← Chapters

ငွေစက္ကူတွေ မြန်မြန်ရိုက်ပေတော့

Vol. 10 Ch. 142

ငွေစက္ကူတွေ မြန်မြန်ရိုက်ပေတော့

Vol. 10 Ch. 142

ဤကတ်များက မည်သည့်သဘောကိုဆောင်မှန်း ဘဏ်ဥက္ကဋ္ဌဖြစ်သည့် ပြောင်ကွမ်ကျီးထက် ပိုနားလည်နိုင်သူဟူ၍ မရှိပေ။ ကျန်းမုန့်လောင်က သူတို့ချင်းချိုးဘဏ်၏ ဘလက်ကတ်တစ်ခုတည်းကိုသာ ပိုင်ဆိုင်ထားခြင်းမဟုတ်ဘဲ အခြားဘဏ်ပေါင်းများစွာက ဘလက်ကတ်များကိုပါ ယူဆောင်လာခဲ့သည်။

ဤဘလက်ကတ်များထဲတွင် ငွေမရှိဘဲနေမည်လော။ ပြောင်ကွမ်ကျီး အသေရိုက်သတ်ခံရလျှင်တောင် ယုံမည်မဟုတ်။ ထိုကတ်များထဲတွင် ပိုက်ဆံဘယ်လောက်ရှိမလဲဆိုသည်ကို ပြောင်ကွမ်ကျီး မစဉ်းစားရဲချေ။

"တခြားဘဏ်တွေက ငွေလှည့်ဖို့စီစဉ်နေတာလား"

ကျန်းမုန့်လောင်က ပြောင်ကွမ်ကျီး၏အတွေးများကို အကြည့်တစ်ချက်ဖြင့် ဖောက်ထွင်းမြင်လိုက်ပြီဖြစ်၏။ ယခုအချိန်တွင် ဤနည်းလမ်းကလွဲ၍ သူ့တွင် ရွေးချယ်စရာ နည်းလမ်းမရှိတော့ပေ။ သို့သော် ကျန်းမုန့်လောင်က သူ့ကို ဤအခွင့်အရေးမျိုး ပေးမည်တဲ့လား။

"ဥက္ကဋ္ဌပြောင်.. စိတ်တော့မကောင်းပါဘူး။ ဒါပေမဲ့ ခင်ဗျား ချင်းချိုးနိုင်ငံမှာရှိတဲ့ ဘဏ်ဥက္ကဋ္ဌတွေအားလုံးကို ဒီကိုခေါ်လိုက်ရင်တောင် သူတို့ဘဏ်တိုက်ထဲကနေ ခင်ဗျား တစ်ပြားတောင် တောင်းလို့ရမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်တောင် အခု မနည်းရုန်းကန်နေရတာ"

ကျန်းမုန့်လောင်က မင်ရှန်းဘဏ်၏ ဘလက်ကတ်ကို လက်ညှိုးထိုးပြ၍ ပြောလိုက်လေသည်။

"ဒီကတ်ထဲမှာ အကောင့်ခွဲ၆၆၆၆ခုရှိပြီး စုစုပေါင်းစုငွေက သိပ်တော့မများပေမဲ့ ချင်းချိုးငွေကြေး၄၂၀ထရီလီယံရှိတယ်"

"ဒီတစ်ခုက လျန်ဘဏ်ရဲ့ဘလက်ကတ်ပဲ။ အကောင့်ခွဲ၈၀၀၀ကျော်ရှိပြီး စုစုပေါင်းစုငွေ၄၈၀ထရီလီယံရှိတယ်"

"ပြီးတော့ ဒါက ၃၉၀ထရီလီယံ"

"အိုး…ဒါက အကောင့်ခွဲ၁၂၀၀၀ရှိပြီး စုစုပေါင်းစုငွေ၈၁၀ထရီလီယံရှိတယ်။ သူတို့ဘဏ်ရဲ့စုငွေသုံးပုံနှစ်ပုံက ကျွန်တော်ဖြည့်ထားတာပေါ့"

"ကျန်တဲ့ကတ်တွေမှာရော ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာ ပြောပြရဦးမလား"

ကျန်းမုန့်လောင်က ပြုံးရယ်လျက်သားဖြင့် ပြောင်ကွမ်ကျီးကို ကြည့်လိုက်သည်။

ပြောင်ကွမ်ကျီးနှင့် မန်နေဂျာလီတို့၏ ခန္ဓာကိုယ်များမှာ တုန်ယင်နေလေတော့သည်။

ကျန်းမုန့်လောင်က ဤတစ်ခေါက်တွင် အပြည့်အစုံပြင်ဆင်လာခြင်းဖြစ်၏။ ဤကတ်များထဲရှိ စုငွေများကတင် သူတို့ဘဏ်၏စုငွေစုစုပေါင်းကို ကျော်လွန်သွားချေပြီ။ သူတို့အနေနှင့် ချင်းချိုးဘဏ်၏ အရေးပေါ်လိုအပ်ချက်ကို ဖြေရှင်းဖို့အတွက် အဆက်အသွယ်များမှတစ်ဆင့် ငွေသားထုတ်ပေးလိုက်နိုင်လျှင်တောင် အခြားဘဏ်များကရော ဘယ်လိုလုပ်မလဲ။

ဤနေရာက ပိုက်ဆံရသွားပါလျှင် ကျန်းမုန့်လောင်၏ နောက်ထပ်ပစ်မှတ်မှာ အခြားဘဏ်များ ဖြစ်သွားပေလိမ့်မည်။ သို့ဖြစ်လေရာ သူတို့ကရော ငွေထုတ်ပေးနိုင်မည်တဲ့လား။

ကျန်းမုန့်လောင်သည် ကျိုင်းကောင်အုပ်ကြီးတစ်သိုက်နှင့် အလားသဏ္ဌာန်တူပေသည်။ သူဖြတ်သွားလိုက်သည့် နေရာတိုင်းတွင် ဘာမှကျန်ရစ်မနေခဲ့ပေ။ သူ သွားရာလမ်းတစ်လျှောက်တွင် ချင်းချိုးတစ်နိုင်ငံလုံးရှိ ဘဏ်စုငွေများကို လုံးဝအပြောင်သိမ်းသွားမည်သာ။

ကျန်းမုန့်လောင်တစ်ဦးတည်းသာ မဟုတ်ပေ။ ချင်းချိုးနိုင်ငံ၏ သာမန်ပြည်သူများ၏ ငွေထုတ်ယူမှုကပင် သူတို့ဘဏ်ကို ပြိုလဲသွားစေနိုင်သည်။

ဘဏ်ထဲတွင် ပိုက်ဆံမရှိတော့ကြောင်း လူတိုင်းသိသွားပါက ဒေါသူပုန်ထနေသော အလုပ်သမားလူတန်းစားများကလည်း ဘဏ်အဆောက်အအုံများအားလုံးကို ချက်ချင်းဝိုင်းရံထားလိုက်ကြပြီး ငွေထုတ်ပေးဖို့ ဖိအားပေးလာကြလိမ့်မည်။

ထိုအချိန်ကို ရောက်လာခဲ့လျှင် စီးပွားရေးလုပ်ငန်းများကိုလည်း သာမန်အတိုင်း လည်ပတ်နိုင်တော့မည်မဟုတ်။ လူ့အဖွဲ့အစည်းလည်း ကမောက်ကမဖြစ်သွားပေလိမ့်မည်။ သွေးရူးသွေးတန်းဖြစ်နေသော လူထုကို ချွေးသိပ်ရန်အတွက် နိုင်ငံတော်ကလည်း ငွေစက္ကူများကို ရိုက်နှိပ်ရတော့မည်ဖြစ်ပြီး ငွေကြေးဖောင်းပွမှု ဖြစ်လာမည်မှာလည်း ကျိန်းသေပေါက်ပင်။

အများဆုံးရှိလှ လအနည်းငယ်အတွင်းမှာပင် နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့ရသော ချင်းချိုးနိုင်ငံ၏ စီးပွားရေးစနစ်ကြီးလည်း ချက်ချင်းပြိုလဲသွားရလိမ့်မည်။ သူတို့တွင် စီးပွားရေးတည်ဆောက်မှုပုံစံအသစ် ရှိမနေသည်ကို အသာထား။ ပိုက်ဆံတစ်ပြားမှသာ မကျန်တော့ပါက ထိုစီးပွားရေးပုံစံကလည်း ဘာအဓိပ္ပာယ်ရှိဦးမည်တဲ့လဲ။

"မစ္စတာကျန်း.. ခင်ဗျား ဒီလောက်အထိရက်စက်ဖို့မလိုပါဘူး။ ဟုတ်တယ်မလား"

ပြောင်ကွမ်ကျီး၏မျက်နှာကား ဖြူဖျော့သွားရလေသည်။

"ရက်စက်တယ်တဲ့လား"

ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။

"ခင်ဗျားတိုရဲ့ငတုံးစီးပွားရေးပညာရှင်တွေက ကျွန်တော့်ကို ဆဲဆိုပြီး တောင်းပန်ဖို့ပြောနေခဲ့တုန်းကရော ခင်ဗျား ကျွန်တော့်ဘက်ကရပ်တည်ပြီး ရက်စက်လိုက်တာလို့ ပြောပေးတာကို မမြင်မိပါလား။ ခင်ဗျားက ကြောင်သူတော်ပဲ"

ကျန်းမုန့်လောင်၏ ထေ့လုံးငေါ့လုံးများမှာ ဖုံးကွယ်ထားခြင်း အလျဉ်းမရှိ။

"ခင်ဗျားတို့ရဲ့စီးပွားရေးတည်ဆောက်မှုပုံစံအသစ်က အရမ်းတစ်မူထူးခြားတာမဟုတ်ဘူးလား။ အဲ့ဒီစီးပွားရေးအကျပ်အတည်းကို ခင်ဗျားတို့ဖန်တီးခဲ့တာဆို။ ဒါဆိုရင် ခင်ဗျားတို့က စီးပွားရေးအကျပ်အတည်းကိုတောင် ဖန်တီးနိုင်ခဲ့တာဆိုတော့ ဒါကိုလည်း‌ ဖြေရှင်းနိုင်မှာပဲမဟုတ်ဘူးလား။ ကျွန်တော်က တစ်ခုနှစ်ခုလောက် သင်ယူချင်ရုံသက်သက်ပါ။ တခြားဘာမှမဟုတ်ပါဘူး"

"မစ္စတာကျန်း.. ဒီကိစ္စက နိုင်ငံတကာဆက်ဆံရေးမှာ အရမ်းဆိုးဝါးတဲ့အကျိုးဆက်တွေ ဖြစ်ပေါ်လာစေနိုင်တယ်နော်"

"အိုး..အဲ့လိုလား"

ကျန်းမုန့်လောင် လက်နှစ်ဖက်ကို ဖြန့်ကားပြလိုက်သည်။

"အဲ့ဒီအကြောင်းကိုတော့ ကျွန်တော်မသိဘူး။ ကျွန်တော်သိတာက ခင်ဗျားတို့ဘဏ်ထဲကို ကျွန်တော်သွင်းထားတဲ့ငွေတွေက ကျွန်တော့်ပိုက်ဆံတွေပဲ။ ဒီ‌တော့ ကျွန်တော် အဲ့ဒါကိုဘယ်အချိန်ထုတ်မလဲဆိုတာ ကျွန်တော့်ကိစ္စ။ ခင်ဗျား ကျွန်တော့်ကိုအပြစ်တင်ချင်တယ်ဆိုရင်လည်း မတတ်နိုင်ဘူးပေါ့"

"ဒါပေမဲ့ ကျွန်တော်အမုန်းဆုံးက ကျွန်တော့်ကိုလာခြိမ်းခြောက်တာကိုပဲ။ ခင်ဗျား အခုလေးတင်ပြောလိုက်တဲ့စကားက ကျွန်တော့်ကို‌ တော်တော်စိတ်မသက်မသာဖြစ်စေတယ်။ ဒီတော့ ကျွန်တော် အခု ခင်ဗျားတို့ဘဏ်ထဲကနေ နောက်ထပ်၂၀၀ထရီလီယံကိုပါ ထပ်ထုတ်ဖို့ဆုံးဖြတ်လိုက်ပြီ။ ခင်ဗျား မပေးနို်ငဘူးဆိုရင် ကျွန်တော်လည်း ခင်ဗျားတို့ဘဏ္ဌာရေးဌာနကို သွားတောင်းရလိမ့်မယ်။ ခင်ဗျားတို့ဘဏ်မှာ ပိုက်ဆံမရှိဘူးဆိုရင်တောင် နိုင်ငံတော်မှာတော့ သေချာပေါက်ရှိမှာပါ။ ဟုတ်တယ်မလား"

ထိုစကားကိုကြားသော် ပြောင်ကွမ်ကျီးခမျာ ရုတ်ခြည်းထိတ်လန့်သွားလေသည်။ ဤကိစ္စသာ နိုင်ငံတော်အဆင့်အထိ ကြီးမားသွားပါလျှင် ဖြေရှင်းဖို့ရာ ပိုခဲယဉ်းသွားပေလိမ့်မည်။

"မစ္စတာကျန်း.. ကျွန်တော်တို့ကို အချိန်နည်းနည်းလောက် ပေးပါဦး။ ခင်ဗျားထုတ်ချင်နေတဲ့ပမာဏက အရမ်းများလွန်းပါတယ်။ ကျွန်တော်တို့က ဘဏ်တွေအတွက် တာဝန်ရှိတယ်ဆိုပေမဲ့ ဘဏ်တွေကလည်း နိုင်ငံပိုင်ဆိုတော့ ကျွန်တော်တို့အနေနဲ့ ဆုံးဖြတ်ချက်ချလို့မရပါဘူး"

"ပြဿနာမရှိဘူး။ ကျွန်တော့်မှာ အချိန်တွေမှအများကြီးရှိတယ်။ ချင်းချိုးနိုင်ငံမှာ ခင်ဗျားတို့ရဲ့ဒေသတွင်းဓလေ့တွေကိုခံစားပြီး မိန်းမလှလေးတွေ အမျိုးသားချေချောလေးတွေကို ကြည့်ဖို့ စီစဉ်ထားတယ်။ ခင်ဗျားတို့ လောစရာမလိုပါဘူး။ ကျွန်တော့်မှာလည်း ငွေသွင်းစာချုပ်တွေရှိနေတာပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့လည်း ထွက်ပြေးလို့မရပါဘူး"

ကျန်းမုန့်လောင်က ဤကိစ္စများကို အဆုံးသတ်ရန်အတွက် စိတ်ကူးမရှိပေ။ သူ့အတွက်မူ ချင်းချိုးနိုင်ငံထဲတွင် အကျပ်အတည်းများဖြစ်ပေါ်စေရေးမှာ အဓိကပန်းတိုင်တစ်ခု မဟုတ်ပေ။ သူ့အဓိကပန်းတိုင်မှာ သတိပေးချက်တစ်ခု ပေးပို့ရန်ဖြစ်၏။ ရိုက်ချက်က ဘယ်လောက်ပြင်းမလဲဆိုသည်ကတော့ သူတို့ဘက်က အမှားဝန်ခံမှုရှိမရှိအပေါ် မူတည်လေသည်။

"အိုး..နောက်ထပ်အကြံပေးစရာတစ်ခုရှိတယ်"

ကျန်းမုန့်လောင်က ထပ်ဖြည့်ပြောလိုက်သည်။

"ငွေထုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်ကိုစိတ်ပြောင်းသွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားနေမဲ့အစား ငွေစက္ကူတွေကိုပဲ စရိုက်ပေတော့"

ထိုသို့ပြောပြီးနောက် ကျန်းမုန့်လောင်က ဟုန်းရီနှင့်အတူ ပြန်သွားခဲ့သည်။

...

"ဟုန်းရီ နောက်ဆုံးကျရင် သူတို့ဘာလုပ်ကြမယ်လို့ထင်လဲ"

နေအိမ်သို့ပြန်ရောက်ချိန်မှာ ကျန်းမုန့်လောင်က ပျင်းတိပျင်းလျော့ လဲလျောင်းနေလိုက်သည်။

"အသိသာကြီးပဲမဟုတ်လား။ အဲ့ဒီဘဏ်ခေါင်းဆောင်တွေအားလုံး အရေးပေါ်အစည်းအဝေးတစ်ခုလုပ်ပြီး ချင်းချိုးနိုင်ငံရဲ့ ဘဏ္ဌာရေးဌာနကလူတွေကို အသိပေးပြီးနေလောက်ပြီ။ လွဲချော်မှုတစ်စုံတစ်ရာမရှိခဲ့ဘူးဆိုရင် ရက်ပိုင်းလောက်နေရင် သူတို့ ရှင့်ကို လက်ဖက်ရည်သောက်ဖို့ ဖိတ်လာလိမ့်မယ်"

"လက်ဖက်ရည်လား။ ဒါဆိုရင်တော့ ငါ သူတို့ကိုဝမ်းသာသွားအောင်လုပ်ပေးလိုက်ဦးမယ်"

ကျန်းမုန့်လောင်က ရယ်မောလိုက်ချေသည်။

သူက ဖုန်းကိုထုတ်လိုက်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သူ ဝေးပေါ်ကို ဝင်မကြည့်ဖြစ်ပေ။ သို့ဖြစ်လေရာ "မင်းတို့ ငါ့ကိုမယုံကြဘူးလို့ကြားတယ်"ဟူသော ပို့စ်အောက်တွင် ကောမန့်များ သိန်းဂဏန်းကျော်နေလေပြီ။

"ဘော့စ်ကျန်း ခင်ဗျားထွက်ပြေးသွားပြီလား"

"ခင်ဗျား ကျုပ်တို့ကိုသက်သေမပြတော့ဘူးလား။ မြန်မြန်လုပ်လေ"

"မင်းတို့မိသားစုက အရမ်းအစွမ်းထက်တာလို့ ပြောခဲ့တယ်မလား။ သူတို့က ကမ္ဘာ့စီးပွားရေးကိုတောင် လှုပ်ခါနိုင်စွမ်းရှိတယ်ဆို။ အပြောသက်သက်လုပ်မနေဘဲ ငါတို့ကို တစ်ခုခုလုပ်ပြစမ်းပါ"

"အပေါ်ထပ်ကလူက လုံးဝငတုံးပဲ။ ဘော့စ်ကျန်းအကြောင်း ငါတို့သိထားသလောက်ဆိုရင် အခုလောက်ဆိုရင် သူ အကွက်ကြီးကြီးရွှေ့ဖို့ ပြင်ဆင်နေလောက်ပြီ"

"မုန်းတီးသူတွေကတော့ ဆဲဆိုနေကြပြီး သစ္စာရှိပရိသတ်တွေကတော့ ပွဲကြည့်ဖို့စောင့်နေကြပြီ"

...

"တကယ်ပါပဲ။ ဒီကမ္ဘာပေါ်မှာ လူအမျိုးမျိုးစိတ်အထွေထွေရှိကြတာကိုး"

ကျန်းမုန့်လောင်က ကျိတ်ရယ်လိုက်သည်။ ထို့နောက် သူ့လက်ရှိတည်နေရာကို ပို့စ်တင်လိုက်၏။

"ဆောရီးပဲ။ ကမ္ဘာ့ငြိမ်းချမ်းရေးဥပဒေသကို ထိန်းသိမ်းဖို့အတွက် အခုလောလောဆယ်တော့ ပြဿနာအကြီးကြီးတစ်ခုကို မဖန်တီးတော့ပါဘူး။ ဒါပေမဲ့ ပါးစပ်သရမ်းတဲ့လူတချို့ကိုတော့ သင်ခန်းစာပေးမှဖြစ်မယ်။ ဒီမှာရှိတဲ့ဘဏ်တွေကို ငါ ပြောင်သလင်းခါနေအောင်လုပ်ဖို့ စီစဉ်နေတယ်"

ထို့နောက် ကျန်းမုန့်လောင်က ချင်းချိုးဘဏ်ထဲရှိ သူ့စုငွေများကို စခရင်ရှော့ရိုက်ပြီး ချက်ချင်းတင်လိုက်သည်။

"ချင်းချိုးငွေကြေး၇၃၀ထရီလီယံလား။ ငါ..ငါ..အား…အား"

"ငွေလဲနှုန်းလေး တစ်ယောက်ယောက်ပြောပြကြပါဦးလား။ ငါက အဲ့ဒါတွေနားမလည်လို့"

"ပိုင်တုမှာ ကိုယ့်ဘာသာရှာကြည့်လို့မရလို့လား။ ဟွာရှားငွေကြေးနဲ့ ချင်းချိုးငွေကြေးရဲ့ ဒီနေ့ငွေလဲနှုန်းက ၁၆၅ဆရှိတယ်။ ကိုယ့်ဘာသာတွက်ကြည့်လိုက်။ ဟွာရှားငွေကြေး၄၀ထရီလီယံကျော်တယ်။ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ၆၇၀၀ဘီလီယံကျော်ပေါ့"

"တကယ်ကြီးလား။ ဖြတ်ညှပ်ကပ်လုပ်ထားတာတော့ မဟုတ်ပါဘူးနော်"

"ဘော့စ်ကျန်းက ဖြတ်ညှပ်ကပ်လုပ်ဖို့လိုတယ်ပေါ့လေ။ မင်း လာနောက်နေတာပဲဖြစ်ရမယ်"

"သောက်ကျိုးနည်း.. ငါမှတ်မိတာသာ မမှားရင် ချင်းချိုးဘဏ်မှာ စုစုပေါင်း၂၀၀၀၀ထရီလီယံပဲ ရှိတာမဟုတ်ဘူးလား။ သူက ဘာလုပ်ဖို့စီစဉ်နေတာလဲ"

"ဟားဟားဟား ဒါတော့ ငါသိတယ်။ ငါက အဲ့ဒီဘဏ်မှာအလုပ်လုပ်နေတာ။ သွင်းငွေ၂၀၀၀၀ထရီလီယံကြောင့် အရူးအလုပ်မခံရစေနဲ့။ သူတို့မှာ ငွေသား၅၀၀ထရီလီယံတောင် ရှိမှာမဟုတ်ဘူး။ ဘော့စ်ကျန်းသာ ရောက်ချလာရင် သူက ဘဏ်ကို ဒေဝါလီခံရအောင် လုပ်ပစ်မှာပဲ"

"အရမ်းမိုက်တာပဲ"

"ဟားဟားဟား… ငါပြောသားပဲ။ ဘော့စ်ကျန်းက အရှုံးပေးမဲ့လူစားမျိုးမဟုတ်ပါဘူးလို့"

"သူက ချင်းချိုးနိုင်ငံနဲ့စနေပြီပေါ့လေ"

"ငါက ပိုင်ကျန်းကွမ်ပါ။ ငါတော့ လန့်ဖျပ်နေရပါပြီနော်"

"ပြဿနာရှာတတ်တဲ့ဆန်ကုန်မြေလေးတွေကိုတော့ ဘော့စ်ကျန်းက ကြက်ကိုသတ်ပြီး မျောက်တွေကိုခြောက်ပြနေတာပဲဟေ့"

"ကိုယ့်လူတို့.. အင်စတာဂရမ်တို့ တွစ်တာတို့ ဖေ့စ်ဘုတ်တို့မှာ လျှောက်အလေလိုက်မနေကြနဲ့။ ခပ်မြန်မြန်လေး ငွေစက္ကူတွေရိုက်ထားလိုက်တာကောင်းမယ်။ ဘော့စ်ကျန်းသာ ရောက်ချလာရင် ဘယ်လိုလုပ်ကြမလဲ"

**********

All Chapters