ကျွန်တော်က မဟာတံတိုင်းကြီးကို ကြွေပြားကပ်ဖို့ စီစဉ်နေတာ
Vol. 10 Ch. 140
"အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ချင်းချိုးငွေကြေး၅၀၀ထရီလီယံတဲ့လား။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တောင်မှ အဲ့ဒီလောက်ပိုက်ဆံအများကြီးမရှိဘူး။ တစ်ခုခုများမှားနေတာလား"
အစ်မပိုင်ခမျာ ထိုစကားကိုကြားလိုက်ရပြီးနောက် ကိုယ့်နားကိုယ်မယုံကြည်နိုင်လောက်အောင် ဖြစ်သွားလေသည်။ ဒါကြီးက ပေါက်ကရမနိုင်လွန်းဘူးလား။
"အစ်မပိုင်.. ကျွန်မတို့ဘဏ်စနစ်ကများ တစ်ခုခုချွတ်ယွင်းနေတာများလား"
"အဲ့ဒါက ပိုပြီးတော့တောင် မဖြစ်နိုင်သေးတယ်။ ဘဏ်စနစ်သာမှားယွင်းနေတယ်ဆိုရင် ငါတို့လည်း အဆုံးသတ်သွားတာ ကြာလှနေပြီ"
"ဒါဆို ဒါကိုကြည့်ကြည့်လိုက်"
ထိုမိန်းကလေးက ကွန်ပျူတာမျက်နှာပြင်ကို အစ်မပိုင်ဘက်သို့ လှည့်ပြလိုက်သည်။
"ထ..ထရီလီယံခုနစ်ရာကျော်တောင်လား""
သူ(မ)တစ်သက် ဘဏ်မှာ အလုပ်လုပ်လာခဲ့သည့်တိုင် အစ်မပိုင်ခမျာ ထိုမျှများပြားလှသော ငွေပမာဏကိုမြင်လိုက်ရချိန်မှာ ထိတ်လန့်အံ့ဩသွားရလေသည်။
ဘယ်ဆီဘယ်ဝယ်က ပေါ်လာမှန်းမသိရသော မနေ့ကမှ စတင်ဖြစ်ပွားခဲ့သည့် အလောတကြီးငွေထုတ်ယူမှုများကြောင့် ချင်းချိုးနိုင်ငံသားများမှာ ချင်းချိုးငွေကြေးတစ်ရာထရီလီယံကျော်ကိုသာ ထုတ်ယူထားကြသည်။ ဤဖောက်သည်မှာမူ ထိုပမာဏထက် ခုနစ်ဆပိုများသော ငွေပမာဏပါရှိသည့် အကောင့်ကို ပိုင်ဆိုင်ထားချေသည်။ ဘယ်သူကများ ကြောက်သေးမပါဘဲ ရှိပါအံ့နည်း။
"သူ..သူက တကယ်ကြီး ငါးရာထရီလီယံထုတ်မလို့တဲ့လား"
"သံသယဖြစ်နေစရာရှိလို့လား။ အဲ့ဒီဖောက်သည်ကဖြင့် ဘဏ်အပေါက်ဝကို ရောက်နေပြီလို့ပြောနေတာကို"
"ဒါဖြင့် ဘာစောင့်နေတာလဲ။ သူ့ကို မြန်မြန်သွားကြိုလေ"
ထိုကဲ့သို့သော ဖောက်သည်များအတွက် သူတို့၏အရေးကိစ္စများကို သီးသန့်အဖွဲ့တစ်ဖွဲ့က ကိုင်တွယ်ဖြေရှင်းရလေ့ရှိပြီး သူတို့၏ပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ တိုးတက်မှုအခြေအနေကိုလည်း ပုံမှန်အစီရင်ခံလေ့ရှိသည်။ သို့သော် ဤအကောင့်ပိုင်ရှင်ကတော့ အတော်ကြာအောင်ပျောက်နေခဲ့သည်။ ထို့ကြောင့် မည်သည့်အဖွဲ့ကမှ ဤအကောင့်ကို မစီမံသည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်လေပြီ။
ယခုတော့ သူက ရုတ်တရက်ထွက်ပေါ်လာလေရာ လူတိုင်းလည်း အထိတ်တလန့်ဖြစ်သွားကြကုန်၏။
"ဘာ? ငါးရာထရီလီယံလား။ အမှတ်စဉ်၀၁ဘလက်ကတ်ပိုင်ရှင် ရောက်လာတာလား"
ထိုသတင်းကိုကြားလိုက်ရသောအခါ ချင်းချိုးဘဏ်မန်နေဂျာလည်း ထိုမိန်းကလေးများနှင့် အလားတူပင် တုံ့ပြန်သည်။ ဘဏ်၏လက်ကျန်ငွေပမာဏမှာ ထိုမျှများပြားလှသောငွေပမာဏကို မဖြည့်ပေးနိုင်ကြောင်း ဘဏ်ထဲရှိလူတို်ငး သိထားကြသည်။
ဤအကောင့်သည် နှစ်နှစ်ဆယ်ကျော်ကြာ ငြိမ်ကုပ်နေခဲ့သဖြင့် ယခုလိုနည်းလမ်းမျိုးဖြင့် ပေါ်ထွက်လာလိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။ ထို့ပြင် ဤမျှကြီးမားလှသော"လက်ဆောင်"ကြီးကိုပါ သယ်လာလိမ့်မည်ကိုတော့ဖြင့် ပို၍ပင်ထင်မထားကြချေ။
"ဗီအိုင်ပီအခန်းကို အခုချက်ချင်းပြင်ထား။ မင်းက ဥက္ကဋ္ဌကို သွားအကြောင်းကြားချေ။ ဒါက အရေးအကြီးဆုံးကိစ္စပဲ။ ငါတို့ကိုင်တွယ်နိုင်တဲ့အနေအထားမှာ မရှိဘူး။ ငါ ဧည့်သည်ကိုသွားကြိုလိုက်ဦးမယ်"
ဘဏ်မန်နေဂျာခမျာ ဘဏ်တံခါးဝသို့ ခပ်သုတ်သုတ်နှင်လေတော့သည်။
...
"ဟုန်းရီ..ငါသာ ဒီပိုက်ဆံတွေအကုန်လုံးကို ထုတ်လိုက်မယ်ဆိုရင် ချင်းချိုးနိုင်ငံရဲ့စီးပွားရေးအခြေအနေ ဘယ်လိုဖြစ်သွားမယ်လို့ထင်လဲ"
ကျန်းမုန့်လောင် မျှော်လင့်စောင့်စားမှုအပြည့်ဖြင့် ပြောလိုက်သည်။
"ဘယ်လိုခန့်မှန်းရမလဲတော့ ကျွန်မလည်း အတပ်မသိပါဘူး။ ဒါပေမဲ့ သူတို့သာ ရှင့်ကို ဒီပမာဏကြီးပေးချင်တယ်ဆိုရင်တော့ သေချာပေါက်ငွေစက္ကူပုံနှိပ်ရတော့မှာ။ ဒါဆိုရင် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်လာမယ်။ ပြီးရင်တော့ ဒီစီးပွားရေးပညာရှင်ငတုံးတွေလည်း အဆုံးကျရင် ပါးစပ်ပိတ်သွားမှာပေါ့"
"မဟုတ်ဘူး။ တစ်ခုခုလိုနေသေးသလို ခံစားရတယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"အဲ့ဒီလူငယ်လေးက နှစ်ဖက်စလုံးမှာ ကြွယ်ဝချမ်းသာတဲ့အကြောင်း ပြောထားတာမလား။ ငါတို့ ချင်းချိုးနိုင်ငံတစ်ခုတည်းကိုပဲ ပစ်မှတ်ထားလို့မဖြစ်ဘူး။ သေးငယ်ပြီး တက်ကြွလှုပ်ရှားမှုရှိတဲ့နိုင်ငံတစ်နိုင်ငံကို ရှာပေးဦး။ ရိုက်ခတ်မှုတစ်ခုပေးနိုင်တဲ့နိုင်ငံမျိုးပေါ့။ သူတို့ရဲ့ဘဏ်တွေကိုလည်း ပြောင်သလင်းခါနေအောင် လုပ်ပစ်လိုက်"
"တစ်ဒါဇင်လောက်နဲ့ စလိုက်ကြစို့"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"အမေရိကန်လို နိုင်ငံကြီးတစ်ခုကိုမေ့ထားလိုက်။ သူတို့သာပြိုလဲသွားရင် ငါတို့ဟွာရှားကိုလည်း လိပ်ပြာလှိုင်းသက်ရောက်မှုတစ်ခု ဖြစ်လာနိုင်တယ်။ သက်ရောက်မှုအများကြီးမရှိတဲ့နိုင်ငံတွေကို ခပ်ကြမ်းကြမ်းလေးကိုင်တွယ်လိုက်"
"ကောင်းပါပြီ မစ္စတာကျန်း.. ရှင်က တကယ်အမြော်အမြင်ရှိတာပဲ"
ဟုန်းရီက ရယ်မောလျက် ပြောလာလေသည်။
"မဟုတ်ပါဘူး။ ငါက နောက်ပိုင်းအတွက် ပျော်စရာလေးတွေချန်ထားချင်ရုံသက်သက်ပါ။ တစ်ချီတည်းနဲ့ သူတို့တွေအကုန်လုံး အတုံးအရုံးပစ်လဲသွားရင် ပျော်စရာမကောင်းတော့ဘူးလေ"
"မစ္စတာကျန်း.. ဘဏ်ထဲကလူတွေ ထွက်လာပြီထင်တယ်"
ဟုန်းရီက ပြောလိုက်သည်။
ဝတ်စုံပြည့်ဝတ်ဆင်ထားသော ချင်းချိုးနိုင်ငံသားတစ်ယောက်က အဆောက်အဦထဲမှ အပြေးအလွှားထွက်လာပြီး ပတ်ပတ်လည်ကို ဂရုတစိုက်စစ်ဆေးကြည့်ရှုရင်း အဆုံးမှာတော့ ကျန်းမုန့်လောင်၏ Rolls-Royceကားကို မြင်သွားပေသည်။ သူ့စိတ်ထဲရှိအတွေးကတော့ အမှတ်စဉ်၀၁ဘလက်ကတ်ပိုင်ရှင်က ဒီလိုခမ်းခမ်းနားနားရှိလောက်မှာပဲမဟုတ်လားဟူ၍ပင်။
"မင်္ဂလာပါ။ ခင်ဗျားက အခုလေးတင်ဖုန်းဆက်ထားတဲ့ အမှတ်စဉ်၀၁ဘလက်ကတ်ပိုင်ရှင်များလား"
ချင်းချိုးနိုင်ငံသားတစ်ယောက်က ကျန်းမုန့်လောင်နှင့် သူ့အဖော်များကို ၉၀ဒီဂရီနီးနီး ကိုင်းညွတ်လျက် ဦးညွတ်လေသည်။
"ဒါက သူတို့ရဲ့လုပ်ထုံးလုပ်နည်းဆိုတာကို သိပေမဲ့လည်း သူတို့ရဲ့လုပ်ဆောင်ချက်က တော်တော်တော့အထင်ကြီးဖို့ကောင်းတာပဲ"
ကျန်းမုန့်လောင်က မှတ်ချက်ပေးလိုက်၏။
"ဟုန်းရီ.. ငါ မင်းကို ဘာသာပြန်အနေနဲ့ခဏလောက်အသုံးချရဦးမယ်"
"အဲ့လိုလုပ်ဖို့မလိုပါဘူး"
ယဲ့ရင်၏အသံက ကျန်းမုန့်လောင်၏နားထဲ ပေါ်ထွက်လာသည်။
"မစ္စတာကျန်း… ကျွန်တော်က ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာစကားတွေအားလုံးကို ကျွမ်းကျင်ပါတယ်။ ကျွန်တော် လူကြီးမင်းရဲ့ဦးနှောက်ထဲမှာတင် တိုက်ရိုက်ဘာသာပြန်ပေးနိုင်ပါတယ်။ လူကြီးမင်းပြောချင်တဲ့စကားကိုသာ စဉ်းစားလိုက်ပါ။ ကျွန်တော် လူကြီးမင်းရဲ့ကြွက်သားတွေကိုထိန်းချုပ်ပြီး လူကြီးမင်းရဲ့အသံအိုးကတစ်ဆင့် အဲ့ဒီစကားတွေကိုပြောပေးမှာပါ"
"အဲ့ဒီလောက်တောင်စွမ်းတာလား"
ယဲ့ရင်တွင် ထိုကဲ့သို့သောမှော်စွမ်းအားမျိုး ရှိနေလိမ့်မည်ဟု ကျန်းမုန့်လောင် ထင်မထားပေ။
"သူ ဘာပြောလိုက်တာလဲ"
ကျန်းမုန့်လောင်က သူ့စိတ်ထဲမှာတင် တွေးတောလိုက်သည်။
"သူက လူကြီးမင်းကို အမှတ်စဉ်၀၁ဘလက်ကတ်ပိုင်ရှင်ဟုတ်မဟုတ် မေးနေတာပါ"
ယဲ့ရင်၏ဘာသာပြန်ချက်က ကျန်းမုန့်လောင်၏စိတ်ထဲသို့ တိုက်ရိုက်ရောက်ချလာသည်။
"ဟုတ်ပါတယ်။ ကျွန်တော်ပါပဲ"
ကျန်းမုန့်လောင်လည်း အံ့အားသင့်သွားရသည်။ ဤစာကြောင်းကို သူ့စိတ်ထဲ တွေးလိုက်သည်နှင့်တစ်ပြိုင်နက် လျှပ်စီးကြောင်းတစ်ခု သူ့ခန္ဓာကိုယ်ထဲ စီးဆင်းသွားသည့်အလား ခံစားလိုက်ရပြီး ချင်းချိုးဘာသာစကားကို လုံးဝမပြောတတ်သော ကျန်းမုန့်လောင်၏ပါးစပ်မှ စံမီတန်းမီချင်းချိုးဘာသာစကားတစ်ကြောင်း ထွက်လာလေသည်။
"လေးစားရပါသောဧည့်သည်တော်ခင်ဗျာ.. ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ။ ကျွန်တော်က ချင်းချိုးဘဏ်ရုံးချုပ်ရဲ့စီးပွားရေးမန်နေဂျာပါ။ နာမည်ကတော့ လီယူဘင်လို့ခေါ်ပါတယ်"
"အိုး..ကျွန်တော့်နာမည်က ကျန်းမုန့်လောင်ပါ"
သူက ပြောလိုက်သည်။
"ဒါက ကျွန်တော့်လက်ထောက် မစ္စဟုန်းရီပါ"
"နှစ်ယောက်စလုံးကို တွေ့ရတာဝမ်းသာပါတယ်"
လီယူဘင်က နောက်တစ်ကြိမ် တရိုတသေဦးညွှတ်လိုက်ပြီးနောက် ဤနာမည်ကို တစ်နေရာရာမှာ ကြားဖူးနေသလိုမျိုး ရုတ်တရက်ခံစားလိုက်ရသည်။
သို့သော် ဤနေရာကား ပြည်မကြီးမဟုတ်သည့်အတွက် ကျန်းမုန့်လောင်၏ကျော်ကြားမှုကလည်း လောလောဆယ်တွင် နိုင်ငံတကာဘဏ္ဌာရေးလောကထဲတွင်သာ ရှိပြီး လီယူဘင်ကလည်း ဘဏ်ဝန်ထမ်းတစ်ယောက်မျှသာ ဖြစ်သောကြောင့် ထိုနာမည်ကို ရင်းနှီးနေသည်ဟုသာ ခံစားမိသည်။
"မစ္စတာကျန်း.. အပြင်မှာတော်တော်အေးတယ်ဗျ။ ကျေးဇူးပြုပြီး ဗီအိုင်ပီအခန်းထဲကို သွားလိုက်ရအောင်လား။ နောက်မှ လုပ်ငန်းအကြောင်း ဆွေးနွေးလို့ရပါတယ်"
"ကောင်းပြီလေ"
လီယူဘင်က အချိန်ဆွဲနေခြင်းဖြစ်ကြောင်း သိနေသဖြင့် ကျန်းမုန့်လောင်လည်း ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ သို့သော် ၎င်းမှာ အချည်းနှီးပင်။ သူ့အနေနှင့် ဆယ်ရက်၊တစ်လခွဲလောက် အချိန်ဆွဲနေမည်ဆိုလျှင်ပင် ပိုက်ဆံမရှိတာက ပိုက်ဆံမရှိတာပင်။ ဤဘဏ်သည် အချိန်တိုလေးအတွင်းမှာပင် ရင်းနှီးမြှုပ်နှံထားသောငွေများနှင့် ထုတ်ချေးထားသောငွေများအားလုံးကို ပြန်ယူနိုင်မည်လော။
လူတန်းရှည်ကြီးကို ဖြတ်လာပြီးနောက် ကျန်းမုန့်လောင်သည် ဗီအိုင်ပီလမ်းကြောင်းမှတစ်ဆင့် ဘဏ်ထဲသို့ ဝင်ရောက်လာပြီးနောက် ခမ်းနားကာ အထင်ကြီးဖို့ကောင်းသော အခန်းတစ်ခုထဲသို့ ရောက်လာခဲ့သည်။ ထိုအခန်းထဲတွင် ကော်ဖီနှင့်မုန့်များကို အဆင်သင့်ပြင်ထား၏။
"မစ္စတာကျန်း.. မစ္စဟုန်းရီ..ထိုင်ပါဦး"
ကျန်းမုန့်လောင်က ထိုင်ချ၍ ခြေချိတ်ထိုင်လိုက်သည်။
"ခင်ဗျားတို့ဘဏ်ရဲ့စီးပွားရေးအခြေအနေက တော်တော်ကောင်းတာပဲ။ လူတွေအတန်းလိုက်ကြီး တန်းစီနေတာပဲနော်"
လီယူဘင်၏စိတ်ထဲမှာတော့ ခါးသက်စွာရယ်လိုက်မိသည်။ ဘယ်ကလာ စီးပွားရေးအဆင်ပြေရမှာလဲ။ ဒီလူတွေက ပိုက်ဆံထုတ်ဖို့စောင့်နေတာလေ။ သွင်းဖို့မဟုတ်ဘူး။
"ဟားဟား ဟုတ်တာပေါ့။ ကျွန်တော်တို့ချင်းချိုးဘဏ်က ချင်းချိုးတစ်နိုင်ငံလုံးမှာ အကြီးဆုံးဘဏ်ဆိုတော့ ဝန်ဆောင်မှုကလည်း သေချာပေါက်ကောင်းတယ်လေ"
လီယူဘင်က အပြင်ပန်းမှာတော့ လုံးဝအေးဆေးတည်ငြိမ်နေပေသည်။ မည်သို့ပင်ဖြစ်စေ ချင်းချိုးဘဏ်၏ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် လိုအပ်ပေသည်မဟုတ်လား။
"ကြားရတာဝမ်းသာပါတယ်။ ခင်ဗျားတို့ဘဏ်လုပ်ငန်း ချောချောမွေ့မွေ့လည်ပတ်နေတာကို မြင်ရတော့ ကျွန်တော်လည်း သိပ်စိတ်ပူစရာမလိုတော့ဘူးပေါ့"
ကျန်းမုန့်လောင်က ကော်ဖီတစ်ငုံသောက်လိုက်လေသည်။
"ဝန်ထမ်းတွေက မန်နေဂျာလီကို ပြောထားပြီးပြီလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်က ဒီနေ့ ပိုက်ဆံထုတ်ဖို့လာခဲ့တာ"
"ချင်း…ချင်းချိုးငွေငါးရာထရီလီယံလား"
လီယူဘင်က သတိကြီးကြီးထား၍ မေးလိုက်သည်။ ကျန်းမုန့်လောင် စိတ်ပြောင်းသွားနိုင်ခြေက နည်းပါးလှသည်ဆိုသော်ငြား သူကတော့ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲပင်။
"ဟုတ်ပါတယ်"
ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်သည်။
"ချင်းချိုးငွေငါးရာထရီလီယံပါ။ ငွေသားနဲ့နော်"
"မစ္စတာကျန်း.. ဒီလောက်ပိုက်ဆံအများကြီးကို ဘာလို့လိုအပ်ရတာလဲ"
လီယူဘင်၏စိတ်ထဲတွင်မူ ပြိုကွဲလုနီးနီးဖြစ်နေသော်ငြား မနည်းထိန်းချုပ်ထားရသည်။ ဤငွေပမာဏကြီးကိုသာ စင်စစ်ထုတ်ယူသွားပါက သူတို့ဘဏ်လည်း ပျက်ကိန်းဆိုက်ရတော့မည်သာ။ အခြားအရာများကို မဆိုထားနှင့်။ ငွေထုတ်ရန်အတွက် သူတို့ဘဏ်ကို ရောက်လာကြသည့် ငွေစုသူများကတင် သူတို့ဘဏ်၏အဆောက်အဦကို တစ်စစီဖြိုချပစ်နိုင်လောက်သည်။
"အိမ်း.."
ကျန်းမုန့်လောင်က တဒင်္ဂမျှတွေးဆလိုက်သည်။
"ကျွန်တော်က ကျွန်တော်တို့နိုင်ငံထဲက မဟာတံတိုင်းကြီးကို ကြွေပြားကပ်ဖို့စီစဉ်နေတာလေ"
***********