← Chapters

မင်းတို့မယုံကြဘူးလို့ ငါကြားထားတယ်

Vol. 10 Ch. 141

မင်းတို့မယုံကြဘူးလို့ ငါကြားထားတယ်

Vol. 10 Ch. 141

"မဟာတံတိုင်းကြီးကို ကြွေပြားကပ်မှာလား"

လီယူဘင်ခမျာ ထိုစကားကြောင့် လျှာခလုတ်တိုက်မတတ်ဖြစ်သွားရသည်။

သူသည် ဟွာရှားနိုင်ငံသားမဟုတ်သော်လည်း ကမ္ဘာကျော်အထိမ်းအမှတ်နေရာတစ်ခုဖြစ်သည့် မဟာတံတိုင်းကြီးကို မကြားဖူးသူဟူ၍ ရှိနိုင်မည်လား။ ဆောက်လုပ်ရေးကြီးမားမှုနှင့် ကုန်ကျစရိတ်ကို မဆိုထားနှင့်။ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဌာနက ခွင့်ပြုမည်တဲ့လား။

"မစ္စတာကျန်း ခင်ဗျားနောက်နေတာပဲဖြစ်ရမယ်။ မဟာတံတိုင်းဆိုတာက ရှေးဟောင်းအမွေအနှစ်ကြီးတစ်ခုလေ။ အဲ့ဒါကို ဘယ်လိုလုပ်ပြီး ကြွေပြားခင်းလို့ရမှာလဲ"

"အိုး ဟုတ်သားပဲ"

ကျန်းမုန့်လောင်ကလည်း မေးစေ့တပွတ်ပွတ်လုပ်ရင်း ပြောလိုက်သည်။

"ဒါဆို ဧဝရတ်တောင်မှာ ဓာတ်လှေကားတပ်ဆင်မယ်ဆိုရင်ရော။ အဲ့ဒါလည်းမဖြစ်နိုင်ဘူးဆိုရင် အီကွေတာကို ရွှေကွပ်မယ်။ ဒါမှမဟုတ် ပစိဖိတ်သမုဒ္ဒရာကို လက်ရန်းတွေတပ်ဆင်မယ်လေ။ ခင်ဗျား ဘယ်လိုထင်လဲ။ အဲ့ဒါတွေက လူသားတွေကိုအကျိုးပြုနိုင်လောက်မဲ့ စီမံကိန်းကြီးတွေမဟုတ်ဘူးလား"

ကျန်းမုန့်လောင်၏ အမျိုးမျိုးအထွေထွေသော အစီအစဉ်များကို ကြားပြီးနောက် လီယူဘင်လည်း လုံးဝအံ့အားသင့်သွားရလေသည်။ ဒီကိစ္စတွေက လူသားတွေအနေနဲ့ တကယ်ရောလုပ်နိုင်ပါ့မလား။ ဤသည်မှာ အကုန်အကျအလွန်များပြားပြီး ဘာမှပြန်မရနိုင်သည့်အရာများပင်။ ဤသည်မှာ လုံးဝရူးသွပ်လွန်းသောကိစ္စတစ်ရပ်ပင်။

ရုတ်တရက်ပင် လီယူဘင် သဘောပေါက်သွားခဲ့သည်။ ကျန်းမုန့်လောင်ဟုခေါ်သော ဤဟွာရှားဖောက်သည်က ဤပိုက်ဆံများကိုထုတ်ယူလိုခြင်းမှာ ရင်းနှီးမြှပ်နှံဖို့လည်း မဟုတ်သလို တစ်စုံတစ်ခုသုံးစွဲလိုသည့်အတွက်လည်း မဟုတ်ပေ။ သူက ဘာအကြောင်းပြချက်မှမရှိဘဲ ပိုက်ဆံထုတ်လိုခြင်းသာဖြစ်၏။ ကြီးကျယ်ခမ်းနားလှသော ထိုစီမံကိန်းများက ဆင်ခြေသက်သက်သာ။

"မန်နေဂျာလီ.. ဘဏ်ထဲမှာ ဒီလောက်ပမာဏမရှိလို့များလား"

ကျန်းမုန့်လောင်က မေးလိုက်၏။

"မစ္စတာကျန်ကတော့ နောက်နေပါပြီ။ အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

လီယူဘင်က အပြုံးလေးဖြင့် ပြောလာလေသည်။

"ဒါပေမဲ့ မစ္စတာကျန်း.. ချင်းချိုးငွေကြေးငါးရာထရီလီယံက ဘယ်လောက်များလဲဆိုတာ လူကြီးမင်းစဉ်းစားကြည့်ဖူးလား။ ခင်ဗျား ဘာအတွက်ပဲသုံးဖို့ရည်ရွယ်ထားသည်ဖြစ်ပါစေ အဲ့ဒါက တော်တော်တော့အဆင်မပြေဘူးဗျ။ ခင်ဗျားရဲ့ရင်းနှီးမြှုပ်နှံမှုပါတနာ ဒါမှမဟုတ် ငွေလက်ခံသူကို ကျွန်တော်တို့ဆီမှာ ချင်းချိုးဘဏ်အကောင့်ဖွင့်ခိုင်းလိုက်ပြီး တိုက်ရိုက်ငွေလွှဲပေးလိုက်ရင်တော့ အဆင်ပြေမယ်ဗျ။ အဲ့လိုမှမဟုတ်ရင် တော်တော်ဒုက္ခများမှာ"

"အဲ့လိုလုပ်လို့မရဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကျွန်တော့်ရဲ့ရင်းနှီးမြှုပ်နှံမှုပါတနာက ကျွန်တော့်သူငယ်ချင်းတစ်ယောက်ပဲ။ သူ့မှာ အကျင့်တစ်ခုရှိတယ်။ သူက ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ဘဏ်လွှဲငွေတွေကို မကြိုက်ဘူး။ ငွေသားပဲကြိုက်တာ"

"အဲ့ဒီလိုလူမျိုး ဘယ်လိုလုပ်ပြီးရှိနိုင်မှာလဲ"

လီယူဘင်ခမျာ ယုံတောင်မယုံနိုင်ပေ။ ကျန်းမုန့်လောင်က စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက်ကို ဖန်တီးနေရုံသက်သက်သာ။

"သူက ဘဏ်တွေကိုစိတ်မချရဘူးလို့ အမြဲထင်နေတတ်တာ။ တစ်နေ့နေ့ကျရင် ဘဏ်တွေ ရုတ်တရက်ကြီးဒေဝါလီခံသွားရရင် သူ့ပိုက်ဆံတွေက ဒီအတိုင်းပျောက်ကုန်မှာလေ။ အဲ့ဒါကြောင့် သူက ငွေသားပဲကြိုက်တာ"

ကျန်းမုန့်လောင်က တောင်စဉ်ရေမရ ဆက်ပြောလာလေရာ သူ့ဇာတ်လမ်းက ပို၍နားလည်ရခက်လာသည်။

"ကျွန်တော့်သူငယ်ချင်းက အရမ်းချမ်းသာတာ။ သူက နေ့တိုင်း စတုရန်းမီတာရာဂဏန်းလောက်ရှိတဲ့ အိပ်ရာထဲမှာအိပ်ပြီး ကီလိုမီတာနဲ့ချီပြီး ကော်ရစ်ဒါကနေ ဖြတ်လျှောက်လာပြီးမှ အိမ်သာသွားဖို့အတွက်ဆိုရင် ငါးမိနစ်လောက် ကားမောင်းပြီးသွားရသေးတာ။ တစ်ညတုန်းက သူ့ခမျာ အိမ်သာသွားရမှာပျင်းလို့ ဘောင်းဘီထဲမှာတင် အပေါ့သွားပစ်လိုက်တာတဲ့။ ရယ်စရာမကောင်းဘူးလား"

"ဟားဟားဟား..ရယ်ရတယ်..အရမ်းရယ်ရတာပဲ…"

လီယူဘင်လည်း ကျန်းမုန့်လောင်နှင့်အတူ ကိုးရိုးကားရားလိုက်ရယ်လေသည်။

ဤသည်မှာ ပေါက်ကရလေးဆယ်ပြောနေခြင်းသာ။ သန့်စင်ခန်းသွားဖို့အတွက် ကားမောင်းပြီးသွားရသည့် အိမ်တစ်လုံးကိုပိုင်ဆိုင်ထားသတဲ့။ ကိုယ့်ကိုယ်ကိုယ် ဘာများထင်နေတာလား။ ဒူဘိုင်းမင်းသားလား။

"ကောင်းပြီလေ။ ခင်ဗျား ကျွန်တော့်အတွက် ငွေသားစီစဉ်ပေးပါ။ ကျွန်တော် ဒီမှာစောင့်နေမယ်"

ကျန်းမုန့်လောင်က သူ့ဘလက်ကတ်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။ ဤဘလက်ကတ်ကား လွန်ခဲ့သည့်နှစ်နှစ်ဆယ်ကျော်က ပြုလုပ်ထားသော မော်ဒယ်လ်အဟောင်းပင်။ သို့သော် ၎င်းမှာ ချမ်းသာကြွယ်ဝမှုကိုသာမက သမိုင်းကြောင်းနှင့် နောက်ခံရာဇဝင်ကိုပါ ကိုယ်စားပြုပေသည်။

"မစ္စတာ..မစ္စတာကျန်း.."

မန်နေဂျာလီက ထိုကတ်ကို အတုန်တုန်အယင်ယင်ဖြင့် ကောက်ကိုင်လိုက်သည်။ သူ့အနေနှင့် ကျန်းမုန့်လောင်ကို ငွေထုတ်မပေးချင်သောကြောင့် မဟုတ်ပါချေ။ မပေးနိုင်သောကြောင့်ပင်။

"ဒေါက် ဒေါက် ဒေါက်"

တံခါးခေါက်သံများ ထွက်ပေါ်လာလေသည်။

"ဝင်ခဲ့ပါ"

မန်နေဂျာလီတစ်ယောက် စိတ်အနှောင့်အယှက်ဖြစ်နေချိန်ဝယ် တစ်စုံတစ်ယောက်က ဗီအိုင်ပီဧည့်ခန်းထဲသို့ ဝင်ရောက်လာလေရာ သူ့မွန်းကျပ်မှုများအတွက် ထွက်ပေါက်တစ်ခု ပေါ်ပေါက်လာစေခဲ့သည်။

"ဥက္ကဋ္ဌ"

မန်နေဂျာလီလည်း ချင်းချိုးဘဏ်၏ဥက္ကဋ္ဌကိုယ်တိုင် ဤကိစ္စကိုသိသွားလိမ့်မည်ဟု ထင်မထားပေ။

ရုတ်တရက်ဖြစ်ပေါ်လာသော ငွေထုတ်ယူမှုအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ပြောင်ကွမ်ကျီးသည် တစ်ညလုံးမအိပ်ခဲ့ပေ။ မနက်တုန်းကပင် ဘဏ်ခွဲမန်နေဂျာများက ဤအခြေအနေကား အရှိန်အနည်းငယ်လျော့ကျလာကြောင်း သူ့ကို သတင်းပို့ထားသည်။ ဖောက်သည်များ၏တောင်းဆိုမှုကို ဖြည့်ဆည်းပေးရန်အတွက် ဘဏ်မှ ဘဏ်ခွဲများဆီသို့ ငွေပမာဏအများကြီးကို လွှဲပြောင်းပေးနေခဲ့သောကြောင့် အခြေအနေကလည်း တိုးတက်စပြုလာသည်။

အကြောင်းအရာကား စင်စစ်ရိုးရှင်းလှသည်။ ဖောက်သည်များဘက်က ဘဏ်တွင် ငွေရှိနေပြီး အချိန်မရွေးထုတ်လို့ရနိုင်သည်ဟု ယုံကြည်နေသေးသရွေ့ အခြေအနေကလည်း မကြာခင်ပြေလည်သွားမည်သာ။ သူတို့ဘက်ကလည်း သူတို့၏ဘဏ္ဌာရေးခွန်အားကို ဖောက်သည်များ ယုံကြည်စိတ်ချလာစေရေးအတွက် ငွေကြေးအမြောက်အများ သုံးစွဲခဲ့ကြသည်။

သူတို့၏ငွေလက်ကျန်သုံးပုံတစ်ပုံကို သုံးစွဲပြီးနောက် နောက်ဆုံးမှာတော့ သိသာထင်ရှားသော အကျိုးသက်ရောက်မှုတစ်ခု ရလာခဲ့သည်။

သို့သော် ပြောင်ကွမ်ကျီး သက်ပြင်းပင်မချနိုင်သေးခင်မှာပင် ရုတ်တရက်ကြီး တစ်စုံတစ်ယောက်က ငွေသားငါးရာထရီလီယံကို ထုတ်ယူချင်နေကြောင်း သတင်းရလိုက်သည်။ ဤသည်မှာလည်း ဆန်းကြယ်လှသော ဘဏ်အကောင့်အမှတ်စဉ်၀၁မှ ဖြစ်သည်။

ဘဏ်ဥက္ကဋ္ဌဟောင်း ပင်စင်ယူသွားချိန်တုန်းက ဘဏ်မှာရှိသည့် မည်သူ့ကိုမဆို စော်ကား၍ရနိုင်ကောင်းသော်လည်း အမှတ်စဉ်၀၁အကောင့်ပိုင်ရှင်ကိုတော့ စော်ကား၍မရနိုင်ကြောင်း သူ့ကို မှာသွားခဲ့သည်ကို သူ ယခုအထိ မှတ်မိနေဆဲသာ။

ထိုစကား၏အဓိပ္ပာယ်ကို ပြောင်ကွမ်ကျီး လုံးဝနားမလည်ခဲ့ပေ။ သို့သော် ယခုတော့ဖြင့် သူ နားလည်လိုက်လေပြီ။ အကြောင်းမှာ ထိုပုဂ္ဂိုလ်သည် ဤဘဏ်၏သေရေးရှင်ရေးကို အဆုံးအဖြတ်ပေးနိုင်သောကြောင့်ပင်။

"ဥက္ကဋ္ဌ.. နောက်ဆုံးတော့ရောက်လာပြီပဲ"

လီယူဘင် မတ်တတ်ထရပ်လိုက်သည်။

"ဥက္ကဋ္ဌ.. ဒါက အကောင့်နံပါတ်၀၁ရဲ့ပိုင်ရှင် ဟွာရှားက မစ္စတာကျန်းမုန့်လောင်ပါ"

"ခင်ဗျားက ကျန်းမုန့်လောင်လား"

မနေ့ကပင် ပြောင်ကွမ်ကျီးတစ်ယောက် ဤလူ၏နာမည်ကို သူ့အတွင်းရေးမှူးမလေးအား ပြောပြခဲ့သေးသည်။ မိုးကောင်းကင်က သူ့ကို စနောက်နေဟန်တူသည်။ ယနေ့မှာတော့ သူ ကျန်းမုန့်လောင်နှင့် တွေ့ဆုံလိုက်ရပြီး "နာမည်ကြီးဖို့ အတန်းရှင်းရှာနေသူ"ဟု သူသမုတ်ခဲ့သည့် ဤလူငယ်လေးမှာ တကယ်တမ်းတော့ အကောင့်နံပါတ်၀၁၏ ပိုင်ရှင်ဖြစ်နေခဲ့သည်။

"ကြည့်ရတာ မစ္စတာပြောင်..အိုး.. ဥက္ကဋ္ဌပြောင်က ကျွန်တော့်ကိုသိနေတဲ့ပုံပဲ"

ကျန်းမုန့်လောင် ပြုံးယောင်သမ်းသွားလေသည်။

"ကြည့်ရတာတော့ ဥက္ကဋ္ဌပြောင်က နိုင်ငံတကာအရေးကိစ္စတွေကို အာရုံစိုက်တယ်ထင်တယ်။ အထူးသဖြင့် ဘဏ္ဌာရေးလောကပေါ့"

"ဟား..ကျုပ် နည်းနည်းတော့သိပါတယ်"

ပြောင်ကွမ်ကျီးက တခစ်ခစ်ရယ်မောလိုက်လေသည်။

"အဲ့လိုလား"

ကျန်းမုန့်လောင်က ဆိုလိုက်၏။

"ဒါဆို ဥက္ကဋ္ဌပြောင်ရဲ့အမြင်မှာရော ကျွန်တော့်ကို ခင်ဗျားတို့နိုင်ငံက စီးပွားရေးပညာရှင်တွေ သမုတ်သလိုမျိုး "နာမည်ကြီးချင်လို့ အတန်းရှင်းရှာတဲ့လူစားမျိုး"လို့တော့ မသတ်မှတ်ပါဘူးနော်"

ကျန်းမုန့်လောင်၏မေးခွန်းကား အလွန်ချက်ကောင်းထိသွားလေရာ ပြောင်ကွမ်ကျီးခမျာ တဒင်္ဂမျှ ဆွံ့အသွားရသည်။

"သူ..သူက ငွေထုတ်ဖို့အတွက် ရောက်လာတာမဟုတ်ဘူး။ ပြဿနာရှာဖို့ရောက်လာတာ"

ဥက္ကဋ္ဌရာထူးကို အရယူထားနိုင်သည့် ပြောင်ကွမ်ကျီး၏အရည်အချင်းများသည် လိင်မှုကိစ္စမှာတင် ကျွမ်းကျင်ခြင်းမဟုတ်ဘဲ ထက်မြက်လှသောဦးနှောက်ကိုလည်း ပိုင်ဆိုင်ထားသည်။

"ဒီငတုံးတွေ.. သူတို့ သောက်ကျိုးနည်းဘာလုပ်ခဲ့တာလဲဟ"

အစတုန်းကတော့ ထိုစီးပွားရေးပညာရှင်များကို သူ ကျေးဇူးတင်ခဲ့မိသေးသည်။ သူတို့၏"စီးပွားရေးတည်ဆောက်ပုံအသစ်များ"က ဘဏ်၏စုငွေကို ရုတ်တရက်ကြီးတိုးပွားလာစေခဲ့သည်။

သို့သော် ယနေ့မှာတော့ သူတို့အနေနှင့် ထိုပိုက်ဆံများကို အတိုးနှုန်းနှင့်တကွ ပေးရတော့မည်။ ကျန်းမုန့်လောင်က ချင်းချိုးနိုင်ငံကို လက်စားချေဖို့ ရောက်လာခဲ့ခြင်းဖြစ်၏။

"မစ္စတာကျန်း.. ဒီလူတွေက အနှစ်မရှိတဲ့စကားတွေပြောနေကြတာပါ။ သူတို့နဲ့ ဘာလို့များ တန်းညှိနေမှာလဲ"

ပြောင်ကွမ်ကျီးခမျာ ဤအခြေအနေ၏စစ်မှန်မှုကို အလုံးစုံနားလည်လိုက်သဖြင့် ခါးသက်သက်အပြုံးတစ်ခုကို အတင်းလုပ်ပြုံးလိုက်ရသည်။

"အိုး..ခင်ဗျားမြင်တဲ့အတိုင်း ကျွန်တော်က အခုမှအသက်၂၀သာသာလေးပဲရှိသေးတာလေ။ ပြဿနာရှာတတ်တဲ့လူတစ်ယောက်ကို သွားရန်မစရဘူးလို့ ခင်ဗျားမိဘတွေက ခင်ဗျားကိုဆုံးမမထားဘူးလား"

ပြောင်ကွမ်ကျီးက သူ့ရည်ရွယ်ချက်ကို နားလည်သဘောပေါက်သွားပြီဖြစ်ကြောင်း ကျန်းမုန့်လောင်သိလိုက်သဖြင့် တုံးအချင်ယောင်ဆောင်နေရန် မလိုအပ်တော့ပေ။

"အရင်တုန်းကဖြစ်ခဲ့တဲ့ စီးပွားရေးပျက်ကပ်က ခင်ဗျားတို့စမ်းသပ်နေတဲ့ စီးပွားရေးတည်ဆောက်ပုံအသစ်ကြောင့် ဖြစ်ခဲ့တာလို့ ကျွန်တော်ကြားထားတယ်။ တော်တော်လေးအထင်ကြီးချင်စရာပါပဲ။ ကျွန်တော်လည်း အမြင်ကျယ်ချင်လို့ ဒီစီးပွားရေးမော်ဒယ်အသစ်က ဘယ်လောက်စွမ်းလဲဆိုတာ ကိုယ်တိုင်မြင်တွေ့ချင်တယ်။ ဒီပိုက်ဆံလေးထုတ်လိုက်လို့ ခင်ဗျားတို့နိုင်ငံရဲ့စီးပွားရေးအခြေအနေကိုတော့ မထိခိုက်လောက်ဘူးလို့ ထင်တာပဲ"

"သူ တကယ်ပြောနေတာပဲ"

ပြောင်ကွမ်ကျီး၏နှလုံးခုန်သံများ မြန်ဆန်လာသည်။ ကျန်းမုန့်လောင် တစ်ခါတုန်းက ပြောခဲ့ဖူးသည့်စကားကို သူ မှတ်မိလိုက်သည်။

"မင်းတို့ ငါပြောတာကိုမယုံကြဘူးလို့ကြားတယ်"

ထိုစကားလုံးများ၏ အဓိပ္ပာယ်မှာ နောက်ထပ်စီးပွားရေးမုန်တိုင်းကြီးတစ်ခုကို ဖန်တီးရန်အတွက် သူ အဆင်သင့်ဖြစ်နေပြီဟု အဓိပ္ပာယ်ရသည်။ သို့‌သော် ရက်အတန်ကြာအောင် တိတ်ဆိတ်နေပြီးနောက်မှာ လူတော်တော်များများကလည်း သူသည် ဟိတ်ဟန်ကြီးနေရုံသက်သက်သာဖြစ်ပြီး သူ့စကားကို သူမတည်နိုင်ဘူးဟုသာ တွေးထင်နေခဲ့ကြသည်။ သို့သော် သူ ချင်းချိုးနိုင်ငံသို့ တကယ်ရောက်လာလိမ့်မည်ဟု မည်သူမျှထင်မထားပေ။

"စကားပြောနေတာတွေ တော်လိုက်တော့။ ငွေထုတ်လိုက်ရအောင်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒီပိုက်ဆံကိုထုတ်ပေးဖို့အတွက် ဘဏ်က ဘာပြဿနာမှတော့မရှိဘူးမလား"

ပြောင်ကွမ်ကျီး အံတင်းတင်းကြိတ်ထားမိသည်။ ဤဘဏ်သာ အခက်အခဲတစ်စုံတစ်ရာရင်ဆိုင်ရပြီး တိုင်းပြည်၏စီးပွားရေးကို ထိခိုက်သွားစေခဲ့ပါက ဘဏ်ဥက္ကဋ္ဌဖြစ်သည့် သူက ထောင်ဒဏ်ကျခံရမည်ဖြစ်၏။

"မန်နေဂျာလီ ဥက္ကဋ္ဌချွမ်းနဲ့ ဥက္ကဋ္ဌဒုန်တို့ကို သွားရှာချေ"

သူတို့ဘဏ်က ထိုပမာဏကို ထုတ်မပေးနိုင်ကြောင်း ပြောင်ကွမ်ကျီး ကောင်းကောင်းသိထားသည်။ သို့သော် ကျန်းမုန့်လောင်ကသာ တကယ်ပိုက်ဆံထုတ်ချင်ပါက သူ့ဘက်ကလည်း ထုတ်ပေးရမည်ဖြစ်၏။ ဤသည်မှာ ဘဏ်၏တာဝန်ဖြစ်သည်။

ယခုအချိန်တွင် တစ်ခုတည်းသောဖြေရှင်းနည်းမှာ အခြားဘဏ်များဆီမှ ငွေသားချေးယူရန်ဖြစ်၏။ ဤသည်မှာ ဘဏ်တစ်ခုတည်းနှင့်ဆိုင်သော ကိစ္စမဟုတ်တော့ပေ။ ချင်းချိုးတစ်နိုင်ငံလုံးရှိ စီးပွားရေးအခြေအနေတည်ငြိမ်မှုနှင့် သက်ဆိုင်နေသော ကိစ္စတစ်ရပ်ပင်။

"ခင်ဗျား အဲ့ဒီလောက်လည်း ဒုက္ခရှာမနေပါနဲ့"

ကျန်းမုန့်လောင်က နောက်ထပ်ဘဏ်ကတ်အများအပြားကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။

"ဒါက.."

ပြောင်ကွမ်ကျီး၏ မျက်ဆန်များမှာ အဆပေါင်းများစွာ ပြူးကျယ်သွားရသည်။ ဤကတ်များမှာ ချင်းချိုးနိုင်ငံထဲရှိ အခြားဘဏ်များ၏ဘလက်ကတ်များဖြစ်ပြီး ထိုဘလက်ကတ်များပေါ်ရှိ နံပါတ်စဉ်ကလည်း အမှတ်စဉ်"၁"များသာ ဖြစ်နေပေသည်။

*******

All Chapters