← Chapters

ဘဏ်ထဲမှာ ထုတ်စရာပိုက်ဆံမရှိတော့ဘူး

Vol. 10 Ch. 139

ဘဏ်ထဲမှာ ထုတ်စရာပိုက်ဆံမရှိတော့ဘူး

Vol. 10 Ch. 139

"မဟုတ်.. တောင်းပန်ပါတယ် ဆရာ။ ကျေးဇူးပြုပြီး နောက်တစ်ခေါက်ထပ်ပြောပေးလို့ရမလား။ အခုပြောလိုက်တာကို ကျွန်မ သေချာမကြားလိုက်ရလို့ပါ.."

ဖုန်းတစ်ဖက်ရှိ မိန်းကလေး၏အသံမှာ ရုတ်တရက်တုန်ယင်သွားရလေတော့သည်။

ဒီဖောက်သည်က ချင်းချိုးငွေကြေး၅၀၀ထရီလီယံကို ထုတ်ချင်တယ်လို့ ပြောလိုက်တာလား။ သူ(မ)နားကြားမှားခြင်းပင် ဖြစ်ရမည်။

ဤအကောင့်နံပါတ်သည် ဘဏ်စတင်တည်ထောင်စဉ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်၏။ ဤအကောင့်ပိုင်ရှင်ကိုလည်း ထိုအချိန်တုန်းက ဘဏ်ဥက္ကဋ္ဌကလွဲ၍ မည်သူမှမသိခဲ့ကြလေရာ ဤဘဏ်ထဲတွင် ဤအကောင့်နံပါတ်သည် လျှို့ဝှက်ချက်တစ်ခုအဖြစ် တည်ရှိနေခဲ့သည်။

သို့သော် ဤအကောင့်သည် ဖွင့်ထားပါသော်ငြား အသုံးပြုခြင်းမရှိခဲ့သည့်အပြင် လက်ကျန်ငွေကလည်း သုညသာရှိ၏။ ချင်းချိုးဘဏ်တွင် ဤအကောင့်သည် လျှို့ဝှက်အဆန်းကြယ်ဆုံးသော သင်္ကေတတစ်ခုအဖြစ် တည်ရှိနေခဲ့သည်။

ယနေ့မှာတော့ ဤအကောင့်အတွက် ရည်ရွယ်ထားသော ဖုန်းနံပါတ်က ဖုန်းခေါ်ဆိုလာပြီး ခေါ်ဆိုသူကလည်း ချင်းချိုးငွေကြေး၅၀၀ထရီလီယံကို ချက်ချင်းထုတ်ယူလိုသည်ဟု ဆိုလာပေသည်။ သူတို့အနေနှင့် သံသယမဝင်ဘဲ နေနိုင်မည်တဲ့လား။

"ချင်းချိုးငွေကြေး၅၀၀ထရီလီယံထုတ်ချင်တယ်လို့ပြောလိုက်တာ။ ထပ်ပြောရဦးမလား"

"ဒါပေမဲ့ ဆရာ.. ရှင့်အကောင့်ထဲမှာ အဲ့ဒီလောက်ပိုက်ဆံမရှိပါဘူး။ လူကြီးမင်းက ဒီကတ်စီးရီးရဲ့ အဆင့်မြင့်အသုံးပြုသူဖြစ်နေပေမဲ့ အကြွေးထုတ်ယူနိုင်တဲ့ အများဆုံးပမာဏက ချင်းချိုးငွေကြေး၅၀၀ဘီလီယံပဲရှိပါတယ်"

ထိုမိန်းကလေးက ကတ်ထဲရှိ လက်ကျန်ပမာဏကို စစ်ဆေးကြည့်လိုက်ရင်း စိတ်သက်သာရာရသွားချေသည်။

ယခုအချိန်တွင် နိုင်ငံအနှံ့ရှိ ဘဏ်များမှာ အကျပ်အတည်းကြုံနေရပေသည်။ သူတို့၏ဘဏ်မှာလည်း စုစုပေါင်းငွေသား၃၀၀ထရီလီယံသာ ကျန်တော့သည်။ ဘဏ်အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ဖောက်သည်အတန်းလိုက်ကြီးကလည်း ရှိနေသေးသည်။ ဤရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော ရုတ်တရက်ဆန်သည့်ဖြစ်ရပ်တချို့ကို ကိုင်တွယ်ဖြေရှင်းနိုင်သည့်အတွက် သူတို့ စိတ်သက်သာရာရရုံရှိသေးသည်။

အကယ်၍ တစ်ယောက်ယောက်ကသာ ယခုလိုအချိန်မျိုးမှာ ချင်းချိုးငွေကြေး၅၀၀ထရီလီယံကို ထုတ်ယူရန်ကြိုးစားခဲ့ပါက ၎င်းမှာ အနာကို ဆားသိပ်သလို ဖြစ်နေချေတော့မည်။ သူတို့အနေနှင့် ထိုမျှပမာဏကို ထုတ်ပေးရန် မဖြစ်နိုင်ပေ။

သူတို့၏စုငွေစုစုပေါင်းကပင် ချင်းချိုးငွေကြေး၂၀၀၀ထရီလီယံသာ ရှိသည်။ ၅၀၀ထရီလီယံဆိုသည်မှာ ဘာအဓိပ္ပာယ်လေလဲ။ ဘဏ်ထဲရှိစည်းစိမ်၏ လေးပုံတစ်ပုံက သူ့ပိုက်ဆံများဟု ဆိုနေခြင်းလေလား။ အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

"တကယ်လား။ ကျွန်တော့်လက်ကျန်ငွေက အဲ့ဒီလောက်မရှိဘူးပေါ့"

"ဟုတ်ပါတယ် ဆရာ"

ထိုမိန်းကလေးကလည်း တလေးတစားပြောလိုက်လေသည်။

ဤကတ်သည် ယခုဆိုလျှင် အလွန်သက်တမ်းရင့်နေပြီဖြစ်လေရာ ယခုလိုလူငယ်လေးတစ်ယောက်၏အသံကို ကြားလိုက်ရသည်မှာ မူလဖောက်သည်၏ မျိုးဆက်တစ်ယောက် ဖြစ်နိုင်လောက်သည်။ ကြည့်ရသည်မှာ ဤဘဏ်အကောင့်ကို သူ့ဘိုးဘေးများထံမှ အမွေဆက်ခံထားဟန်တူ၏။

သို့သော် ဤကတ်ထဲတွင် ဘာပိုက်ဆံမှမရှိပေ။ အကြွေးထုတ်ယူခွင့်အနည်းငယ် ရှိနေခြင်းကလွဲလျှင် ဤကတ်မှာ ဘာတန်ဖိုးမှမရှိသည့် ကတ်တစ်ခုသာဖြစ်၏။ ကြည့်ရသည်မှာ ဤလူငယ်လေးက ဤအကောင့်အကြောင်း ကောင်းကောင်းသိထားပုံမရပေ။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ တစ်ခါတုန်းက ဤအကောင့်ပိုင်ရှင်သည် ကမ္ဘာကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိခဲ့သူတစ်ယောက် ဖြစ်ရပေမည်။ ထိုသို့မဟုတ်ပါက ပထမဆုံးသော ဤဘလက်ကတ်ကို ပိုင်ဆိုင်ထားမည်မဟုတ်ချေ။ သို့သော် ယခုတော့ဖြင့် လက်ရှိအကောင့်ပိုင်ရှင်မှာ ခက်ခဲကျပ်တည်းနေသူတစ်ယောက် ဖြစ်နေပုံရသည်။ ထိုသို့မဟုတ်ပါက ဤမျှနှစ်ပေါင်းများစွာကြာသည့်တိုင် ယခုလိုအဆင့်မြင့်အကောင့်တစ်ခုထဲတွင် ဘယ်လိုလုပ်ပြီးတော့များ ပိုက်ဆံတစ်ပြားမှမရှိဘဲ နေနိုင်မည်လဲ။

ဤအချက်ကို သဘောပေါက်သွားချိန်ဝယ် ထိုမိန်းကလေး၏စိတ်လှုပ်ရှားမှုများမှာ အတော်အတန်ပြေလျော့သွားခဲ့ပြီး ဤခေါ်ဆိုသူဘက်က အတင်းအကျပ်တောင်းဆိုလာခဲ့လျှင် အကြွေးထုတ်ယူခွင့် ပေးသင့်မပေးသင့်ကို စဉ်းစားနေမိသည်။ သူသာ ပြန်မဆပ်နိုင်ခဲ့လျှင် သူတို့ဘဏ်လည်း အကြွေးဆုံးသွားနိုင်ပေသည်။

"ဒါဆို ကျွန်တော့်အကောင့်မှာ အကောင့်ခွဲဘယ်နှခုလောက်ရှိလဲဆိုတာ စစ်ကြည့်ပေးပါ့လား"

ကျန်းမုန့်လောင်က တောင်းဆိုလိုက်၏။

"လျှို့ဝှက်နံပါတ်က sb10086ပါ"

"ရပါတယ်ရှင့်။ ကျေးဇူးပြုပြီး ခဏစောင့်ပေးပါနော်"

ထိုမိန်းကလေးကလည်း ပြန်ဖြေလိုက်သည်။ သူ(မ)၏စိတ်ထဲတွင် အနည်းငယ်မနှစ်မြို့သလို ခံစားနေရသော်ငြား သူ(မ)၏လေသံကတော့ တလေးတစားပင်။

"ကလစ်"

နောက်ဆုံးခလုတ်ကို နှိပ်လိုက်ချိန်ဝယ် ရုတ်တရက်ပေါ်ပေါက်လာသော ဘဏ်အကောင့်ခွဲများကြောင့် သူ(မ) အံ့ဩမှင်တက်သွားရလေသည်။

သူ(မ)က နောက်ဆုံးပမာဏကို တစ်ချက်ကြည့်လိုက်လေရာ ထိတ်လန့်ဖွယ်ကောင်းသည့် "တစ်သောင်း"ဟူသော ပမာဏကြောင့် ပို၍ပင် အသက်ရှူကျပ်သွားရသည်။

ဤဘလက်ကတ်အကောင့်များမှာ အကောင့်ခွဲပေါင်းများစွာ အကန့်အသတ်မရှိ ဖွင့်နိုင်သော်ငြား အသုံးအပြုဆုံးဘလက်ကတ်အကောင့်ကပင် ယနေ့အချိန်အထိ အကောင့်ခွဲရာဂဏန်းမျှသာ ဖွင့်ထားနိုင်သေးသည်။ အကောင့်ခွဲတစ်သောင်းခန့်ဖွင့်ထားရအောင် ဒီလူရူးနေတာများလား။

"ကျွန်တော့်ရဲ့အကောင့်ခွဲတွေမှာရှိတဲ့ ငွေတွေအားလုံးကို ထုတ်ယူပိုင်ခွင့်ရှိတယ်မလား"

ကျန်းမုန့်လောင်က မေးမြန်းကြည့်လိုက်သည်။

"ဟုတ်ကဲ့ ဆရာ"

"ဒါဆို ဒီအကောင့်ခွဲတွေမှာ စုစုပေါင်းပမာဏဘယ်လောက်ရှိလဲဆိုတာ စစ်ကြည့်ပေးလို့ရမလား"

"ကျေးဇူးပြုပြီး ခဏလောက်ကိုင်ထားပေးပါရှင့်"

ရုတ်တရက်ဆိုသလိုပင် ထိုမိန်းကလေးခမျာ မကောင်းသောခံစားချက်တစ်ခု ဝင်လာလေသည်။

သူ(မ)က အကောင့်တစ်ခုကို သာမန်ကာလျှံကာနှိပ်ကြည့်လိုက်လေရာ လက်ကျန်ငွေပမာဏမှာ ချင်းချိုးငွေကြေး၂၇၀ဘီလီယံဟု ပြနေသဖြင့် သူ(မ)၏ပါးပြင်များ တွန့်သွားရသည်။

"ချင်းချိုးငွေကြေး၇၉ဘီလီယံ"

"၁၂ဘီလီယံ.."

"၄၃ဘီလီယံ.."

သူ(မ)သည် အကောင့်တစ်ဒါဇင်ခန့်ကို ဆက်တိုက်နှိပ်ကြည့်လိုက်သည့်အခါ အကောင့်တစ်ခုချင်းစီတိုင်းတွင် လက်ကျန်ငွေချင်းချိုးငွေကြေးငါးဘီလီယံထက် မလျော့ပေ။ အများဆုံးပမာဏမှာ ချင်းချိုးငွေကြေး၁၀၀ဘီလီယံရှိသည်။ ဤအကောင့်ထဲရှိ စုစုပေါင်းပမာဏက တကယ်ပဲ ၅၀၀ထရီလီယံကျော်လေသလားဟု သူ(မ) စတင်သံသယဖြစ်နေမိလေပြီ။

"အခုထိမရသေးဘူးလား"

ကျန်းမုန့်လောင်လည်း စိတ်မရှည်တော့ပေ။

"ဆရာ... ကျွန်မ တောင်းပန်ပါတယ်။ ဒီရက်ပိုင်း ငွေထုတ်ယူမှုတွေများနေတော့ ကျွန်မတို့ရဲ့စနစ်ကလည်း နည်းနည်းနှေးနေလို့ပါ"

ထိုမိန်းကလေးကလည်း စုစုပေါင်းငွေပမာဏ၁၀၀ဘီလီယံရှိသော အကောင့်တစ်ခုထဲမှ ထွက်လိုက်ပြီးနောက် စနစ်မှတစ်ဆင့် စုငွေပမာဏကို စတင်တွက်ချက်ကြည့်လိုက်သည်။

"မင်းတို့ဘဏ်မှာ ပိုက်ဆံမပြတ်ဘူးမလား"

ကျန်းမုန့်လောင်က လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ပြောလိုက်လေသည်။

"ငါ့မိသားစုရဲ့အကြီးအကဲတွေက မင်းတို့ဘဏ်ကိုယုံကြည်လို့ သူတို့ပိုက်ဆံတွေကို ဒီဘဏ်မှာအပ်နှံထားခဲ့တာ။ လိုအပ်လာလို့ထုတ်တဲ့အချိန်ကျမှတော့ မရဘဲမနေလောက်ပါဘူးနော်"

"စိတ်ချပါ ဆရာ..ကျွန်မတို့ချင်းချိုးဘဏ်က ဒီနိုင်ငံမှာအကြီးဆုံးဘဏ်ပါ။ ပိုက်ဆံထုတ်လို့မရစရာအကြောင်းမရှိပါဘူး"

သူ(မ)၏စိတ်ထဲ စိုးရိမ်ကြောင့်ကြနေရသော်ငြား သူတို့ဘဏ်မှာ ငွေသားမရှိတော့သည့်အကြောင်း ကျန်းမုန့်လောင်ကို ဘယ်လိုလုပ်ပြီးပြောပြနိုင်မှာတဲ့လဲ။

"ဆရာ..စစ်ဆေးမှုရလဒ်ထွက်လာပါပြီ။ အကောင့်ထဲမှာရှိတဲ့ ရှင့်ရဲ့လက်ရှိစုငွေပမာဏက.."

ထိုမိန်းကလေး၏မျက်ဝန်းအိမ်ကား ရုတ်ခြည်း အဆမတန်ပြူးကျယ်သွားရလေသည်။

"ဘယ်လောက်လဲ။ ပြောသာပြောလိုက်ပါ"

"၇၃၀ထရီလီယံပါ"

ဤမျှများပြားလှသော ပမာဏကိုမြင်လိုက်ရသဖြင့် သူ(မ)များ အမြင်မှားလေသလားဟု သံသယဖြစ်နေမိသည်။

၇၃၀ထရီလီယံဆိုသည်မှာ အမေရိကန်ဒေါ်လာ၆၀၀ထရီလီယံနှင့် ညီမျှသည်။ ဤသည်မှာ ငွေသားမျှသာရှိသေးသည်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်၏ စုစုပေါင်းပိုင်ဆိုင်မှုဆိုလျှင် အမေရိကန်ဒေါ်လာ၂၀၀ဘီလီယံထက်ပင် လျော့သေးသည်။ ထိုအထဲတွင် အိမ်ခြံမြေများနှင့် စတော့ရှယ်ယာများပါ ပါသေးသည်။ ဤအကောင့်ပိုင်ရှင်မှာ အငြင်းပွားဖွယ်ရာမရှိသည့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ပင် ဖြစ်ချေသည်။

"အိုး ၇၃၀ထရီလီယံလား"

ကျန်းမုန့်လောင်က ဆက်ပြောလာသည်။

"ကိစ္စမရှိပါဘူး။ လောလောဆယ်တော့ ၅၀၀ထရီလီယံပဲထုတ်လိုက်မယ်။ ကျွန်တော် ဘဏ်ဝင်ပေါက်ကိုရောက်နေပြီ။ ကျွန်တော့်ကို တစ်ယောက်ယောက်လာကြိုပေးမှာလား။ ခင်ဗျားတို့ရဲ့ဝန်ဆောင်မှုကလည်း ညံ့လိုက်တာ"

"ဆရာ.. ဆရာ့ကိုကြိုဖို့အတွက် ကျွန်မ လူတစ်ယောက်က်ို ချက်ချင်းလွှတ်လိုက်ပါ့မယ်။ ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါရှင့်"

"ကျွန်တော်နားလည်ပါတယ်။ မြန်မြန်လေးတော့လုပ်ပေါ့။ ကျွန်တော် တခြားဘဏ်တွေကိုလည်း ပိုက်ဆံသွားထုတ်ရဦးမယ်"

ကျန်းမုန့်လောင်၏စကားကြောင့် ထိုမိန်းကလေးခမျာ ပိုပြီးထိတ်လန့်သွားရသည်။ သူက ချင်းချိုးဘဏ်မှာတင် စုငွေရှိတာမဟုတ်ဘူးလား။ တခြားဘဏ်တွေမှာလည်း ကြောက်မက်ဖွယ်ကောင်းလှသည့် စုငွေပမာဏများ ရှိနေလေသလား။ ဒါကြီးက မဖြစ်နိုင်ဘူးမလား။

"မကောင်းတော့ဘူး။ ငါ ဒါကို အခုချက်ချင်း ခေါင်းဆောင်တွေကို သွားတင်ပြရမယ်"

သူတို့အနေနှင့် ချင်းချိုးငွေကြေး၅၀၀ထရီလီယံကို မကိုင်တွယ်နိုင်ပေ။ ဘဏ်ကို ပြောင်သလင်းခါနေအောင် ထုတ်လိုက်လျှင်ပင်၊ ဝန်ထမ်းများအားလုံးကိုရောင်းပြီး အဆောက်အဦကြီးကိုပါ ရောင်းလိုက်လျှင်ပင် ချင်းချိုးငွေကြေး၅၀၀ထရီလီယံကို သူတို့ မရနိုင်ပေ။

"ရှောင်လီ.. ဘာတွေအလန့်တကြားဖြစ်နေတာလဲ"

ထိုမိန်းကလေး၏ နံဘေးရှိ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က မေးလာလေသည်။

"ငါတို့က ပြည်မကြီးမှာမဟုတ်ဘူးလေ။ ပြီးတော့ ချင်းချိုးလူမျိုးတွေရဲ့စရိုက်ကိုလည်း သိသားနဲ့။ ဖောက်သည်တစ်ယောက်ကသာ စိတ်တိုင်းမကျဘူးဆိုရင် တိုင်တန်းချက်တစ်ခုတင်လိုက်တာနဲ့ နင် အလုပ်ပြုတ်လိမ့်မယ်"

"အစ်မပိုင် အဲ့ဒါက.. အခုလေးတင်ဖုန်းခေါ်တဲ့လူက ၀၁ဗီအိုင်ပီဖောက်သည်ပဲ"

"ဘာ? ငြိမ်ကုပ်နေတဲ့ အဲ့ဒီအကောင့်လား။ အဲ့ဒီအကောင့်ပိုင်ရှင်က ဟိုးအရင်ကတည်းက သေသွားပြီလို့တောင် ငါထင်နေတာ"

အစ်မပိုင်ဟုခေါ်သော အမျိုးသမီးက ရယ်လိုက်လေသည်။

"ဘာလဲ။ ဇွန်ဘီးက နင့်ကို တကယ်ဖုန်းခေါ်လာလို့လား"

"ဖုန်းဆက်တဲ့လူက လူငယ်လေးပါ။ ပြီးတော့ သူက ဟွာရှားလူမျိုးတစ်ယောက်ပဲ"

"ကောင်းတာပေါ့။ ငါတို့လူမျိုးအချင်းချင်းဆိုတော့ ပိုပြီးပြောရဆိုရလွယ်ကူတယ်လေ"

အစ်မပိုင်က တစ်ကိုယ်တည်းတီးတိုးရေရွတ်နေချေသည်။

"ထူးဆန်းလိုက်တာ။ ဟွာရှားလူမျိုးတစ်ယောက်က ချင်းချိုးဘဏ်ရဲ့ဘလက်ကတ်အမှတ်စဉ်၀၁ဖောက်သည်တဲ့လား။ တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ"

"တကယ်တော့ ဒီအကောင့်ရဲ့လျှို့ဝှက်မှုအဆင့်က အရမ်းမြင့်တယ်။ ဖောက်သည်ဘက်ကသာ စပြီးဆက်သွယ်မလာဘူးဆိုရင် ဒီအကောင့်ရှိတယ်ဆိုတာတောင် ငါသိမှာမဟုတ်ဘူး။ အရမ်းဆန်းကြယ်တာပဲ"

ချင်းချိုးဝန်ထမ်းနောက်တစ်ယောက်ကလည်း မှတ်ချက်ပေးလာလေသည်။

"ဒါပေမဲ့ ဘာဖြစ်တာမို့လို့လဲ။ သူတို့က နင့်ကို လာရစ်နေလို့လား"

"မဟုတ်ဘူး.."

ထိုမိန်းကလေးခမျာ ခါးသက်သက်အပြုံးတစ်ခုကို အားတင်းပြီးပြုံးလိုက်လေသည်။

"သူက ငွေထုတ်ချင်လို့တဲ့"

"ငွေထုတ်တာများ ဘာများဆန်းလို့လဲ။ နင့်ပိုက်ဆံမှမဟုတ်တာ"

"ဒါပေမဲ့ သူက ချင်းချိုးငွေကြေး၅၀၀ထရီလီယံကို ထုတ်ချင်တာတဲ့။ ကျွန်မတို့ဘဏ်မှာ သူ့ကို အဲ့ဒီပိုက်ဆံထုတ်ပေးဖို့ ငွေသားလုံလုံလောက်လောက်မရှိဘူးလေ"

**********

All Chapters