဲ့သာ ညီအစ်မတွေဖြစ်ရမယ်ဆိုရင် လိုလားတယ်ဆိုတာထက်တောင် ပိုသေးတယ်"
"သောက်ကျိုးနည်း.. အဲ့ဒါက ဖြစ်ရောဖြစ်နိုင်လို့လား"
ကျန်းမုန့်လောင်ခမျာ ပြောစရာစကားကင်းမဲ့သွားရလေသည်။ အမျိုးသမီးများ၏အတွေးများမှာ ဘယ်လိုလုပ်ပြီးတော့များ အလွန်ထူးဆန်းရလေသလဲ။ အထူးသဖြင့် စတားနောက်လိုက်သည့် မိန်းကလေးများပင်။
လုရီယောင်နှင့် ဂိမ်းနှစ်ပွဲလောက် ကစားပြီးနောက် ခရီးပန်းမှုကြောင့် ကျန်းမုန့်လောင်လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလေတော့သည်။
...
"ဘဏ်ကိုသွားကြစို့"
မနက်စောစောတွင် ကျန်းမုန့်လောင်က အင်အားအပြည့်ဖြင့် အိမ်မှထွက်လာခဲ့လိုက်သည်။ ယနေ့ သူ ကိစ္စကြီးတစ်ခု လုပ်ဆောင်ရန် စီစဉ်ထားသည်။ ၎င်းမှာ ချင်းချိုးဘဏ်တစ်ခုလုံးရှိ ငွေသားလက်ကျန်အားလုံးကို အပြောင်ထုတ်ယူပစ်ရန် ဖြစ်သည်။
ချင်းချိုးဘဏ်ရုံးချုပ်သို့ သွားရာလမ်းဝယ် ကားက ချောမွေ့စွာ ရွေ့လျားနေချေသည်။ ကျန်းမုန့်လောင်ကတော့ သူ့ဖုန်းထဲမှတစ်ဆင့် ချင်းချိုးနိုင်ငံသတင်းများကို ရှာဖွေကြည့်ရှုနေ၏။ ချင်းချိုးဘာသာစကားကို သူ နားမလည်သော်ငြား သူ့တွင် ဘာသာစကား၁၂မျိုးကို ကျွမ်းကျင်ပိုင်နိုင်လေသော လူသားဘာသာပြန်စက်ကြီးဖြစ်သော ဟုန်းရီရှိသည်။
"မစ္စတာကျန်း..ချင်းချိုးဘဏ်က မနေ့ညကနေ ဒီမနက်အထိ တစ်ညလုံးအချိန်ပိုတွေဆင်းနေရပါတယ်"
"အိုး? ဟားဟား.. ငါက ဘဏ်အလုပ်ချိန်ကို ကိုးနာရီကနေ ငါးနာရီအထိပဲလို့ ထင်နေတာ"
"ဒါက အထူးကာလလေ။ ချင်းချိုးနိုင်ငံသားတွေအများကြီးက ပိုက်ဆံထုတ်ဖို့လာနေကြတဲ့အပြင် နောက်တစ်ရက်ဘဏ်ပြန်ဖွင့်ရင် ထုတ်ပေးစရာပိုက်ဆံမရှိတော့မှာစိုးလို့ ရွက်ဖျင်တဲတွေရော ထိုင်ခုံတွေပါယူလာကြတဲ့လူတွေလည်းရှိတယ်။ အဲ့ဒါကြောင့် လူ့အဖွဲ့အစည်းရဲ့သတ်မှတ်ချက်တွေကိုလည်း သွားထိခိုက်တော့ ဘဏ်တွေလည်း မတတ်သာတော့ဘဲ တစ်ညလုံးအလုပ်လုပ်ရတော့တာပေါ့"
"သူတို့တွေ တကယ်ပဲ အကုန်ထုတ်နေကြတာကိုး"
ကျန်းမုန့်လောင် မအံ့ဩဘဲ မနေနိုင်ချေ။
"မနေ့ညတုန်းက ချင်းချိုးရဲ့ဘဏ္ဌာရေးဗျူရိုကလည်း ဘဏ်က ပြိုလဲဖို့မဖြစ်နိုင်သလို ငွေသားကုန်ခန်းမှုလည်း မဖြစ်နိုင်တဲ့အကြောင်း ရှင်းလင်းချက်ထုတ်ပြန်ခဲ့ပါတယ်။ တစ်ခုတည်းသောပြဿနာက သယ်ယူပို့ဆောင်ရေးအခက်အခဲကြောင့် နှောင့်နှေးနေရတာဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့တယ်။ ဒါပေမဲ့ အခုအချိန်အထိတော့ ဘဏ်တွေက ငွေလုံလောက်မှုရှိနေဆဲမို့ လူတိုင်းထုတ်ချင်သလောက် ထုတ်ပေးနေတုန်းပါပဲ။ အခုဆိုရင် နိုင်ငံသားတွေလည်း စိတ်အေးသွားကြပြီး တော်တော်များများကလည်း လူစုကွဲသွားကြပါပြီ။ ကျန်နေသေးတဲ့လူတွေကတော့ ဒီမနက်ငွေထုတ်ပေးသွားမှာပါတဲ့"
"သူတို့က အဲ့ဒီလောက်ပမာဏကို တကယ်ထုတ်ပေးနိုင်တာပဲ။ သူတို့က ဒီအတိုင်းလျှောက်ကြွားနေတာမဟုတ်ဘူးပေါ့"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဟုန်းရီက ဒေတာစာမျက်နှာတစ်ခုကို ဖွင့်ပြလိုက်သည်။
"ဒီနေ့မနက်အထိဆိုရင် ဘဏ်တွေအားလုံးရဲ့လက်ကျန်ငွေသားက ချင်းချိုးငွေကြေး၁၀၀ထရီလီယံအထိ လျော့သွားပါပြီ။ အဲ့ဒီပမာဏက သူတို့စုငွေရဲ့ ခြောက်လစာနီးနီးရှိပါတယ်"
"အခုရော ဘယ်လောက်ကျန်သေးလဲ။ မင်း စုံစမ်းပေးနိုင်လား"
"ရတာပေါ့"
ဟုန်းရီက နောက်ထပ်ဒေတာစာမျက်နှာကို လှန်လှောလိုက်သည်။
"ချင်းချိုးဘဏ်ရုံးချုပ်မှာ ငွေသားလက်ကျန်၃၀၀ထရီလီယံကျန်ပါသေးတယ်။ တခြားဘဏ်တွေကတော့ ၁၀၀ထရီလီယံနဲ့ ၃၀၀ထရီလီယံကြား ရှိနေတုန်းပါပဲ"
"အဲ့ဒါတောင် တော်တော်များသေးတာပဲ"
ကျန်းမုန့်လောင်၏မျက်နှာထက်ဝယ် ညစ်ကျယ်ကျယ်အပြုံးတစ်ပွင့် ထွက်ပေါ်လာလေသည်။
"ဒီဘဏ်တွေမှာ ငါ အကောင့်ဖွင့်ထားလား"
"ဟုတ်ကဲ့"
ဟုန်းရီက ပြောလိုက်၏။
"ဘဏ်တစ်ခုချင််းစီတိုင်းမှာ ရှင့်ရဲ့မူရင်းအကောင့်တစ်ခုစီရှိပါတယ်။ ဒီအကောင့်က လျှို့ဝှက်ထားတာမို့ ဘယ်သူမှ အဲ့ဒီအကြောင်းကို မသိပါဘူး။ ဒါပေမဲ့ ဒီမူရင်းအကောင့်အောက်မှာ အကောင့်ခွဲတွေအများကြီးရှိပါတယ်။ အဲ့ဒီထထဲမှာ ပုဂ္ဂလိကအကောင့်တွေရော ကော်ပိုရေးရှင်းအကောင့်တွေရော အများကြီးရှိပါတယ်။ အကုန်လုံးက ရှင့်လက်အောက်မှာရှိတဲ့ ကုမ္ပဏီတွေနဲ့ ဝန်ထမ်းတွေပိုင်တဲ့အကောင့်တွေပါ။ ရှင့်အနေနဲ့ ဒီငွေတွေကို မူရင်းအကောင့်ကတစ်ဆင့် လွတ်လွတ်လပ်လပ်စီမံခန့်ခွဲလို့ရပါတယ်"
"ဘယ်လောက်ရှိလဲ"
"ချင်းချိုးဘဏ်မှာဆိုရင် ချင်းချိုးငွေကြေး၇၀၀ထရီလီယံရှိတယ်"
"ဝိုး"
ကျန်းမုန့်လောင်မှာ မထိတ်လန့်ဘဲ မနေနိင်ချေ။ ထိုပမာဏကား အမေရိကန်ဒေါ်လာ၇၀၀ဘီလီယံနီးနီးရှိသည်။ ဤပိုက်ဆံကား ချင်းချိုးဘဏ်တစ်ခုတည်းစာပင် ရှိသေးသည်။ ဘိုးဘွားပိုင်အမွေအနှစ်ကို သုံးစွဲခွင့်ရရေးအတွက် သူ့အဖေချမှတ်ထားခဲ့သော အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံကို ကုန်အောင်သုံးရမည်ဟူသောတာဝန်မှာ စင်စစ်အသေးစားစမ်းသပ်မှုတစ်ခုသာ ဖြစ်ဟန်တူသည်။
မကြာခင်မှာပင် ကားက ဘဏ်ဝင်ပေါက်တွင် ရပ်တန့်လိုက်သည်။ ရုံးချုပ်ဖြစ်သည့်အတွက် ဤနေရာကား အလွန်ခမ်းနားလှပြီး ငွေထုတ်ရန် စောင့်ဆိုင်းနေသော လူတန်းရှည်ကြီးတစ်ခုကလည်း ရှိနေသည့်အပြင် လုံခြုံရေးအစောင့်များနှင့် အထူးရဲများကလည်း ဘေးပတ်ဝန်းကျင်ကို ထိန်းချုပ်ကြပ်မတ်ပေးနေ၏။
"ငါတို့ရော တန်းစီဖို့လိုသေးလား"
ကျန်းမုန့်လောင်က မေးလိုက်၏။
"ဘယ်လိုမှာလဲ။ ရှင့်အကောင့်က ဟွာရှားဘဏ်ရဲ့ဂုဏ်ထူးဆောင်ကတ်လို အထူးအခွင့်အရေးတွေရှိတာပဲလေ။ ရှင့်ကိုဝန်ဆောင်မှုပေးဖို့အတွက် အထူးအဖွဲ့တစ်ဖွဲ့ရှိပါတယ်။ သူတို့ကို ဆက်သွယ်လိုက်ရုံပါပဲ"
ဟုန်းရီက သူ့ကိုရှင်းပြလိုက်သည်။
"အိုး"
ကျန်းမုန့်လောင်ကလည်း ဟုန်းရီပေးလာသည့် ဖုန်းနံပါတ်ကို ဆက်လိုက်သည်။
"ဟယ်လို.. လေးစားရပါသော ဖောက်သည်အမှတ်စဉ်၀၁.. ဘာများကူညီပေးရမလဲရှင့်"
ဖုန်းတစ်ဖက်မှ မိန်းကလေးတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။ ထိုမိန်းကလေးက သူဟာ ဟွာရှားလူမျိုးဖြစ်ကြောင်း သိနေသည့်အလား ဟွာရှားဘာသာစကားဖြင့် ပြောလာလေသည်။
အသံကား အနည်းငယ်တုန်ယင်နေပေသည်။ သူ(မ)ကိုကြည့်ရသည်မှာ ရင်တုန်ပန်းတုန်ဖြစ်ချင်စရာကောင်းသော ကိစ္စတစ်ခုကို ရင်ဆိုင်ခဲ့ရဟန်တူ၏။
"ဖောက်သည်အမှတ်စဉ်၀၁တဲ့လား။ အထင်ကြီးချင်စရာပဲ"
ကျန်းမုန့်လောင်က တစ်ဖက်လူ၏ စိတ်လှုပ်ရှားနေလေဟန် လေသံကို အာရုံမစိုက်ဘဲ မှတ်ချက်ပေးလိုက်၏။
"အိုး..ဟယ်လို ကျွန်တော် ပိုက်ဆံထုတ်ချင်လို့ပါ"
"ဘယ်လောက်ထုတ်ချင်တာလဲရှင့်။ ကျွန်မတို့ ချက်ချင်းပြင်ပေးပါ့မယ်။ လူကြီးမင်း ဘဏ်ကို ဘယ်အချိန်လောက်ရောက်မလဲ။ ဒါမှမဟုတ် ကျွန်မတို့ ကားလွှတ်ပေးရမလား"
"အထင်ကြီးဖို့ကောင်းတဲ့ ဝန်ဆောင်မှုအရည်အသွေးပဲ"
ဘဏ်မှာ ငွေထုတ်ဖို့အတွက် ကားလွှတ်ပေးမည်ဆိုခြင်းကို ကျန်းမုန့်လောင် ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်၏။
"မလိုပါဘူး။ ကျွန်တော်ကဖြင့် ဘဏ်အပေါက်ဝကို ရောက်နှင့်နေပြီ။ ချင်းချိုးငွေကြေး၅၀၀ထရီလီယံကနေ စထုတ်လိုက်ကြတာပေါ့"
*********