← Chapters

လီဂျီအွန်း လာမနှိုးမချင်း မထဘူး

Vol. 10 Ch. 143

လီဂျီအွန်း လာမနှိုးမချင်း မထဘူး

Vol. 10 Ch. 143

ကျန်းမုန့်လောင်၏ပို့စ်က စစ်ကြေညာလိုက်သည့်အလားပင်။ ထိုဓာတ်ပုံတင်လိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ထိုဓာတ်ပုံကို မျှဝေသူအရေအတွက်မှာလည်း မိုးထိုးသွားလေတော့သည်။

ချင်းချိုးနိုင်ငံထဲတွင် ဟွာရှားကျောင်းသားများ အမြောက်အများရှိပြီး ပြီးခဲ့သည့်ရက်ပိုင်းတုန်းက ချင်းချိုးနိုင်ငံတစ်ဝှမ်းတွင် ဘဏ်ပြဿနာများက ထိတ်လန့်တုန်လှုပ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ သူတို့ကိုယ်တိုင်ပင် ဘဏ်ထဲမှ အသုံးစားရိတ်များကို ထုတ်ယူရန်အတွက် လူတန်းရှည်ကြီးထဲမှာ ဝင်တန်းစီခဲ့ရသေးသည်။

ယခုတော့ သူတို့ နားလည်သွားချေပြီ။ ဤအရာများအားလုံးက ကျန်းမုန့်လောင်၏လက်ချက်ပင်။ ဤကိစ္စကြီးတစ်ခုလုံးကို ကျန်းမုန့်လောင် ကြိုးကိုင်ထားခြင်းဖြစ်၏။

ဤသည်မှာ သွေးပူရုံမျှသာဖြစ်သော်ငြား ချင်းချိုးနိုင်ငံ၏ စီးပွားရေးစနစ်ကတော့ ပြိုလဲလုမတတ်ဖြစ်သွားရသည်။ ထိုချင်းချိုးငွေကြေးထရီလီယံရာဂဏန်းကိုသာ ဘဏ်များထဲက အမှန်တကယ်ထုတ်ယူလိုက်ပါက မည်မျှကြီးမားသောကပ်ဘေးတစ်ခု ဆိုက်ရောက်လိမ့်မည်ဖြစ်ကြောင်း တွေးကြည့်၍ရနိုင်ပေသည်။

"သူ့မှာ နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေးစနစ်ကို ပြိုလဲသွားအောင် ဖျက်ဆီးနိုင်စွမ်းရှိတာပဲ"

နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်က ကြောက်စရာကောင်းသောအချက်ကို သဘောပေါက်လိုက်လေသည်။ ဘဏ်တစ်ခုတည်းမှာပင် ချင်းချိုးငွေကြေး၇၃၀ဘီလီယံကို သိမ်းဆည်းထားခဲ့သည်။ ကျန်းမုန့်လောင်က ချင်းချိုးနိုင်ငံထဲတွင် ဤဘဏ်တစ်ခုတည်းမှာတင် ငွေစုထားခြင်းတော့ မဟုတ်တန်ရာ။

သူ့လိုလူတစ်ယောက်က ချင်းချိုးဘဏ်ထဲမှာပင် ငွေအပ်ထားခြင်းမျိုးမဖြစ်နိုင်ပေ။ အိမ်နီးချင်းကျွန်းနိုင်ငံနှင့် ပင်လယ်ရပ်ခြားရှိ အမေရိကန်ပြည်ထောင်စုတို့တွင်လည်း ကျန်းမုန့်လောင်က ကမ္ဘာအနှံ့ရှိ ဘဏ်အသီးသီးတွင် အလားတူငွေကြေးပမာဏများ သိမ်းဆည်းထားလောက်မည်မှာ မလွဲဧကန်ဖြစ်၏။

နိုင်ငံတိုင်း၏အခြေအနေက ချင်းချိုးနိုင်ငံနှင့် ဆင်တူနေခဲ့လျှင်တောင် ကျန်းမုန့်လောင်သာ ထိုပိုက်ဆံများကို ထုတ်ယူဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပါက ကမ္ဘာ့ငွေကြေးစနစ်ကြီးလည်း ကမ္ဘာမြေတုန်ဟည်းဖွယ်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွားနိုင်သည်။ သူသည် ကမ္ဘာ့စီးပွားရေးမုန်တိုင်းကြီးတစ်ခုကို ဖန်တီးနိုင်စွမ်းရှိလေသည်။

"သူ နောက်နေတာမဟုတ်ဘူးပဲ။ သူ တကယ်လုပ်နိုင်တာဟ"

ဤအချက်ကိုသဘောပေါက်လိုက်သောအခါ တချို့က ထိတ်လန့်သွားကြသည်။ အထူးသဖြင့် အပြင်းထန်ဆုံးဝေဖန်ခဲ့ကြသည့် စီးပွားရေးပညာရှင်များပင်။ တချို့ကမူ ယခင်က ကျန်းမုန့်လောင်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ဖူးသော ထုတ်ပြန်ချက်များကို တိတ်တိတ်လေးဖျက်ပစ်လိုက်ကြသည်။

ကျန်းမုန့်လောင်သာ ချင်းချိုးနိုင်ငံကို ကိုင်တွယ်ဖြေရှင်းပြီးပါက သူတို့က နောက်ထပ်ပစ်မှတ်ဖြစ်လာနိုင်ပေသည်။ ကျန်းမုန့်လောင်က ဘာမှပင်လုပ်နေရန် မလိုချေ။ ဘဏ်ထဲကိုဝင်ချလာပြီး သူ့ဘဏ်ကတ်ကို စားပွဲပေါ် ပစ်တင်ပေးလိုက်ရုံမျှဖြင့် ထိုနိုင်ငံ၏စီးပွားရေးကလည်း ပြိုလဲသွားရပေလိမ့်မည်။

ဤဖြစ်ရပ်ကြီး ပေါ်ပေါ်က်လာပြီးနောက်မှာ ကမ္ဘာအနှံ့ရှိ ဘဏ်များကလည်း အကြီးအကျယ်တုန်လှုပ်သွားကြ၏။ သူတို့ခမျာ သူတို့ဘဏ်ထဲရှိ အကောင့်များကို အသည်းအသန်စစ်ဆေးကြည့်ခဲ့ကြသည်။

ထို့နောက်မှာတော့ ကြောက်မက်ဖွယ်ကောင်းသော အချက်တစ်ချက်ကို ရှာဖွေတွေ့ရှိလိုက်သည်။ တစ်ကမ္ဘာလုံးရှိ ဘဏ်ထက်ဝက်နီးပါးတွင် ဆန်းကြယ်လှသောအကောင့်တစ်ခုစီ ရှိနေကြသည်။

ဤအကောင့်များသည် အမြင့်မားဆုံးသော အကျိုးခံစားခွင့်များ ရှိကြပြီး အနည်းဆုံးနှစ်ပေါင်းဆယ်နှစ်မှ အများဆုံးနှစ်ခုနစ်ဆယ်ရှစ်ဆယ်အထိ လှုပ်ရှားမှုကင်းမဲ့နေခဲ့သော အကောင့်များဖြစ်သည်။

နောက်ဆုံးမှာတော့ တချို့က ထိုအကောင့်များကို အရဲစွန့်၍ စုံစမ်းစစ်ဆေးခဲ့ကြသော်လည်း အကောင့်၏အသေးစိတ်အချက်အလက်များမှာ အလွန်လျှို့ဝှက်လှသည်ကို သိရှိလိုက်ရသည်။ အကောင့်ပိုင်ရှင့်နှင့်ပတ်သက်သော အချက်အလက်များကလည်း မရှိသလောက်နီးပါးဖြစ်နေလေသည်။ အကောင့်များထဲရှိ တစ်ခုတည်းသောမှတ်ချက်မှာ ဤအကောင့်များကို ပိတ်သိမ်းခြင်းမပြုလုပ်ရန်ပင်။ ထိုအကောင့်များအားလုံးကလည်း ဟွာရှားနိုင်ငံတစ်နိုင်ငံတည်းကိုသာ ညွှန်ပြနေကြသည်။

ဘဏ်များအနေနှင့် ဤအကောင့်များကို စိုးရိမ်ပူပန်ခြင်း အလျဉ်းမရှိခဲ့ပေ။ သို့သော် ချင်းချိုးဘဏ်တွင် ဖြစ်ပွားခဲ့သောကိစ္စကြောင့် သူတို့လည်း နိုးနိုးကြားကြားဖြစ်သွားခဲ့ရသည်။ အရဲစွန့်ပြီးခန့်မှန်းကြည့်လိုက်သည်မှာ သက်တမ်းရှည်ကြာလှသော ဤအကောင့်များသည် ကျန်းမုန့်လောင်၏ဘိုးဘေးများပိုင်ဆိုင်ထားခဲ့ခြင်း ဖြစ်နိုင်ကြောင်းပင်။

စီးပွားရေးအကျပ်အတည်းကြီးကို ကျန်းမုန့်လောင်၏အဘိုးက ကြိုးကိုင်ခဲ့ဖြင်း ဖြစ်ဟန်တူသည်။ သူ ညာနေခြင်းမဟုတ်။ ခန့်မှန်းချက်ထုတ်ခဲ့ခြင်းမျိုးလည်းမဟုတ်ပေ။ သူသည် အမှန်တရားကို ချပြခဲ့ခြင်းသက်သက်သာ။

…

"ကျန်းမုန့်လောင်ကို ရန်မစဖို့ အရေးပေါ်ကြေညာချက်ထုတ်လိုက်"

"အကုန်ဖျက်ပစ်လိုက်။ အကုန်ဖျက်ပစ်။ ကျန်းမုန့်လောင်ကို သံသယဖြစ်နေသေးတဲ့ လူတစ်ယောက်ယောက်ရှိရင် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အပြစ်ပေးခံရမယ်"

"ငတုံးတွေ.. မင်းတို့က ဘယ်လိုစီးပွားရေးပညာရှင်တွေလဲကွ။ မင်းတို့ရဲ့လေ့လာမှုတွေက အလကားပဲ။ ဒီလောက်ကြီးမားတဲ့ ပြဿနာကြီးကိုတောင် သတိမထားမိကြဘူးလား။ မင်းတို့သင်ခဲ့ရတဲ့ စီးပွားရေးသမိုင်းက အလကားပေါက်ကရတွေမို့လို့လား"

"မင်းတို့က ကျန်းမုန့်လောင်ကို အခုလိုမျိုးရှုံ့ချပြီး ငါတို့နိုင်ငံရဲ့စီးပွားရေးကို ပြိုလဲစေချင်တာပေါ့"

တိုင်းပြည်အသီးသီးရှီ ထိပ်တန်းအရာရှိများမှာ ချင်းချိုးနိုင်ငံထဲရှိ ဖြစ်ရပ်ကြောင့် ကြောက်လန့်သွားခဲ့ကြသည်။ ချင်းချိုးနိုင်ငံမှာ နိုင်ငံငယ်လေးတစ်ခုဖြစ်သော်လည်း ထိုနိုင်ငံ၏စီးပွားရေးကတော့ အတော်အတန်ဖွံ့ဖြိုးတိုးတက်သည်ဖြစ်ရာ "ဘဏ်ကတ်သတိပေးချက်"ကဲ့သို့သော အရာမျိုးကို တောင့်ခံနိုင်မည်မဟုတ်ပေ။

…

"ငတုံးတွေ.. ဒီလူတွေ ဘာလုပ်လိုက်တာလဲကွ"

ချင်ချိုးနိုင်ငံ၏ ဘဏ္ဌာရေးဝန်ကြီးဌာနရှိ ရုံးခန်းတစ်ခုထဲတွင် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က ဆေးလိပ်ပြာခွက်ကို ခွမ်းခနဲပစ်ချလိုက်သည်။

"အသုံးမကျတဲ့ငတုံးတွေ.. သူတို့ ဘယ်လိုမကောင်းဆိုးဝါးမျိုးကို သွားရန်စလိုက်တာလဲ"

ချင်းချိုးနိုင်ငံရှိ ပင်မဘဏ်ကြီးများ၏ ဒါရိုက်တာများနှင့် အမှုဆောင်အရာရှိများအားလုံးလည်း ထိုရုံးခန်းထဲတွင် စုရုံးရောက်ရှိနေကြသည်။ ထိုသက်လတ်ပိုင်းအရွယ်အမျိုးသားနှင့် ရင်ဆိုင်နေရချိန်ဝယ် သူတို့အားလုံး ခေါင်းကိုသာ ငုံ့ထားကြပြီး စကားတစ်ခွန်းမှ မပြောရဲကြချေ။ ဤနိုင်ငံသည် သက်ဦးဆံပိုင်ဘုရင်စနစ်ဖြင့် အုပ်ချုပ်သော နိုင်ငံတစ်ခုမဟုတ်သော်ငြား အစိုးရအရာရှိများ၏အာဏာသည် အလွန်မြင့်မားလွန်းလှသည်ဖြစ်ရာ ဘဏ်ဒါရိုက်တာများလည်း ဘာမကျေနပ်မှုကိုမှ ထုတ်မပြရဲကြပေ။

ဤသက်လတ်ပိုင်းအရွယ်အမျိုးသားကား စုကျီဟယ်ဖြစ်ပြီး ချင်းချိုးနိုင်ငံ၏ ဘဏ္ဌာရေးအာဏာကို အပြည့်အဝထိန်းချုပ်ခွင့်ရထားသော အဓိကပုဂ္ဂိုလ်တစ်ဦးဖြစ်၏။

ဆယ်စုနှစ်များစွာ ကြိုးစားအားထုတ်ပြီးနောက် စုကျီဟယ်မှာ ဤရာထူးကို အရောက်လှမ်းနိုင်ခဲ့ပြီး မကြာခင်မှာပင် အုပ်ချုပ်ရေးပိုင်းတွင် ပြောင်းလဲချိန်နီးကပ်လာပြီဖြစ်၏။ သူ့တာဝန်သက်တမ်းတွင် ချင်းချိုးနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအခြေအနေကား အားရစရာကောင်းခဲ့သည်။ သေချာကိုင်တွယ်စီမံနိုင်ပါက ဤတစ်ခေါက်တွင် သူ့အနေနှင့် ပိုမိုမြင့်မားသောရာထူးသို့ တက်လှမ်းနိုင်မည်ဖြစ်၏။

သို့သော် လွန်ခဲ့သည့်နှစ်ရက်အတွင်းမှာပင် သူဟာ အောက်ခြေသို့ရောက်အောင် ရိုက်ချခံခဲ့ရသည်။ ပထမဆုံးမှာ တစ်နိုင်ငံလုံးရှိဘဏ်များ၏ စုဆောင်းငွေများ ရုတ်တရက်ကျဆင်းသွားခြင်းဖြစ်ပြီး နောက်တစ်နေ့တွင်မူ စတော့ဈေးကွက်ပျက်စီးခြင်းက ကပ်ပါလာပြီး နိုင်ငံ၏စီးပွားရေးကလည်း အကျပ်အတည်းထဲသို့ ရောက်ရှိသွားခဲ့သည်။။

ကျန်းမုန့်လောင်သာ ထိုဘဏ်များထဲမှ ငွေများကို အမှန်တကယ်ထုတ်ယူလိုက်ပါက သူတို့..မဟုတ်ပေ။ ဤသည်မှာ အခြေခံအားဖြင့် မဖြစ်နိုင်သောကိစ္စတစ်ခုပင်။ အကြောင်းမှာ တစ်နိုင်ငံလုံးရှိငွေသားလက်ကျန်များကို စုဆောင်းလိုက်လျှင်ပင် ကျန်းမုန့်လောင်တောင်းဆိုနေသော ငွေပမာဏကို မဖြည့်ဆည်းပေးနိုင်ချေ။

"ကိုယ်စားလှယ်စု.. ကျွန်တော်တို့ အခု ဘယ်လိုဆုံးဖြတ်ကြမလဲ"

ဘဏ်ဥက္ကဋ္ဌက ဖြူဖပ်ဖြူရော်ဖြစ်နေသော မျက်နှာဖြင့် မေးလိုက်သည်။ သူလည်း ဤကိစ္စကို ကိုင်တွယ်ရန်အတွက် နည်းလမ်းမစဉ်းစားတတ်တော့ချေ။

"ကိုယ်စားလှယ်စု.. ကျုပ်တို့အနေနဲ့လည်း ဒီလောက်ငွေသားအများကြီးကို မရှာနိုင်ဘူး။ တကယ်လို့များ နိုင်ငံတော်မှာရှိတဲ့ ငွေစက္ကူပုံနှိပ်စက်တွေကို တစ်ပြိုင်တည်းလုပ်ငန်းစခိုင်းလိုက်ရင်တောင် ဒီလောက်မြန်မြန်ကြီး ငွေစက္ကူထုတ်ဖို့ ဖြစ်နိုင်မှာမဟုတ်ဘူး"

"ငွေစက္ကူတွေ ရိုက်လို့မဖြစ်ဘူး"

စုကျီဟယ်က ပြောလိုက်၏။

"ငါတို့သာ ငွေစက္ကူထုတ်လိုက်ရင် ငါတို့နိုင်ငံရဲ့စီးပွားရေး ပြိုလဲသွားလိမ့်မယ်။ ငါးနှစ်ဆယ်နှစ်ကြာရင်တောင် နာလန်ပြန်ထူနိုင်မှာမဟုတ်ဘူး။ အခုလက်ရှိ အပြိုင်အဆိုင်များနေတဲ့ နိုင်ငံတကာဈေးကွက်မှာ ဒီလောက်နှစ်ပေါင်းအများကြီးအတွင်းမှာတင် ငါတို့က အဆင်းရဲဆုံးနိုင်ငံဖြစ်သွားလိမ့်မယ်"

"ဒါဆို ကျုပ်တို့ဘာလုပ်ကြမလဲ။ ပိုက်ဆံထုတ်မပေးတော့ဘူးလား"

"မဖြစ်နိုင်တာ။ ငါတို့ဘက်ကသာ ငွေထုတ်မပေးရင် နိုင်ငံတစ်ဝှမ်းမှာ ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်လာမှာပေါ့။ စီးပွားရေးကျဆင်းမှုကို အသာထားလိုက်ဦး။ ဒေါသထွက်နေတဲ့ပြည်သူတွေကတင် ငါတို့ကို အရင်ဖျက်ဆီးပစ်လိမ့်မယ်"

"ဒါလည်းမဖြစ်ဘူး။ ဟိုဟာလည်းမဖြစ်ဘူး။ ဒါဆို ကျုပ်တို့က ဘာလုပ်ရမှာလဲ။ ကိုယ်စားလှယ်စု.. နည်းလမ်းတစ်ခုခုကို အမြန်စဉ်းစားပါဦး"

"ဒီအချိန်မှာ တစ်ခုတည်းသောနည်းလမ်းက သူ့ကို ငွေမထုတ်အောင်လုပ်ဖို့ပဲရှိတယ်"

"အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျန်းမုန့်လောင်က ကျုပ်တို့နိုင်ငံရဲ့စီးပွားရေးကို ပစ်မှတ်ထားနေတာလေ။ သူက ကျုပ်တို့စီးပွားရေးကို မဖျက်ဆီးရသေးသရွေ့ ပြန်မှာမဟုတ်ဘူး"

"အဲ့ဒါက ဘာကြောင့်လဲဆိုရင် သူက အခုလောလောဆယ်မှာ ဒေါသူပုန်ထနေတာမို့လို့ပဲ။ သူ့ရဲ့ရည်ရွယ်ချက်အစစ်အမှန်က ငါတို့နိုင်ငံရဲ့စီးပွားရေးကို ဖျက်ဆီးဖို့မဟုတ်သလို နိုင်ငံတကာစီးပွားရေးအကျပ်အတည်းကို ဖန်တီးဖို့လည်းမဟုတ်ဘူး။ သူက လူတွေကို သူ့မှာ လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို သိစေချင်ရုံသက်သက်ပဲ။ သူ့ကို စော်ကားထားတဲ့လူတွေကို သင်ခန်းစာပေးချင်နေတာ"

"ဒါဆို ကျုပ်တို့…"

"အခုလောလောဆယ် ငါတို့လုပ်ရမဲ့အရာက သူ့စိတ်ခံစားချက်ကို ဖြေလျှော့ပေးဖို့ပဲ။ သူ့ဘက်က ဘာပဲတောင်းဆိုတောင်းဆို လွန်လွန်ကျူးကျူးမဖြစ်သရွေ့တော့ ဘာခြွင်းချက်မှမရှိဘဲ ငါတို့ လက်ခံလိုက်သင့်တယ်။ သူ့စိတ်အခြေအနေ ပြန်ကောင်းသွားပြီး စိတ်ကျေနပ်သွားတာနဲ့ သူ့ဘာသာသူအလိုလို အိမ်ပြန်သွားလိမ့်မယ်"

"ကျုပ်တို့လို ကြီးမြတ်လှတဲ့ချင်းချိုးနိုင်ငံက ဟွာရှားက ကောင်စုတ်လေးကို ဦးညွှတ်ရမှာလား"

"လျူကောင်းရန်.. မင်း ပါးစပ်ပိတ်ထားစမ်း။ မင်းမှာ အရည်အချင်းရှိတယ်ဆိုရင်လည်း ပိုကောင်းတဲ့ဖြေရှင်းနည်းတစ်ခု ရှာလာခဲ့လေ"

စုကျီဟယ်မှာ အလွန်ဒေါသထွက်နေပြီဖြစ်၏။

"ဒီအချိန်မှာ မျက်နှာမပျက်ရဖို့က အရေးကြီးလား။ ဒါမှမဟုတ် အနာဂတ်က ပိုအရေးကြီးလား"

"သူ့ကို အခုချက်ချင်းဖုန်းခေါ်လိုက်"

စုကျီဟယ်က ချင်းချိုးဘဏ်၏ဥက္ကဋ္ဌကို ပြောလိုက်သည်။

"ခင်ဗျားမှာ သူ့ကိုဆက်သွယ်ရမဲ့လိပ်စာရှိတယ်မလား။ သူ့ကိုဆက်သွယ်လိုက်။ သူ့ကို စကားပြောရအောင် ဖိတ်ခေါ်လိုက်"

"ဒါက… ကောင်းပါပြီ"

ပြောင်ကွမ်ကျီးလည်း တွေဝေတုံ့ဆိုင်းစွာဖြင့် ကျန်းမုန့်လောင်၏ဖုန်းနံပါတ်ကို နှိပ်လိုက်လေသည်။

ကျန်းမုန့်လောင်က မနေ့ညတုန်းက လုရီယောင်နှင့်အတူ ဂိမ်းကစားရင်း မိုးလင်းပေါက်သွားခဲ့သည်။ ထို့ကြောင့် ယခု ကိုးနာရီကျော်နေသည့်တိုင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေဆဲပင်။

"မစ္စတာကျန်း.. ဖုန်းလာနေပါတယ်"

ကျန်းမုန့်လောင်တစ်ယောက် အိပ်မှုန်စုန်မွှားဖြစ်နေရင်း ဟုန်းရီ၏အသံကိုကြားလိုက်ရသည်။

"ဘယ်သူလဲဟ။ သေစမ်း.. လူကို အိပ်ခွင့်လေးတောင်မပေးနိုင်ဘူးလား"

ကျန်းမုန့်လောင်က တဲ့တိုးဆဲရေးလိုက်ချေသည်။

"ငါ အိပ်ရာနိုးလာရင် စိတ်တိုတတ်တယ်ဆိုတာ မသိဘူးလား။ ငတုံး လစ်စမ်းပါ"

"ချင်းချိုးဘဏ်ရဲ့ဥက္ကဋ္ဌပြောင်က ဖုန်းခေါ်နေတာပါ။ သူက သူတို့ဘဏ္ဌာရေးဌာနကို ကိုယ်စားပြုပြီး ငွေထုတ်ယူတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရှင်နဲ့ဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ချင်လို့ပါတဲ့"

ဟုန်းရီကတော့ မတုန်မလှုပ်သာ။ ကျန်းမုန့်လောင်က သူ(မ)ကို ဆူပူနေခြင်းမဟုတ်သောကြောင့်ပင်။

"မင်းညီမကို သွားပြောလိုက်လေ။ သူ့ကိုပြောလိုက်။ လီဂျီအွန်းက ငါ့ကိုလာမနှိုးပေးသေးသရွေ့ ငါ ဒီနေ့တစ်နေကုန် အိပ်ရာထဲမှာပဲနေမှာလို့"

**********

All Chapters